News @ M-Media

Blog

  • မန်ယူအသင်းပိုင်ရှင်သစ် မကြာခင်ထွက်ပေါ်မည်

    မန်ယူအသင်းပိုင်ရှင်သစ် မကြာခင်ထွက်ပေါ်မည်

    ဧပြီ ၂၉၊ ၂၀၂၃

    M-Media


    -မန်ယူအသင်းကို ၀ယ်ယူရေး ကမ်းလှမ်းမှုပြုလုပ်ဖို့ နောက်ဆုံးသတ်မှတ်ရက်ဟာ မနေ့က ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ 

    ၀ယ်ယူဖို့ နောက်ဆုံးအဆင့် ကမ်းလှမ်းထားသူက နှစ်ဦးသာရှိပြီး ကာတာလုပ်ငန်းရှင် ရှိခ် ဂျာဆင် ဘင် ဟာမဒ် အလ်သာနီနဲ့ အင်္ဂလိပ်လုပ်ငန်းရှင် ဆာ ဂျင် ရက်ကလစ်တို့ ဖြစ်ပါတယ်။ 

    ရှိခ်ဂျာဆင်ဟာ ပေါင် ၅ ဘီလီယံ စျေးပေးထားပြီး လက်ရှိအသင်းပိုင်ရှင် ဂလေဇာမိသားစု လိုချင်တဲ့ပမာဏမျိုး ဖြစ်ပါတယ်။ 

    ကွင်းသစ်ဆောက်လုပ်ဖို့၊ လေ့ကျင့်ကွင်း မွမ်းမံဖို့ အပါအ၀င် အသင်းရဲ့ အခြေခံအဆောက်အဦး အဆင့်မြှင့်တင်မှု လုပ်ဆောင်ပေးဖို့လည်း ရှိခ် ဂျာဆင်ရဲ့ ကမ်းလှမ်းမှုထဲမှာ ပါ၀င်ပါတယ်။ ရှိခ်ဂျာဆင်ဟာ မန်ယူအသင်းကို ပိုင်ဆိုင်ဖို့ အနိမ့်ဆုံး ပေါင် ၆ ဘီလီယံလောက် သုံးစွဲသွားမှာပါ။

    ဂျင် ရက်ကလစ်ဖ်ရဲ့ ကမ်းလှမ်းမှုက အသင်းရဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော် ၀ယ်ယူရေးဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုမှာ ဂလေဇာမိသားစုက ရှယ်ယာ ၂၀ ရာခိုင်နှုန်း ဆက်လက်ရယူထားဖို့ ပါ၀င်ပါတယ်။ 

    အသင်းပရိတ်သတ်တွေက ရှယ်ယာဖဲ့ရောင်းတာမျိုးကို မလိုလားဘဲ ပိုင်ရှင်အသစ်ထံ တစ်သင်းလုံးရောင်းချတာမျိုးကိုပဲ အလိုရှိနေပါတယ်။ 

    ဂလေဇာမိသားစုကို ဖိအားပေးဖို့အတွက် တနင်္ဂနွေနေ့ အက်စတွန်ဗီလာနဲ့ ကစားမယ့်ပွဲမှာ မန်ယူပရိတ်သတ်တွေက ဆန္ဒထုတ်ဖော်ဖို့ ရှိနေပါတယ်။ 

    Ref: BBC, Daily Mail 

  • အဲ့ဒီမအေဘေးအစား ကျွန်တော့်ကို ထည့်ကစားရမှာ

    အဲ့ဒီမအေဘေးအစား ကျွန်တော့်ကို ထည့်ကစားရမှာ

    ၂၀၁၉ တုန်းက ကျွန်တော် အင်္ဂလန်မှာ တော်တော်ကောင်းနေတဲ့အချိန်။ ယူရိုပါလိဂ်မှာလည်း ၀င်ကစားနေရတယ်။ အဲဒါကို နည်းပြ (ဆိုလ်းရှား) က ကျွန်တော့်ကို ဖယ်ပြီး မက်ဂွိုင်းယားကို ထည့်ကစားတယ်။ ကျွန်တော်လည်း တော်တော်တင်းတာပေါ့။ တော်သေးတယ် အခု အဲ့ဘဲအစား မာတီနက်ဇ်ကို ထည့်ကစားနေလို့။ 

