News @ M-Media

Blog

  • တောင်ငူ အစ္စလာမ်သချိုင်္င်းတွင် လက်နက်များ ဖွက်နေဆိုသော သတင်းမဟုတ်ဟု ရဲတပ်ဖွဲ့ ပြောကြား

    တောင်ငူ အစ္စလာမ်သချိုင်္င်းတွင် လက်နက်များ ဖွက်နေဆိုသော သတင်းမဟုတ်ဟု ရဲတပ်ဖွဲ့ ပြောကြား


    တောင်ငူမြို့နယ် မိုးကောင်းကျေးရွာအုပ်စု ကချောင်းကျေးရွာရှိ အစ္စလာမ် ဘာသာဝင်များ၏ သချိုင်္င်းတွင် အုတ်ဂူများဖောက်ကာ လက်နက်များ ဖွက်ထားသည်ဆိုသည့် သတင်းမှာ ကောလာဟလသာ ဖြစ်သည်ဟု တောင်ငူမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ စုံစမ်းသိရှိရသည်။

    “အစ္စလာမ် ဘာသာဝင်တွေ ဓလေ့အရ ဆယ်နှစ်ပြည့်ချိန် အလောင်းပြန်ဖော်ပြီး အရိုးကောက်တဲ့ ဓလေ့အရ လုပ်ဆောင်ကြတာပါ။ မြို့နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ သွားရောက်စစ်ဆေးပြီး ဖြစ်ပါတယ်” ဟု ခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

    ဓာတ်ပုံ-Ko Sai
    The Voice မီဒီယာမှ ဖော်ပြချက်ကို ကောက်နှုတ်ဖော်ပြပါသည်။

    http://thevoicemyanmar.com/news/11694-tnt

  • မက္ကဆီကိုတွင် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

    မက္ကဆီကိုတွင် အင်အားပြင်းငလျင်ကြောင့် အနည်းဆုံး လူ ၁၅ ဦး သေဆုံး

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    ငလျင်အပြီး မြင်ကွင်း

    – မက္ကဆီကိုတောင်ပိုင်းတွင် ယမနေ့ညနှောင်းပိုင်းက အင်အားပြင်ငလျင်တစ်ခု လှုပ်ခတ်ခဲ့သောကြောင့် နည်းဆုံး လူ ၁၅ ဦ သေဆုံးခဲ့သည်ဟု သိရသည်။

    မြေအောက် ကီလိုမီတာ ၇၀ တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါ ငလျင်မှာ ပြင်းအား ၈.၂ မဂ္ဂနီကျုရှိပြီး နိုင်ငံသမိုင်းတွင် ရာစုနှစ်တစ်ခုအတွင်း အပြင်းဆုံး ငလျင်လည်းဖြစ်သည်။ ငလျင်ကြောင့် အဆောက်အဦးများ၊ ဆေးရုံများ ပြိုကျပျက်ဆီးမှု ရှိခဲ့ပြီး ပြည်နယ် ၃ ခုတွင် သေဆုံးသူမှာ ၁၅ ဦးအထိ မြင့်တက်လာခဲ့သည်။

    ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပွားခဲ့ပြီး အစိုးရက ကူညီကယ်ဆယ်မှုများ ပြုလုပ်နေကာ နောက်ဆက်တွဲငလျင်များ ထပ်လှုပ်နိုင်သည်ဆိုသည့် သတိပေးချက်လည်း ထုတ်ပြန်ထားသည်။ ပြည်နယ် ၁၀ ခုရှိ ကျောင်းများကို အစိုးရက ပိတ်ပစ်ခဲ့သည်။

    ငလျင်အပြီး ပစိဖိကမ်းရိုးတွင် ဆူနာမီလှိုင်းများ ဖြစ်ပေါ်လာသည်ကို တွေ့ရှိခဲ့ရသည်ဟု ပစိဖိ ဆူနာမီ သတိပေးစင်တာက သတင်းထုတ်ပြန်ထားပြီး လှိုင်းလုံးများမှာ ဒီရေအမြင့်ထက် ၁ မီတာကျော်ရှိသည်ဟု ဆိုသည်။

