News @ M-Media

Blog

  • တောင်တွင်းကြီးတွင် လူအုပ်စုဖြင့် ဆိုင်ခန်းများ ဖျက်ဆီးမှုများပြုလုပ်

    တောင်တွင်းကြီးတွင် လူအုပ်စုဖြင့် ဆိုင်ခန်းများ ဖျက်ဆီးမှုများပြုလုပ်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၇
    M-Media

    ယနေ့ည ၇နာရီ ၄၅ ခနု့်တွင် တောင်တွင်းကြီးမြို့ ရွှေအိုး၂ ရပ်ကွက်၊ အုန်းတော၂လမ်း နှင့် မကွေးလမ်းမကြီးတလျောက် ဆိုင်များ ကို တုတ်၊ဓါးလက်နက်များကိုင်ဆောင်သည့် လူအုပ်စုတစုမှ ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း သိရပါတယ်။

    ဖျက်ဆီးခံရသည့် ဆိုင်အများစုမှာ အစ္စလာမ် ဘာသာဝင်များပိုင်ဆိုင်သည့် ဆိုင်များဖြစ်ကြပြီး အကြမ်းဖက်လူအုပ်စုမှာ ၉၆၉ သီချင်းများသီဆိုခြင်း၊ နိုင်ငံတော်သီချင်းသီဆိုခြင်း၊ လူမျိုးခြားများအား သတ်ပြစ်ရန် ကြွေးကြော်သွားကြပြီး ယခုအခါ တောင်တွင်းကြီး ဗလီရှေ့သို့ရောက်ရှိနေကြောင်းသိရှိရပါတယ်။

    ဒေသခံများက ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားသောလည်း လက်ခံစကားပြောခြင်းမရှိဘဲ ဖုန်းချသွားကြောင်း သိရပါတယ်။

  • မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ၏ လှပသော အာကာသဓာတ်ပုံကို ရုရှား အာကာသယာဉ်မှူး လွှင့်တင်

    မတ်စ်ဂျစ်ဒ်ဟရမ်ဗလီ၏ လှပသော အာကာသဓာတ်ပုံကို ရုရှား အာကာသယာဉ်မှူး လွှင့်တင်

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    ညဘက်ဓာတ်ပုံ

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ လှပရှူမငြီးတဲ့ ဓာတ်ပုံတွေကို ရုရှား အာကာသယဉ်မှူး Sergey Ryazanskiy က ထုတ်ပြန်လိုက်ပါတယ်။

    ဗလီဝတ်ကျောင်းတော်ကို နေ့ဘက်နဲ့ ညဘက်ရိုက်ထားတဲ့ ဓာတ်ပုံတွေဖြစ်ပြီး “အစ္စလာမ်ကမ္ဘာက အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့ မက္ကာဟာ နေ့ရော၊ ညပါ လှပလျက်ရှိပါတယ်။ အာကာသကနေ ကြည့်တာတောင်မှ ဒီမြို့ကို ကမ္ဘာပေါ်က အခြားသောမြို့တွေနဲ့ မှားနိုင်စရာ မရှိပါဘူး” လို့ သူ့ရဲ့ Instagram စာမျက်နှာမှာ ရေသားခဲ့ပါတယ်။

    နေ့ဘက်ရိုက်ထားတဲ့ဓာတ်ပုံမှာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ ပရ၀ုဏ်ကို အာကာသ ကောင်းကင်ယံကနေ ထင်ထင်ရှားရှား မြင်ရသလို၊ ညဘက်ဓာတ်ပုံမှာလည်း မီးရောင်ထိန်လင်းတဲ့ ဗလီကြီး ပရ၀ုဏ်ကို ရင်သပ်ရှုမောစွာ မြင်တွေ့ရပါတယ်။

    Sergey Ryazanskiy ဟာ အရင်ကလည်း အာရပ်ကမ္ဘာက ထင်ရှားတဲ့နေရာတွေရဲ့ လှပတဲ့ အာကာသဓာတ်ပုံတွေကို ရိုက်ကာ ဆိုရှယ်မီဒီယာမှာ လွှင့်တင်ခဲ့ဖူးပါတယ်။

    နေ့ဘက်ဓာတ်ပုံ

    Ref: Khaleejtimes

  • နျူအင်အားကြီးနိုင်ငံဖြစ်ရေး နှစ်ဆအားထုတ်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

