News @ M-Media

Blog

  • စင်ကာပူသမ္မတ ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်နှင့် မဲဆွယ်ရေးအဖွဲ့စာရင်းကို ဟာလီမာယာကွဘ် ထုတ်ပြန်

    စင်ကာပူသမ္မတ ရွေးကောက်ပွဲအတွက် ဆောင်ပုဒ်နှင့် မဲဆွယ်ရေးအဖွဲ့စာရင်းကို ဟာလီမာယာကွဘ် ထုတ်ပြန်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    – လာမည့်လတွင် ပြုလုပ်မည့် စင်ကာပူသမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော် ဥက္ကဌဟောင်း အမျိုးသမီး ဟာလီမာ ယာကွဘ်မှာ ရွေးကောက်ပွဲ ကြွေးကြော်သံနှင့် မဲဆွယ်ရေးအဖွဲ့ကို ယနေ့တွင် ကြေငြာလိုက်သည်။

    ဟာလီမာမှာ သမ္မတရွေးကောက်ပွဲကို ယှဉ်ပြိုင်ရန်အတွက် ယခုလအစောပိုင်းတွင် လွှတ်တော်ဥက္ကဌ ရာထူးမှ နှုတ်ထွက်ခဲ့သည်။

    သမ္မတအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရေးအတွက် NTUC စင်တာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်ပွဲ၌ ဟာလီမာမှာ ‘စုပေါင်းညီညာ အောင်ကြောင်းဖြာ’ ဆိုသည့် ရွေးကောက်ပွဲ ဆောင်ပုဒ်ကို ထုတ်ပြန်ခဲ့သည်။

    “လူတစ်ဦးချင်းစီဟာ စည်းစည်းလုံးလုံးနဲ့ လူ့အဖွဲ့အစည်းအတွက်၊ တိုင်းပြည်အတွက် ကောင်းမွန်တဲ့အရာကို ဆောင်ရွက်ဖို့ ရည်ရွယ်ပါတယ်။ ဒါဟာ အရေးကြီးဆုံး အစိတ်အပိုင်းလို့ ကျွန်မ ထင်ပါတယ်” ဟု ဟာလီမာက သူမ၏ ဆောင်ပုဒ်အကြောင်း ပြောကြားခဲ့သည်။

    “လူမျိုး၊ ဘာသာစကား၊ ဘာသာတရားမရွေး စုပေါင်းညီညာအောင်ကြောင်းဖျာပြီး ကျွန်မတို့အားလုံး ဂုဏ်ယူလောက်တဲ့ စင်ကာပူနိုင်ငံဖြစ်အောင် ဆောင်ရွက်ရပါမယ်”

    ဟာလီမာမှုာ ၎င်း၏ မဲဆွယ်ရေးအဖွဲ့ကိုလည်း ပြည်သူနှင့် မိတ်ဆက်ပေးခဲ့ပြီး စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးကြမည့် ၎င်းတို့မှာ မိမိ၏ မိတ်ဆွေကောင်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုအဖွဲ့တွင် Sheng Siong ကုမ္ပဏီမှ အမှုဆောင်အကြီးအကဲ Lim Hock Chee၊ လွှတ်တော်အမတ် Chia Yong Yong၊ လွှတ်တော်အမတ်ဟောင်း Mary Liew နှင့် စင်ကာပူနိုင်ငံတကာရေးရာ အင်စတီကျုမှ Simon Tay တို့ ပါဝင်သည်။

    မိမိအနေဖြင့် သမ္မတဖြစ်လာပါက တိုင်းပြည်စည်းလုံးညီညွတ်ရေး လုပ်ဆောင်သွားမည်ဟု ဟာလီမာက ပြောကြားခဲ့သည်။

    “သမ္မတဆိုတာ တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်ရမှာဖြစ်ပြီး၊ ကျွန်မတို့အားလုံး မျှဝေခံစားနေကြတဲ့ တန်ဖိုးတွေကို တိုင်းပြည် ကောင်းစားရေးအတွက် အသုံးချဖို့ ဦးဆောင်ရွက်ဦးရွက်ပြုရမှာ ဖြစ်ပါတယ်။ ပြီးတော့ စင်ကာပူနိုင်ငံနဲ့ စင်ကာပူပြည်သူတွေအတွက် စိတ်ရောကိုယ်ပါ အလုပ်အကျွေးပြုရမှာ ဖြစ်ပါတယ်”

