News @ M-Media

Blog

  • ပြည်တွင်းဖြစ် တိုက်ပွဲ၀င် ဒရုန်းသစ်ကို ထုတ်ပြခဲ့တဲ့ တူရကီ

    ပြည်တွင်းဖြစ် တိုက်ပွဲ၀င် ဒရုန်းသစ်ကို ထုတ်ပြခဲ့တဲ့ တူရကီ

    အောက်တိုဘာ ၁၂၊ ၂၀၂၄
    M-Media

    Anka-3 လို့ အမည်ပေးထားတဲ့ ပြည်တွင်းဖြစ် တိုက်ပွဲ၀င် ဒရုန်းအသစ်တစ်ခုကို တူရကီက ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြခဲ့ပြီး လေကြောင်းကာကွယ်ရေး နည်းပညာမှာ ပြတ်ကျန်မနေခဲ့ဘူးဆိုတာ ကမ္ဘာကို သိစေခဲ့ပါတယ်။

    ဒီဒရုန်းဟာ Anka မိသားစု၀င် ဒရုန်းတွေထဲက တတိယမျိုးဆက်ဖြစ်ပြီး ကိုယ်ပျောက်နိုင်စွမ်း၊ အင်ဂျင်အင်အားနဲ့ ၀န်သယ်ဆောင်နိုင်မှုကို အဆင့်မြှင့်တင်ထားပါတယ်။ အမြီးပျောက် တာဘိုဖန်အင်ဂျင် တပ်ဆင်ထားတဲ့ တူရကီရဲ့ ပထမဆုံး ဒရုန်းလည်း ဖြစ်ပါတယ်။

    အမြင့်ပေ ၄ သောင်းအထိ ရောက်နိုင်ပြီး ၁၀ နာရီကြာ ဆက်တိုက်ပျံသန်းနိုင်ပါတယ်။ ၁၂၀၀ ကီလိုဂရမ်အထိ ၀န်တင်ဆောင်နိုင်မှုရှိပြီး၊ ဒရုန်းဗုံးအားလုံးနီးပါးကို တပ်ဆင်အသုံးပြုလို့ရတယ်လို့ ဆိုပါတယ်။ ၀ေးလံခေါင်ဖျားတဲ့ ဒေသတွေကိုလည်း အလျင်အမြန် တပ်ဖြန့်ချထားနိုင်ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ ပထမဆုံးအကြိမ် စမ်းသပ်ပျံသန်းနိုင်ခဲ့တဲ့ Anka-3 ဟာ ထောက်လှမ်းရေး၊ ဆက်သွယ်ရေး၊ တိုက်ပွဲ၀င်ရေး စတဲ့ ဘက်ပေါင်းစုံမှာ အသုံးပြုလို့ရတဲ့ ဒရုန်းလည်း ဖြစ်ပါတယ်။

    Ref: Daily Sabah

  • အောက်တိုဘာ ၁၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၁ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – ဆော်ဒီတက္ကသိုလ် မြင်ကွင်းတစ်ခု)

    အစ္စရေးမှ ကျူးကျော်လာရင် အီရန်က ပြင်းပြင်းထန်ထန် တုန့်ပြန်မည်
    ————
    အစ္စရေးက အီရန်ကို ကျူးကျော်တိုက်ခိုက်လာမယ်ဆိုရင် ပြင်းထန်တဲ့ ခုခံတိုက်ခိုက်မှုတွေလုပ်ဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ အီရန်နိုင်ငံခြားရေး၀န်ကြီး အဘတ်စ် အာရဂ်ချီက ကမ္ဘာတစ်၀ှမ်း နိုင်ငံခြားရေး၀န်ကြီးတွေကို ပေးပို့တဲ့စာမှာ ဖော်ပြထားပါတယ်။ အီရန်ဟာ အစ္စရေးရဲ့ ကျူးကျော်မှုအတွက်လည်း အပြည့်အ၀ ပြင်ဆင်ထားပြီးဖြစ်တယ်လို့ သူက ဆိုပါတယ်။

    ကမ္ဘာ့ထိပ်တန်းရောက်လာတဲ့ ဆော်ဒီတက္ကသိုလ်
    ————
    ဆော်ဒီ ရေနံနဲ့ ဓာတ်သတ္ထုဆိုင်ရာ တက္ကသိုလ် King Fahd University of Petroleum and Minerals ဟာ ၂၀၂၄ ခုနှစ်အတွင်း အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ထိပ်တန်း တက္ကသိုလ်များစာရင်းမှာ ပါ၀င်လာပါတယ်။ ၂၀၂၀ ခုနှစ်က ကမ္ဘာအဆင့် ၅၀၇ ရှိတဲ့ အဲဒီတက္ကသိုလ်ဟာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီး ၄ နှစ်အကြာမှာပဲ ၁၇၆ ကို ရောက်လာတာဖြစ်ပါတယ်။ ဆော်ဒီက အခြားတက္ကသိုလ်တွေလည်း ကမ္ဘာ့အဆင့်တွေ မြင့်တက်လာပါတယ်။