    ငလျင်ဒဏ်ကို ဂွာတီမာလာနိုင်ငံကလည်း ခံစားခဲ့ရသည်။

    Ref : Aljazeera

  • ရခိုင်တွင် မတည်ငြိမ်မှုအတွက် အလွန်စိုးရိမ်သည်ဟု စင်ကာပူ ဗုဒ္ဓဘာသာအသင်း ပြော

    ရခိုင်တွင် မတည်ငြိမ်မှုအတွက် အလွန်စိုးရိမ်သည်ဟု စင်ကာပူ ဗုဒ္ဓဘာသာအသင်း ပြော

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံရှိ ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှု မြင့်တက်လာသည့်အတွက် အလွန်အမင်း စိုးရိမ်မိသည်ဟု စင်ကာပူဗုဒ္ဓဘာသာအသင်းက ပြောကြားလိုက်သည်။

    “ဘယ်လိုခေါင်းစဉ်မျိုးနဲ့ဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်အားလုံးကို ရပ်တန့်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို တိုက်တွန်းချင်ပါတယ်” ဟု အဖွဲ့ဥက္ကဌ ဆရာတော် Seck Kwang Phing က ယနေ့တွင် ထုတ်ပြန်သော ကြေငြာချက်၌ ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်အတွင်း ထိခိုက်ခံစားရသူ အားလုံးအတွက် အလိုအပ်ဆုံး ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် စင်ကာပူ အစ္စလာမ်သာသနာရေးကောင်စီ MUIS က အလှူငွေ ကောက်ခံနေမှုကို မိမိတို့ အသင်းနှင့် အခြားသော ဗုဒ္ဓဘာသာအသင်းအားလုံးက အပြည့်အ၀ ထောက်ခံသည်ဟု ဆိုသည်။

    “ဘယ်လူမျိုး၊ ဘယ်ဘာသာဖြစ်ဖြစ် လူသားချင်း စာနာထောက်ထားမှုအကူအညီပေးအပ်ရမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု ဘုန်းတော်ကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။

    သြဂုတ်လနှောင်ပိုင်းတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရဲကင်း ၃၀ ခန့်ကို ရိုဟင်ဂျာလက်နက်ကိုင် ARSA အဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း တစ်ကျော့ပြန်ဖြစ်ပွားလာသည့် မတည်ငြိမ်မှုများကြောင့် ပြည်သူများမှာ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားများကို အစိုးရက ကယ်ဆယ် စောင့်ရှောက်ထားသည်။

    ရိုဟင်ဂျာများမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး ပြီးခဲ့သည့် ၂ ပတ်အတွင်း လူပေါင်း ၁၆၀၀၀၀ ကျော် ရှိနေသည်ဟု ကုလက ဆိုသည်။

    Ref: CNA

  • ရခိုင်ပြည်နယ်ပြဿနာအတွက် နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့

    ရခိုင်ပြည်နယ်ပြဿနာအတွက် နိုဘယ်ဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒေါ်အောင်ဆန်းစုကြည်ထံ စာပို့

    စက်တင်ဘာ ၈၊ ၂၀၁၇
    M-Media

    – တောင်အာဖရိက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ခရစ်ယာန်ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို အဆုံးသတ်ပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စာရေး တောင်းဆိုလိုက်ပါတယ်။

    ‘ညီမလို’ ချစ်ခင်၊ လေးစား တန်ဖိုးထားရသူအပေါ် ဒီလို လူသိရှင်ကြား ဖွင့်ဟဝေဖန်ရတာဟာ ‘ကြောက်စရာတွေ’ ‘လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု’ တွေကို တွေ့မြင်လာတာကြောင့် ဖြစ်တယ်လို့လည်း အသက် ၈၅ နှစ်အရွယ် ဘုန်းတော်ကြီးရဲ့ စာထဲမှာ ထည့်သွင်း ရေးသားထားပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်က သူ့မအနေနဲ့ ကြီးထွားလာတဲ့ ဒီပြဿနာကို ကိုယ်တွယ်နေတယ်လို့ ပြောကြားထားပေမယ့် ဒက်စမွန်တူးတူးကတော့ နိုဘယ်ဆုရှင်ကို ကြားဝင်ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

