News @ M-Media

Blog

  • တက္ကဆက်ရှိ မုန်တိုင်းသင့်ပြည်သူများကို အမေရိကန်မွတ်စလင်များ အကူအညီပေးနေ

    တက္ကဆက်ရှိ မုန်တိုင်းသင့်ပြည်သူများကို အမေရိကန်မွတ်စလင်များ အကူအညီပေးနေ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    မုန်တိုင်းကြောင့် ဟူစတန်မြို့ ရေကြီးမှုမြင်ကွင်း

    – အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှ ဟာရီကိန်းမုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ပြည်သူများကို အကူအညီပေးရေး လုပ်ငန်းများတွင် အမေရိကန်မွတ်စလင်အဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်နေကြသည်ဟု သိရသည်။

    အမေရိကန်မွတ်စလင်လူငယ်များအသင်း (Muslim Youth USA) မှ အဖွဲ့ဝင် ၁၀၀ ကျော်၊ အဟ်မဒီယာမွတ်စလင်လူငယ်များအသင်း (Ahmadiyya Muslim Youth Association) မှ အဖွဲ့ဝင် ၄၀ ခန့်မှာ ဟူစတန်မြို့ရှိ မုန်တိုင်းသင့် ပြည်သူများကို အစားအသောက်များ၊ သောက်ရေများနှင့် အခြား ပစ္စည်းများကို ဝေငှပေးနေကြသည်ဟု အကူအညီပေးရေးလုပ်ငန်းကို စီစဉ်သူများက ပြောကြားခဲ့ကြသည်။

    အဆိုပါအဖွဲ့များမှာ အနီးအနားရှိ မြို့များမှ မွတ်စလင် စေတနာ့ဝန်ထမ်းများကို ထပ်မံစုဆောင်းရန်လည်း ပြင်ဆင်နေသည်။

    အကူအညီပေးရေးအဖွဲ့မှ တာဝန်ရှိသူ ဒါရိုက်တာ မာဒီလ် အဘ်ဒူလာက ၎င်းတို့အဖွဲ့အစည်းမှ အဖွဲ့ဝင်ပေါင်း ၇၀၀ ကျော်မှာ မုန်တိုင်းဒဏ်ကို ခံစားရသော်လည်း စေတနာ့တန်ထမ်းများမှာ အကူအညီလိုအပ်နေသူ မည်သူ့ကိုမဆို ကူညီဖေးမပေးနေသည်ဟု ပြောကြားခဲ့သည်။

    “စားစရာနဲ့ ရေသန့်ဘူးလို အခြေခံပစ္စည်းတွေကို ကျွန်တော်တို့ ဝေငှပေးခဲ့ကြပါတယ်။ လှေရှိတဲ့ အဖွဲ့ဝင်တွေက အနီးနားတစ်ဝိုက်မှာ လှေနဲ့လှည့်ပတ်ပြီး အန္တရာယ်ကင်းလားဆိုတာကို ကြည့်ရှုခဲ့ကြပါတယ်” ဟု အဘ်ဒူလာက ပြောကြားခဲ့သည်။

    ဟာရီကိန်းဟာဗီးကြောင့် တက္ကဆက်ပြည်နယ်တွင် လူတစ်ချို့ သေဆုံးခဲ့ပြီး၊ ရေကြီးရေလျှံမှုများ၊ ဓာတ်အားပျက်တောက်မှုများလည်း ဖြစ်ပွားခဲ့သည်။ လက်ရှိတွင် အဆိုပါမုန်တိုင်းမှာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ အဆင့်လျော့ကျသွားပြီး လူဝီစီယားနားပြည်နယ်သို့ ဦးတည်နေသည်။

    Ref: Independent

  • ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်း စင်ကာပူတွင် ဖွင့်လှစ်

    ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်း စင်ကာပူတွင် ဖွင့်လှစ်

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    – ကလေးငယ်ပေါင်း ၂၁၀၀ လောက် တက်ရောက်နိုင်မယ့် ကမ္ဘာ့အကြီးဆုံး မူကြိုကျောင်းကြီးကို စင်ကာပူနိုင်ငံမှာ ဒီနေ့ ဖွင့်လှစ်လိုက်ပါတယ်။