    နျူအင်အားကြီးနိုင်ငံဖြစ်ရေး နှစ်ဆအားထုတ်ရန် မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    အောင်ပွဲခံအခမ်းအနားတွင် တွေ့ရသည့် ကင်ဂျုံအန်

    – ပြီးခဲ့သည့်တစ်ပတ်က ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှုကို ‘ခြွင်းချက်မရှိသော အောင်မြင်မှု’ အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ပြောကြားလိုက်ပြီး လက်နက်ထုတ်လုပ်ရေး လုပ်ငန်းများကို ဆက်လက် အောင်ရွက်ရန်လည်း တိုက်တွန်းခဲ့သည်။

    စက်တင်ဘာ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ထိုစမ်းသပ်မှုမှာ မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူစမ်းသပ်မှုဖြစ်ပြီး နိုင်ငံသမိုင်းတစ်လျှောက်တွင် အကြီးမားဆုံး နျူလက်နက်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ခြင်းဖြစ်သည်။

    အမေရိကန် ပြည်မကြီးအထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည် ၂ လုံးကို စမ်းသပ်ပြီးနောက် ပေါ်ထွက်လာခဲ့သည့် အဆိုပါ နျူလက်နက်အတွက် ကမ္ဘာတစ်ဝှမ်းက ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချခဲ့ကြသည်။

    ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ကင်ဂျုံအန်က ‘နိုင်ငံသမိုင်း၌ အလွန် မင်္ဂလာရှိသော အောင်မြင်မှု’ ဖြစ်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံတကာက အသိအမှတ်ပြုခံရသည့် နျူအင်အားကြီးနိုင်ငံတစ်ခု ဖြစ်ရေး ကြိုးပမ်းမှုများကို ၂ ဆတိုးသွားရန်လည်း တိုက်တွန်းခဲ့သည်။

    မြောက်ကိုရီးယားမှာ ယခုတစ်ပတ် အစောပိုင်းကလည်း နျူစမ်းသပ်မှု အောင်မြင်သည့်အထိမ်းအမှတ်အဖြစ် အောင်ပွဲခံအခမ်းအနားကို အကြီးအကျယ် ကျင်းပခဲ့သည်။

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီများပေးအပ်ရန် ကုလ မေတ္တာရပ်ခံ

    ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာဒုက္ခသည်များအတွက် အကူအညီများပေးအပ်ရန် ကုလ မေတ္တာရပ်ခံ

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာကြသည့် ရိုဟင်ဂျာများ

    – ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်းအတွက် အကူအညီတွေ ပေးအပ်ကြဖို့ ကုလက နိုင်ငံတကာအသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းက စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုကြောင့် ရိုဟင်ဂျာ ၃ သိန်းနီးပါးလောက် ဘင်္ဂလားဒေ့ရှ်က ကော့ဇ်ဘဇားဒေသကို ထွက်ပြေးလာကြတယ်လို့ ကုလက ပြောကြားထားပါတယ်။

    ဆာလောင်မွတ်သိပ်မှုနဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေကြရတဲ့ ဒုက္ခသည်တွေ ၀င်ရောက်လာမှုဟာ ရပ်တန့်သွားမယ့် လက္ခဏာမျိုး မရှိဘဲ၊ အရင်က ထွက်ပြေးလာတဲ့ သိန်းနဲ့ချီတဲ့လူတွေကို ကူညီနေတဲ့ အဖွဲ့တွေဟာ အင်အားမမျှ ဖြစ်နေတယ်လို့ ဘင်္ဂလာဒေ့ရှ်ဆိုင်ရာ ကုလ ဌာနေကိုယ်စားလှယ် ရောဘတ် ၀ပ်ကင်က ဆိုပါတယ်။

    “အိုးအိမ်တွေကို စွန့်ခွာကာ ဘင်္ဂလားဒေ့ရှ်ဖက်ကို လက်ဗလာနဲ့ ရောက်လာတဲ့ တော်တော်လေး အတိဒုက္ခရောက်နေကြတဲ့ သူတွေကို အရေးပေါ် ကူညီထောက်ပံ့မှုတွေ ပေးဖို့အတွက် ကော့ဇ်ဘဇားက အကူအညီပေးရေးအဖွဲ့အစည်းတွေဟာ ရင်းမြစ်တွေ လိုအပ်နေပါတယ်”

