News @ M-Media

Blog

  • ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများ ရေနစ်သေဆုံးမှု ရှိနေ

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည့် ရိုဟင်ဂျာများ ရေနစ်သေဆုံးမှု ရှိနေ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်ကနေ ထွက်ပြေးလာရင်း ရေနစ်သေဆုံးခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ အလောင်းတွေကို ဆယ်ယူရရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

    ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ ARSA ဟာ ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်းတွေကို ပြီးခဲ့တဲ့တစ်ပတ်က တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း မြင့်တက်လာတဲ့ မတည်ငြိမ်မှုတွေကနေလွတ်အောင် အမျိုးသမီးနဲ့ ကလေးတွေ အများစုပါဝင်တဲ့ ရိုဟင်ဂျာအုပ်စုတွေဟာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေရပါတယ်။

    ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေဟာ တော်တော်ဆိုးဝါးနေပြီး လှေနဲ့ ထွက်ပြေးဖို့ ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

    ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ရိုဟင်ဂျာတွေဟာ ပင်လယ်ပြင်ကို ဖြတ်သန်းဖို့အတွက် မသင့်လျော်တဲ့ လှေငယ်လေးတွေနဲ့ ထွက်ပြေးနေကြတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ရိုဟင်ဂျာ သိန်းချီလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အခုတစ်ခေါက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာတွေကို လက်မခံဘဲ ပြန်လည် နှင်ထုတ်နေပြီး ရိုဟင်ဂျာတွေဟာ နှစ်နိုင်ငံနယ်ခြားက နေရာလွတ်တွေမှာ ပိတ်မိနေပုံရပါတယ်။

    ဒေသ မတည်ငြိမ်တာကြောင့် အရေအတွက်အတိအကျကို သတင်းသမားတွေ သွားရောက်သတင်းယူခွင့် မရပါဘူး။

    ဘင်္ဂလားဒေ့ရှ်မှာ အကူအညီပေးရေးလုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ လုပ်သားတွေကတော့ ဒုက္ခသည်တွေရဲ့ အခြေအနေဟာ တော်တော် ဆိုးဆိုးဝါးဝါး ဖြစ်နေပြီး နောက်ထပ်ရောက်လာတဲ့ သူတွေမှာ သေနတ်ဒဏ်ရာတွေပါ တွေ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • အာဖဂန်တွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင်များ တရားဝင်ထုတ်ပြန်မှုထက် ပိုများနေ

    အာဖဂန်တွင်ရှိသည့် အမေရိကန်တပ်ဖွဲ့ဝင်များ တရားဝင်ထုတ်ပြန်မှုထက် ပိုများနေ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အာဖဂန်တွင် ရှိနေသည့် အမေရိကန်တပ်ဖွဲ့ဝင်စာရင်းကို ယမန်နေ့တွင် ပင်တဂွန်က ထုတ်ပြန်ကြေငြာလိုက်ပြီး ယခင်က ထုတ်ပြန်ထားသည့် စာရင်းထက် ပိုမိုများပြားနေသည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပင်တဂွန်မှ တာဝန်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး ကန်နက် မက်ကင်ဇီက အာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်မှာ ၁၁၀၀၀ ရှိသည်ဟု ပြောကြားခဲ့သည်။

    ထိုအရေအတွက်မှာ ယခင်က ထုတ်ပြန်ထားသည့် ၈၄၀၀ ထက် ၃ ထောင်ကျော် များပြားနေခြင်းဖြစ်သည်။

    ယခုကဲ့သို့ အမှန်အတိုင်း ထုတ်ပြန်မှုမှာ ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်၏ ကာကွယ်ရေးဆိုင်ရာ ပွင့်လင်းမြင်သာမှု အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒါနာ ၀ှိုက်က ပြောကြားခဲ့သည်။