    “ကျွန်တော်ဟာ အသက်ကြီးနေပါပြီ၊ ကျန်းမာရေးလည်း မကောင်းသလို၊ တရားဝင် အငြိမ်းစားယူထားတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံက မွတ်စလင်လူနည်းစုဖြစ်တဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေနဲ့ပတ်သက်ပြီး တော်တော်လေး စိတ်မကောင်းဖြစ်ရတာက ပြည်သူ့ရေးရာနဲ့ပတ်သက်ပြီး နှုတ်ဆိတ်နေတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ဖျက်လိုက်ရတာမျိုးအထိ ဖြစ်ခဲ့ပါတယ်” လို့ စာရဲ့အစမှာ ရေးသားထားပါတယ်။

    မတရားမှုနဲ့ ပေးဆပ်ခဲ့ရမှုတွေကို မြန်မာပြည်သူတွေအပေါ် မေတ္တာထားမှု၊ သံယောဇဉ်ကြီးမှုတွေနဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်ခဲ့တာကို အမှတ်ရစေဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံကို မိမိရဲ့ စားပွဲပေါ်မှာ နှစ်တော်တော်ကြာ အမှတ်တရ ထားရှိကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖြောင့်မတ်မှန်ကန်မှု အမှတ်သညာဖြစ်ကြောင်းလည်း ဘုန်တော်ကြီးက ပြောကြားခဲ့ပါတယ်။

    “ညီမအနေနဲ့ အများပြည်သူရှေ့မှောက်ကို ပြန်ရောက်လာတဲ့အခါမှာ ရိုဟင်ဂျာလူမျိုးတွေ ကျူးလွန်ခံနေရတဲ့ အကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ စိုးရိမ်မှုတွေဟာ လျော့ပါးခဲ့ရပါတယ်။ ဒါပေမယ့် တစ်ချို့က ‘လူမျိုးစုလိုက်သုတ်သင်မှု’ တစ်ချို့က ‘ဖြည်းဖြည်းချင်း လူမျိုးတုန်းသတ်ဖြတ်မှု’ လို့ ခေါ်နေကြတဲ့ ဒီကိစ္စကြီးဟာ လတ်တလောမှာ ပိုပြီး အရှိန်မြင့်လာပါတယ်”

    ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက ဒေါ်အောန်းစုကြည်ရဲ့ နှုတ်ဆိတ်မှုဟာ ပေးဆပ်မှုကို ပိုမိုကြီးမားစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ချစ်ရပါသော ညီမရေ – တိုင်းပြည်မှာ အမြင့်စွင့်ဆုံးနေရာအတွက် ညီမရဲ့ နိုင်ငံရေးတန်ဖိုးဟာ နှုတ်ဆိတ်နေခြင်း ဖြစ်တယ်ဆိုရင်တော့ ဒီအတွက် ပေးဆပ်ရမှုဟာ သိပ်ကို ကြီးမားနက်ရှိုင်းမှာ အမှန်ပါပဲ။ ငြိမ်းချမ်းမှုမရှိတဲ့တိုင်းပြည်၊ ပြည်သူတွေရဲ့ ဂုဏ်သိက္ခာနဲ့ တန်ဖိုးကို အသိအမှတ်မပြုတဲ့၊ ကာကွယ်မပေးတဲ့ တိုင်းပြည်ဟာ လွတ်လပ်တဲ့တိုင်းပြည်တစ်ခု မဟုတ်ပါဘူး။ ဖြောင့်မတ်မှတ်ကန်မှုရဲ့ ပြယုဂ်တစ်ဦး ဦးဆောင်တဲ့ တိုင်းပြည်မျိုးမှာ ဒီလိုဖြစ်နေတယ်ဆိုတာလည်း မသင့်လျော်ပါဘူး။ ဒါဟာ ကျွန်တော်တို့ကို နာကျင်မှု တိုးစေပါတယ်”

