News @ M-Media

Blog

  • ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့များ စာထုတ်

    ARSA အဖွဲ့၏ တိုက်ခိုက်မှုများကို ရှုတ်ချကြောင်း မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့များ စာထုတ်

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး သဘောထားကြေငြာချက်တစ်စောင်ကို မြန်မာမွတ်စလင်မ် အရပ်ဖက်အဖွဲ့အစည်းတွေဖြစ်တဲ့ Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ  စုပေါင်းပြီး မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

    အဲဒီကြေငြာချက်ထဲမှာ ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ကို ရှုတ်ချကြောင်း၊ ရခိုင်ပြည်နယ်က ပြဿနာတွေကို အသုံးချပြီး လူမျိုးရေး၊ နိုင်ငံရေးပြဿနာကို ဘာသာရေးအသွင်ဆောင်ကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အဟန့်အတားအောင် လုပ်ဆောင်နေမှုကို ရပ်တန့်ရေး ဆောင်ရွက်ပေးဖို့ အစိုးရကို တိုက်တွန်းပါကြောင်း၊ မိမိတို့အနေနဲ့ နိုင်ငံတော်အစိုးရ၊ ပြည်သူတစ်ရပ်လုံးနဲ့အတူ အစဉ်အမြဲ ရပ်တည်ပါကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

    ပြီးခဲ့တဲ့လနှောင်းပိုင်းကလည်း မြန်မာမွတ်စလင်မ် အရပ်ဖက် လူ့အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ရွေလက်ယာနဲ့ တွဲလက်မြန်မာ အဖွဲ့တို့ဟာ ARSA ရဲ့ ရခိုင်ပြည်နယ်မှာ ပြုလုပ်တဲ့ တိုက်ခိုက်မှုတွေကို ရှုတ်ချကြောင်း၊ ပြည်သူလူထုနဲ့အတူ အကြမ်းဖက်မှုတွေကို ရပ်တည်ရင်ဆိုင်သွားမှာဖြစ်ကြောင်း သဘောထားတွေပါဝင်တဲ့ ကြေငြာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

    Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းတွေရဲ့  ကြေငြာချက်အပြည့်အစုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

     

    နိုင်ငံသား မြန်မာမွတ်စလင် အရပ်ဖက်အဖွဲ့စည်းများမှ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလျက်ရှိသော ဖြစ်စဉ်များနှင့် ပတ်သက်၍ သဘောထားကြေညာချက် (၂/၂၀၁၇)

    ရက်စွဲ။ ၂၀၁၇ စက်တင်ဘာ (၈)ရက်

    နိုင်ငံသား မြန်မာ မွတ်စလင် အရပ်ဘက်အဖွဲ့စည်းများဖြစ်သည့် Social Alliance နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ရခိုင်ပြည်နယ်အတွင်း ပြန်လည်ဖြစ်ပွားလျက်ရှိသော ဖြစ်စဉ်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။