    အာဖဂန်ရှိ လက်နက်ကိုင်များကို တွန်းလှန်ရန်နှင့် အာဖရန်အစိုးရကို အကြံပေးရန်အတွက် တပ်ဖွဲ့ဝင်များ တိုးမြှင့်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်တစ်ပတ်တွင် ပြောကြားခဲ့ပြီး၊ ယခုအရေအတွက် ၁၁၀၀၀ ထက် ပိုမိုတိုးမြှင့်မည် ဖြစ်သည်။

    အမေရိကန်မှာ အာဖဂန်ကို ၂၀၀၁ ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး နိုင်ငံသမိုင်းတစ်လျှောက် အချိန်အကြာဆုံး စစ်ပွဲလည်းဖြစ်သည်။

    Ref: Aljazeera

  • မွမ်ဘိုင်းတွင် ၄ ထပ်တိုက် ၁ လုံး ပြိုကျပြီး လူ ၄၀ ခန့် အသက်အန္တရာယ် စိုးရိမ်ရ

    မွမ်ဘိုင်းတွင် ၄ ထပ်တိုက် ၁ လုံး ပြိုကျပြီး လူ ၄၀ ခန့် အသက်အန္တရာယ် စိုးရိမ်ရ

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် လူနေ ၄ ထပ်တိုက်တစ်လုံး ပြိုကျမှုကြောင့် အနည်းဆုံး ၁ ဦးသေဆုံးပြီး ၄၀ ခန့်မှာ အပျက်အဆီးများအောက်တွင် ပိတ်မိနေကာ သေဆုံးသူစာရင်းမှာ မြင့်တက်လာဖွယ် ရှိနေသည်။

    လူနေထူထပ်သည့် ဘန်ဒီဘဇားဧရိယာတွေင် ယနေ့မနက် ဒေသစံတော်ချိန် ၈ နာရီ ၄၀ တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပျက်အဆီးများကြားမှ အလောင်းတစ်လောင်း ရရှိထားသည်ဟု အိန္ဒိယအာဏာပိုင်များက ပြောကြားခဲ့သည်။

    မွမ်ဘိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု စောစောပိုင်းက အစိုးရမှ သတင်းထုတ်ပြန်ထားသည်။

    ယခု တိုက်ပြိုကျမှုအတွင်း ၄ ဦးကို အသက်ရှင်လျက် ကယ်တင်ထားနိုင်ပြီး အပျက်အဆီးများအောက်တွင် ပိတ်မိနေသူ အများအပြား ရှိနေသည်။

    “အထဲမှာ လူ ၄၀ လောက် ပိတ်မိနေတယ်လို့ ယုံကြည်ရပါတယ်။ လူ ၄၃ ယောက်ပါတဲ့အဖွဲ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်” ဟု အိန္ဒိယ အမျိုးသား ဘဘာဝဘေး ကယ်ဆယ်ရေး အဖွဲ့ (NDRF) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ထိုအဆောက်အဦးတွင် မိသားစု ၈ စုမှ ၉ စုအထိ နေထိုင်ဖွယ်ရှိသည်။ မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်ပြီး ရေကြီးမှုကြောင့် အိန္ဒိယတွင် အဆောက်အဦးများ ပြိုကျမှုမှာ ပုံမှန်လိုလိုဖြစ်ပွားလေ့ရှိသည်။

    Ref: CNA

  • ရခိုင်အရေး လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး

    ရခိုင်အရေး လုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေး

    သြဂုတ် ၃၁၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်မှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုတွေအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မနေ့က တံခါးပိတ်အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။

    အဖွဲ့ဝင် ၁၅ နိုင်ငံပါဝင်တဲ့ အဲဒီကောင်စီကနေ တရားဝင်ကြေငြာချက်တော့ ထွက်မလာပါဘူး။ ဒါပေမယ့် ကုလဆိုင်ရာ ဗြိတိန်သံအမတ်ကြီး မက်သယူး ရိုင်ခရို့ဖ်က ရခိုက်ပြည်နယ်မှာ တင်းမာမှုတွေ လျှော့ချဖို့အတွက် ကောင်စီဝင်တွေက တိုက်တွန်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အကြမ်းဖက်မှုကို ကျွန်တော်တို့အားလုံး ရှုတ်ချပါတယ်။ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ပါဝင်ပတ်သက်သူတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    ပြီးခဲ့တဲ့တစ်ပတ် သောကြာနေ့မှာ ARSA ဆိုတဲ့အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲစခန်းတွေနဲ့ ရဲကင်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းမှာ မတည်မငြိမ် ဖြစ်လာတာဖြစ်ပါတယ်။

