လတ်တလောဖြစ်ပေါ်နေသည့် ရခိုင်အရေးဖြစ်စဉ်၊ လူမျိုးရေး ဘာသာရေး လှုံ့ဆော်မှုများ နှင့် ပတ်သက်ပြီး မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ၊
Blog
-
လတ်တလော အခြေအနေတွေအပေါ် မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းက ဘာပြောကြသလဲ
-
နိုင်ငံရေးချောက်ချခံရသည့် ထိပ်တန်းအစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးကို အလိုရှိစာရင်းမှ အင်တာပိုလ် ပယ်ဖျက်
စက်တင်ဘာ ၁၁၊ ၂၀၁၇
M-Media– အီဂျစ်အစိုးရက နိုင်ငံရေးအရ လုပ်ကြံတိုင်ကြားမှုများကြောင့် ကမ္ဘာကျော် အစ္စလာမ့်ဓမ္မပညာရှင် ယူစွပ်ဖ် အလ်-ကွာရာဒါဝီကို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်)က အလိုရှိစာရင်းမှ ပယ်ဖျက်လိုက်သည်ဟု ယူကေအခြေစိုက် အာရပ် လူ့အခွင့်အရေးဆိုင်ရာအဖွဲ့ (AOHR) က ပြောကြားခဲ့သည်။
အီဂျစ်နိုင်ငံမှာ အလ်-ကွာရာဒါဝီကို အလိုရှိသူစာရင်းထဲ ထည့်သွင်းပေးရန်အတွက် ၂၀၁၄ ခုနှစ်တွင် တောင်းဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုများအရ ကွာရာဒါဝီအပေါ် ပြုလုပ်ထားသည့် စွပ်စွဲချက်များမှာ အီဂျစ်အာဏာပိုင်များကို မထောက်ခံသည့်အတွက် လုပ်ကြံတိုင်ကြားခြင်းသာဖြစ်ကြောင်း အင်တာပိုလ်က တွေ့ရှိခဲ့ရသည်ဟု AOHR မှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
အသက် ၉၁ နှစ်အရွယ်ရှိ ကွာရာဒါဝီမှာ နိုင်ငံတကာ အစ္စလာမ့်ဓမ္မပညာရှင်များ အစည်းအရုံး ဥက္ကဌဖြစ်ပြီး လက်ရှိတွင် ကာတာနိုင်ငံ၌ နေထိုင်နေသည်။
၂၀၁၃ ခုနှစ် အီဂျစ်စစ်အာဏာသိမ်းမှုပြီးနောက် ဓားပြမှု၊ မီးရှို့မှု၊ လူသတ်မှုတို့ဖြင့် ကွာရာဒါဝီမှာ အလိုရှိစာရင်း အသွင်းခံရခြင်းဖြစ်သည်။
အင်တာပိုလ်၏ စုံစမ်းစစ်ဆေးမှုတွင် ထိုအဖြစ်အပျက်များ ဖြစ်ပွားစဉ်က ကွာရာဒါဝီမှာ အီဂျစ်တွင် ရှိမနေဘဲ လုပ်ကြံဖန်တီး တိုင်ကြားထားခြင်းသာဖြစ်ကြောင်း၊ ၎င်း၏ အသက်အရွယ်နှင့် ဂုဏ်သိက္ခာအရ ထိုပြစ်မှုများကို ကျူးလွန်မည်ဟု ယုံကြည်လောက်စရာ အနေအထားမရှိကြောင်း တွေ့ရှိခဲ့ရသည်ဟု AOHR က ဆိုသည်။
“အလ်-ကွာရာဒါဝီကို အလိုရှိစာရင်းသွင်းတဲ့ကိစ္စရဲ့ နောက်ကွယ်မှာ ယူအေအီးအပါအ၀င် နိုင်ငံတော်တော်များများ ပါဝင်ပါတယ်။ သူ့ရဲ့အမည်ကို အလိုရှိစာရင်းသွင်းလိုက်တာ့ အီမရိတ်မီဒီယာနဲ့ နောက်ပိုင်းမှာ အီဂျစ်မီဒီယာတွေ၊ အီဂျစ်အစိုးရ ဆန့်ကျင်သူတွေကို အပုပ်ချတဲ့သူတွေဟာ ၀မ်းသာအားရဖြစ်ခဲ့ကြတယ်။ ဒါပေမယ့် ဒီအူမြူးတာဟာ ကြာကြာမခံခဲ့ဘဲ အမှန်တရား ပေါ်ထွက်လာပြီး အရာရာတိုင်းက လမ်းကြောင်းမှန်ပေါ် ပြန်ရောက်သွားပါတယ်” ဟု AOHR ဥက္ကဌ မိုဟာမက် ဂျမီးလ်က ပြောကြားခဲ့သည်။
