News @ M-Media
Blog
  • ဆွီဒင်ရှိ မီးလောင်သည့်ဗလီသို့ ဘုရင်ဂူစ်တက်ဖ် လာရောက်ကြည့်ရှုကာ နှစ်သိမ့်အားပေး
    ဆွီဒင်ရှိ မီးလောင်သည့်ဗလီသို့ ဘုရင်ဂူစ်တက်ဖ် လာရောက်ကြည့်ရှုကာ နှစ်သိမ့်အားပေး
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    မီးလောင်သည့်ဗလီသို့ လာရောက်ကြည့်ရှုခဲ့သည့် ဆွီဒင်ဘုရင်
    – နိုင်ငံအလယ်ပိုင်းရှိ မီးလောင်သွားသည့် ဗလီဝတ်ကျောင်းတော်အား ဆွီဒင်ဘုရင် ကားလ် ဂူစ်တက်ဖ်က ယမန်နေ့တွင် လာရောက်ကြည့်ရှုခဲ့ပြီး အစ္စလာမ်ဘာသာဝင်များအား နှစ်သိမ့်အားပေးခဲ့သည်ဟု သိရသည်။
    အိုရီဘရိုမြို့ရှိ ဗလီဝတ်ကျောင်းတော်မှာ အင်္ဂါနေ့က မီးလောင်ခဲ့ပြီး အဆောက်အဦး တစ်ခုလုံးနီးပါး ပျက်ဆီးခဲ့သည်။ အဆိုပါ မီးလောင်မှုမှာ ရှို့မီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယူဆပြီး အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသည်။
    ဘုရင် ကားလ် ဂူစ်တက်ဖ်မှာ စီစဉ်ထားသည့် ခရီးစဉ်အဖြစ် အိုရီဘီရိုမြို့ရှိ တက္ကသိုလ်တစ်ခုသို့ လာရောက်ခဲ့ပြီးနောက် မီးလောင်သွားသည့်ဗလီသို့ လာရောက်ကြည့်ရှုကာ ဒေသတွင်းရှိ အစ္စလာမ်ဘာသာဝင်များအား နှစ်သိမ့်အားပေးခဲ့သည်။
    “အိုရီဘရိုကိုရောက်နေတဲ့ ဘုရင်ကြီးက ကျွန်တော်တို့ကို အချိန်ပေးတဲ့အတွက် ဂုဏ်ယူရပါတယ်။ ဒီစိတ်မကောင်းစရာအဖြစ်အပျက်ကို သူမြင်ပြီး ကျွန်တော်တို့နဲ့အတူ မျှဝေခံစားနိုင်တာပေါ့” ဟု အိုရီဘရိုဗလီ၏ အကြီးအကဲ ဟာမန် မွန်တာဂူက ပြောကြားခဲ့သည်။
    ဘုရင်ကြီးနှင့် စကားလက်ဆုံကျခဲ့သည့် ဟာဆန်၏သမီးငယ် ဂျက်စမင်က “ဘုရင်ကြီးဟာ ကြင်နာပုံရပါတယ်” ဟု ပြောကြားခဲ့သည်။ ဂျက်စမင်မှာ ဘုရင် ကားလ် ဂူစ်တက်ဖ်အား ပန်းစည်း လက်ဆောင်ပေးခဲ့သည်။
    အင်္ဂါနေ့က မီးလောင်မှုအတွက် ဆွီဒင် ခရစ်ယာန်အသင်းတော်ကလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့ပြီး အခင်းဖြစ်ရာနေရာသို့ လာရောက်ကာ နှစ်သိမ့်အားပေးခဲ့သည်။
    Ref: The Local.se
  • တိုင်းပြည်မှပျောက်သွားသည့် ယင်းလပ် ဒူဘိုင်းတွင်ရှိဟု ထိုင်းပြော
    တိုင်းပြည်မှပျောက်သွားသည့် ယင်းလပ် ဒူဘိုင်းတွင်ရှိဟု ထိုင်းပြော
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    – ယခင်ဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်ထရာမှာ လက်ရှိတွင် ဒူဘိုင်း၌ ခိုလှုံနေသည်ဟု ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ယနေ့တွင် ပြောကြားလိုက်သည်။
    ထိုင်း ဗဟိုတရားရုံးချုပ်က ယမန်နေ့တွင် ယင်းလပ်အား ထောင်ဒဏ် ၅ နှစ် ချမှတ်ခဲ့သည်။