    ၁။ အပြစ်မဲ့အပြစ်ကင်းစင်သော လက်နက်မဲ့ အရပ်သားများအား တိုက်ခိုက်ခြင်းသည် အကြမ်းဖက်မှုဖြစ်ကြောင်း နိုင်ငံရေးဝေါဟာရတွင် အဓိပ္ပာယ်ဖွင့်ထားပါသည်။ အစ္စလာမ်ဘာသာကလည်း “ကမ္ဘာမြေပြင်ပေါ်၌ မည်သည့် အဖျက်အမှောင့် လုပ်ငန်းများကိုမှ မပြုလုပ်ရ”ဟု အတိ အလင်း တားမြစ်ထားပါသည်။ [ရည်ညွှန်း/“ထိုမှတပါးအသင့်အား အလ္လာဟ်အရှင်မြတ်က ကျေးဇူးတော်ပြုတော်ထား သကဲ့သို့ပင် အသင်သည် လည်း သူတပါးတို့အား ကျေးဇူးပြုလော့။ အသင်သည် တိုင်းပြည်အတွင်း ပျက်စီးမှုကို မလိုလားလေနှင့် မချွတ်ဧကန် အလ္လာဟ်အရှင်မြတ်သည် ပျက်စီးသူတို့အား နှစ်သက်တော်မူသည်မဟုတ်ပေ”။ (ကုရ်အာန် ၂၈း၇၇)။ “၎င်းအပြင်အသင်တို့သည် ကမ္ဘာမြေပြင်ကိုတင့်တယ် ကောင်းမွန်အောင် ပြုလုပ်ပြီးသည့်နောက် ထိုကမ္ဘာမြေပြင်၌ ပျက်စီးရာပျက်စီးကြောင်း မလုပ် ကြကုန်လင့်”(ကုရ်အာန် ၇း၅၆)] မြန်မာနိုင်ငံနှင့်တစ်သားတည်းဖြစ်နေသော မြန်မာမွတ်စလင်တို့သည် အမိမြန်မာနိုင်ငံနှင့် မြန်မာပြည်တွင်း၌ နေထိုင် သော ပြည်သူများ၏အကျိုးကိုသာ ဦးထိပ်ထားသူများဖြစ်ပြီး “မည်သည့်အခြေအနေမျိုးတွင်မဆို တရားမျှတမှုအား လက်မလွှတ်နှင့်”ဟူသည့် အစ္စလာမ်သာသနာတော်၏ ဆုံးမဩဝါဒများကို နာယူကျင့်သုံး သူများဖြစ်ပါသည်။ [ရည်ညွှန်း/“မိုအ်မင်န် သက်ဝင်ယုံကြည်သူအပေါင်းတို့ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏နှစ်သက်မှုကို ရယူရန်အလို့ငှာ ဖြောင့်မတ်တည်ကြည်သောသူများ သက်သေခံရာတွင် တရားမျှတစွာ သက်သေခံသူများဖြစ်ကြလေကုန်။ ၎င်းအပြင် မည်သည့် လူမျိုးတစ်မျိုးကိုမဆို မုန်းတီးခြင်းသည် အသင်တို့အား တရားမျှတမှုကို မပြုဘဲနေကြရန် လှုံ့ဆော်သည်မရှိစေရ”။(ကုရ်အာန် ၅း၈)]

    ၂။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ တဖန်ဖြစ်ပွားလာသည့်အတွက် ကျွန်ုပ်တို့ မြန်မာမွတ်စလင် အရပ်ဖက် အဖွဲ့အစည်း များအနေဖြင့် များစွာ အံ့ဩထိတ်လန့် စိုးရိမ်မိပါသည်။ အဆိုပါ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းအမျိုးမျိုး ထွက်ပေါ်လာနေသည့် အတွက် မိမိတို့အနေဖြင့် သတင်းအချက်အလက်များကို အချိန်ယူစောင့်ကြည့်သုံးသပ်ပြီးမှ ယခုကဲ့သို့သဘောထားထုတ်ပြန်လိုက်ခြင်းဖြစ်ပါသည်။

    ၃။ ရခိုင်ပြည်နယ်ဒေသများတွင် အကြမ်းဖက်မှုများ လုပ်ဆောင်လျက်ရှိသော ARSA အကြမ်းဖက်အဖွဲ့အစည်းအား ကျွန်ုပ်တို့မြန်မာ မွတ်စလင်အရပ်ဖက်အဖွဲ့ စည်းများမှ ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါသည်။ ထိုနည်းတူစွာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းများကြား ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးကိုပျက်ပြားစေရန်သော်လည်းကောင်း၊ ပဋိပက္ခများ ပိုမို ကြီးထွားလာစေရန်ရည်ရွယ်၍ လည်းကောင်း၊ သတင်းအမှားဖြန့်ချိ ပြောဆိုရေးသားမှုများကို ပြုလုပ်နေသော မည်သည့်လူပုဂ္ဂိုလ်နှင့် မည်သည့် အဖွဲ့အစည်းများကိုမဆို ကျွန်ုပ် တို့မှ ထပ်မံ၍ ပြင်းထန်စွာရှုတ်ချပါသည်။