    လက်ရှိမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့အတွက် ကန်ဒေါ်လာ ၇၇ သန်းလောက် အရေးတကြီး လိုအပ်နေတယ်လို့လည်း ဌာနေကိုယ်စားလှယ်က ပြောပါတယ်။

    မငြိမ်သက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ပြည်သူတွေထဲမှာ ရခိုင်တိုင်းရင်းသားတွေကိုတော့ အစိုးရက ကယ်ဆယ်ထားပြီး ရိုဟင်ဂျာတွေကတော့ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေကြရတာပါ။

    ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကူအညီပေးရေးလုပ်ငန်းတွေကို လုပ်ဆောင်ပေးနေတဲ့ အဖွဲ့တွေဟာ လွန်ခဲ့တဲ့နှစ်ပတ်အတွင်းမှာ လုပ်ငန်းတွေကို ရပ်ဆိုင်ထားရတာကြောင့် ပြည်သူတွေဟာ စားရေး၊ သောက်ရေးအတွက် တော်တော်လေး အခက်တွေ့နေကြပါတယ်။

    Ref: Reuters

  • ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့များ စာထုတ်

    ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့များ စာထုတ်

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သဘောထားကြေငြာချက်တစ်စောင်ကို မြန်မာမွတ်စလင်မ် အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ  စုပေါင်းပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကြေငြာချက်ထဲမှာ ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ကို ရှုတ်ချကြောင်း၊ ရခိုင်ပြည်နယ်က ပြဿနာတွေကို အသုံးချပြီး လူမျိုးရေး၊ နိုင်ငံရေးပြဿနာကို ဘာသာရေးအသွင်ဆောင်ကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အဟန့်အတားအောင် လုပ်ဆောင်နေမှုကို ရပ်တန့်ရေး ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပါကြောင်း၊ မိမိတို့အနေနဲ့ နိုင်ငံတော်အစိုးရ၊ ပြည်သူတစ်ရပ်လုံးနဲ့အတူ အစဉ်အမြဲ ရပ်တည်ပါကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းကလည်း မြန်မာမွတ်စလင်မ် အရပ်ဖက် လူ့အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ရွေလက်ယာနဲ့ တွဲလက်မြန်မာ အဖွဲ့တို့ဟာ ARSA ရဲ့ ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ ပြည်သူလူထုနဲ့အတူ အကြမ်းဖက်မှုတွေကို ရပ်တည်ရင်ဆိုင်သွားမှာဖြစ်ကြောင်း သဘောထားတွေပါဝင်တဲ့ ကြေငြာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

    Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းတွေရဲ့  ကြေငြာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

     

    နိုင်ငံသား မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့စည်းများမှ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလျက်ရှိသော ဖြစ်စဉ်များနှင့် ပတ်သက်၍ သဘောထားကြေညာချက် (၂/၂၀၁၇)

    ရက်စွဲ။ ၂၀၁၇ စက်တင်ဘာ (၈)ရက်

    နိုင်ငံသား မြန်မာ မွတ်စလင် အရပ်ဘက်အဖွဲ့စည်းများဖြစ်သည့် Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလျက်ရှိသော ဖြစ်စဉ်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

    ၁။ အပြစ်မဲ့အပြစ်ကင်းစင်သော လက်နက်မဲ့ အရပ်သားများအား တိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှုဖြစ်ကြောင်း နိုင်ငံရေးဝေါဟာရတွင် အဓိပ္ပာယ်ဖွင့်ထားပါသည်။ အစ္စလာမ်ဘာသာကလည်း “ကမ္ဘာမြေပြင်ပေါ်၌ မည်သည့် အဖျက်အမှောင့် လုပ်ငန်းများကိုမှ မပြုလုပ်ရ”ဟု အတိ အလင်း တားမြစ်ထားပါသည်။ [ရည်ညွှန်း/“ထိုမှတပါးအသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးတော်ပြုတော်ထား သကဲ့သို့ပင် အသင်သည် လည်း သူတပါးတို့အား ကျေးဇူးပြုလော့။ အသင်သည် တိုင်းပြည်အတွင်း ပျက်စီးမှုကို မလိုလားလေနှင့် မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ပျက်စီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ”။ (ကုရ်အာန် ၂၈း၇၇)။ “၎င်းအပြင်အသင်တို့သည် ကမ္ဘာမြေပြင်ကိုတင့်တယ် ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း မလုပ် ကြကုန်လင့်”(ကုရ်အာန် ၇း၅၆)] မြန်မာနိုင်ငံနှင့်တစ်သားတည်းဖြစ်နေသော မြန်မာမွတ်စလင်တို့သည် အမိမြန်မာနိုင်ငံနှင့် မြန်မာပြည်တွင်း၌ နေထိုင် သော ပြည်သူများ၏အကျိုးကိုသာ ဦးထိပ်ထားသူများဖြစ်ပြီး “မည်သည့်အခြေအနေမျိုးတွင်မဆို တရားမျှတမှုအား လက်မလွှတ်နှင့်”ဟူသည့် အစ္စလာမ်သာသနာတော်၏ ဆုံးမဩဝါဒများကို နာယူကျင့်သုံး သူများဖြစ်ပါသည်။ [ရည်ညွှန်း/“မိုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူရန်အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ သက်သေခံရာတွင် တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။ ၎င်းအပြင် မည်သည့် လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ”။(ကုရ်အာန် ၅း၈)]