    နောက်ဆုံးမှာတော့ ဒီလို တုန်လှုပ်စရာတွေကို ကြုံတွေ့နေရတဲ့အချိန်မှာ သတ္တိရှိရှိနဲ့ ကြံ့ကြံ့ခံနိုင်ဖို့၊ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ ပြည်သူတွေ စည်းလုံးညီညွတ်ဖို့အတွက် လူသိရှင်ကြား ပြောကြားနိုင်ဖို့၊ မြင့်တက်လာတဲ့ ပြဿနာအပေါ်မှာ ကြားဝင်ဆောင်ရွက်ပြီး ပြည်သူတွေကို ဖြောင့်မတ်မှုလမ်းကြောင်းပေါ် ပြန်တင်ပေးနိုင်ဖို့ ဆုတောင်းပါတယ်လို့ ဘုန်းတော်ကြီး ဒက်စမွန်တူးတူးက သူ့ရဲ့စာမှာ ရေးသားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ငြှမ်းပမ်းနှိပ်စက်ခံရတာနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းမှာ ကမ္ဘာ့ အထင်ကရပုဂ္ဂိုလ် တော်တော်များများဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာအစိုးရကို ဝေဖန်ခဲ့ကြပြီး အဲဒီအထဲမှာ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် မာလာလာ၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ၊ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့လည်း ပါဝင်ခဲ့ပါတယ်။

    Ref: The Guardian

    ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ ပေးစာ
    ဘုန်းတော်ကြီး ဒက်စမွန်တူးတူး၏ ပေးစာ

     

  • ငြိမ်းချမ်းပါစေ ရခိုင်ပြည်

    ငြိမ်းချမ်းပါစေ ရခိုင်ပြည်

    သောင်းကျန်းသူတွေလာနေပြီဟေ့….လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူတွေနဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်နေပြီ… ပြည်သူ့ဘ၀တွေမငြိမ်းချမ်း အသက်လုပြေးနေရပြီ……စသည့် ရင်မောဖွယ်ပြည်တွင်းစစ်သတင်းတွေကို ငယ်စဉ်ဘ၀တည်းက TV-ဖန်သားပြင်၊သတင်းစာများ (ပုံပါ) မှာ အစဉ်မြင်တွေ့နေခဲ့။

    စိတ်တွေပူသက်ပြင်းတွေချရင်း စစ်ပွဲတွေရပ်ပါတော့လို့ ဆုတောင်းခဲ့ရသည်မှာလည်းအခါခါ။ လွတ်လပ်ရေးရပြီးနှောင်းပိုင်း မြန်မာပြည်အနှံ့ (KNU၊ KIO၊ KIA၊ AA၊ TNLA၊….) စသည့် များစွာသော လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ(ယခင်အသုံးအနှုန်း) အရှိုရှိုပေါ်လာခဲ့သလို ပြည်တွင်းစစ်မီးလျှံတို့ တောက်လောင်နေခဲ့သည်မှာလည်း ဘာလိုလိုနဲ့ နှစ် (၇၀) ၀န်းကျင်တောင်ကြာခဲ့လေပြီ။

    သို့ပေမယ့်လည်း နိုင်ငံ့အကျိုးမျှော်ကိုးသည့် ခေါင်းဆောင်များ၊အဖွဲ့အစည်းများ၏ မနားမနေ အားထုတ်ကြိုးပမ်းမှုတွေကြောင့် ယခုအခါ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟု ပြောင်းလဲသုံးနှုန်းခြင်း၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဇာတ်ခုံပေါ်၌ တရင်းတနှီး ဆွေးနွေးနေကြခြင်း စသည့် အပြုသဘောဆောင် ပြောင်းလဲလာမှုတို့ကို မြင်တွေ့ရသည့်အခါ စစ်မှန်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ထွန်းလာဖို့ ရောင်နီသန်းလာပြီဟုတွေးရင်း ပြုံးမိသည်။