    ယင်းလပ် ပျောက်သွားကတည်းက သူမမှာ ဒူဘိုင်းသို့ ထွက်ပြေးသွားသည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီး ၀န်ကြီးချုပ်က ယနေ့တွင် အတည်ပြုခဲ့သည်။
    “သူမ ဒူဘိုင်းမှာပါ။ လက်ရှိမှာ ရဲတပ်ဖွဲ့ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံတကာ ရဲတပ်ဖွဲ့ (အင်တာပို) တို့နဲ့ ဆယ်သွယ်ကာ ညှိနှိုင်းဆောင်ရွက်နေပါတယ်” ဟု ပရာယွတ်က ပြောကြားခဲ့သည်။
    ယင်းလပ်၏ အစ်ကိုဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာမှာ ဒူဘိုင်းတွင် အိမ်ပိုင်ဆိုင်ထားသည်။
    Ref: CNA
  • ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာဒုက္ခသည်များပြန်ခေါ်ရေး ၁၉၉၂ နှင့် ၁၉၉၃ နှစ်များတွင် မြန်မာအစိုးရ၏ သဘောတူစာချုပ်များ
    ဘင်္ဂလာဒေ့ရှ်ရောက် မြန်မာဒုက္ခသည်များပြန်ခေါ်ရေး ၁၉၉၂ နှင့် ၁၉၉၃ နှစ်များတွင် မြန်မာအစိုးရ၏ သဘောတူစာချုပ်များ
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    (မူရင်းအင်္ဂလိပ်စာသားကို M-Mediaမှ မြန်မာဘာသာသို့ ပြန်ဆိုပါသည်)
    (အပိုဒ် ၇ မှ သဘောတူချက်တစ်ချို့)
    (ဂ) မြန်မာနိုင်ငံတွင် နေထိုင်သူများ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိလာမှုကို ရပ်တန့်စေမည့် လိုအပ်သော ဆောင်ရွက်ချက်အားလုံး ပြုလုပ်ရန်နှင့် မြန်မာနိုင်ငံကို စွန့်ခွာလာသူများ မိမိတို့ဆန္ဒအလျောက် လုံခြုံစွာဖြင့် ၎င်းတို့၏ နေအိမ်များသို့ ပြန်လာနိုင်ရေး တိုက်တွန်းအားပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံက သဘောတူခဲ့သည်။
    (ဃ) ဘင်္ဂလားဒေ့ရှ်သို့ ၀င်ရောက်လာသည့်အချိန်၌ အင်္ဂလားဒေ့ရှ်အစိုးရက ထုတ်ပေးသော ‘ဒုက္ခသည်သက်သေခံကဒ်ပြား’ (Refugee Registration Card) ဖြင့် ၎င်းတို့၏ တည်ရှိမှုကို မှတ်တမ်းတင်ထားပြီး၊ မြန်မာနိုင်ငံတွင် နေထိုင်မှုကို ရနိုင်သမျှ အထောက်အထားအား စားရင်ပြုစုထားသည့် ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသူအားလုံးကို သေချာစွာ စီစစ်မှုပြုလုပ်ပြီးနောက် ပြန်လည်လက်ခံရန် ပူးပေါင်းဆောင်ရွက်လိုသည့် သဘောထားဖြင့် မြန်မာနိုင်ငံက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ်အစိုးရကပေးသော စာရင်းများအား သေချာစွာ စိစစ်မှုကို အခြေခံ၍ နိုင်ငံသားမှတ်ပုံတင်ကဒ်/နိုင်ငံသားစီစစ်ရေးကဒ် ကိုင်ဆောင်ထားသူများ၊ သက်ဆိုင်ရာ မြန်မာအာဏာပိုင်များက ထုတ်ပေးထားသည့် အခြားသော မည်သည့်စာရွက်စာတမ်းကိုမဆို ပြနိုင်သူများ၊ နေရပ်လိပ်စာ သို့မဟုတ် အခြား သက်ဆိုင်သည့် အချက်အလက်များကဲ့သို့ မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း