    တစ်ရက် ကျွန်တော် ဆိုးလ်ရှားရုံးခန်းသွားပြီး လိုင်းအပ်မထည့်ရင် အသင်းပြောင်းမယ်လို့ တည့်ပဲပြောလိုက်တယ်။ ပွဲမကစားရတော့ ကျွန်တော့်အတွက် အဆင်မပြေဘူးဘာညာပေါ့။ 

    မက်ဂွိုင်းယားကို စျေးကြီးကြီးနဲ့ ပေး၀ယ်ထားတဲ့အတွက် သူ့ကို မထည့်မဖြစ် ထည့်ကစားနေရတယ်လို့ ဆိုးလ်ရှားက ပြန်ပြောပါတယ်။ အဲဘဲက အပတ်တိုင်း တလွဲတွေ လုပ်နေတာဗျ။ 

    “ဒီလောက် တလွဲလုပ်နေတဲ့ အဲဒီ မအေဘေးအစား ကျွန်တော့်ကို ထည့်ကစားပါလားဗျ” လို့ ကျွန်တော် ဆိုးလ်ရှားကို ပြန်ပြောခဲ့တယ်။ 

    – မားကို့စ်ရိုဂျို (မန်ယူနောက်ခံလူဟောင်း) 

    Ref : Goal

  • မြောက်ကိုရီးယားကို နျူဒုံးကျည် အလုံး ၈၀ နဲ့ ချိန်ထားတော့မယ့် အမေရိကန်

    မြောက်ကိုရီးယားကို နျူဒုံးကျည် အလုံး ၈၀ နဲ့ ချိန်ထားတော့မယ့် အမေရိကန်

    ဧပြီ ၂၈၊ ၂၀၂၃

    M-Media

    -အမေရိကန်နဲ့ တောင်ကိုရီးယားသမ္မတတို့ရဲ့ အခုတစ်ပတ် ဆွေးနွေးမှုမှာ သမိုင်းတွင်မယ့် သဘောတူညီချက်တစ်ခု ရရှိခဲ့ပါတယ်။

    အဲဒါကတော့ အမေရိကန်ရဲ့ နည်းပညာမြင့် နျူလက်နက်တပ် ရေငုပ်သင်္ဘောတစ်စင်း တောင်ကိုရီးယားမှာ ချထားဖို့ ဖြစ်ပါတယ်။ ဒါဟာ ၁၉၈၁ ခုနှစ်နောက်ပိုင်း အမေရိကန်က တောင်ကိုရီးယားမှာ ပထမဆုံး ရေငုပ်သင်္ဘော ထားရှိမယ့် အစီအစဥ်ပါ။

    “ကျွန်တော်တို့ နှစ်နိုင်ငံမှာ သံမဏိ ကာကွယ်ရေးသဘောတူညီချက် ရှိပါတယ်။ နျူကလီးယားခြိမ်းခြောက်မှုကို ကာကွယ်ရေးအပါအ၀င် ဘယ်လို အန္တရာယ်မျိုးကိုမဆို ကာကွယ်ပေးမယ်ဆိုတဲ့ သဘောတူညီချက်မျိုးပါ” လို့ အိမ်ဖြူတော်မှာ ‘၀ါရှင်တန် ကြေငြာစာတမ်း’ ကို တောင်ကိုရီးယားသမ္မတနဲ့ လက်မှတ်ရေးထိုးအပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားခဲ့ပါတယ်။

    ဗုံးကြဲသင်္ဘော

    တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ Ohio-class အမျိုးအစား ရေငုပ်သင်္ဘော ထားရှိမှာပါ။

    အမေရိကန်မှာ Ohio-class ရေငုပ်သင်္ဘော ၁၄ စင်းရှိပြီး ၀ါရှင်တန်ပြည်နယ်မှာ ၈ စီး၊ ဂျော်ဂျီယာပြည်နယ်မှာ ၆ စီး ထားရှိပါတယ်။

    ပေ ၅၆၀ ရှည်တဲ့ ဒီသင်္ဘောတွေဟာ ‘ဗုံးကြဲသမားများ’ လို့လည်း အမည်တွင်ပါတယ်။ နျူစွမ်းအင်သုံးအင်ဂျင် တပ်ဆင်ထားတာပါ။