    (ARSA) သောင်းကျန်းသူအဖွဲ့ဆိုတာ
    ————————————-
    ဒါပေမယ့် ကြည်နူးစိတ်တွေ မရှည်ကြာလိုက်။ အတောမသတ်နိုင်တဲ့ စစ်ပွဲတွေအကြား ပြည်သူ့ဘ၀တွေ နာလန်မထူနိုင်သေးချိန်၊ ငြိမ်းချမ်းမှုတည်ဆောက်ရင်း နိုင်ငံ့အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုဆီ ရည်သန်ချိန်…….. ဟော..ပေါ်လာပြန်ပြီ နောက်တိုး (ARSA) သောင်းကျန်းသူအဖွဲ့တဲ့။ ထိုအဖွဲ့သည် ရခိုင်ပြည်မြောက်ပိုင်းတွင် ခြေကုတ်ယူရန်ကြိုးစားနေပြီး မောင်တောဒေသ၌ တပ်မတော်နှင့် လက်တလော တိုက်ပွဲဖြစ်ပွားနေဆဲ။ တိုက်ခိုက်၊မီးရှို့၊သေကြေပျက်စီးကြသည့် အနိဌာရုံ ဓာတ်ပုံ-ဗီဒီယိုမှတ်တမ်းများ ဆက်တိုက်ဆိုသလို သတင်းနှင့်အွန်လိုင်းပေါ် ပျံ့နှံ့လာတာတွေ့ရတော့ စစ်ဘေးဒဏ်သင့် ပြည်သူတွေအားလုံးအတွက် လွန်စွာရတက်မအေးဖြစ်ရသည်။ အောက်တိုဘာလ-၂၀၁၆ တွင်လည်း Harakah al-Yaqin အမည်ခံ ထိုအုပ်စုမှ ရဲကင်းများအား စတင်တိုက်ခိုက်ခဲ့ခြင်းကို အစပြု၍ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော်လည်း နယ်မြေတည်ငြိမ်အေးချမ်းမှုကို အလျင်အမြန် ပြန်လည်တည်ဆောက်နိုင်ခဲ့သည်။ ယခုဖြစ်စဉ်မှာလဲ ထိုနည်းတူ တည်ငြိမ်မှုကို အမြန်ဆုံး အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ပါသည်။

    စစ်ဘေးရှောင်တို့အရေးပေါ်အကူအညီလိုအပ်
    ————————————-
    တိုက်ပွဲတွေဖြစ်ပြီဟေ့ဆိုလျင် ဒေသခံစစ်ဘေးရှောင် ပြည်သူတွေအပေါ် ကိုယ်ချင်းစာသနားစိတ်၊ လူသားချင်းစာနာစိတ်၊ ပရဟိတစိတ်အပြည့်ဖြင့် တက်တက်ကြွကြွ ကူညီပေးတတ်ကြသည်မှာလည်း ကျွန်ုပ်တို့မြန်မာတွေ၏ မွန်မြတ်သော ဂုဏ်ယူဖွယ်ရာ အလေ့အထတစ်ခုပါ။ ယခုဖြစ်ပွားနေသည့် မောင်တောဒေသ ပြဿနာနှင့်စပ်လျဉ်း၍ သောင်းကျန်းသူနဲ့ စစ်ဘေးရှောင်ဒေသခံတွေကို ခွဲခြားမြင်တတ်ဖို့လိုသလို အပြစ်မဲ့ပြည်သူများအား မေတ္တာသဒ္ဓါတရားထားပြီး အယုတ်အလတ်အမြတ်မရွေး အကူအညီပေးကြရင်း သာဓုအနုမောတနာ ခေါ်နိုင်ကြပါစေလို့ စာဖတ်ပရိတ်သတ်ကို တိုက်တွန်းပါရစေ။

    သဟဇာတအခြေပြု ငြိမ်းချမ်းမှုတည်ဆောက်ဖို့လို
    ————————————-
    ရခိုင်ပြည်ကြီး ငြိမ်းချမ်းမှုတွေနဲ့ဝေးနေဆဲ၊ ပြည်သူတွေ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေဆဲဆိုတာ လက်ရှိမတည်ငြိမ်မှုတွေက သက်သေပါ။ ရခိုင်ပြည်တွင် ရခိုင်၊မြို၊ကမန်၊ခမီ၊ ဒိုင်းနက်၊…အစရှိသည့် မျိုးနွယ်စုများအပါအ၀င် (မျိုးနွယ်စု အမည်နာမကိစ္စ အငြင်းပွားလျက်ရှိသော) ထိုလူ့အဖွဲ့အစည်းတို့သည် အချိန်အတိုင်းအတာတစ်ခုအထိတော့ ရခိုင်မြေမှာနေ၊ ရခိုင်ရေကိုသောက် အတူ ယှဉ်တွဲနေထိုင်ကြီးပြင်း လာကြသူတွေဆိုတာ မှတ်တမ်းမှတ်ရာများအရ တွေ့ရသည်။ ဒီနေရာမှာ စာရေးသူတစ်ခု သတိထားမိတာက- (ဘင်္ဂလီ (တစ်နည်း) ရိုဟင်ဂျာအခေါ်အဝေါ် မည်သို့ပင်ဆိုစေကာမူ) ဒီမျိုးနွယ်တစ်စုမရှိရင် တို့ရခိုင်ပြည်အေးချမ်းပြီ” ဆိုသည့် ခံယူချက်မျိုး ရှိကောင်းရှိကြလိမ့်မည်။