    ၂။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ တဖန်ဖြစ်ပွားလာသည့်အတွက် ကျွန်ုပ်တို့ မြန်မာမွတ်စလင် အရပ်ဖက် အဖွဲ့အစည်း များအနေဖြင့် များစွာ အံ့ဩထိတ်လန့် စိုးရိမ်မိပါသည်။ အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ပေါ်လာနေသည့် အတွက် မိမိတို့အနေဖြင့် သတင်းအချက်အလက်များကို အချိန်ယူစောင့်ကြည့်သုံးသပ်ပြီးမှ ယခုကဲ့သို့သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

    ၃။ ရခိုင်ပြည်နယ်ဒေသများတွင် အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသော ARSA အကြမ်းဖက်အဖွဲ့အစည်းအား ကျွန်ုပ်တို့မြန်မာ မွတ်စလင်အရပ်ဖက်အဖွဲ့ စည်းများမှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါသည်။ ထိုနည်းတူစွာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကိုပျက်ပြားစေရန်သော်လည်းကောင်း၊ ပဋိပက္ခများ ပိုမို ကြီးထွားလာစေရန်ရည်ရွယ်၍ လည်းကောင်း၊ သတင်းအမှားဖြန့်ချိ ပြောဆိုရေးသားမှုများကို ပြုလုပ်နေသော မည်သည့်လူပုဂ္ဂိုလ်နှင့် မည်သည့် အဖွဲ့အစည်းများကိုမဆို ကျွန်ုပ် တို့မှ ထပ်မံ၍ ပြင်းထန်စွာရှုတ်ချပါသည်။

    ၄။ ရခိုင်ပြည်နယ်ဒေသများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မူများ ပဋိပက္ခများကြောင့် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရမှု၊ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးရမှုများအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များ၊ မိသားစုများနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ အဆိုပါဖြစ်ရပ်များကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်ခဲ့ရသည်ဟုကျွန်ုပ်တို့မှ ဆင်ခြင်မိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ရှေးဘုရင်မင်းများ လက်ထက်မှစပြီး မတူကွဲပြား သော လူမှုအဖွဲ့ အစည်း အသီးသီးတို့၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုဆိုင်ရာ ဂုဏ်ယူဖွယ် အလှတရားနှင့် ဓလေ့ကောင်းများကို ယခု ဖြစ်စဉ်များက အပြုသဘော မဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေမည်ကို မိမိတို့မှ အထူးပင်စိုးရိမ်မိပါသည်။

    ၅။ သို့ပါ၍ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့်လူမျိုးရေးနှင့် နိုင်ငံရေး ပြဿနာရပ်များအား ဘာသာရေးအသွင်ဆောင်ကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အဟန့်အတား ဖြစ်စေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို ရပ်တန့်စေရေးအတွက် နိုင်ငံတော်အစိုးရအကြီးအကဲများ၊ တပ်မတော်အကြီးအကဲများ၊ မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းဝေဖန် ရှုတ်ချတည့်မတ် ထိန်းသိမ်းပေးပါရန် ကျွန်ုပ်တို့မှ လေးနက်စွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။ မိမိတို့ မြန်မာမွတ်စလင်အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူတစ်ရပ်လုံးနှင့်အတူ အစဉ်အမြဲ ရပ်တည်ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။
    Contact Person : Tel 09 50 32498, 09 97 2056280, [email protected]

    ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ – Equal, အလင်းစက်ဝန်း၊ MMSN, Great Star