News @ M-Media

Blog

  • လူသတ်ရန် လမ်းပေါ်ထွက် အော်ဟစ်ခြိမ်းခြောက်သူကို ရန်ကုန်ရဲပြန်လွှတ်

    လူသတ်ရန် လမ်းပေါ်ထွက် အော်ဟစ်ခြိမ်းခြောက်သူကို ရန်ကုန်ရဲပြန်လွှတ်

    လမ်းပေါ်တွင် အော်ဟစ်ခြိမ်းခြောက်ခြင်းသည် သွေးထိုးလှုံ့ဆော်ခြင်းမဟုတ်ဟု ရန်ကုန်ရဲက ယူဆနေသည်


    Myanmar Now

    ရန်ကုန် (Myanmar Now) — စက်တင်ဘာ ၁၂ ရက် ည ၁ဝ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်အတွင်း မွတ်စလင်ဘာသာဝင်များကို သတ်ပစ်မည်ဟု တစ်လမ်းဝင် တစ်လမ်းထွက် အော်ဟစ်နေသူကို ဒေသခံပြည်သူတို့ ဝိုင်းဝန်း ဖမ်းဆီးခဲ့သော်လည်း ရဲတပ်ဖွဲ့က ထိုသူ့ကို ညတွင်းချင်း ပြန်လွှတ်ပေးခဲ့သည်။

    “ကုလားတွေ ဒီလမ်းထဲမှာရှိရင် ထွက်ခဲ့။ ကုလားကို သတ်မယ်။ မွတ်စလင်တွေကို ပြောတာ၊ ဟိန္ဒူတွေ မပါဘူး” ဟု အသက် ၂၇ နှစ် အရွယ်ခန့်ရှိသူ အမျိုးသားတစ်ဦးက လင်းလွန်းတောင်ရပ်ကွက်ရှိ ရွှေလောင်းလမ်း၊ ဝါးခယ်မလမ်း နှင့် ကျိုက်လတ်လမ်းများတွင် ဝင်ရောက်၍ အော်ဟစ်ခဲ့သည်။

    ကျိုက်လတ်လမ်းအရောက်တွင် ရပ်ကွက်သူရပ်ကွက်သားများက ထိုသူကို ဖမ်းဆီး၍ ရဲထံ အပ်နှံခဲ့ကြောင်း၊ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့က လာရောက်အပ်နှံသူများကိုယ်တိုင် အမှုဖွင့်ရန် ပြောဆိုရာ အာဏာပိုင်တို့ကိုယ်တိုင် အရေးယူမည်ဟု ယူဆပြီး အမှုမဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုစိန်လှိုင်က ဆိုသည်။

    ထိုကဲ့သို့ အော်ဟစ်ခဲ့သူအောင်သိန်းထွေးသည် ကြည့်မြင်တိုင်ဘူတာတွင် မီးရထားဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး ဘူတာရှိ ဝန်ထမ်းအိမ်ရာတွင် နေထိုင်ကြောင်း DVB သတင်းဌာန သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

    ယခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသောအခြေအနေများကြောင့် လူမျိုးရေးဘာသာရေး အပေါ်အခြေခံ၍ သွေးထိုးလှုံ့ဆော်ခြင်း၊ နိုင်ငံရေးအရ အမြတ်ထုတ်ရန် အဓိကရုဏ်း ဖန်တီးခြင်းတို့ ပြုလုပ်မည်ကို ပြည်သူအများ စိုးရိမ်မကင်းဖြစ်နေချိန်ဖြစ်သည်။

    သို့သော်လည်း မတူညီသည့် ကိုးကွယ်ယုံကြည်မှုများအပေါ်အခြေခံပြီး လူသတ်ရန်အော်ဟစ်ခဲ့သူ အောင်သိန်းထွေးမှာ သူ့ခံစားချက်များကို ပေါက်ကွဲသွားခြင်းသာဖြစ်ပြီး၊ မည်သည့် ဘာသာရေး၊ လူမျိုးရေး လှုံ့ဆော်မှုများ မလုပ်ခဲ့သဖြင့် အမှုမဖွင့်ဘဲ ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ ဒုရဲအုပ် အောင်လပြည့်က Myanmar Now ကို ပြောကြားသည်။