Ref: Aljazeera
-
ပါလက်စတိုင်း ခရစ်ယာန်အသင်းတော်မြေ အပိုင်စီးခံရမှုကို ပါလက်စတိုင်းများ ရှုတ်ချ
စက်တင်ဘာ ၁၁၊ ၂၀၁၇
M-Media– ပါလက်စတိုင်းပိုင်နက်ရှိ ခရစ်ယာန်အသင်းတော်ပိုင် မြေကို တရားဝမ၀င် အခြေချဂျူးများ ၀ယ်ယူသိမ်းပိုက်မှုနှင့်ပတ်သက်၍ ပါလက်စတိုင်းပြည်သူများက စနေနေ့တွင် ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
အသင်းတော်ပိုင်မြေအား ပါလက်စတိုင်းပိုင်နက်အတွင်း အစ္စရေးက ကျူးကျော်တည်ဆောက်ထားသော တရားမ၀င်အိမ်ယာများတွင် နေထိုင်သူများအား ရောင်းချမှုတွင် အော်သိုဒေါ့စ် ခရစ်ယာန်အသင်းတော်က ပါဝင်ပတ်သက်ခဲ့သည်။
ဆန္ဒပြသူများက အသင်းတော်အကြီးအကဲ သီယိုဖီလို့စ် ၃ ကို ဖယ်ရှားရန်နှင့် အသင်းတော်တွင် ဂရိသြဇာ လွှမ်းမိုးမှုကို အဆုံးသတ်ရန် တောင်းဆိုခဲ့သည်။
“အော်သိုဒေါ့စ်အသင်းတော်ကို သီယိုဖီလို့စ်ရဲ့ ချုပ်ကိုင်မှု၊ ခြစားမှုတွေကနေ လွတ်ကင်းအောင်လုပ်ဖို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။ အသင်းတော်မြေဟာ အသင်းတော်နဲ့ ဘာသာဝင်တွေရဲ့ ပိုင်ဆိုင်မှုသာဖြစ်ပြီး သီယိုဖီလို့စ်နဲ့ သူ့ဂိုဏ်းက ပိုင်တာမဟုတ်ပါဘူး” ဟု ဆန္ဒပြသူများ ကိုင်ဆောင်ထားသည့် ဗီနိုင်းတွင် ရေးသားထားသည်။
ထို့ပြင် “သီယိုဖီလို့စ်- ကိုယ်တော်ဟာ မကောင်းမှုမှာ ကြံရာပါသူတစ်ဦးဖြစ်တယ်။ တပည့်တော်တို့မြေဟာ ရောင်းစားဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အမျိုးသားစည်းလုံးညီညွတ်ရေးကို လိုချင်ပါတယ်” ဟု ဟစ်အော်ခဲ့ကြသည်။
အစ္စရေးပါလီမန်မှ Joint List အဖွဲ့ အကြီးအကဲ အေမန် အိုဒါဟ်က ပြည်သူများမှာ စည်းလုံးမှု၊ ပွင့်လင်းမြင်သာမှုကို တောင်းဆိုခြင်းဖြစ်ဖြစ်ပြီး အသင်းတော်အား အာရပ်မှုပြုရန် တောင်းဆိုခြင်းမဟုတ်ကြောင်း၊ အသင်းတော်တွင် အာရပ်ပါလက်စတိုင်းများ ရှိနေကြောင်း ပြောကြားခဲ့သည်။
“၂၁ ရာစုဖြစ်တဲ့ အခုအချိန် ကျွန်တော်တို့ ဒီမှာရှိနေတာဟာ နိုင်ငံလုံးဆိုင်ရာ ကိစ္စအတွက်ပါ။ နိုင်ငံနဲ့ဆိုင်တဲ့ ကိစ္စကို ဘာသာရေးပြဿနာအဖြစ် ပြောင်းလဲဖို့ ရည်ရွယ်တဲ့သူတွေကို ဆန့်ကျင်ဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ ဒီကိစ္စဟာ ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်နေတဲ့ပြဿနာ၊ ဂျေရုစလင် ပြည်သူတွေရဲ့ ပြဿနာပါ”