    အမှန်တကယ်တော့ ရခိုင်ပြည် ငြိမ်းချမ်း၏-မငြိမ်းချမ်း၏ဆိုသည်မှာ ဤ/ထို မျိုးနွယ်စု ရှိ၏-မရှိ၏နှင့်မဆိုင်ပါ။ ဘာသာ-လူမျိုး-အသားအယောင် မည်သို့ပင်ကွဲပြားနေစေကာမူ ရခိုင်မြေကို ချစ်မြတ်နိုးသည့် စိတ်ခံယူချက်တွေပေါ်အခြေခံပြီး အချင်းချင်း ယုံကြည်၊လေးစား၊မေတ္တာထား၊အကျိုးပြုမှုတွေနှင့် ပြန်လည်တည်ဆောက်နိုင်ရင် ရခိုင်ပြည်ကြီး ငြိမ်းချမ်းမှုနှင့် အလှမ်းဝေးတော့မည်မဟုတ်ဟု ယုံကြည်မိသည်။

    မြောက်ဦးလွှတ်တော်အမတ်တစ်ဦး ပြောခဲ့ဖူးသည့် အဖိုးတန်စကားလေးတစ်ခုက- “တို့တွေက peaceful coexistence ဖြစ်အောင်ကြိုးစားရမယ်။ peaceful coexistence ရှိကိုရှိရမယ်။ ဒါ civilized သွားရမယ့်ကိစ္စ၊ အရင်တုန်းကတစ်သက်လုံး ရခိုင်ပြည်မှာ တို့တွေအတူနေလာခဲ့ကြတာပဲ…” (ဦးဦးလှစော။ ။၁၆-မတ်လ-၂၀၁၃။ ကမ်ဘာရာမြို့)

    မကြာသေးမီကထုတ်ပြန်ခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အစီရင်ခံစာပါ “လူ့အဖွဲ့အစည်းအားလုံး သဟဇာတဖြစ် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး” အကြံပြုချက်များ အလျင်အမြန် အကောင်အထည်ဖော် စွမ်းဆောင်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး (၂၄-သြဂုတ်လ-၂၀၁၇)ရက်စွဲပါ ထုတ်ပြန်ချက်အပေါ် နှစ်ထောင်းအားရဖြစ်မိသည်။

    ကုစားချိန်တန်ပြီဖြစ်သည့် ဒဏ်ရာတစ်ခု
    ————————————-
    တစ်ဖက်မှာလည်းပဲ ဆယ်စုနှစ်များစွာကတည်းက ဖြေရှင်းခဲ့ရမည့် ထိုသူတို့၏ လ၀ကဆိုင်ရာ၊မျိုးနွယ်စုအမည်နာမဆိုင်ရာ ကိစ္စရပ်များနှင့်ပက်သက်၍ လက်ရှိနိုင်ငံတော်အကြီးအကဲများမှ ဦးဆောင်ဦးရွက်ပြုပြီး သမိုင်းကြောင်းအရ (ခောတ်အဆက်ဆက်မှ ရခိုင်ပြည်နယ်နမိတ်၊ နယ်စပ်ပထ၀ီအနေအထား)တို့နှင့်ယှဉ်ပြီး အမြန်ဆုံး ညှိနှိုင်းအဖြေရှာပါက ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးအတွက် လွန်စွာအထောက်အကူပြုနိုင်ပေမည်။

    ရေတို၊ ရေရှည် စီမံကိန်းများ
    ——————————
    အစိုးရအနေဖြင့် ထို (ARSA) အစွန်းရောက်အကြမ်းဖက်သမားများအား ပြတ်ပြတ်သားသားကိုင်တွယ်ဖြေရှင်းရေး၊ အပြစ်မဲ့စစ်ဘေးဒဏ်သင့်ပြည်သူမျာအား လူသားချင်းစာနာသည့် အကူအညီတွေပေးရေး၊ အောက်ခြေဆောင်ရွက်မှုများကို မီဒီယာများ သတင်းအမှန်ရယူနိုင်ရေး၊ ဒေသခံပြည်သူများအကြား သဟဇာတဖြစ်ငြိမ်းချမ်းစွာ အတူပြန်လည်ယှဉ်တွဲနေထိုင်လာနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွံ့ဖြိုးတိုးတက်လာရေး၊ အစရှိသည့် ရေတို-ရေရှည် စီမံကိန်းများအား အလျင်အမြန် အကောင်အထည်ဖော်သင့်ပါကြောင်းလည်း အကြံပြုလိုသည်။