ခိုင်မာသည့် အထောက်အထား ပြနိုင်သူများအားလုံး စသဖြင့် လူအားလုံးကို အသုတ်များခွဲ၍ ပြန်လည်လက်ခံရန် ပြည်ထောင်စု မြန်မာနိုင်ငံက သဘောတူခဲ့သည်။ မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း မှန်ကန်သည့်အထောက်အထား ပြနိုင်နေသမျှ ပြန်လည်လက်ခံမည့်အရေအတွက်ကို ကန့်သတ်မှုမပြုဟု ပြည်ထောင်စုမြန်မာနိုင်ငံက သဘောတူသည်။ ဘင်္ဂလားဒေ့ရှ်ကပေးအပ်သော စာရင်းများမှာ မြန်မာအာဏာပိုင်များက အတည်ပြုထားသူများနှင့် အနီးစပ်ဆုံး တူနေသည်ဟုလည်း ၎င်းတို့က အသေအချာ ပြောကြားခဲ့သည်။
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ၁၉၉၂ ခုနှစ် မြန်မာ-ဘင်္ဂလားဒေ့ရှ် သဘောတူစာချုပ်
    ——————————————
    (မူရင်းအင်္ဂလိပ်စာသားကို M-Media မှ မြန်မာဘာသာသို့ ပြန်ဆိုသည်)
    မိမိ၏ သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးအစီအစဉ်တွင် အောက်ပါအချက်များ ပါဝင်သည်။
    ၁။ ပြန်လည်ဝင်ရောက်လာသည့်အဆင့် – ထိုကာလအတွင်း ပြန်လာမည့်သူ အမြောက်အများကို နေရာထိုင်ခင်းပေးနိုင်ရန်အတွက် လိုအပ်သည့် အခြေခံအဆောက်အဦးများကို အဆင်သင့် ပြင်ဆင်ထားရမည်။
    ၂။ ၎င်းတို့ မူလနေထိုင်သည့် ကျေးရွာများတွင် ကနဦးအကူအညီ ပေးခြင်း – အိမ်ထောင်သုံးပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများ (၀ါးများ) ကဲ့သို့ ကယ်ဆယ်ရေးပစ္စည်းများအပြင် ပြန်လာသူများမှာ WFP မှ ပေးအပ်သော ၂ လစာ စားနပ်ရိက္ခာ အထောက်အပံ့ကို ရရှိရမည်။
    ၃။ လူအဖွဲ့အစည်းအတွင်း နေသားတစ်ကျဖြစ်ရေးအဆင့် – ပြန်လည်ရောက်ရှိလာသူများ၏ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ တည်ငြိမ်စေရန်အတွက် လယ်ယာစိုက်ပျိုးရေး၊ ကျန်းမာရေး၊ သောက်ရေနှင့် သန့်ရှင်ရေး၊ ပညာရေးကဏ္ဍများတွင် ဒေသအဆင့် စီမံကိန်းများကို သက်ဆိုင်ရာ ဦးစီးဌာနများနှင့် အကောင်အထည်ဖော်ပေးရမည်ဖြစ်ပြီး ပတ်ဝန်းကျင်ရှိ လူ့အဖွဲ့အစည်းမှာလည်း ထိုအကျိုးကျေးဇူးကို ခံစားနိုင်စေရမည်။ ဆောင်ရွက်ချက်များ မထပ်စေရန်၊ ကယ်ဆယ်ရေးအဆင့်မှ ဖွံ့ဖြိုးရေးအဆင့်အထိ တစ်ဖြည်းဖြည်း ပြောင်းလဲသွားစေရန်အတွက် UNDP၊ အခြား ကုလသမဂ္ဂ အဖွဲ့အစည်းများဖြစ်သည့် UNICEF နှင့် WHO တို့ကဲသို့ အဖွဲ့များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ထိန်းသိမ်းထားရမည်။
    ၁၉၉၃ မြန်မာ-ကုလ နားလည်မှုစာချွန်လွှာ (မြန်မာဘာသာပြန်)
    ၁၉၉၃ မြန်မာ-ကုလ နားလည်မှုစာချွန်လွှာ (အင်္ဂလိပ်မူရင်း)
  • အစ္စရေးက နှောက်ယှက်သော်လည်း အင်တာပိုက ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်