    ဘင်္ဂလားဒေ့ရှ်တွင် သွေးလွန်တုပ်ကွေးပြဿနာ ရင်ဆိုင်နေရ
    ———-
    အခုနှစ်အတွင်း သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူအရေအတွက်ဟာ ၂၀၁ ဦးရှိလာပြီလို ဘင်္ဂလားဒေ့ရှ်က ထုတ်ပြန်ပါတယ်။ ရောဂါဖြစ်ပွားမှုအရေအတွက်က ၄၀၈၉၅ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၇၀၅ ဦး ရှိပါတယ်။


  • ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၁)

    ပါလက်စတိုင်းနှင့် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရသတင်းများ (အောက်တိုဘာ ၁၁)

    M-Media

    (ဓာတ်ပုံ – အောက်တိုဘာ ၁၀ ရက်နေ့ ဂျာဘာလီယာ ဒုက္ခသည်စခန်း မြင်ကွင်း)

    ကုလတပ်ဖွဲ့ ထပ်မံတိုက်ခိုက်ခံရ
    ———-
    လက်ဘနွန်မှာရှိတဲ့ ကုလငြိမ်းချမ်ရေးတပ်ဖွဲ့ကို အစ္စရေးက တင့်ကားတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့ပြီး သီရိလင်္ကာ တပ်ဖွဲ့၀င် ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ၂ ရက်အတွင်း ၂ ကြိမ်မြောက် တိုက်ခိုက်တာဖြစ်ပြီး ထိခိုက်သူ ၄ ဦး ရှိလာတာပါ။ ကုလ အတွင်းရေးမှုး အန်တိုနီယို ဂူတာရက်စ်က တိုက်ခိုက်မှုကို ထပ်မံရှုတ်ချခဲ့ပါတယ်။

    ဂါဇာတွင် အကြမ်းဖက်မှုများ ဆက်လုပ်နေ
    ————-
    အစ္စရေးဟာ ဂါဇာက စစ်ရှောင်စခန်း အနည်းဆုံး ၄ ခုမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ပါလက်စတိုင်းပြည်သူ ၆၁ ဦး သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန် လူသတ်ပွဲအတွင်း သေဆုံးသူအရေအတွက်ဟာ ၄၂၁၂၆ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    အကူအညီပိတ်ပင်ထားမှုကို အမေရိကန် သတိပေး
    ————
    ဂါဇာကမ်းမြှောင်ကို ၀င်ရောက်မယ့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အစ္စရေးက ကန့်သတ် ပိတ်ပင်ထားတဲ့အတွက် အလွန်စိုးရိမ်မိတယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ တိုက်ခိုက်သတ်ဖြတ်မှုတွေ လုပ်နေသလို တစ်ဖက်မှာလည်း နိုင်ငံတကာက ပေးအပ်တဲ့ အကူအညီတွေ ပါလက်စတိုင်းပြည်သူတွေ မရအောင် နည်းမျိုးစုံနဲ့ ဆောင်ရွက်နေပါတယ်။


  • ပါလက်စတိုင်းနှင် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (အောက်တိုဘာ ၁၀)

    ပါလက်စတိုင်းနှင် လက်ဘနွန် တိုက်ခိုက်ခံရမှု နောက်ဆုံးရ သတင်းများ (အောက်တိုဘာ ၁၀)

    M-Media

    (ဓာတ်ပုံ – လက်ဘနွန်မှ ကုလငြိမ်းချမ်းရေးတပ်စခန်း)

    ကုလငြိမ်းချမ်းရေးတပ်ကို အစ္စရေးက တိုက်ခိုက်
    —————–
    လက်ဘနွန်မှာရှိနေတဲ့ မိမိတို့ရဲ့ ငြိမ်းချမ်ရေးတပ် UNIFIL ဌာနချုပ်ကို အစ္စရေးက တင့်ကားတွေနဲ့ တမင် ပစ်မှတ်ထားကာ အကြိမ်ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ တိုက်ခိုက်မှုအတွင်း ကုလတပ်ဖွဲ့၀င် ၂ ဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး ကားတွေ၊ အဆောက်အဦးတွေ ပျက်ဆီးခဲ့သလို ဆက်သွယ်ရေးလည်း ပြတ်တောက်သွားခဲ့တယ်လို့ ဆိုပါတယ်။ လက်ဘနွန်မှာ ကုလငြိမ်းချမ်းရေးတပ်ဖွဲ့၀င် ၁ သောင်းခန့် ရှိနေပါတယ်။