“ကျွန်တော်တို့ မြေကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ရောင်းလို့ မရပါဘူး။ ဒီမြေဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော်တို့ကို သွေးခွဲပြီး၊ ဒါမှမဟုတ် လာဘ်ထိုးပြီး အမြတ်ထုတ်နေတာပါ။ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ဖို့၊ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုတွေကို ဆွဲကိုင်ထားဖို့၊ ဒီတရားသောကိစ္စ အောင်မြင်ရေး စည်းလုံးညီညွတ်မှုကို ရရှိစေဖို့ အတူတကွ ဆောင်ရွက်ကြဖို့ အားလုံးကို ကျွန်တော် တိုက်တွန်းပါတယ်”
ခရစ်ယာန်အသင်းတော်ပိုင်မြေအား ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာတွင် နေထိုင်သူများ ၀ယ်ယူမှုကို ရှုတ်ချကြောင်း၊ အစ္စရေးမှာ ပါလက်စတိုင်းရှိ ခရစ်ယာန်များကို အားနည်းအောင် စနစ်တကျ ဆောင်ရွက်နေကြောင်း ကမ္ဘာ့ခရစ်ယာန်အသင်းတော်များက ပြီးခဲ့သည့် တစ်ပတ်တွင် ပူးတွဲကြငြာချက်ထုတ် ကန့်ကွက်ခဲ့သည်။
Ref: Aljazeera
-
တောင်တွင်းကြီးမြို့ ဖျက်ဆီးလုယက်မှု ဖြစ်စဉ်အကြောင်း ဒေသခံတွေ ပြောပြချက်
စက်တင်ဘာ ၁၁ ၊ ၂၀၁၇
M-Media
သတင်း-ကောင်းဆက်ယမန်နေ့ည ၇နာရီ ၄၅ ခနု့်တွင် တောင်တွင်းကြီးမြို့ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတလျောက် ဆိုင်များ ကို တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်ခဲ့ကြပါတယ်။
.
ဖြစ်စဉ်နှင့် ပတ်သက်ပြီး တောင်တွင်းကြိး ဒေသခံတွေရဲ့ ပြောပြချက်အရ
.
အခင်းမဖြစ်ပွားခင် ၁ ရက်အလို
——————————–
စက်တင်ဘာ ၉ ရက်နေ့ ထိ ရခိုင်ဒေသ ဒုက္ခသည်များအတွက် တောင်တွင်းကြီး အစ္စလာမ်ဘာသာဝင်များ တစ်ဦးချင်းနှင့် အဖွဲ့လိုက် လှူဒါန်းကြငွေမှာ စုစုပေါင်း ၅သိန်းကျော် လှူဒါန်းခဲ့ကြောင်း၊ ပဋိပက္ခများ မဖြစ်ပွားစေရန် အတွက် ဘာသာပေါင်းစုံ အစည်းအဝေးလည်း ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
.
စနစ်တကျ လုပ်ဆောင်သည့် ဖျက်ဆီးလုယက်မှုဖြစ်
——————————————–
ယခု ဖြစ်စဉ်ဟာ တဖက်သတ် အကြမ်းဖက် လုယက်ကြဖြစ်ကြောင်း၊ ဘာပြဿနာမှ မရှိဘဲ စနစ်တကျ စီစဉ်ပြီး အမည်စာရင်းနှင့်တကွ လိုက် ဖျက်ဆီးတာဖြစ်ကြောင်း၊ ရွှေအိုးအပိုင်း ရှိ မွတ်စလင်အိမ် နှင့် ဆိုငများ ဖျက်ဆီးပြီး မကွေးလမ်းတလျောက် ဆက်လက် ဖျက်ဆီးကြကြောင်း၊ အဖွဲ့ တဖွဲ့ပြီး တဖွဲ့ ဖြင့် သုံးလေးကြိမ် ပြန်လာ၍ ဖျက်ဆီးကြကြောင်း၊ အဆိုပါ အကြမ်းဖက် ရမ်းကားသူများတွင် တုတ် ဓား လေးခွ ပုဆိန် လက်နက်အစုံပါကြောင်း ၉၆၉ သီချင်းများ၊ အမျိုးဘာသာ ကျွေးကျော်သံများ၊ နိုင်ငံတော် သီချင်း သံပြိုင်ဆို၍ လုယက် ဖျက်ဆီးကြောင်း၊ လူမျိုးခြားတွေကို သတ် ရိုက် ဟုလည်း အော်ဟစ်ကြကြောင်း၊ အဖွဲ့ ၂ဖွဲ့၃ဖွဲ့ ဖြစ်ဖို့များကြောင်း၊ ရွှေအိုးရပ်၊ ၅၅၀ ရပ်၊ သဖန်းကုန်းရွာ တို့မှ လူများအပါအဝင် ဒေသခံ အများအပြား ပါဝင်ကြောင်း ပြောပါတယ်။
.