    ငြိမ်းချမ်းမှုမှ တိုးတက်မှုဆီလှမ်းဖို့
    ————————————-
    သာဓကယူစရာတစ်ချက်က-၂၀၁၂ မောင်တောဒေသမှ အစပြုခဲ့သည့် မတည်ငြိမ်မှု နောက်ဆက်တွဲများမှ မြန်မာပြည်အနှံ့ မလိုလားအပ်သည့် ဘာသာရေး၊လူမျိုးရေးဆန်ဆန် အထိကရုဏ်းများ၊မတည်ငြိမ်မှုများ ဆက်လက်ဖြစ်ပွားခဲ့ရာမှ တစ်ဖြည်းဖြည်း တည်ငြိမ်စပြုနေပြီဟုဆိုနိုင်ပေမယ့်လဲ ပြည်သူတွေအကြား စိုးရိမ်ထိတ်လန့်နေမှုတို့သည် အလျင်းပျောက်ကွယ်မသွားသေးပါ။

    ယခုတစ်ဖန် မောင်တောဒေသမှ သောင်းကျန်းသူများထကြွမှုကြောင့် ပြဿနာမီးမောင်းထိုးရှာနေသူတွေ တောမီးလောင် တောကြောင်လက်ခမောင်းခတ်ဆိုသလို မီးလောင်ရာလေပင့်ရင်း ကိုယ်ကျိုးရှာ အမြတ်ထုတ် ပြဿနာဖန်တီးကြမည့် အရေး၊ မောင်တောဒေသကိစ္စနှင့် မသက်ဆိုင်သည့်တိုင် “ညိုညိုမြင်တိုင်း ခိုလို့ထင်”ဆိုသလို မြန်မာပြည်အနှံ့က လူနည်းစုဘာသာဝင်များကို အသားအရောင်-ကိုးကွယ်သည့်ဘာသာအရ အကြမ်းဖက်သမားအသွင် သံသယအဖြစ်စွတ်စွဲ စိတ်အနှောက်အရှက်ပေး ရမယ်ရှာရင်း ဒေသတွင်းမတည်ငြိမ်မှုများ ထပ်မံပေါ်ပေါက်အောင် လှုံဆော်လာမည့်အရေးတို့ကိုလည်း ပြည်သူတွေ အထူး စိုးရိမ်မကင်းဖြစ်လာရပြန်ပြီ။

    သို့ပါ၍ ပြောင်းလဲချိန်တန်ပြီဟူသော ဆောင်ပုဒ်နှင့်အညီ သမ္မတကြီးနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ဦးဆောင်မှုအောက်မှာ- မြန်မာပြည်အနှံ့ မှီတင်းနေထိုင်ကြသော မြန်မာနိုင်ငံသားများ၊ အခွန်ပေးဆောင်နေသော တိုင်းသူပြည်သားများ၊ အေးချမ်းစွာနေထိုင်ပြီး နည်းလမ်းအသွယ်သွယ်မှ အကျိုးပြုနေကြသော ဘက်ပေါင်းစုံမှ လူ့အဖွဲ့အစည်းများအားလုံး စိုးရိမ်မှုတွေပပျောက်၊ တရားဥပဒေလေးစားလိုက်နာ၊ ညီညွတ်စွာအတူလက်တွဲနေထိုင်၊ မတူကွဲပြားမှုတွေစု အင်အားအဖြစ် ကူနိုင်မှသာ ငြိမ်းချမ်းမှုဝေ၊တိုးတက်မှုထွေမည့် အနာဂတ်မြန်မာပြည်ဆီသို့ အမြန်ဆုံးလှမ်းနိုင်မည်ဖြစ်ပါကြောင်း စာရေးသူ အကြံပြုအပ်ပါသည်။ ။

    ဒေါက်တာသိန်းမိုးဝင်း
    The University of New South Wales (UNSW)
    Sydney, Australia,