    အစ္စရေးက နှောက်ယှက်သော်လည်း အင်တာပိုက ပါလက်စတိုင်းကို အဖွဲ့ဝင်အဖြစ် သတ်မှတ်
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    ကုလရုံးချုပ် အဆောက်အဦးရှေ့ရှိ ပါလက်စတိုင်းအလံ
    – အစ္စရေးက ကန့်ကွက်မှုများ ရှိနေသော်လည်း နိုင်ငံကာ ရဲတပ်ဖွဲ့ (အင်တာပို) မှာ ပါလက်စတိုင်းနိုင်ငံအား အဖွဲ့ဝင်အဖြစ် ယမန်နေ့ ဘေဂျင်း၌ ပြုလုပ်ခဲ့သည့် အထွေထွေညီလာခံတွင် မဲခွဲအတည်ပြုခဲ့သည်ဟု သိရသည်။
    အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့သည့် ပါလက်စတိုင်းနှင့် ဆော်လမွန်ကျွန်းနိုင်ငံတို့အတွက် မဲခွဲရာ လိုအပ်သည့် မဲအရေအတွက် ၃ ပုံ ၂ ပုံ ရရှိခဲ့သောကြောင့် လက်ခံခဲ့ခြင်းဖြစ်သည်ဟု အင်တာပိုက ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် အင်တာပိုတွင် အဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံ ဖြစ်လာခဲ့သည်။
    “အဖွဲ့ဝင်နိုင်ငံအများစုရဲ့ သမာသမတ်ကျတဲ့ ရပ်တည်ချက်ကြောင့် ဒီလို အောင်မြင်မှု ရလာတာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်း နိုင်ငံခြားရေးဝန်ကြီး ရီယာ့ဒ် အလ်-မာလီကီက ကြေငြာချက်တွင် ပြောဆိုခဲ့သည်။
    ပြီးခဲ့သည့်နှစ်က အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သည့် အင်တာပို ညီလာခံတွင် ပါလက်စတိုင်းမှာ အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ခြင်းဖြစ်သည်။
    အစ္စရေးကမူ ပါလက်စတိုင်းမှာ အင်တာပိုသို့ ၀င်ရောက်နိုင်ခွင့်မရှိဟု ကန့်ကွက်ခဲ့ပြီး အဖွဲ့ဝင်ဖြစ်ရေး မဲခွဲမှုကို နောက်နှစ်အထိ ရွှေ့ဆိုင်းထားရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။ ပါလက်စတိုင်း၏ ထိုလုပ်ရပ်မှာ ၎င်းတို့နှင့် ရရှိထားသည့် ငြိမ်းချမ်းရေး သဘောတူညီချက်ကို ဆန့်ကျင်ခြင်းဖြစ်သည်ဟု အစ္စရေးက ရှုမြင်နေသည်။
    အင်တာပိုအဖွဲ့ဝင် ဖြစ်သွားခြင်းကြောင့် ပါလက်စတိုင်းမှာ အထောက်အထား ခိုင်ခိုင်မာမာပြ၍ ၎င်းတို့ အလိုရှိသူများကို ‘အနီရောင်သတိပေးချက်’ ထုတ်ပြန်ခိုင်းပြီး တည်နေရာဖော်ထုတ်ပေးရန်၊ ယာယီဖမ်းဆီးပေးရန် ကမ္ဘာ့နိုင်ငံများရှိ ရဲတပ်ဖွဲ့များထံ အကူအညီတောင်းနိုင်မည်ကို စိုးရိမ်ရကြောင်း အစ္စရေးမီဒီယာများက ဖော်ပြခဲ့သည်။
    ၂၀၁၂ ခုနှစ်တွင် ကုလ အထွေထွေညီလာခံက ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို ကုလသမဂ္ဂတွင် အဖွဲ့ဝင်မဟုတ်သော လေ့လာသူနိုင်ငံအဖြစ် တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး ထိုလုပ်ရပ်ကိုလည်း အစ္စရေးက ကန့်ကွက်ခဲ့သည်။
    Ref: Reuters
