News @ M-Media

Blog

  • ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    စက်တင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    နောက်ဆုံ စမ်းသပ်ခဲ့သည့် ဟိုက်ဒရိုဂျင်ဗုံးကို ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးစဉ်

    – မိမိတို့နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများအတွက် အမေရိကန်အနေဖြင့် အကြီးအကျယ် ထိခိုက်ခံစားရမည်ဟု မြောက်ကိုရီးယားက ယနေ့တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်က တင်သွင်းသော မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်ကို ကုလ လုံခြုံရေးကောင်စီက တနင်္လာနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။

    ထိုဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက ပြုလုပ်သော ၉ ခုမြောက် ဖြစ်ပြီး နိုင်ငံ၏ ချည်ထည်တင်ပို့မှု၊ ရေနံတင်သွင်းမှုများကို ထိခိုက်စေမည်ဖြစ်သည်။

    “နောက်ထပ် ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် သမိုင်းမှာ မကြုံဖူးတဲ့အနေအထားနဲ့ အကြီးမားဆုံး နာကျင်မှုကို အမေရိကန်က ခံစားရမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယးသံအမတ် ဟန်တေဆွန်က ပြောကြားခဲ့သည်။

    အဆိုပါပိတ်ဆို့မှုမှာ ဥပဒေဘောင်မ၀င်ဘဲ အမေရိကန်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထိုးနှက်နေခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် အလုံးစုံသော နည်းလမ်းများဖြင့် တုန့်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA မှ ယနေ့တွင် ထုတ်ပြန်ခဲ့သော အစိုးရ၏ ကြေငြာချက်၌ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုမှာ ‘မြောက်ကိုရီးယား၏ မိမိကိုယ်ကို ကာကွယ်ခွင့်ကို ပျက်ဆီးအောင် ရည်ရွယ်သော၊ စီးပွားရေး အလုံးစုံ ပိတ်ဆို့ခြင်းအားဖြင့် နိုင်ငံနှင့် ပြည်သူလူထု ထွက်ပေါက်မရှိအောင် ပြုလုပ်သော စက်ဆုပ်သည့် ရန်စမှုမျိုး’ ဖြစ်သည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

     

  • ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

    စက်တင်ဘာ ၁၃၊ ၂၀၁၇

    M-Media

    – မြန်မာနိုင်ငံမှာ နှစ်ရာနဲ့ချီ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘာ့ကြောင့် မြန်မာနိုင်ငံသားအဖြစ် မသတ်မှတ်တာလဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က မေးခွန်းထုတ်လိုက်ပါတယ်။

    Source – SBS

     

  • တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

     

    – ကြယ်နှင့်လ ပုံသဏ္ဍာန်ရှိမည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ရန်အတွက် တူရကီမှာ ယမန်နေ့က အုတ်မြစ်ချအခမ်းအနား ပြုလုပ်ခဲ့ပြီး အစိုးရတာဝန်ရှိသူ အများအပြား တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်း ဆီဗက်စ်ပြည်နယ်ရှိ မြေနေရာ ၇၀၀၀ စကွဲယားမီတာတွင် ဆောက်လုပ်မည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၈၄၀၀ ဆန့်မည်ဖြစ်သည်။

    အုတ်မြစ်ချအခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အာဏာရ AK ပါတီမှ တာဝန်ရှိသူများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။

    ဗလီဝတ်ကျောင်းတော်တွင် ဈာပနအခမ်းအနား ကျင်းပမည့်နေရာတစ်ခုလည်း ပါဝင်မည်ဖြစ်သောကြောင့် လက်ရှိတွင် ဆီဗက်စ်မြို့လယ်ကောင်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင်သာ ဈာပနအခမ်းအနား ကျင်းပနေရသည့်အတွက် ကားလမ်းကြပ်မှု ပြဿနာကိုလည်း ပြေလည်စေမည်ဖြစ်သည်။

    “ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို စဉ်းစားပြီးတော့ ဒီစီမံကိန်းကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ချင်တဲ့သူတွေ ပါဝင်လို့ရအောင် အသင်းတစ်ခုကိုလည်း ကျွန်တော်တို့ ဖွဲ့စည်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ၂၀၁၈ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ဖို့ပါပဲ” ဟု ဆီဗက်စ် စည်ပင်အကြီးအကဲ ဆာမီ အိုင်ဒင်က ပြောကြားခဲ့သည်။

    တာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ ပြီးစီးသည့်နောက် Yukarı Tekke Ayyıldız ဟု အမည်တွင်မည့် အဆိုပါဗလီဝတ်ကျောင်းတော်ကို အုတ်မြစ်ချခဲ့သည်။ စီမံကိန်းကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်
    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

    Ref: yenisafak.com

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ဆစ်ခ်ပရဟိတအဖွဲ့မှ လာရောက်ကူညီ

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ဆစ်ခ်ပရဟိတအဖွဲ့မှ လာရောက်ကူညီ

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့အတွက် အိန္ဒိယအခြေစိုက် ‘ဆစ်ခ်’ ပရဟိတအဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားကို ရောက်ရှိလာပါတယ်။

    လတ်တလော ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းလောက် ရှိနေပြီလို့ ကုလက ပြောကြားထားပါတယ်။