    ယခုတစ်ကြိမ် စင်ကာပူသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရန် အလှည့်ကျသည့် လူ့အဖွဲ့အစည်းမှာ မလေးလူ့အဖွဲ့အစည်းဖြစ်သည်။

    သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ နှောင်ပိုင်းတွင် ကျင်းပပြုလုပ်ရန် ရှိနေပြီး ဟာလီမာယာကွဘ်မှာ မစ္စတာ ဖာရစ်ခန်း၊ မစ္စတာ မိုဟာမက် ဆာလေဟ် မာရီကန်တို့နှင့် ယှဉ်ပြိုင်ရဖွယ် ရှိနေသည်။

    Ref: CNA

  • အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    အမေရိကန်ကို အာခံသည့်အနေဖြင့် ဂျပန်နိုင်ငံကိုကျော်ကာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှု မြင်ကွင်းတစ်ခု

    – မြောက်ကိုရီးယားမှာ ယနေ့မနက်ပိုင်းတွင် ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံကို ကျော်ကာ ပစိဖိတ်သမုဒ္ဒရာ၏ မြောက်ဖက်ပိုင်းကို ကျသွားခဲ့သည်ဟု သိရသည်။

    ယခုစမ်းသပ်ပစ်လွှတ်မှုမှာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ဂျပန်နိုင်ငံကိုကျော်က ပစ်လွှတ်သည့် ပထမဆုံး ဒုံးကျည်ဖြစ်ပြီး၊ အမေရိကန်၏ အနီးကပ် မဟာမိတ်နိုင်ငံတစ်ခုအပေါ် ထိုကဲ့သို့ ဆောင်ရွက်ခြင်းက အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းဆောင်ရွက်သော စစ်ရေးလေ့ကျင့်မှုအပေါ် မနှစ်မြို့ကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

    တောင်ကိုရီးယား စစ်ဦးစီးအရာရှိချုပ်က ဒုံးကျည်မှာ ၂၇၀၀ ကီလိုမီတာအထိ ပျံသန်းသွားပြီး အမြင့်ဆုံး ၅၅၀ ကီလိုမီတာအထိ ရောက်ရှိခဲ့ကာ ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းကို ကျော်၍ ပင်လယ်ပြင်ထဲ ကျဆင်းသွားသည်ဟု ပြောကြားခဲ့သည်။

    ဂျပန်အစိုးရက ဒုံးခွင်းစနစ်ဖြင့် အဆိုပါဒုံးကျည်ကို ဖျက်ဆီးမှု မပြုလုပ်ခဲ့ဘဲ နိုင်ငံမြောက်ပိုင်းရှိ ပြည်သူများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်ရန် သတိပေးထားသည်။

    Ref: Aljazeera

  • ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

    ရခိုင်ပြည်နယ်တွင် အကြမ်းဖက်တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ် ကမ်းလှမ်း

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    – ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ လက်နက်ကိုင်တွေနဲ့ပတ်သက်ပြီး အကြမ်းဖက်တိုက်ဖျက်ရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်သွားဖို့ ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံကို ကမ်းလှမ်းလိုက်ပါတယ်။

    မနေ့က ဒါကာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်မြင့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ဆင့်ခေါ်မှုအတွင်း ဒီလိုကမ်းလှမ်းလိုက်တာဖြစ်ပြီး၊ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတစ်ဦးက ဒါဟာ ကမ်းလှမ်းမှုအသစ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကို ဖယ်ရှားရေးအတွက် မြန်မာနိုင်ငံကို ကူညီချင်တဲ့ သဘောထားကို ပြသလိုက်တာပါ” လို့ အဲဒီ တာဝန်ရှိသူက ဆိုပါတယ်။