အိမ်နီးချင်း ဗုဒ္ဓဘာသာဝင်များမှ ခေါ်ယူ စောင့်ရှောက်
————————————————
ဘယ်နေရာပြီး ဘယ်နေရာဟု စနစ်တကျ စီစဉ် ညွှန်ကြားသူ ပါနေပြီး လွယ်အိတ်လွယ် ဦးထုတ်ဆောင်းထားသူက လမ်းညွှန်နေတာတွေ့ရကြောင်း အိမ်များ ဆိုင်များ တံခါးများကို ထုရိုက်ဖျက်ဆီးပြီး တန်ဖိုးကြီးပစ္စည်းများလုယက်ပြီး ကျန်တာတွေ ဖျက်ဆီးသွားခဲ့ကြကြောင်း၊ ဒေသခံ အစ္စလာမ်ဘာသာဝင်များ ဘေးလွတ်ရာ ရှောင်နေရကြောင်း၊ လူ့အသက် အန္တရာယ်မဖြစ်ဖို့ အဓိကထားနေရကြောင်း၊ ဖျက်ဆီး လုယက်နေစဉ် လုံခြုံရေး လုံးဝ မလာကြောင်း ဒေသခံများမှ ပြောပါတယ်။
.
အသက်အန္တရာယ် စိုးရိမ်ရတဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ အစ္စလာမ်ဘာသာဝင်တွေကို အခင်ဖြစ်တဲ့ ရပ်ကွက်မှ အိမ်နီးနားချင်း ဗုဒ္ဓဘာသာဝင်များ ခေါ်ယူ စောင့်ရှောက်ခဲ့ကြောင်း လည်း သိရပါတယ်။အကြမ်းဖက် လုယက် ဖျက်ဆီးခံရမှု အချို့
——————————————
မကွေးလမ်းတလျောက် အခြားဖျက်ဆီးခံရသူများကတော့ ဗလီရှေ့ မှ ဆိုင်များ၊ ရပ်ထားသော သုံးဘီးဆိုင်ကယ်များ၊ ကားပစ္စည်းဆိုင် အပြင်မှာထားသော ပစ္စည်းများ ဖျက်/လု ခံရ၊ ရွှေထူး လဖက်ရည်ဆိုင်၊ ကိုဇော်ကြီး ကွမ်းယာဆိုင်၊ လှိုင်းသစ် ဖုန်းနှင့်စတိုး
ကိုဆန်းလွင် စားသောက်ဆိုင်နှင့် ဆိုင်ကယ်ရေဆေးခုံ၊ မြို့ဦးရပ်ကွက် မကွေးလမ်းမှ ဟာဂျီစလေမန်အိမ်နှင့် ဆိုင်းတန်းအားလုံး ၊ကိုကျောက်ခဲ ကုန်စုံဆိုင်၊ အုန်းတော၂လမ်းမှ ကိုလှကျော် အိမ်၊ ဒေါ်လှရင် ပါမုန့်ဆိုင်အပြင်ဘက်ရှိ ပစ္စည်းများ ဖျက်ဆီးခံကြောင်း ဒေသခံတွေက ပြောပါတယ်။
.