    ဆစ်ခ်ဘာသာဝင်တွေ ဖွဲ့စည်းထားတဲ့ Khalsa Aid အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး အဖွဲ့ရဲ့ မန်းနေးဂျင်ဒါရိုက်တာ အမာရ်ပရစ်တ် ဆင်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေဟာ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူ ၅ သောင်းလောက်ကို အကူအညီပေးဖို့အတွက် ကျွန်တော်တို့ပြင်ဆင်လာပါတယ်။ ဒါပေမယ့် လူက ၃ သိန်းကျော်လောက်ရှိနေတယ်။ သူတို့မှာ သောက်ရေ၊ အစားအစာ၊ အ၀တ်အထည်နဲ့ နေစရာနေရာတွေ မရှိကြပါဘူး။ ရတဲ့နေရာမှာ နေရတယ်။ မိုးရွာနေပေမယ့် ခိုးနားစရာ မရှိကြပါဘူး”

    Khalsa Aid အဖွဲ့ဟာ ဒုက္ခသည်တွေ ရွက်ဖျက်တဲထိုး နေထိုင်နိုင်ဖို့အတွက် တာပေါ်လင်စတွေ၊ အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ပေးထားပါတယ်။

    အမာရ်ပရစ်တ် ဆင်းက စခန်းတွေမှာ လူတွေ ပြည့်လျှံနေပြီး၊ ကလေးတွေကလည်း စားစရာမရှိတဲ့အတွက် တောင်းနေရကြောင်း၊ စခန်းမှာ နေရာမရတဲ့သူတွေက လမ်းဘေးမှာ ထိုင်ကာ အကူအညီပေးမယ့်သူကို မျှော်ကိုးနေရကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Khalsa Aid အကူအညီပေးရေးအဖွဲ့က နောက်ထပ် အုပ်စုတစ်စုဟာ လာမယ့်ရက်တွေမှာ တက်ခ်နက်ဖ်ဒေသကို လာရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီတွေ ထပ်ပေးဖို့ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Indianexpress

  • အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဂျပန်ဝန်ကြီးချုပ်ကို နိုင်ငံ၏ သမိုင်းဝင်ဗလီအား လိုက်လံပြသမည်

    အိန္ဒိယ၀န်ကြီးချုပ်မိုဒီက ဂျပန်ဝန်ကြီးချုပ်ကို နိုင်ငံ၏ သမိုင်းဝင်ဗလီအား လိုက်လံပြသမည်

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’

    – အိန္ဒိယနိုင်ငံကို လာရောက်ဖို့ ရှိနေတဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ၀န်ကြီးချုပ်မိုဒီက နိုင်ငံရဲ့ သမိုင်းနဲ့ ယဉ်ကျးမှုအမွေအနှစ်တစ်ခုဖြစ်တဲ့ ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ဗလီဝတ်ကျောင်းတော်ကို ခေါ်ဆောင် ပြသသွားမယ်လို့ သိရပါတယ်။

    ဂျပန်နိုင်ငံရဲ့ အကူအညီနဲ့ ဆောက်လုပ်မယ့် မွမ်ဘိုင်း-အဟ်မဒ်ဒါဘတ် ကီလိုမီတာ ၂၅၀ ရှိတဲ့ ကျည်ဆံရထားလိုင်း အုတ်မြစ်ချပွဲအတွက် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးဟာ မနက်ဖြန်မှာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။

    အဟ်မဒ်ဒါဘတ်လေဆိပ်ကို ရောက်ရှိလာမယ့် အာဘေးကို မိုဒီက ကြိုဆိုကာ ပထမဆုံးအနေနဲ့ မဟတ္တမဂန္ဒီနေထိုင်ခဲ့တဲ့ နေရာကို သွားရောက်လည်ပတ်မှာပါ။

    ညနေပိုင်းမှာတော့ ခေါင်းဆောင်နှစ်ဦးဟာ နိုင်ငံရဲ့ သမိုင်းဝင် ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ကို သွားရောက်လည်ပတ်မှာဖြစ်ပါတယ်။ ၁၆ ရာစုက ဆောင်လုပ်ထားတဲ့ ဒီဗလီဝတ်ကျောင်းတော်ရဲ့ ကြွယ်ဝတဲ့ သမိုင်းအမွေအနှစ်၊ ဗိသုကာလက်ရာတွေကို မိုဒီကိုယ်တိုင် အာဘေးကို ရှင်းပြသွားမယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

    ဘာဘေးနဲ့ မိုဒီတို့ဟာ ကြာသာပတေးနေ့မှာ မွမ်ဘိုင်း-အဟ်မဒ်ဒါဘတ် ကျည်ဆံရထားလမ်း အုတ်မြစ်ချပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။ အိန္ဒိယရူပီး ကုဋေ ၁၁၀,၀၀၀ ကုန်ကျမယ့် ဒီစီမံကိန်းအတွက် ဂျပန်နိုင်ငံက ကုဋေ ၈၈,၀၀၀ ကို အနည်းဆုံးအတိုးနှုန်းနဲ့ နှစ်ရှည် ထုတ်ချေးပေးမှာပါ။ စီမံကိန်းကိုတော့ ၂၀၂၃ ခုမှာ ပြီးစီးနိုင်ဖို့ မျှော်လင့်ထားပါတယ်။

    ‘ဆစ်ဒီဆိုင်ယစ် ကီ ဂျာလီ’ ကို သက္ကရာဇ် ၁၅၇၃ ခုနှစ်မှာ တည်ဆောက်ခဲ့တာဖြစ်ပြီး ဗလီဝတ်ကျောင်းတော် တစ်ခုလုံးမှာ ထွင်းထုထားတဲ့ ကနုတ်ပန်းလက်ရာတွေရဲ့ လှပမှု၊ အနုစိတ်မှု၊ ရုပ်လုံးကြွမှုတွေကြောင့် အဓိက ကျော်ကြားပါတယ်။

    Ref: ndtv