    ဂါဇာသတ်ဖြတ်မှုမှာ စစ်ရာဇ၀တ်မှုဖြစ်သည်
    ————–
    ဂါဇာမှာ စစ်ရှောင်စခန်းတွေကို ဗုံးကြဲတာတွေအပါအ၀င် အစ္စရေးရဲ့ အစုလိုက်အပြုံလိုက် တိုက်ခိုက်သတ်ဖြတ်မှုတွေဟာ စစ်ရာဇ၀တ်မှုဖြစ်ပြီး၊ အမေရိကန်ကို အကာကွယ်ယူ ကျူးလွန်နေတာလို့ ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်က ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဒီအခြေအနေကို ထိန်းသိမ်းဖို့လည်း ဟားမက်စ်က တောင်းဆိုခဲ့ပါတယ်။

    အစ္စရေးက လူမျိုးစုလိုက်ရှင်းလင်းမှု လုပ်ဆောင်နေကြောင်း ကုလတွေ့ရှိ
    ————–
    ဂါဇာမှာ ကျန်းမာရေးစနစ် ဖျက်ဆီးဖို့ အစ္စရေးက မူ၀ါဒချမှတ် လုပ်ဆောင်နေတဲ့ အထောက်အထားတွေကို တွေ့ရှိရပြီး ဒါဟာ လူမျိုးစုလိုက်ရှင်းလင်းမှုဖြစ်ကာ စစ်ရာဇ၀တ်မှု၊ လူသားထုအပေါ် ကျူးလွန်တဲ့ရာဇ၀တ်မှု မြောက်တယ်လို့ ကုလ စုံစမ်းစစ်ဆေးရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ အစ္စရေးဟာ ကျန်းမာရေး၀န်ထမ်းတွေကို ညှင်းပမ်းသတ်ဖြတ်တာ၊ ကျန်းမာရေးယာဥ်တွေကို တိုက်ခိုက်တာ၊ လူနာတွေကို ဂါဇာပြင်ပထွက်ပြီး ဆေးကုဖို့ ခွင့်မပြုတာတွေ လုပ်ဆောင်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။


  • အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    အောက်တိုဘာ ၁၀ ရက်နေ့ နိုင်ငံတကာသတင်းများ

    M-Media

    (ဓာတ်ပုံ – နိုဘယ်ဆုရ စာရေးဆရာမ ဟန်ကန်)

    iPhone 16 ရောင်းချမှုကို အင်ဒိုပိတ်မည်
    —————
    မိခင်ကုမ္ပဏီ Apple က ရင်းနှီးမြှုပ်နှံမှုနဲ့ တင်သွင်းရောင်းချမှု စည်းမျဥ်းစည်းကမ်းတွေကို မလိုက်နာတဲ့အတွက် iPhone 16 ရောင်းချခွင့်ကို ပိတ်ပင်မယ်လို့ အင်ဒိုနီးရှားက ထုတ်ပြန်ပါတယ်။ Apple ရဲ့ တင်သွင်းရောင်းချခွင့် လိုင်စင်ဟာ သက်တမ်းကုန်နေသလို၊ ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံမယ်လို့ ကတိပြုထားရာမှာလည်း ၉၄ သန်းကျော်သာ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

    တောင်တရုတ်ပင်လယ်အရေးအတွက် အာဆီယံကို ဖိလစ်ပိုင် ဖိအားပေး
    ————
    တောင်တရုတ်ပင်လယ်မှာ လိုက်နာရမယ့် ကျင့်၀တ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖို့အတွက် အာဆီယံခေါင်းဆောင်တွေနဲ့ တရုတ်၀န်ကြီးချုပ်ကို အာဆီယံအစည်းအ၀ေးမှာ ဖိလစ်ပိုင်သမ္မတ မားကို့စ်က ဖိအားပေးခဲ့ပါတယ်။ တရုတ်ဟာ ဖိလစ်ပိုင်ကို ခြိမ်းခြောက်မှုတွေ လုပ်နေတယ်လို့လည်း သူက စွပ်စွဲခဲ့ပါတယ်။

    ကိုရီးယားစာရေးဆရာမ နိုဘယ်ဆုရရှိ
    ————-
    ၂၀၂၄ ခုနှစ်အတွက် စာပေနိုဘယ်ဆုကို တောင်ကိုရီးယား စာရေးဆရာမ ဟန်ကန်က ရရှိခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ ကဗျာနဲ့ စာပေလောကထဲ ၀င်ရောက်လာပြီးနောက် The Vegetarian၊ Your Cold Hands၊ Scars စတဲ့ ၀တ္ထုတွေနဲ့ ကျော်ကြားခဲ့ပါတယ်။ The Vegetarian ဟာ အင်္ဂလိပ်စာပေကို ပထမဆုံး ပြန်ဆိုရတဲ့ ကိုရီးယား၀တ္ထုဖြစ်ပါတယ်။ တောင်ကိုရီးယားရဲ့ နိုဘယ်ဆုရ ပထမဆုံး စာရေးဆရာမအဖြစ် မှတ်တမ်း၀င်တဲ့ ဟန်ကန်ဟာ ဆုကြေး အမေရိကန်ဒေါ်လာ ၁ သန်း ရရှိမှာ ဖြစ်ပါတယ်။

    Ref: CNA