    ရေအောက်မှာ ၇၇ ရက် တစ်ဆက်တည်းငုပ်နိုင်ပြီး ရေပေါ်မှာ ၃၅ ရက် ပြုပြင်ထိန်းသိမ်းဖို့ သတ်မှတ်ထားပါတယ်။ ဒီသင်္ဘောတွေမှာ တာ၀န်ထမ်းဆောင်မယ့် တပ်သား စုစုပေါင်း ၁၅၅ ဦးရှိပြီး ‘အပြာအသင်း’ နဲ့ ‘ရွှေရောင်အသင်း’ ခွဲထားပါတယ်။

    ဒီအသင်းတွေဟာ တစ်လှည့်စီ တာ၀န်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

    ဘာလက်နက်တွေရှိလဲ

    Ohio-class ရေငုပ်သင်္ဘောတစ်စီးဟာ မိုင်ပေါင်း ၄၆၀၀ အထိ ပစ်ခတ်နိုင်တဲ့ Trident II ဒုံးကျည် အလုံး ၂၀ စီတင်ဆောင်နိုင်ပါတယ်။ ပစိတ်ဖိတ်၊ အိန္ဒိယနဲ့ အာတိတ် သမုဒ္ဒယာ ဘယ်နားကနေဖြစ်ဖြစ် မြောက်ကိုရီးယားကို တိုက်ရိုက်ပစ်ခတ်နိုင်ပါတယ်။

    Trident II ဒုံးကျည်တစ်လုံးဟာ ပဲ့ထိန်း နျူထိပ်ဖူး ၄ ခုစီ တပ်ဆင်နိုင်တာကြောင့် ရေငုပ်သင်္ဘောတစ်စီးဟာ နျူဒုံးကျည် အလုံး ၈၀ အထိ ပစ်ခတ်နိုင်မှာပါ။

    Ohio-class ရေငုပ်သင်္ဘော တစ်စီးတည်းနဲ့ မြောက်ကိုရီးယားတစ်နိုင်ငံလုံးကို ချေမွပစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    Ohio-class ရေငုပ်သင်္ဘောရဲ့ နောက်ထပ် အားသာချက်တစ်ခုက ကိုယ်ပျောက်နိုင်စွမ်းပါ။ ရေအောက်မှာ လုံး၀ ဆူညံမှု မရှိတာကြောင့် ယေဘူယျအားဖြင့် ဘယ်ရေအောက်ရေဒါကမှ ဖမ်းမမိနိုင်ပါဘူး။

    ခြိမ်းခြောက်မှုတိုး

    မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက် အင်အားကို ပိုမိုတိုးချဲ့လာပြီး ၂၀၂၂ ခုနှစ်အတွင်း စံချိန်တင် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

    ၂၀၂၃ နှစ်သစ်အကြို မိန့်ခွန်းမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ခြိမ်းခြောက်မှု မြင့်တက်လာတာကြောင့် မိမိတို့ရဲ့ နျူလက်နက်ပိုင်ဆိုင်မှုကို တိုးချဲ့သွားမယ်လို့ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    အဲဒီနောက်ပိုင်း တောင်ကိုရီးယားမှာ ကိုယ်ပိုင် နျူလက်နက်ထားရှိဖို့ ပြောဆိုတိုက်တွန်းမှုတွေ ရှိလာပါတယ်။

    ကိုရီးယားကျွန်းဆွယ်မှာ နျူလက်နက် ပိုမိုပြန့်နှံ့လာမှာ စိုးရိမ်တဲ့အတွက် တောင်ကိုရီးယားက နျူလက်နက်ပိုင်ဆိုင်ဖို့ ကြိုးပမ်းလာရင် အမေရိကန်က ခွင့်ပြုမှာမဟုတ်ပါဘူး။

    ဒါပေမယ့် မြောက်ကိုရီးယားရဲ့ နျူရန်ကို အပြည့်အ၀ ကာကွယ်ပေးနိုင်မယ့် ‘၀ါရှင်တန် ကြေငြာစာတမ်း’ နဲ့ တောင်ကိုရီးယားကို ချွေးသိပ်ပေးခဲ့ပါတယ်။