ဗလီဝတ်ကျောင်း ဖျက်ခံရမှု သတင်းမမှန်
——————————-
လူမှုကွန်ရက်စာမျက်နှာပြန့်နှံ့ခဲ့တဲ့ ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဗလီ လုံးဝဖျက်ဆီးခံလိုက်ရပြီဆိုတာ မဟုတ်ကြောင်း၊ ဗလီကိုတော့ ခဲဖြင့် လာပေါက်ခဲ့ကြကြောင်း ၊ မီးချောင်းတချို့ ကွဲသွားကြောင်း၊ ဗလီရှေ့မှ ဆိုင်များနှင့် သုံးဘီးဆိုင်ကယ်များ ဖျက်ဆီးခံခဲ့ရကြောင်း သိရပါတယ်။ပုဆိုးခြုံပြီး ရုပ်ဖျက်ထားကြ
—————————
အကြမ်းဖက် လုယက်သူများသည် လူ လေးငါးဆယ် အုပ်စုလိုက်ဖြစ်ပြီး ပုဆိုးများခြုံထား ရုပ်ဖျက်ထားကြသူများပါပြီး အမျိုးသမီးအချို့လည်း ပါဝင်ကြောင်း တဖွဲ့တည်း မဟုတ်ဘဲ အုပ်စုခွဲ၍ စနစ်တကျ စာရင်းနှင့်တိုက်ပီး လုယက်ဖျက်ဆီးကြတာဟု ဒေသခံများက ပြောပါတယ်။အဆိုပါအကြမ်းဖက် လုယက်မှုဖြစ်စဉ်ကို ရဲတပ်ဖွဲ့မှ မထိမ်းနိုင်ကြောင်း ။ လေ့ကျင့်ရေး ၇ မှ စစ်တပ်ရောက်လာပြီး မြို့လည်ကို အထူးလုံခြုံရေး ချထားကြောင်း ၊မြို့လည်ကောင်မှာ ဈေး ဘဏ်များ ဗလီ ဓာတ်ဆီဆိုင်တို့ ရှိနေကြောင်း၊ မကွေးတိုင်းမှ ရဲမင်းကြီးနှင့်အဖွဲ့လာချိန် ၁၁နာရီခွဲကျော်မှ အကြမ်းဖက် လုယက်သူများ မြို့လည်မှ ထွက်ခွာသွားပြိး၊ အုပ်စုကွဲသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ညတွင်းချင်းအပျက်အဆီးတွေ ရှင်းလင်း
————————————
မနက် ၃း၀၀ နာရီ ရပ်ကွက်ဥက္ကဌ မြို့နယ်ရဲစခန်းမှုး စအဖ နှင့် အဖွဲ့စုံ အဖျက်ခံရသော အိမ် ဆိုင်များမှ ကာယကံရှင်များကို လိုက်လံ ခေါ်ယူပြီး ရှင်းလင်းနေကြောင်း၊ ရဲများ တာဝန်ရှိသူများ စည်ပင်ကား/အခြား ဖောကားများဖြင့် ရှင်းလင်းရေး လိုလုပ်နေတာ တွေ့ရကြောင်း၊ မနက်မိုးလင်းရင် ဘာမှ လက်စလက်န သိပ် မကျန်အောင် လုပ်နေတာ ဖြစ်ဖို့များကြောင်း၊ ပစ္စည်းများပြန့်ကျဲနေတာ အကုန်ကောက် ဆိုင်များအတွင်း ပစ်ထည့်ပေးပြီး သော့ခတ်ခိုင်းကြောင်း မျက်မြင်ကြုံရသူတစ်ဦးက ပြောပါတယ်။လတ်တလော အခြေအနေ တည်ငြိမ်နေ
—————————————-
တိုင်းရဲမင်းကြီး ရောက်လာပြီးနောက်ပိုင်း အခြေနေ တည်ငြိမ်နေလို့ ပြောပါတယ်။ အခြားနေရာများ ပျက်ဆီးမှုအတိအကျ သိရဖို့ မလွယ်သေးကြောင်း၊ မနက်မှ သိရနိုင်သော်လည်း အပျက်ဆီးများကို လိုက်လံ ရှင်းလင်းနေသောကြောင့် တကယ့်အပျက်ဆီး အခြေနေမှန်နှင့် လွဲချော်နိုင်ကြောင်းပြောပါတယ်။အစိုးရ သတင်းထုတ်ပြန်ချက်
—————————
