News @ M-Media

Blog

  • ပါကစ္စတန် ထိပ်တန်းရူပဗေဒပညာရှင်၏ ဂုဏ်ပြုရုပ်ထုကို IAEA ရုံးချုပ်တွင် ဖွင့်လှစ်

    ပါကစ္စတန် ထိပ်တန်းရူပဗေဒပညာရှင်၏ ဂုဏ်ပြုရုပ်ထုကို IAEA ရုံးချုပ်တွင် ဖွင့်လှစ်

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်မှ နာမည်ကျော် ရူပဗေဒပညာရှင် ဒေါက်တာ အဘ်ဒွတ်စ် စလာမ်၏ ကြိုးပမ်းမှုများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA က ဗီယင်နာမြို့ရှိ ရုံးချုပ်တွင် ၎င်း၏ ကိုယ်တစ်ပိုင်းရုပ်ထုအား ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    ယနေ့ကျင်းပသော အေဂျင်စီ၏ ၆၁ ကြိမ်မြောက် အထွေထွေညီလာခံတွင် IAEA ဒါရိုက်တာ ယူကီယာ အေမာနိုက ရုပ်တုအား ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

    ပါကစ္စတန်နိုင်ငံ၏ ပထမဆုံး နိုဘယ်ဆုရှင် ဒေါက်တာ စလာမ်မှာ ဖွံ့ဖြိုးဆဲကမ္ဘာတွင် အခြေခံ သိပ္ပံဆိုင်ရာ အသိပညာ ကျယ်ပြန့်စေရေး အထူး ကြိုးစားအားထုတ်ခဲ့သူဖြစ်ပြီး ‘အနုမြူသည် ငြိမ်းချမ်းရေးအတွက်’ ဆိုသည့် ခံယူချက်ကို ပြန့်နှံ့စေခဲ့သူလည်းဖြစ်သည်။

    နျူကလီးယား နည်းပညာကို ငြိမ်းချမ်းရေး၊ ကျန်းမာရေး၊ သာယာဝပြောရေးအတွက် အသုံးချကာ အကျိုးကျေးဇူးများရယူရန်အတွက် ဒေါက်တာစလာမ်မှာ ကမ္ဘာကြီးကို လှုံ့ဆော်ခဲ့ပြီး ၎င်း၏ ထိုကြိုးပမ်းအားထုတ်မှုအား ကမ္ဘာတစ်ဝှမ်းက အသိအမှတ်ပြုခဲ့ကြသည်။

    IAEA ရုံးချုပ်တွင် ယနေ့ဖွင့်လှစ်ခဲ့သည့် ရုပ်တု

    ဒေါက်တာစလာမ်မှာ အီတလီနိုင်ငံ ထရီယက်စ်တီမြို့ရှိ International Center for Theoretical Physics အဖွဲ့ကို တည်ထောင်ခဲ့သူလည်းဖြစ်သည်။

    ၁၉၂၆ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀ ရာစု၏ အထင်ရှားဆုံး ရူပဗေဒပညာရှင်များထဲမှ တစ်ဦးဖြစ်ကာ ၁၉၇၉ ခုနှစ်တွင် ရူပဗေဒဆိုင်ရာ နိုဘယ်ဆုကို ရှဲလ်ဒန် ဂလက်ရှိုနှင့်အတူ ရရှိခဲ့သည်။

    ပါကစ္စတန်နိုင်ငံ၏ သိပ္ပံနယ်ပယ်တွင် တိုးတက်မှုများ ရရှိအောင် စွမ်းဆောင်ပေးခဲ့သည့် ဒေါက်စလာမ်မှာ ၁၉၉၆ ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။

    ၎င်း၏ ကိုယ်တစ်ပိုင်းရုပ်ထုကို IAEA ရုံးချုပ်တွင် နျူကလီးယားသိပ္ပံနှင့် နည်းပညာနယ်ပယ်ကို မြှင့်တင်ပေးခဲ့သည့် ထင်ရှားကျော်ကြားသူများ၏ ရုပ်ထုများနှင့်အတူ ထားရှိမည်ဖြစ်သည်။

    Ref: nation.com

     

  • ကချင်အရပ်သား ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ဟု မြန်မာစစ်သားများ ၀န်ခံ

    ကချင်အရပ်သား ၃ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့သည်ဟု မြန်မာစစ်သားများ ၀န်ခံ

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    သေဆုံးသွားသူများ၏ အလောင်းများ ရှာဖွေတွေ့ရှိစဉ်က