    Ref: CNN

  • အမ်ရစ်ပဲလ် ဆင်း (သို့) ဆစ်ခ်တို့၏ ခါလစ္စတန်နိုင်ငံတော် အိပ်မက်ကို ပြန်လည်ရှင်သန်စေသူ

    အမ်ရစ်ပဲလ် ဆင်း (သို့) ဆစ်ခ်တို့၏ ခါလစ္စတန်နိုင်ငံတော် အိပ်မက်ကို ပြန်လည်ရှင်သန်စေသူ


    ဧပြီ ၂၄၊ ၂၀၂၃

    M-Media


    -အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံက ဆစ်ခ်လူမျိုးတွေမှာ ကြီးမားတဲ့ ရည်မှန်းချက်တစ်ခု ရှိပါတယ်။ 

    ဒါကတော့ ဘိုးဘွားတွေ တည်ထောင်ခဲ့တဲ့ ဆစ်ခ်နိုင်ငံတော်ကို ပြန်လည် ပုံဖော်ချင်တဲ့ဆန္ဒပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က အိန္ဒိယက ဆစ်ခ်တွေဟာ ဒီရည်မှန်းချက် အောင်မြင်ရေးအတွက် အပြင်းအထန် ကြိုးစားခဲ့ကြပါတယ်။ 

    ဒါပေမယ့် အိန္ဒိယအစိုးရရဲ့ နှိက်ကွပ်မှုကြောင့် နောက်ပိုင်းမှာ မှေးမှိန်သွားခဲ့ရပါတယ်။ 

    ပြီးခဲ့တဲ့နှစ်မှာတော့ ခါလစ္စတန်နိုင်ငံတော် အိပ်မက်ကို ပြန်လည်ရှင်သန်စေမယ့် ခေါင်းဆောင်တစ်ယောက် ဆစ်ခ်အသိုင်းအ၀ိုင်းမှာ ပေါ်ထွက်လာပါတယ်။ 

    သူကတော့ အသက် ၃၀ အရွယ် အမ်ရစ်ပဲလ်ဆင်းပါ။ ဆုံးဖြတ်ချက်ပြတ်သားပြီး၊ အပြောကောင်းသူဖြစ်တာကြောင့် အချိန်တိုအတွင်း နောက်လိုက်နောက်ပါများလာပြီး အိန္ဒိယအစိုးရရဲ့ အာရုံစိုက်မှုကို ခံခဲ့ရသူ ဖြစ်ပါတယ်။

    ဘ၀ဇာတ်ကြောင်း 

    အမ်ရစ်ပဲလ်ဆင်းရဲ့ ငယ်ဘ၀အကြောင်း များများစားစား မသိရပါဘူး။ 

    ပန်ဂျပ်ပြည်နယ် အမ်ရစ္စတာမြို့မှာ မွေးဖွားကြီးပြင်းပြီး အသက် ၁၉ နှစ်မှာ ဒူဘိုင်းကို ပြောင်းရွှေ့နေထိုင်ပါတယ်။ မိသားစုရဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းကို ဦးစီးလုပ်ကိုင်ပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ အိန္ဒိယကို ပြန်ရောက်လာပါတယ်။ 

    အဲဒီနောက်ပိုင်း အိန္ဒိယလူဦးရေရဲ့ ၁.၇ ရာခိုင်နှုန်းရှိတဲ့ ဆစ်ခ်လူမျိုးတွေရဲ့ ရပိုင်ခွင့်ကို ကာကွယ်နိုင်ရေးအတွက် ပန်ဂျပ်ပြည်နယ်မှာ ချီတက်လှည့်လည်ပွဲတွေ အများအပြား ပြုလုပ်ခဲ့ပါတယ်။ 

    ဒီလှုပ်ရှားမှုတွေကြောင့် ဆစ်ခ်လူမျိုးတွေရဲ့ ရင်ထဲမှာ ကိန်းအောင်းနေတဲ့ ခါလစ္စတန်နိုင်ငံတော် အိပ်မက်ဟာ ပြန်လည်ပေါ်ထွန်းလာခဲ့ပါတယ်။