    ၄။ ရခိုင်ပြည်နယ်ဒေသများတွင် ဖြစ်ပွားနေသော အကြမ်းဖက်မူများ ပဋိပက္ခများကြောင့် နိုင်ငံတာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးဒဏ်ရာရမှု၊ အသက်အိုးအိမ် စည်းစိမ်များဆုံးရှုံးရမှုများအပေါ် သက်ဆိုင်ရာဌာန အဖွဲ့အစည်း များ၊ မိသားစုများနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။ အဆိုပါဖြစ်ရပ်များကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ပုံရိပ်ကို ထိခိုက်ခဲ့ရသည်ဟုကျွန်ုပ်တို့မှ ဆင်ခြင်မိပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်သည် ရှေးဘုရင်မင်းများ လက်ထက်မှစပြီး မတူကွဲပြား သော လူမှုအဖွဲ့ အစည်း အသီးသီးတို့၏ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်မှုဆိုင်ရာ ဂုဏ်ယူဖွယ် အလှတရားနှင့် ဓလေ့ကောင်းများကို ယခု ဖြစ်စဉ်များက အပြုသဘော မဆောင်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာစေမည်ကို မိမိတို့မှ အထူးပင်စိုးရိမ်မိပါသည်။

    ၅။ သို့ပါ၍ ရခိုင်ပြည်နယ်အတွင်းဖြစ်ပေါ်နေသည့်လူမျိုးရေးနှင့် နိုင်ငံရေး ပြဿနာရပ်များအား ဘာသာရေးအသွင်ဆောင်ကာ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတို့ကို အဟန့်အတား ဖြစ်စေသော လူပုဂ္ဂိုလ်များ၊ အဖွဲ့ အစည်းများ၏ လုပ်ဆောင်ချက်များကို ရပ်တန့်စေရေးအတွက် နိုင်ငံတော်အစိုးရအကြီးအကဲများ၊ တပ်မတော်အကြီးအကဲများ၊ မီဒီယာများ၊ အရပ်ဖက်အဖွဲ့အစည်း များနှင့် ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းဝေဖန် ရှုတ်ချတည့်မတ် ထိန်းသိမ်းပေးပါရန် ကျွန်ုပ်တို့မှ လေးနက်စွာဖြင့် မေတ္တာ ရပ်ခံအပ်ပါသည်။ မိမိတို့ မြန်မာမွတ်စလင်အရပ်ဖက် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်အစိုးရ၊ ပြည်သူတစ်ရပ်လုံးနှင့်အတူ အစဉ်အမြဲ ရပ်တည်ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။
    Contact Person : Tel 09 50 32498, 09 97 2056280, [email protected]

    ပူးပေါင်းပါဝင်သည့် အဖွဲ့အစည်းများ – Equal, အလင်းစက်ဝန်း၊ MMSN, Great Star

     

  • စာမတတ်သူပပျောက်ရေး တစ်နိုင်တစ်ပိုင်ကူညီနေတဲ့ မိုဟာမက် အယွဘ်

    စာမတတ်သူပပျောက်ရေး တစ်နိုင်တစ်ပိုင်ကူညီနေတဲ့ မိုဟာမက် အယွဘ်

    စက်တင်ဘာ ၁၀၊ ၂၀၁၇
    M-Media

    – ကမ္ဘာ့ စာတတ်မြောက်မှု အနိမ့်ဆုံးနိုင်ငံစာရင်းမှာ ပါဝင်နေတဲ့ ပါကစ္စတန်နိုင်ငံမှာ မိုဟာမက် အယွဘ်ဆိုတဲ့လူတစ်ယောက်ဟာ စာတတ်မြောက်ရေးလုပ်ငန်းကို ဘယ်သူ့အကူအညီမှ မယူဘဲ တစ်နိုင်တစ်ပိုင် လုပ်ဆောင်နေပါတယ်။