    – မေလနှောင်းပိုင်းက ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ကချင်အရပ်သား ၃ ဦး သတ်ဖြတ်ခံရမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ မြန်မာစစ်တပ်က အရာရှိ၊ စစ်သည် ၆ ဦးက စစ်ခုံရုံးမှာ အင်္ဂါနေ့က ၀န်ခံလိုက်တယ်လို့ သိရပါတယ်။

    အသက် ၂၂ နှစ်အရွယ် Maran Brang Seng၊ ၃၁ နှစ်အရွယ် Nhkum Gam Awng၊ ၂၇ နှစ်အရွယ် Labya Naw Hkum တို့ဟာ မန်ဆီမြို့နယ် Mai Hkawng ရွာက စစ်စခန်းကနေ ၃ မိုင်အကွာလောက်မှာ သေနတ် ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို တွေ့ခဲ့ရပြီးတဲ့နောက် စစ်တပ်က တာဝန်ရှိသူတွေကို ဇွန်လအစောပိုင်းကစလို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာပါ။

    သတ်ဖြတ်တယ်လို့ ၀န်ခံသူတွေက တပ်မမှူးတစ်ဦး၊ အရာရှိ ၃ ဦးနဲ့ စစ်သည် ၂ ဦးတို့ဖြစ်ပါတယ်။

    မန်စီမြို့နယ်တစ်ဝိုက်ဟာ မြန်မာစစ်တပ်နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ KIA တို့အကြား တိုက်ပွဲတွေကြောင့် ထောင်နဲ့ချီတဲ့ပြည်သူတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

    သေဆုံးသွားတဲ့ ကချင်အရပ်သား ၃ ဦးဟာ မေလ ၂၅ ရက်နေ့က သူတို့နေထိုင်ရာ စစ်ဘေးရှောင်စခန်းကနေ ထင်းရှာဖို့ သွားတဲ့အချိန် အမှတ် ၃၁၉ ခြေမြန်တပ်ရင်းက စစ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထွက်ခဲ့ပြီး သေနတ်သံတွေ ကြားခဲ့တာကြောင့် မေလ ၂၈ ရက်နေ့မှာ မိသားစုက လိုက်လံရှာဖွေရာ အလောင်းတွေကို တွေ့ခဲ့တာဖြစ်ပါတယ်။

    အလောင်းတွေကို စစ်ဆေးရာမှာ ဦးခေါင်းကွဲဒဏ်ရာ၊ ဓားဒဏ်ရာ၊ နားရွက်ပြတ်ဒဏ်ရာနဲ့ သေနတ်ဒဏ်ရာတွေကို တွေ့ခဲ့ရပါတယ်။

    အလောင်းတွေ့ပြီး နောက်တစ်နေ့မှာ အမှတ် ၃၁၉ ခြေမြန်တပ်ရင်းရဲ့ တပ်မှူးက သေဆုံးသူတွေ နေထိုင်ခဲ့တဲ့ စခန်းတွေကိုလာပြီး ကျူးလွန်သူတွေကို စစ်သည်တော်ကျင့်ဝတ်တွေနဲ့အညီ အရေးယူသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    စစ်ဘေးရှောင်စခန်း တာဝန်ရှိသူတစ်ဦးက အင်္ဂါနေ့ ကြားနာမှုပြီးတဲ့နောက် ဒီစစ်သည်တွေရဲ့ ၀န်ခံမှုနဲ့ သေဆုံးသွားသူတွေရဲ့ ဇနီးတွေရဲ့ ထွက်ဆိုချက်တွေကို နေပြည်တော်ပို့ကာ သုံးသပ်စေမှာဖြစ်ပြီး အဲဒီနောက်မှာမှ အမိန့်ချမယ်လို့ ပြောကြားခဲ့ပါတယ်။

    ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ မြန်မာစစ်တပ်က အရပ်သားတွေအပေါ်မှာ ကျူးလွန်မှုဟာ ပုံမှန်လိုလိုဖြစ်နေပြီး ဒီကိစ္စကို စတင်မစစ်ဆေးခင် ရက်အနည်းငယ်အရင်က ရှမ်းပြည်နယ်မှာ ဖမ်းပြီး လက်ထိပ်ခတ်ထားတဲ့ အရပ်သားတွေကို စစ်သားတွေက ပြင်းပြင်းထန်ထန် ရိုက်နှက်တာ၊ သတ်မယ်လို့ ခြိမ်းခြောက်တာမျိုးတွေလုပ်တဲ့ ဗီဒီယိုတစ်ခုလည်း ထွက်လာပါတယ်။

    Ref: coconuts.yangon

     