    ခါလစ္စတန်နိုင်ငံတော်

    ဆစ်ခ်တို့ရဲ့ ခါလစ္စတန်လှုပ်ရှားမှုဟာ ၁၉၄၇ ခုနှစ် ဗြိတိသျှထံက လွတ်လပ်ရေးရရှိခဲ့တဲ့ အချိန်က စတင်ပါတယ်။ 

    ပန်ဂျပ်ဒေသကို သီးခြား လွတ်လပ်တဲ့ ဆစ်ခ်နိုင်ငံတော်အဖြစ် ထူထောင်ဖို့ ဖြစ်ပါတယ်။ ၁၉၇၀ နဲ့ ၁၉၈၀ ပြည့်နှစ်တွေဟာ ခါလစ္စတန်လှုပ်ရှားမှု အထွတ်အထိပ်ရောက်ခဲ့တဲ့ကာလပါ။ 

    ဆစ်ခေါင်းဆောင် ဂျာရ်နေးလ် ဆင်း ဘဟင်ဒရန်၀ါလီက ဦးဆောင်ပါတယ်။ အိန္ဒိယအစိုးရက ဒီလှုပ်ရှားမှုကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း လူထောင်ချီ သေဆုံးခဲ့ပါတယ်။ 

    ၁၉၈၄ ခုနှစ် ပန်ဂျပ်က နာမည်ကျော် ဆစ်ခ်ဘုရားကျောင်း Golden Temple မှာ ဘုရားပွဲကျင်းပနေစဥ် အစိုးရလုံခြုံရေးတပ်ဖွဲ့တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဂျာရ်နေးလ်ဆင်းအပါအ၀င် သူ့ကို ထောက်ခံသူအများအပြား သေဆုံးခဲ့ပါတယ်။ 

    အမ်ရစ်ပဲလ်ဆင်းဟာ ဂျာရ်နေးလ်ဆင်းကို အားကျသူပါ။ ၀တ်ပုံစားပုံ၊ နေထိုင်ပုံ၊ မုတ်ဆိတ်အရှည်ထားပုံကအစ အတုယူခဲ့ပါတယ်။

    “ငါတို့ဟာ အခုအချိန်အထိ ကျွန်တွေလို နေထိုင်နေရတယ်။ လွတ်မြောက်ချင်တယ်ဆိုရင်တော့ တိုက်ပွဲ၀င်ရပါလိမ့်မယ်” လို့ စက်တင်ဘာလက ဇာတိမြို့ အမ်ရစ္စတာက မိန့်ခွန်းမှာ အမ်ရစ်ပဲလ်ဆင်းက ပြောကြားခဲ့ပါတယ်။ 

    ဆစ်ခ်လူ့အဖွဲ့အစည်း လွတ်မြောက်ရေးအတွက် နောက်ဆုံး သွေးတစ်စက်ကျန်တဲ့အထိ တိုက်ပွဲ၀င်သွားမယ်လို့လည်း သူက ဆိုပါတယ်။ 

    အဖမ်းခံရခြင်း

    အလ်ရစ်ပဲလ်ဆင်းကို ဖမ်းဆီးနိုင်ဖို့အတွက် အိန္ဒိယအစိုးရဟာ အခုနှစ် ဖေဖော်၀ါရီလကတည်းက စတင်ကြိုးစားလာတာ ဖြစ်ပါတယ်။ 

    သူ့ရဲ့လက်ထောက်တစ်ဦးကို ပြန်လွှတ်ပေးရေး ဆင်းကို ထောက်ခံသူတွေ ပန်ဂျပ်က ရဲစခန်းတစ်ခုကို ၀င်ရောက်စီးနင်းပြီး နောက်ပိုင်းမှာဖြစ်ပါတယ်။ 

    မတ်လအတွင်း ပန်ဂျပ်ပြည်နယ်တစ်၀ှမ်းလုံးမှာ စစ်ဆေးရေးဂိတ်တွေချပြီး ဆင်းနဲ့ နောက်လိုက်တွေကို ဖမ်းဆီးဖို့ အိန္ဒိယအစိုးရက ကြိုးစားခဲ့ပေမယ့် ဆင်းကတော့ ဆက်လက်လွတ်မြောက်ခဲ့ပါတယ်။ 