    “သူ့ဟာသူ ဖီးလ်ဖြစ်ပြီး (ခံစားချက် ပြင်းထန်ပြီး) ပေါက်ကွဲတာပါ။ တခြား သွေးထိုးလှုံ့ဆော်တာ မရှိပါဘူး” ဟု ၎င်းက စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြောကြားသည်။

    သမ္မတ ဦးထင်ကျော်က စက်တာဘာ ၆ ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ အပါအဝင် စစ်ဘက်အရပ်ဘက် ခေါင်းဆောင်များကို တွေ့ဆုံစဉ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် အခြေအနေများကြောင့် ပြည်သူတို့၏ စိုးရိမ်ပူပန်မှုများကို အသုံးချပြီး ယုံကြည်မှု အစွန်းရောက်သူများက ဆူပူမှု ဖြစ်အောင် လုပ်မည် ဆိုသည့် အန္တရာယ်ကလည်း ရှိနေပြန်ကြောင်း၊ ဤသို့သော အခြေအနေမျိုးတွင် လုံခြုံရေးအဖွဲ့အစည်းများ အနေဖြင့် ဥပဒေနှင့်အညီ ထိထိရောက်ရောက် ဟန့်တားပေးရမည် ဖြစ်ကြောင်း ပြောကြားထားသည်။

    ##

    စက်တင်ဘာ ၁၂ ညပိုင်းက စမ်းချောင်းမြို့နယ်တွင် လမ်းပေါ်ထွက်ပြီး ဆူပူလှုံ့ဆော်နေသူကို ရပ်ကွက်အတွင်း နေထိုင်သူတို့က ဖမ်းဆီးပြီး ရဲတပ်ဖွဲ့သို့ အပ်နှံခဲ့သည် (ဓာတ်ပုံ – စမ်းချောင်းမြို့နယ် ဒေသခံများ)

    Myanmar Now မှ ကူးယူဖော်ပြသည်။

  • ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    ပိတ်ဆို့မှုအတွက် အကြီးအကျယ်ခံစားရမည်ဟု အမေရိကန်ကို မြောက်ကိုရီးယားခြိမ်းခြောက်

    စက်တင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    နောက်ဆုံ စမ်းသပ်ခဲ့သည့် ဟိုက်ဒရိုဂျင်ဗုံးကို ကင်ဂျုံအန်က ကြည့်ရှုစစ်ဆေးစဉ်

    – မိမိတို့နိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် အရေးယူပိတ်ဆို့မှုများအတွက် အမေရိကန်အနေဖြင့် အကြီးအကျယ် ထိခိုက်ခံစားရမည်ဟု မြောက်ကိုရီးယားက ယနေ့တွင် ခြိမ်းခြောက်ပြောကြားလိုက်သည်။

    မြောက်ကိုရီးယား၏ ၆ ကြိမ်မြောက် နျူလက်နက် စမ်းသပ်မှုကို ဆန့်ကျင်သည့်အနေဖြင့် အမေရိကန်က တင်သွင်းသော မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်ကို ကုလ လုံခြုံရေးကောင်စီက တနင်္လာနေ့တွင် တစ်ညီတစ်ညွတ်တည်း အတည်ပြုခဲ့သည်။

    ထိုဆုံးဖြတ်ချက်မှာ မြောက်ကိုရီးယားနှင့်ပတ်သက်၍ လုံခြုံရေးကောင်စီက ပြုလုပ်သော ၉ ခုမြောက် ဖြစ်ပြီး နိုင်ငံ၏ ချည်ထည်တင်ပို့မှု၊ ရေနံတင်သွင်းမှုများကို ထိခိုက်စေမည်ဖြစ်သည်။

    “နောက်ထပ် ဆောင်ရွက်မှုတွေ လုပ်မယ်ဆိုရင် သမိုင်းမှာ မကြုံဖူးတဲ့အနေအထားနဲ့ အကြီးမားဆုံး နာကျင်မှုကို အမေရိကန်က ခံစားရမှာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယးသံအမတ် ဟန်တေဆွန်က ပြောကြားခဲ့သည်။