  • ပုပ်ရဟန်းမင်းကြီးနှင့် ကမ္ဘာ့မွတ်စလင်လိဂ် အတွင်းရေးမှူးတို့ တွေ့ဆုံ

    ပုပ်ရဟန်းမင်းကြီးနှင့် ကမ္ဘာ့မွတ်စလင်လိဂ် အတွင်းရေးမှူးတို့ တွေ့ဆုံ

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    – ဗာတီကန်သို့ ရောက်ရှိနေသည့် ကမ္ဘာ့မွတ်စလင်လိဂ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ မိုဟာမက် ဘင် အဘ်ဒူလ် ကရင် အလ်-အီဆာမှာ ယမန်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

    အလ်-အီဆာက အစွန်းရောက်ဝါဒ၊ အကြမ်းဖက်မှုများကို အစ္စလာမ်နှင့် ချိတ်ဆက်ပြောဆိုခြင်းမှာ မှားယွင်းသော ပြောဆိုမှုသာ ဖြစ်ပြီး၊ ထိုလုပ်ရပ်များမှာ အစ္စလာမ်နှင့် မပတ်သက်ကြောင်း၊ ဘာသာတရားတိုင်းတွင် အစွန်းရောက်သမားများရှိကြောင်း ပုပ်ရဟန်းမင်းကြီး၏ ရပ်တည်ချက်အပေါ် ကျေနပ် ပီတိဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

    တွေ့ဆုံမှုအတွင်း ခေါင်းဆောင်နှစ်ဦးမှ ဘာသာနှစ်ခုအကြား ဘုံအကျိုးစီးပွားဖြစ်သည့် ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ဟန်ချက်ညီရေး ကိစ္စများ၊ ငြိမ်းချမ်းရေး၊ အတူယှဉ်တွဲနေထိုင်ရေး၊ မေတ္တာတရား ပြန့်နှံ့ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မှုများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

    ဆွေးနွေးပွဲပြီးနောက် ပုပ်ရဟန်းမင်းကြီးနှင့် အလ်-အီဆာတို့မှာ လက်ဆောင်များ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

    Ref: Alarabiya

  • အမေရိကန်၏ စွပ်စွဲမှုများမှာ အသိဉာဏ်ကင်းနေဟု အီရန်သမ္မတ တုန့်ပြန်

    အမေရိကန်၏ စွပ်စွဲမှုများမှာ အသိဉာဏ်ကင်းနေဟု အီရန်သမ္မတ တုန့်ပြန်

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ကုလတွင် မိန့်ခွန်းပြောကြားနေသည့် အီရန်သမ္မတ ရူဟာနီ

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်အပေါ် စွပ်စွဲချက်များမှာ ‘အသိဉာဏ်ကင်းသော၊ ယုတ္တိမတန်သာ၊ အမုန်းဆောင်သော’ ပြောကြားချက်များဖြစ်ပြီး အခြေအမြစ်မရှိသည့် စွပ်စွဲချက်များကို အခြေခံသည်ဟု အီရန်သမ္မတ ဟာဆန်ရူဟာမီက တုန့်ပြန်ပြောကြားလိုက်သည်။

    ယမန်နေ့တွင် ကုလ လုံခြုံရေးကောင်စီ မိန့်ခွန်း၌ ရူဟာနီက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့ သဘောတူထားသည့် နျူစာချုပ်အား ချိုးဖာက်သူ မည်သူ့ကိုမဆို ‘ပြတ်ပြတ်သားသား’ တုန့်ပြန်သွားမည်ဟုလည်း ဆိုသည်။

    အင်္ဂါနေ့ ကုလမိန့်ခွန်းတွင် ထရမ့်က အီရန်မှာ အကြမ်းဖက်မှုကို တင်ပို့နေပြီး အရှေ့အလယ်ပိုင်းတွင် မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်နေကြောင်း၊ အီရန်နှင့် ချုပ်ဆိုခဲ့သည့် အမေရိကန်၏ နျူသဘောတူစာချုပ်မှာ ရှက်ဖွယ်ရာဖြစ်ပြီး ဖျက်သိမ်းရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ရူဟာနီက အမေရိကန်အစိုးရသစ်မှာ နိုင်ငံတကာ သဘောတူညီချက်များကို ချိုးဖောက်ကာ ၎င်းတို့၏ ဂုဏ်သိက္ခာကို ၎င်းတို့ကိုယ်တိုင် ချနေကြောင်း၊ အီရန်အနေဖြင့် နျူလက်နက် ထုတ်လုပ်မည်မဟုတ်ဆိုသည့် သဘောတူညီချက် ကတိက၀တ်ကို ထပ်လောင်း အာမခံကြောင်း ပြောကြားခဲ့သည်။

    အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် အီရန်တို့၏ ၂၀၁၅ ခုနှစ်က ရရှိခဲ့သော သဘောတူညီချက်အရ အီရန်မှာ ၎င်းတို့၏ နျူအစီအစဉ်ကို လက်နက်ထုတ်လုပ်သည့်အဆင့် မရောင်အောင် ထိန်းချုပ်ရမည်ဖြစ်ပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာက အီရန်အပေါ် ပြုလုပ်ထားသော ပိတ်ဆို့မှုများကို ဖယ်ရှားပေးရမည်ဖြစ်သည်။

    သို့သော်လည်း ထရမ့်အာဏာရလာပြီးနောက် ထိုသဘောတူညီချက်ကို ဝေဖန်ခဲ့ပြီး ဖျက်သိမ်းရန် ကြိုးစားလာခဲ့သည်။

    နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ IAEA က မိမိတို့အနေဖြင့် စာချုပ်အချက်အလက်များကို အီရန်က လိုက်နာခြင်း ရှိ၊ မရှိကို အတင်းကျပ်ဆုံး နည်းလမ်းများဖြင့် စစ်ဆေးနေပြီး အီရန်မှာ သဘောတူညီချက်ကို ချိုးဖောက်ခြင်းမရှိဟု ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရခိုင်အရေး လုံခြုံရေးကောင်စီက ထိထိရောက်ရောက်ဖြေရှင်းရန် ထရမ့်လိုလား

    ရခိုင်အရေး လုံခြုံရေးကောင်စီက ထိထိရောက်ရောက်ဖြေရှင်းရန် ထရမ့်လိုလား

    စက်တင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ကုလ အထွေထွေညီလာခံတွင် မိန့်ခွန်းပြောနေသည့် ထရမ့်

    – မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် အကြမ်းဖက်မှုနဲ့ပတ်သက်ပြီး ကုလ လုံခြုံရေးကောင်စီအနေနဲ့ ‘ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန်’ အရေးယူဖို့ သမ္မတထရမ့်က လိုလားနေတယ်လို့ ကန် ဒုတိယသမ္မတ မိုက်ပန့်စ်က ပြောကြားလိုက်ပါတယ်။

    စက်တင်ဘာ ၁၅ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးမှာ မိုက်ပန့်စ်က ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ရိုဟင်ဂျာ လက်နက်ကိုင်တွေရဲ့ ရဲစခန်းတိုက်ခိုက်မှုကို မြန်မာစစ်တပ်ဟာ ‘တော်တော်လေး ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်တာ၊ ရွာတွေမီးတင်ရှို့တာ၊ ရိုဟင်ဂျာတွေကို သူတို့အိမ်တွေကနေ မောင်းထုတ်တာ’ တွေ လုပ်နေတယ်လို့လည်း သူက ဆိုပါတယ်။

    မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်မှုကို ရပ်တန့်ဖို့၊ ရိုဟင်ဂျာတွေအတွက် ရေရှည်အဖြေတစ်ခု ရရှိရေးသံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေကို ထောက်ခံဖို့ အမေရိကန်က ထပ်မံတိုက်တွန်းတယ်လို့လည်း ဒုတိယသမ္မတက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်တွေက တိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်လာတဲ့ ရခိုင်ပြည်နယ်ကိစ္စအတွက် လုံခြုံရေးကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် တံခါးပိတ်အစည်းအဝေး လုပ်ခဲ့ပြီး တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ မြန်မာအာဏာပိုင်တွေနေနဲ့ အကြမ်းဖက်မှုကို ရပ်တန်ဖို့ တိုက်တွန်းကြောင်း ကြေငြာချက်တစ်စောင်ကို ပြီးခဲ့တဲ့တစ်ပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

    “အကြမ်းဖက်မှု မရပ်တန့်မချင်း၊ တောင်းဆိုနေတဲ့ တရားမျှတမှုမျိုး မရမချင်း အခြေအနေက ပိုဆိုးမှာပါ။ ပြီးတော့ ဒါဟာ ကသောာင်းကနင်းဖြစ်မှုနဲ့ အမုန်းမျိုးစေ့ကို ချပေးလိုက်တာဖြစ်ပြီး ဒေသတွင်းက မျိုးဆက်များစွာဟာ ဒါကို ရိပ်သိမ်းရမှာဖြစ်ကာ ကျွန်တော်တို့အားလုံးရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်လာပါလိမ့်မယ်” လို့ မိုက်ပန့်စ်က ပြောကြားခဲ့ပါတယ်။

    သမ္မတထရမ့်နဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်တို့ရဲ့ အခုလိုပြောကြားမှုဟာ ရခိုင်အရေးနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ ယခုအချိန်အထိ အပြင်းထန်ဆုံး ပြောကြားမှုလည်း ဖြစ်ပါတယ်။

    Ref: Aljazeera