    လက်ရှိမှာ ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး အပါအ၀င် အနည်းဆုံး လူ ၁၁၀ လောက် သေဆုံးပြီး အများစုကတော့ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

    ဒီမတည်ငြိမ်မှုတွေကြောင့် လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ဒေသခံတိုင်းရင်းသားတွေကို အစိုးရက ကယ်ဆယ်မှုတွေလုပ်နေပြီး ရိုဟင်ဂျာတွေက ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးနေရပါတယ်။

    လုံခြုံရေးကောင်စီမှာ ဒီကိစ္စကို အရေးပေါ်ဆွေးနွေးဖို့အတွက် ဗြိတိန်က တောင်းဆိုခဲ့တာဖြစ်ပြီး၊ ပြဿနာဖြေရှင်းရေး လုံခြုံရေးကောင်စီက ပိုမိုပါဝင်နိုင်ဖို့ တရုတ်က ဟန့်တားထားတယ်လို့ သံတမန်တွေက ပြောကြားခဲ့ပါတယ်။

    ကုလမှာ နောက်ထပ်ဆောင်ရွက်ချက်တွေ လုပ်မလားဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ၊ စက်တင်ဘာမှာလုပ်မယ့် ကုလ အထွေထွေညီလာခံမှာတော့ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

    ရိုင်ခရော့ဖ်က လုံခြုံရေးကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ထောက်ခံကြောင်း၊ သူမအနေနဲ့ ပြတ်သားတဲ့ ခေါင်းဆောင်မှုကို ပြသဖို့လိုကြောင်း ပြောကြားခဲ့ပါတယ်။

    “သူမအနေနဲ့ မြန်မာပြည်သူတွေအားလုံးရဲ့ အကျိုးအတွက် မှန်ကန်တဲ့ရပ်တည်ချက်မျိုး ပြသဖို့၊ ညှိနှိုင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖို့၊ ပြဿနာကို ဖြေရှင်းရေး တင်းမာမှုတွေလျှော့ချဖို့ ကျွန်တော်တို့ စောင့်ကြည့်နေပါတယ်”

    ရိုဟင်ဂျာတွေအပေါ် သွားလာလှုပ်ရှားမှု ကန့်သတ်ထားတာကို ဖယ်ရှားပေးဖို့၊ နိုင်ငံသားဖြစ်ရေး ပိတ်ပင်ထားတာကို အဆုံးသတ်ပေးဖို့အပါအ၀င် ကိုဖီအန်နန် ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့လည်း ဗြိတိန်သံအမတ်က တိုက်တွန်းခဲ့ပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇီအစ် ရာအဒ် အလ် ဟူစိန်က နိုင်ငံနယ်နမိတ်အတွင်းမှာရှိတဲ့ ပြည်သူအားလုံးကို ခွဲခြားမှုအရှိဘဲ ကာကွယ်စောင့်ရှောက်ပေးဖို့ အင်္ဂါနေ့မှာ တိုက်တွန်းခဲ့ပြီး၊ အကြမ်းဖက်အဖွဲ့ကို နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့နေတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ စွဲချက်အတွက် စိုးရိမ်ကြောင်း ပြောကြားခဲ့ပါတယ်။

    လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က ကုလဆိုင်ရာဒါရိုက်တာ လူ ချာဘိုနူကလည်း ဒီလိုစွပ်စွဲမှုတွေဟာ အန္တရာယ်ကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အကြမ်းဖက်မှုမှာ အကူအညီပေးရေးလုပ်သားတွေ ပါဝင်တယ်ဆိုတဲ့ ပြောကြားချက်ဟာ တာဝန်ယူမှုကင်းမဲ့ပြီး၊ အကူအညီမဖြစ်စေပါဘူး။ နှစ်ကာလကြာရှည် ထိခိုက်ခံစားခဲ့ရပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အလွန်လိုအပ်နေတဲ့သူတွေရှိတဲ့ အဲဒီဒေသကနေ အကူအညီပေးရေးလုပ်သားတွေ ထွက်သွားဖို့အတွက် အကြောင်းပြတာမျိုး ဖြစ်နေပါတယ်”

    Ref : CNA,VOA

  • တက္ကဆက်ရှိ မုန်တိုင်းသင့်ပြည်သူများကို အမေရိကန်မွတ်စလင်များ အကူအညီပေးနေ

    တက္ကဆက်ရှိ မုန်တိုင်းသင့်ပြည်သူများကို အမေရိကန်မွတ်စလင်များ အကူအညီပေးနေ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    မုန်တိုင်းကြောင့် ဟူစတန်မြို့ ရေကြီးမှုမြင်ကွင်း

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ပြည်သူများကို အကူအညီပေးရေး လုပ်ငန်းများတွင် အမေရိကန်မွတ်စလင်အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်နေကြသည်ဟု သိရသည်။

    အမေရိကန်မွတ်စလင်လူငယ်များအသင်း (Muslim Youth USA) မှ အဖွဲ့ဝင် ၁၀၀ ကျော်၊ အဟ်မဒီယာမွတ်စလင်လူငယ်များအသင်း (Ahmadiyya Muslim Youth Association) မှ အဖွဲ့ဝင် ၄၀ ခန့်မှာ ဟူစတန်မြို့ရှိ မုန်တိုင်းသင့် ပြည်သူများကို အစားအသောက်များ၊ သောက်ရေများနှင့် အခြား ပစ္စည်းများကို ဝေငှပေးနေကြသည်ဟု အကူအညီပေးရေးလုပ်ငန်းကို စီစဉ်သူများက ပြောကြားခဲ့ကြသည်။

    အဆိုပါအဖွဲ့များမှာ အနီးအနားရှိ မြို့များမှ မွတ်စလင် စေတနာ့ဝန်ထမ်းများကို ထပ်မံစုဆောင်းရန်လည်း ပြင်ဆင်နေသည်။

    အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူ ဒါရိုက်တာ မာဒီလ် အဘ်ဒူလာက ၎င်းတို့အဖွဲ့အစည်းမှ အဖွဲ့ဝင်ပေါင်း ၇၀၀ ကျော်မှာ မုန်တိုင်းဒဏ်ကို ခံစားရသော်လည်း စေတနာ့တန်ထမ်းများမှာ အကူအညီလိုအပ်နေသူ မည်သူ့ကိုမဆို ကူညီဖေးမပေးနေသည်ဟု ပြောကြားခဲ့သည်။

    “စားစရာနဲ့ ရေသန့်ဘူးလို အခြေခံပစ္စည်းတွေကို ကျွန်တော်တို့ ဝေငှပေးခဲ့ကြပါတယ်။ လှေရှိတဲ့ အဖွဲ့ဝင်တွေက အနီးနားတစ်ဝိုက်မှာ လှေနဲ့လှည့်ပတ်ပြီး အန္တရာယ်ကင်းလားဆိုတာကို ကြည့်ရှုခဲ့ကြပါတယ်” ဟု အဘ်ဒူလာက ပြောကြားခဲ့သည်။

    ဟာရီကိန်းဟာဗီးကြောင့် တက္ကဆက်ပြည်နယ်တွင် လူတစ်ချို့ သေဆုံးခဲ့ပြီး၊ ရေကြီးရေလျှံမှုများ၊ ဓာတ်အားပျက်တောက်မှုများလည်း ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် အဆိုပါမုန်တိုင်းမှာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အဆင့်လျော့ကျသွားပြီး လူဝီစီယားနားပြည်နယ်သို့ ဦးတည်နေသည်။

    Ref: Independent