    အဆိုပါပိတ်ဆို့မှုမှာ ဥပဒေဘောင်မ၀င်ဘဲ အမေရိကန်မှာ နိုင်ငံရေး၊ စီးပွားရေးနှင့် စစ်ရေးအရ ထိုးနှက်နေခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် အလုံးစုံသော နည်းလမ်းများဖြင့် တုန့်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA မှ ယနေ့တွင် ထုတ်ပြန်ခဲ့သော အစိုးရ၏ ကြေငြာချက်၌ လုံခြုံရေးကောင်စီ၏ ပိတ်ဆို့မှုမှာ ‘မြောက်ကိုရီးယား၏ မိမိကိုယ်ကို ကာကွယ်ခွင့်ကို ပျက်ဆီးအောင် ရည်ရွယ်သော၊ စီးပွားရေး အလုံးစုံ ပိတ်ဆို့ခြင်းအားဖြင့် နိုင်ငံနှင့် ပြည်သူလူထု ထွက်ပေါက်မရှိအောင် ပြုလုပ်သော စက်ဆုပ်သည့် ရန်စမှုမျိုး’ ဖြစ်သည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

     

  • ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်

    စက်တင်ဘာ ၁၃၊ ၂၀၁၇

    M-Media

    – မြန်မာနိုင်ငံမှာ နှစ်ရာနဲ့ချီ နေထိုင်ခဲ့တဲ့ ရိုဟင်ဂျာတွေကို ဘာ့ကြောင့် မြန်မာနိုင်ငံသားအဖြစ် မသတ်မှတ်တာလဲလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က မေးခွန်းထုတ်လိုက်ပါတယ်။

    Source – SBS

     

  • တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    တူရကီတွင် ‘ကြယ်နှင့်လ’ သဏ္ဍာန် ဗလီသစ်ကြီးတစ်လုံး တည်ဆောက်နေ

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

     

    – ကြယ်နှင့်လ ပုံသဏ္ဍာန်ရှိမည့် ဗလီဝတ်ကျောင်းတော်တစ်လုံး ဆောက်လုပ်ရန်အတွက် တူရကီမှာ ယမန်နေ့က အုတ်မြစ်ချအခမ်းအနား ပြုလုပ်ခဲ့ပြီး အစိုးရတာဝန်ရှိသူ အများအပြား တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

    နိုင်ငံအလယ်ပိုင်း ဆီဗက်စ်ပြည်နယ်ရှိ မြေနေရာ ၇၀၀၀ စကွဲယားမီတာတွင် ဆောက်လုပ်မည့် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ ၀တ်ပြုသူပေါင်း ၈၄၀၀ ဆန့်မည်ဖြစ်သည်။

    အုတ်မြစ်ချအခမ်းအနားသို့ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ အာဏာရ AK ပါတီမှ တာဝန်ရှိသူများ၊ ပြည်သူများတက်ရောက်ခဲ့ကြသည်။

    ဗလီဝတ်ကျောင်းတော်တွင် ဈာပနအခမ်းအနား ကျင်းပမည့်နေရာတစ်ခုလည်း ပါဝင်မည်ဖြစ်သောကြောင့် လက်ရှိတွင် ဆီဗက်စ်မြို့လယ်ကောင်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုတွင်သာ ဈာပနအခမ်းအနား ကျင်းပနေရသည့်အတွက် ကားလမ်းကြပ်မှု ပြဿနာကိုလည်း ပြေလည်စေမည်ဖြစ်သည်။

    “ကျွန်တော်တို့နိုင်ငံသားတွေရဲ့ လိုအပ်ချက်ကို စဉ်းစားပြီးတော့ ဒီစီမံကိန်းကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ ပါဝင်ချင်တဲ့သူတွေ ပါဝင်လို့ရအောင် အသင်းတစ်ခုကိုလည်း ကျွန်တော်တို့ ဖွဲ့စည်းထားပါတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဟာ ၂၀၁၈ ခုနှစ်မှာ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်နိုင်ဖို့ပါပဲ” ဟု ဆီဗက်စ် စည်ပင်အကြီးအကဲ ဆာမီ အိုင်ဒင်က ပြောကြားခဲ့သည်။