    အိန္ဒိယအစိုးရဟာ ပန်ဂျပ်ပြည်နယ်တစ်ခုလုံးကို အင်တာနက်ဖြတ်တောက်တာ၊ စစ်တပ်တွေ ထပ်တိုးချကာ ပိုက်စိပ်တိုက် ရှာဖွေခဲ့ပြီးတဲ့နောက် မနေ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။ 

    ပန်ဂျပ်ရဲတပ်ဖွဲ့အကြီးအကဲက ဆင်းကို နိုင်ငံမြောက်ပိုင်းက အာသံပြည်နယ်မှာရှိတဲ့ထောင်ကို ပို့ဆောင်မယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီထောင်မှာ ဆင်းရဲ့လက်ထောက်တွေလည်း ရှိနေပါတယ်။ 

    အိန္ဒိယအစိုးရဟာ တရားစွဲစရာမလိုဘဲ တစ်နှစ်လောက် ချုပ်ထားနိုင်မယ့် နိုင်ငံတော်လုံခြုံရေး အက်ဥပဒေနဲ့ ဆင်းကို ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ 

    ဆင်းနဲ့ နောက်လိုက်တွေ ဖမ်းဆီးခံရမှုနဲ့အတူ ဆစ်ခ်တို့ရဲ့ ဒုတိယအကြိမ် ခါလစ္စတန်လှုပ်ရှားမှု အဆုံးသတ်သွားမလား၊ ဒါမှမဟုတ် ပိုအားကောင်းလာမလားဆိုတာ ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ 

    Ref: Aljazeera 

  • လီဗာပူးလ်ဂန္တ၀င် ဖောင်လာ၏ စံချိန်ကို မီသွားသည့် ဆာလာဟ်

    လီဗာပူးလ်ဂန္တ၀င် ဖောင်လာ၏ စံချိန်ကို မီသွားသည့် ဆာလာဟ်

    ဧပြီ ၂၄၊ ၂၀၂၃

    M-Media 


    -စနေနေ့က နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ရရှိခဲ့တဲ့ ဂိုး ၁ ဂိုးကြောင့် တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်ဟာ လီဗာပူးလ်ရဲ့ ၆ ယောက်မြောက် ဂိုးသွင်းအများဆုံးကစားသမား ဖြစ်လာပါတယ်။

    ဆာလာဟ်ဟာ စုစုပေါင်း ၁၃၈ ဂိုးရရှိထားပြီး ဂန္တ၀င်တိုက်စစ်မှူး ရော်ဘီဖောင်လာရဲ့ ဂိုးသွင်းစံချိန်နဲ့ တူညီသွားတာလည်း ဖြစ်ပါတယ်။ 

    လီဗာပူးလ်ရဲ့ ၆ ယောက်မြောက် ဂိုးအများဆုံးကစားသမားဖြစ်ဖို့ ဖောင်လာတစ်ယောက် ၁၁ ရာသီကြာ ကစားခဲ့ရပြီး ဆာလာဟ်ကတော့ ၆ ရာသီတည်းနဲ့ လိုက်မီခဲ့တာပါ။ 

    “၆ ရာသီတည်းနဲ့ လီဗာပူးလ်ရဲ့ ၆ ယောက်မြောက် ဂိုးအများဆုံး သွင်းနိုင်တဲ့ ကစားသမားဘွဲ့ ရရှိတာ ကျေနပ်ပါတယ်။ ဖောင်လာဟာ အသင်းရဲ့ ဂန္တ၀င်ကစားသမားဖြစ်ပြီး သူနဲ့ စံချိန်တူသွားတဲ့အတွက်လည်း ကျွန်တော် ဂုဏ်ယူပါတယ်။ နောက်ထပ်ဂိုးတွေသွင်းပြီး စံချိန်တွေ ထပ်ချိုးချင်ပါတယ်” လို့ ဆာလာဟ်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ 

    ဆာလာဟ်ဟာ လီဗာပူးလ်အသင်း သမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံး ကစားသမား၊ ပရီးမီးယားလိဂ်သမိုင်းမှာ ဘယ်ခြေနဲ့ အများဆုံး ဂိုးသွင်းနိုင်တဲ့ ကစားသမားအဖြစ်လည်း မှတ်တမ်း၀င်ပါတယ်။

    Ref: Goal