  • ပြည်မြို့ ဆေးရုံကြီးအတွက် သိန်း(၁၂၀၀) တန်ဖိုးရှိ ကျောက်ကပ်ဆေးစက် (၅) လုံး လှူဒါန်း
    ပြည်မြို့ ဆေးရုံကြီးအတွက် သိန်း(၁၂၀၀) တန်ဖိုးရှိ ကျောက်ကပ်ဆေးစက် (၅) လုံး လှူဒါန်း
    စက်တင်ဘာ ၂၈၊ ၂၀၁၇
    M-Media
    သတင်း- မိုးစက်
    ပြည်။ ။ ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း ပြည်မြိှု့ရှိ ခုတင်(၅၀၀) အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကျောက်ကပ်စက်များ တပ်ဆင်ပြီးပြီဖြစ်၍ ကျောက်ကပ်ရောဂါဝေဒနာရှင်များ ကျောက်ကပ်ဆေးနိုင်တော့ မည်ဖြစ်ကြောင်း သိရပါတယ်။
    အဆိုပါ ကျောက်ကပ်စက်များ လှူဒါန်းသည့် အခမ်းအနားတရပ်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပြီး ပြည်မြို့မှ မြို့မိမြို့ဖ အလှူရှင်များနှင့် ဒေသခံပြည်သူ (၁၅၀)ခန့်က ဝိုင်းဝန်းလှူဒါန်းခဲ့ကြပါတယ်။
    ပင်မ အလှူရှင်များ ကတော့
    – ဦးမျိုးနိုင်+ဒေါ်စန်းစန်းဦး ရွှေသင်း- စိန်ရွှေရတနာဆိုင် က ငွေကျပ် (၃၄၀) သိန်း တန်ဖိုးရှိသည့် စက် (၂) လုံး ၊
    – ဟာဂျီ ဦးခင်မောင်၊ ဟာဂျီ ဦးဝင်းမောင် တို့က ငွေကျပ် (၁၇၀) သိန်း တန်ဖိုးရှိသည့် စက်(၁) လုံး၊
    – ဦးစိန်ဝင်း+ဒေါ်သင်းသင်း စိန်သရဖူ-ရတနာရွှေဆိုင် က ငွေကျပ် သိန်း (၁၇၀) သိန်း စက်(၁) လုံး၊
    – ဦးတင်ဝမ်း+ဒေါ်ခင်သန်းဦး နေလ-ကုန်စုံဆိုင် (၃၅)သိန်းကျော် တန်ဘိုးရှိ စက်ရေတွင်းနှင့် စတီးရေကန် တို့ကို လည်းကောင်း လူမျိုး/ဘာသာ ပေါင်းစုံမှ မြို့မိမြို့ဖများက စုပေါင်းလှူဒါန်းခဲ့ပါတယ်။
    ယခင်က ပြည်မြို့ အထွေထွေရောဂါကု ဆေးရုံမှာကျောက်ကပ်ရောဂါဝေဒနာရှင်များ အတွက် လိုအပ်သည့် ဆေးဝါးကိရိယာ မစုံမလင်ဖြစ်နေတဲ့အတွက် ချက်ချင်းကုသ၍ မရနိုင်ဘဲ တခြားမြို့တွေကို လွှဲပြောင်းပေးရကြောင်း၊ ယခုကဲ့သို့ စက်ပစ္စည်းများ စုံလင်စွာရှိလာတဲ့အတွက် လူနာများ စရိတ်သက်သာစွာဖြင့် အချိန်မှီကုသနိုင်တော့မှာ ဖြစ်တဲ့အတွက် အလှူရှင်တွေကိုလည်း ကျေးဇူးတင်ပြီး အဆင်ပြေပြေဖြစ်သွားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
    အထွေထွေရောဂါကုဆေးရုံကြီးသို့ ကျောက်ကပ်လာရောက် ဆေး သည့် လူနာတစ်ဦးက ရန်ကုန်၌ ကျောက်ကပ် တစ်ခါသွားဆေးလျှင် ခရီးစရိတ်၊ တည်းခိုစရိတ်မပါဘဲ ငွေကျပ် ၆ဝဝဝဝ၊ ၇ဝဝဝဝ ခန့်ကုန်ကျကြောင်း၊ ယခု ဒီမှာဆေး၍ရနေပြီဖြစ်သည့်အတွက် အဆင်ပြေကြောင်း ပြောပါတယ်။
    အဆိုပါ ကျောက်ကပ်ဆေးစက် (၅) လုံး အတွက် အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းမှုမှာ ငွေကျပ်သိန်း၁၂ဝဝ ခန့်ရှိ ကြောင်း သိရပါတယ်။
    Photo Credit- ပြည့်သဲမောင်(ပြည်)
    ref: မြဝတီ၊ ပြည်သတင်း