    လွန်ခဲ့တဲ့ နှစ် ၃၀ အရင်က ကားဆေးနေတဲ့ ကလေးတစ်ယောက်ရဲ့ ပညာတတ်ချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ စတင်ခဲ့တဲ့ အယွဘ်ရဲ့ ပန်းခြံအခြေပြု စာသင်ကျောင်းလေးဟာ အခုအချိန်မှာတော့ ကျောင်းသားပေါင်း ၂၀၀ ကျော်ရှိနေပြီး ထောင်နဲ့ချီတဲ့ ပညာတတ်တွေကိုလည်း မွေးထုတ်ပေးခဲ့ပြီးပါပြီ။

    အယွဘ်ရဲ့ အခမဲ့ပညာသင်ကြားမှု အစီအစဉ်အကြောင်း၊ သူကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အနာဂတ် ရည်မှန်းချက်တွေကို ဒီဗီဒီယိုမှာ တွေ့မြင်ရမှာဖြစ်ပါတယ်။

    Source – Aljazeera

  • အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်

    စက်တင်ဘာ ၁၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာလိုက်ပါတယ်။

    ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်း ကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပြီး အကြမ်းဖက်နှိမ်နှင်းရာမှာ အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်ဖို့ ထည့်သွင်းဖော်ပြထားပါတယ်။

    ကြေညာချက် အပြည်အစုံမှာအောက်ပါအတိုင်းဖြစ်ပါတယ်။

    အကြမ်းဖက်မှုများနှင့်စပ်လျဉ်း၍ သဘောထားထုတ်ပြန်ကြေညာချက်

    ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်

    ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးသည် အကြမ်းဖက်ဝါဒကို မည်သည့်အချိန်ကမှ လက်ခံခဲ့ခြင်း မရှိပါ။ အစ္စလာမ်တရားတော်တွင် အပြစ်မဲ့ပြည်သူများ ထိခိုက်နှစ်နာစေသည့် အကြမ်းဖက်လုပ်ရပ်ကျူးလွန်ခြင်း မပြုရန် အတိအလင်း တားမြစ်ထားပါသည်။ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်သမားများကြောင့် သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများအားလုံး၏ ကျန်ရစ်သူ မိသားစုများနှင့် ထပ်တူထပ်မျှပင် ဝမ်းနည်းကြေကွဲရပါသည်။ အကြမ်းဖက်မှုများကြောင့် နေရပ်စွန့်ခွာကြရသူ အပြစ်မဲ့ပြည်သူများအားလုံးအတွက်လည်း စိတ်မကောင်းဖြစ်ရပါသည်။

    ၂။ ထိုအကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သော ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းကို အပြင်းအထန် ဆန့်ကျင်ရှုတ်ချပါသည်။ ၎င်းအကြမ်းဖက်အဖွဲ့အစည်းသည် နေပြည်တော်၊ ရန်ကုန်နှင့် မနလေးအပါအဝင် မြို့ကြီးများ၌ အကြမ်းဖက်လုပ်ရပ်များကျူးလွန်ရန် ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်၏ သတင်းထုတ်ပြန်ချက်အရ သိရသဖြင့် လွန်စွာ စိုးရိမ်မကင်းဖြစ်ရပါသည်။ ယခုကဲ့သို့သော အခြေအနေတွင် လူမျိုးရေး၊ ဘာသာရေး ပြဿနာဖြစ်အောင် အင်တာနက် လူမှုကွန်ရက်စာမျက်နှာများမှ လှုံ့ဆော်ရေးသားနေသည်များကိုလည်း အစိုးရအနေဖြင့် ကြပ်မတ် ကာကွယ်တာဆီး ဆောင်ရွက်ရန် လိုအပ်ပါသည်။