တောင်တွင်းကြီးမြို့နယ်တွင် လူအုပ်စုဖြင့် ဝိုင်းအုံမှု ဖြစ်ပွား၊ ရဲတပ်ဖွဲ့ဝင်များ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း၊ ဆိတ်သားသတ်လုပ်ငန်း လုပ်ကိုင်သူ ကိုဂျင်းနား၏ နေအိမ်အား ခဲဖြစ်ပစ်ပေါက်မှုဖြစ်ပွားခဲ့ကြောင်း၊ နိုင်ငံတော်သီချင်းသီဆို၍ ရွှေကြာအင်း(၁)ရပ်ကွက်ရှိ ဗလီဘက်သို့ ထွက်ခွါသွားကြောင်း သတင်းရရှိသဖြင့် ည ၈ နာရီ ၅ မိနစ်တွင် မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းနိုင်မော် ဦးစီး ရဲတပ်ဖွဲ့ဝင် အင်အား (၆+၄၀) ဦးက ဗလီအား ပိတ်ဆို့ ကာကွယ်ခဲ့ရကြောင်း၊ည ၉ နာရီခန့်တွင် ဗလီ၏မြောက်ဘက် တောင်တွင်း-မကွေးကားလမ်းပေါ်တွင် လေးခွများ၊ ကျောက်ခဲများ ကိုင်ဆောင်ထားသည့် လူ ၇၀ ဦးခန့်သည်လည်းကောင်း၊ ဗလီ၏ အရှေ့တောင်ဘက် လမ်းမပေါ်မှ လာရောက်ကြည့်ရှုသူ လူ ၄၀၀ ဦးခန့်သည်လည်းကောင်း စုဝေးရောက်ရှိလာ၍ မြို့နယ် အုပ်ချုပ်ရေမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့ဦးစီး လုံခြုံရေးအဖွဲ့များက လူစုခွဲရန် အသံချဲ့စက်ဖြင့် အကြိမ်ကြိမ် သတိပေးသော်လည်း လူစုမခွဲသဖြင့် ညာသံပေးပြီး ဒိုင်းများဖြင့် တွန်းထုတ်ခဲ့ရကြောင်း၊ ထိုသို့ ရဲတပ်ဖွဲ့ဝင်များက စနစ်တကျ လူစုခွဲခဲ့ရာ ည ၉ နာရီခွဲတွင် လူစုခွဲ၍ ထွက်ပြေးသွားကြောင်း၊ ဖြစ်စဉ်တွင် ထိခိုက်မှု မရှိခဲ့ဘဲ ခဲဖြင့် ပစ်ပေါက်သည့်အဖွဲ့မှ မောင်းတိုင် (၂)ရပ်ကွက်နေ နှင်းကိုကိုလင်း(၃၀)နှစ် (အဖ) ဦးဖိုးထောင်အား ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူအား စစ်ဆေးလျက်ရှိပြီး ကနဦးစိစစ်ချက်အရ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအပေါ် မကျေနပ်၍ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ရှာဖွေ ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဓါတ်ပုံ- FB user တဦး
-
တောင်တွင်းကြီးမှ ရမ်းကားသူတွေ လမ်းပေါ်တွင်ရှိနေသေး၊ အုန်းတော်၂ လမ်း ရှိအိမ်တအိမ်ထဲသို့ လူအုပ်စုဖြင့် ဝင်ရောက်ဖျက်ဆီးရန် လုပ်ဆောင်နေ
စက်တင်ဘာ၊ ၁၀ ၂၀၁၇
M-Media
ဒေသစံတော်ချိန် ၊ ၉ နာရီ ၃၀ မိနစ်
.
ရမ်းကားဖျက်ဆီးသူများမှ တောင်တွင်းကြီးမြို့၊ရွှေအိုး၂ ရပ်ကွက် အုန်းတော ၂ လမ်းမှ နေအိမ်တလုံးအတွင်းသို့ ဝင်ရောက်ဖျက်ဆီးရန် ဆက်လက်လုပ်ဆောင်နေကြောင်းသိရသည်။အကြမ်းဖက်ရမ်းကားဖျက်ဆီးမှုများကို ယနေ့ ည ၉ နာရီ ၃၀ မိနစ် အထိ ထိန်းသိမ်းနိုင်ခြင်းမရှိသေးကြောင်း နေအိမ်များ၊ ဆိုင်ခန်းများကို ခဲများဖြင့်ပေါက်ခြင်း၊ အပြင်မှ ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်းသိရပါတယ်။
ရမ်းကား ဖျက်ဆီးသူတွေ ယခုထိ လမ်းမပေါ်တွင် ရှိသေးပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ မမြင်ရသေးဟု ဒေသခံတွေက ဆိုပါတယ်။
ယနေ့ ည ၇ နာရီ ၄၅ မိနစ်တွင တောင်တွင်းကြီးမြို့နယ်တွင် ရွှေအိုး၂ ရပ်ကွက် ရှိ ဈေးဆိုင်များ ၊ လူနေအိမ်ခန်းများကို လူအုပ်စု ဝင်ရောက်ဖျက်ဆီးမှုများပြုလုပ်ခဲ့သည်။
ပြစ်မှု ကျူးလွန်နေသူတွေကို ခရိုင်ရဲမှူးကိုယ်တိုင် ရှာဖွေဖမ်းဆီးရန် ဆောင်ရွက်နေကြောင်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။