    မနေ့က မြန်မာသံအမတ် ဆင့်ခေါ်ခံရမှုဟာ ၄၈ နာရီအတွင်း ၂ ကြိမ်မြောက်ဖြစ်ပြီး သံအမတ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ နှစ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေဟာ နယ်စပ်တစ်လျှောက် ပူးပေါင်းဆောင်ရွက်ရေး ဘင်္ဂလားဒေ့ရှ်က အဆိုပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    လက်ရှိ ရခိုင်ပြည်နယ်မှာ အစွန်းရောက်အကြမ်းဖက်သမားတွေရဲ့ တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရက ‘ဘင်္ဂါလီ အကြမ်းဖက်သမား’ လို့ သုံးနှုန်းတာနဲ့ပတ်သက်ပြီးလည်း ဘင်္ဂလားဒေ့ရှ်ဖက်က ဆွေးနွေးခဲ့ပါတယ်။

    “ဒီအသုံးအနှုန်းအတွက် အလွန်အမင်း စိုးရိမ်မိကြောင်း သံအမတ်ကို ပြောကြားခဲ့ပြီး၊ ဒီစကားလုံးမသုံးရေး အထက်အာဏာပိုင်တွေကို ပြောကြားဖို့လည်း တောင်းဆိုခဲ့ပါတယ်” လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    ၂၀၁၆ ခုနှစ် သြဂုတ်ကလည်း ၂ နိုင်ငံ နယ်နမိတ်ချင်း ထိစပ်နေတဲ့ နေရာတွေမှာ လက်နက်ကိုင်တွေ တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်သွားဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းခဲ့ဖူးပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်လို့ အခုနှစ် ဧပြီလအတွင်းမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေဟာ ဆွေးနွေးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

    Ref : Dhaka Tribune

  • ထောင်ကျနေသည့် ဂျာမန်သူနာပြုတစ်ဦး လူနာ ၈၀ ကျော်ကို ဆေးထိုးသတ်မှုဖြင့် ထပ်မံ စစ်ဆေးခံနေရ

    ထောင်ကျနေသည့် ဂျာမန်သူနာပြုတစ်ဦး လူနာ ၈၀ ကျော်ကို ဆေးထိုးသတ်မှုဖြင့် ထပ်မံ စစ်ဆေးခံနေရ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    – လူနာ ၂ ဦးအား သတ်ဖြတ်မှုဖြင့် ထောင်ဒဏ်တစ်သက် ကျခံနေရသည့် ဂျာမနီမှ အမျိုးသား သူနာပြုတစ်ဦးမှာ လူပေါင်း ၈၄ ဦးကို ထိုကဲ့သို့ သတ်ဖြတ်ခဲ့သည်ဆိုသော သံသယဖြင့် ထပ်မံ စစ်ဆေးခံနေရသည်ဟု သိရသည်။

    အသက် ၄၀ အရွယ် နီးလ် အိတ်ခ်ျမှာ၂၀၀၆ ခုနှစ်က လူနာတစ်ဦးအား သတ်ဖြတ်ရန် ကြံစည်မှု၊ ၂၀၁၅ ခုနှစ်တွင် နှလုံးထိခိုက်သည့်ဆေးကို လူနာအားထိုးကာ သတ်ဖြတ်မှုဖြင့် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    ၎င်းအလုပ်လုပ်ခဲ့သည့် ဆေးခန်းများတွင် သေဆုံးသွားခဲ့သည့် လူနာများ၏ မိသားစုများနှင့် ဆွေမျိုးများက နီးလ်အိခ်ျအား စုံစမ်းစစ်ဆေးမှု ထပ်မံပြုလုပ်ရန် ရဲတပ်ဖွဲ့ကို တိုက်တွန်းခဲ့သည်။