    ၃။ အကြမ်းဖက်မှုကို နှိမ်နှင်းရာတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်နှစ်နာမှုမရှိအောင် အထူးဂရုပြုဆောင်ရွက်အပ်ပါသည်။ အကြမ်းဖက်လုပ်ရပ်များကို ကာကွယ်တားဆီးရန်အတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးသည် အစိုးရအဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် ဘာသာပေါင်းစုံ နိုင်ငံသား ပြည်သူအားလုံးနှင့်အတူ တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

    အိုလမာ-သာသနာ့ပညာရှင်များအဖွဲ့
    အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်
    မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ် (ဗဟို)
    မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး)အဖွဲ့ မ-မ-လ ဌာနချုပ်
    မြန်မာမွတ်စလင် အမျိုးသားရေးရာဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ်

  • အိန္ဒိယတွင် ၇ နှစ်အရွယ်ကျောင်းသား အသတ်ခံရမှု အစိုးရအပေါ် တင်းမာမှု မြင့်တက်

    အိန္ဒိယတွင် ၇ နှစ်အရွယ်ကျောင်းသား အသတ်ခံရမှု အစိုးရအပေါ် တင်းမာမှု မြင့်တက်

    စက်တင်ဘာ ၉၊ ၂၀၁၇
    M-Media

    – ဘတ်စ်ကား လက်မှတ်ရောင်းသူက အသက် ၇ နှစ်အရွယ် ကျောင်းသားတစ်ဦးအား သတ်ဖြတ်မှုနှင့် ပတ်သက်၍ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြမှုမျာ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    စီးပွားရေးမြို့တော် နယူးဒေလီတောင်ဘက် ဂုရုဂရမ်မြို့ရှိ Ryan International School ပုဂ္ဂလိကကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အိမ်သာထဲတွင် လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ခဲ့ရသည်။

    ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အက်စ်ဟော့က်ဟုခေါ်သည့် ဘတ်စ်ကား လက်မှတ်ရောင်းသူကို ယမန်နေ့တွင် ဖမ်းဆီးနိုင်ခဲ့သည်။ အဆိုပါအမျိုးသားမှာ ကလေးငယ်အား လိမ်ပိုင်းဆိုင်ရာ စော်ကားရန် ကြိုးစားခဲ့ပြီး ကျောင်းသားလေးက အော်မည်ပြုသည့်အခါတွင် ဓားဖြင့် သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ ဆင်မ်ရန်ဂျစ် ဆင်းက ပြောကြားခဲ့သည်။

    ပုဂ္ဂလိကကျောင်း၏ ယာယီကျောင်းအုပ်ကို ရာထူးမှ ဖယ်ရှားလိုက်သော်လည်း ကျောင်းသားမိဘများမှာ ယနေ့တွင် ဂုရုဂရမ်မြို့တစ်ဝိုက် ဆန္ဒပြမှုများ လုပ်ဆောင်ခဲ့ကာ ပညာရေးအာဏာပိုင်များအား အရေးယူရန် တောင်းဆိုခဲ့သည်။

    မနေ့ကလည်း ကျောင်းသားမိဘများမှာ ကျောင်းဆောင်အတွင်း ၀င်ရောက်၍ ပစ္စည်းများ၊ ပြတင်းပေါက်များကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။

    ၂၀၁၅ ခုနှစ်က အိန္ဒိယနိုင်ငံတွင် ကလေးငယ်များ အဓမ္မပြုကျင့်ခံရသည့် အဖြစ်အပျက်မှာ ၁၀၈၅၄ ခုရှိခဲ့ပြီး တက်ကြွလှုပ်ရှားသူများကမူ ရဲတပ်ဖွဲ့သို့ တိုင်ကြားခြင်းမရှိသည့် အမှုပေါင်းများစွာ ရှိနေသည်ဟု ဆိုသည်။

    ကျူးလွန်သူများမှာ များသောအားဖြင့် ကျူးလွန်ခံရသူများနှင့် သိရှိသူများ ဖြစ်တတ်သည်ဟု ဆိုသည်။

    Ref: Aljazeera