    တာဝန်ရှိသူများက မိန့်ခွန်းပြောကြားခြင်း၊ ၀တ်ပြုဆုတောင်းခြင်းတို့ ပြီးစီးသည့်နောက် Yukarı Tekke Ayyıldız ဟု အမည်တွင်မည့် အဆိုပါဗလီဝတ်ကျောင်းတော်ကို အုတ်မြစ်ချခဲ့သည်။ စီမံကိန်းကို ၂၀၁၈ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြီးစီးရန် ရည်ရွယ်ထားသည်။

    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်
    ဗလီဝတ်ကျောင်းတော် ပုံသဏ္ဍာန်

    Ref: yenisafak.com

  • ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ဆစ်ခ်ပရဟိတအဖွဲ့မှ လာရောက်ကူညီ

    ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်များကို ဆစ်ခ်ပရဟိတအဖွဲ့မှ လာရောက်ကူညီ

    စက်တင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရပြီး ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ကူညီဖို့အတွက် အိန္ဒိယအခြေစိုက် ‘ဆစ်ခ်’ ပရဟိတအဖွဲ့က ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်ခြားကို ရောက်ရှိလာပါတယ်။

    လတ်တလော ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကို ရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေအတွက်ဟာ ၃ သိန်းလောက် ရှိနေပြီလို့ ကုလက ပြောကြားထားပါတယ်။

    ဆစ်ခ်ဘာသာဝင်တွေ ဖွဲ့စည်းထားတဲ့ Khalsa Aid အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ကို မနေ့က ရောက်ရှိလာတာဖြစ်ပြီး အဖွဲ့ရဲ့ မန်းနေးဂျင်ဒါရိုက်တာ အမာရ်ပရစ်တ် ဆင်းက ဒုက္ခသည်စခန်းမှာ နေထိုင်နေရတဲ့ ရိုဟင်ဂျာတွေရဲ့အခြေအနေဟာ တော်တော်ဆိုးဆိုးဝါးဝါး ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “လူ ၅ သောင်းလောက်ကို အကူအညီပေးဖို့အတွက် ကျွန်တော်တို့ပြင်ဆင်လာပါတယ်။ ဒါပေမယ့် လူက ၃ သိန်းကျော်လောက်ရှိနေတယ်။ သူတို့မှာ သောက်ရေ၊ အစားအစာ၊ အ၀တ်အထည်နဲ့ နေစရာနေရာတွေ မရှိကြပါဘူး။ ရတဲ့နေရာမှာ နေရတယ်။ မိုးရွာနေပေမယ့် ခိုးနားစရာ မရှိကြပါဘူး”

    Khalsa Aid အဖွဲ့ဟာ ဒုက္ခသည်တွေ ရွက်ဖျက်တဲထိုး နေထိုင်နိုင်ဖို့အတွက် တာပေါ်လင်စတွေ၊ အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ပေးထားပါတယ်။

    အမာရ်ပရစ်တ် ဆင်းက စခန်းတွေမှာ လူတွေ ပြည့်လျှံနေပြီး၊ ကလေးတွေကလည်း စားစရာမရှိတဲ့အတွက် တောင်းနေရကြောင်း၊ စခန်းမှာ နေရာမရတဲ့သူတွေက လမ်းဘေးမှာ ထိုင်ကာ အကူအညီပေးမယ့်သူကို မျှော်ကိုးနေရကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    Khalsa Aid အကူအညီပေးရေးအဖွဲ့က နောက်ထပ် အုပ်စုတစ်စုဟာ လာမယ့်ရက်တွေမှာ တက်ခ်နက်ဖ်ဒေသကို လာရောက်ပြီး ရိုဟင်ဂျာဒုက္ခသည်တွေအတွက် အကူအညီတွေ ထပ်ပေးဖို့ရှိနေတယ်လို့လည်း သူက ဆိုပါတယ်။

    Ref: Indianexpress