    ၂၀၁၄ ခုနှစ်တွင် ၎င်း၏အမှုအား စုံးစမ်းစစ်ဆေးရန်အတွက် ကော်မရှင်တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ကြားနာမှုအတွင်း တရားသူကြီးများက နီးလ် အိခ်ျမှာ ၎င်းဆေးထိုလိုက်သည့် လူနာ မြောနေရာမှ ပြန်လည် အသက်ရှင်လာရန် ရည်ရွယ်ချက်ဖြင့် ထိုကဲ့သို့ နှလုံးထိခိုက်စေသည့် ဆေးများကို ထိုးသွင်းခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ၎င်းကလည်း Delmenhorst မြို့ရှိ ဆေးခန်းတစ်ခုတွင် လူနာပေါင်း ၉၀ ခန့်ကို ထိုကဲ့သို့ ဆေးများ ထိုးခဲ့သည်ဟု ၂၀၁၅ ခုနှစ်က ကြားနာမှုတစ်ခုတွင် ၀န်ခံခဲ့သည်။

    Oldenburg မြို့ရှိ ၎င်းအလုပ်လုပ်ရာ ဆေးခန်းတွင်လည်း ထိုကဲ့သို့ ပုံမှန်မဟုတ်သည့် ကိစ္စများကို တွေ့ရပြီးနောက် ကော်မရှင်မှာ သေဆုံးသူများ၏ ဆေးမှတ်တမ်းပေါင်း ၁၃၄ ခုကို ထပ်မံ စစ်ဆေးလျက် ရှိနေသည်။

    သေဆုံးသူများကို မီးသင်္ဂြီုဟ်ခဲ့သည့်အတွက် စုံစမ်းစစ်ဆေးမှုတွင် အခဲအခဲများ ရှိနေသည်။

    Ref: BBC

     

  • အမျိုးသမီးနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် နာမည်ကြီး ဟိန္ဒူဘုန်းကြီးကို အိန္ဒိယက ထောင် ၁၀ နှစ်စီချ

    အမျိုးသမီးနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် နာမည်ကြီး ဟိန္ဒူဘုန်းကြီးကို အိန္ဒိယက ထောင် ၁၀ နှစ်စီချ

    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media

    – လွန်ခဲ့သည့် ၁၅ နှစ်က ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုအတွက် ဟိန္ဒူဘုန်းတော်ကြီးတစ်ဦးကို အိန္ဒိယတရားရုံးက အမှုတစ်ခုအတွက် ထောင်ဒဏ် ၁၀ နှစ်စီ ယနေ့တွင် ချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ကျခံရမည်ဖြစ်သည်။

    အသက် ၅၀ အရွယ်ရှိ ဂူရ်မစ် ရမ် ရာဟင်း ဆင်း ဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ရိုဟ်တက်မြို့ တရားရုံးတွင် ၎င်းအား အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    ဆင်းကို သောကြာနေ့က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးကတည်းက ဖမ်းဆီးခဲ့ပြီး ၎င်းအား ထောက်ခံသူများမှာ ထိုဆုံးဖြတ်ချက်ကို မကျေနပ်သောကြောင့် ဟာရ်ယာနာပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်တို့တွင် အစိုးရအဆောက်အဦးများ၊ ရဲကားများအား ဖျက်ဆီးမီးရှို့ခြင်း၊ ရဲတပ်ဖွဲ့နှင့် သတင်းသမားများအား တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့သောကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဖမ်းဆီးခြင်း ခံခဲ့ရသည်။

    ဆင်းတည်ထောင်ထားသည့် Dera Sacha Sauda ဂိုးဏ်မှ ပြောရေးဆိုခွင့်ရှိသူ ၀ိပဿနာ အင်ဆန်က ဂိုးဏ်ဝင်များအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားရန် တိုက်တွန်းခဲ့သည်။

    တရားလိုရှေ့နေက ဆင်းကို ယခုထက်ပို၍ ပြစ်ဒဏ်ကျစေရန် ကြိုးစားသွားမည်ဖြစ်ပြီး အခြားသော ရာဇ၀တ်မှု သံယများအတွက်လည်း ဆင်းအား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဖက်ဒရယ်အစိုးရကို တိုက်တွန်းခဲ့သည်။

    လက်ရှိတွင် ဆင်း၏ ဌာနချုပ်များ တည်ရှိရာ ရိုဟ်တက်နှင့် ဆီရ်ဆာဒေသများတွင် အစိုးရက လုံခြုံရေးကို တင်းကြပ်စွာ ချထားသည်။

    Ref : Aljazeera