    The Early Learning Village လို့ခေါ်တဲ့ ဒီကျောင်းကြီးဟာ သြစတေးလျ နိုင်ငံတကာကျောင်း (AIS) ရဲ့ ကျောင်းဝင်းအတွင်းမှာ တည်ရှိပြီး စကွဲယားပေ ၅၀၀၀၀ လောက် ကျယ်ဝန်းပါတယ်။ ကျောင်းကို AIS နဲ့ စတန်းဖို့ဒ် အမေရိကန် နိုင်ငံတကာကျောင်းတို့ ပူးပေါင်းပြီး ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

    ဒီမူကြိုမှာ စာသင်ခန်းပေါင်း ၁၀၀ ကျော် ပါဝင်ပြီး အသက် ၁၈ လကနေ ၆ နှစ်အထိ ကလေးငယ်တွေကို ပညာသင်ပေးနိုင်မှာ ဖြစ်ပါတယ်။

    ကစားကွင်းတွေ၊ မီတာ ၂၀ ကျယ်တဲ့ ရေကူးကန်တစ်ခုအပါအ၀င် ကလေးငယ်တွေအတွက် ပညာရေးနဲ့ ကျန်းမာကြံ့ခိုင်ရေးဆိုင်ရာ သင်ထောက်ကူပစ္စည်း အစုံအလင်ကို ဒီမူကြိုမှာ ထားပေးထားပါတယ်။

    သင်ရိုးညွှန်းတမ်းကို နှစ်ခုထားရှိထားပြီး စတန်းဖို့ဒ်အမေရိကန်က သြဂုတ်လကနေ ဇွန်လအထိ အမေရိကန် သင်ရိုးညွှန်းတန်းနဲ့ သင်ကြားပေးသွားမှာဖြစ်ကာ၊ AIS က သြဇီသင်ရိုးညွှန်းတမ်းနဲ့ ဇန်န၀ါရီကနေ ဒီဇင်ဘာအထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

    နိုင်ငံပေါင်းစုံက ကျောင်းသားတွေကို လက်ခံသွားမယ်လို့လည်း The EArly Learning Village က ပြောကြားထားပါတယ်။ လက်ရှိ စာရင်းပေးထားတဲ့ ကျောင်းသားတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ စင်ကာပူနိုင်ငံသားတွေဖြစ်ပါတယ်။

    ကျောင်းအတွက် ကုန်ကျစားရိတ်က ကလေးရဲ့ အသက်အရွယ်နဲ့ တက်မယ့်ရက် အရေအတွက်အပေါ် မူတည်ကာ ကျသင့်မှာဖြစ်ပြီး၊ တစ်ပတ်ကို ၅ ရက်တက်မယ့် အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးအတွက် ပညာသစ်နှစ်တစ်ဝက်ကို စင်ကာပူဒေါ်လာ ၁၄၅၀၀ ၀န်းကျင် ကျသင့်မှာ ဖြစ်ပါတယ်။

    Ref: CNA

  • Bollywood အထိရိုက်ခတ်လာတဲ့ အိန္ဒိယက အိမ်သာပြဿနာ

    Bollywood အထိရိုက်ခတ်လာတဲ့ အိန္ဒိယက အိမ်သာပြဿနာ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    – သြဂုတ်လ ၁၁ ရက်နေ့မှာ ဘောလီးဝုဒ် ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Toilet: Ek Prem Katha ကို ရုံတင်ပြသခဲ့ပါတယ်။

    နိုင်ငံအတွင်း ရှေးရိုးစွဲ အစဉ်အလာကြောင့် အိမ်ထဲမှာ အိမ်သာမထားဘဲ အပေါ့အလေးကို အိမ်ပြင်ထွက်စွန့်ရတဲ့အနေအထားမှာ ပြည်သူတွေ အခက်အခဲတွေ့နေရပုံ၊ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ရင်ဆိုင်နေရပုံ စတာတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

    လက်ရှိ ဒီပြဿနာကို ဦးဆောင်ဖြေရှင်းနေတဲ့ ၀န်ကြီးချုပ် မိုဒီကလည်း ဒီဇာတ်ကားကို ချီးကျူးခဲ့ပါတယ်။

    အိန္ဒိယပြည်သူတွေ ဘာအကြောင်းကြောင့် ဒီလို အိမ်သာပြဿနာကို ခံစားနေရလဲဆိုတာ Toilet: Ek Prem Katha က ဇာဝတ်ခန်းတစ်ချို့နဲ့အတူ ဒီဗီဒီယိုမှာ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်။

    Source : Aljazeera

  • ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမှုတွင် အီရတ်မှ ပြည်နယ်တစ်ခု ထပ်မံပါဝင်လာ

    ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမှုတွင် အီရတ်မှ ပြည်နယ်တစ်ခု ထပ်မံပါဝင်လာ

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    အီရတ်နိုင်ငံနှင့် ကာ့ဒ်ဒေသ

    – အီရတ်နိုင်ငံ ကီရ်ကွတ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က လာမည့်လတွင် ကျင်းပပြုလုပ်မည့် ကာ့ဒ်ဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

    အီရတ်နိုင်ငံရှိ ကာဒစ္စတန်ဒေသမှာ ခွဲထွက်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့ဆန္ဒခံယူရန် စီစဉ်ထားပြီး၊ ထိုရလဒ်မှာ လွတ်လပ်သော ကာ့ဒ်နိုင်ငံ ဖြစ်ပေါ်လာရေးအတွက် လမ်းစတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    အီရတ် ပြည်ထောင်စုအစိုးရကမူ ထိုအစီအစဉ်ကို ဆန့်ကျင်ထားသည်။

    ရေနံအရင်းအမြစ်ပေါကြွယ်ဝသည့် ကီရ်ကွတ်ဒေသမှာ ကာဒစ္စတန်ဒေသတွင် မပါဝင်သော်လည်း ကာ့ဒ်လူမျိုး အများစုရှိရာ ဒေသဖြစ်သည်။

    ယမန်နေ့က မဲခွဲမှုအတွင်း ဒေသအုပ်ချုပ်ရေးကောင်စီဝင် ၂၄ ဦးတွင် ၂၂ ဦးက ပြည်သူ့ဆန္ဒ ခံယူမှုတွင် ပါဝင်ရန် မဲပေးခဲ့ကြသည်ဟု ကောင်စီဝင်တစ်ဦးဖြစ်သည့် ဟာလာ နူရ် အက်ဒင်းက ပြောကြားခဲ့သည်။ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် ကာ့ဒ်လူမျိုး ၂၆ ဦး၊ တာ့ခ်မန်း ၉ ဦးနှင့် အာရပ် ၆ ဦးတို့ ပါဝင်ကာ ယမန်နေ့မဲခွဲမှုအတွင်း ကောင်စီဝင် ၂၄ ဦးသာ တက်ရောက်ခဲ့သည်။

    ကီရ်ကွတ်ရှိ တာ့ခ်မန်းများကမူ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး လူမျိုးစုံရှိသည့် ဒေသမှာ အထူးခံစားခွင့်ကို ရရှိထားသည်ဟု ထောက်ပြခဲ့သည်။

    ပြည်နယ်အုပ်ချုပ်ရေးမှူး နဂျမ် အက်ဒင်း ကရင်မ်က ထိုကဲ့သို့ မဲပေးဆုံးဖြတ်မှုမှာ သမိုင်းဝင် အဖြစ်အပျက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံမှ ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမည့် အစီအစဉ်ကို အိမ်နီးချင်း တူရကီနှင့် အီရန်နိုင်ငံတို့ကလည်း ကန့်ကွက်ထားသည်။ ထိုနိုင်ငံများတွင် ကာ့ဒ်လူမျိုးများမှာ လူနည်းစုအနေဖြင့် ရှိနေကြသည်။

    Ref: Aljazeera

  • အစ္စရေးကျူးကျော်အိမ်ယာများက ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေသည်ဟု ကုလပြော

    အစ္စရေးကျူးကျော်အိမ်ယာများက ငြိမ်းချမ်းရေးအတွက် အဟန့်အတားဖြစ်နေသည်ဟု ကုလပြော

    သြဂုတ် ၃၀၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းပိုင်နက်အတွင်းမှ အစ္စရေး၏ ကျူကျော်အိမ်ယာ မြင်ကွင်းတစ်ခု

    – ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ယာများ ဆောက်လုပ်နေခြင်းမှာ ငြိမ်းချမ်းရေးအတွက် အဓိက အဟန့်အတား ဖြစ်နေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားလိုက်သည်။

    ပါလက်စတိုင်းဝန်ကြီးချုပ် ရာမီ ဟမ်ဒါလာနှင့် မနေ့က အနောက်ဖက်ကမ်း ရာမာလာမြို့၌ တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံတည်ရှိရေးထက် အခြားအဖြေမရှိဟုလည်း ဆိုသည်။

    “ကျူးကျော် သိမ်းပိုက်ထားတာတွေကို အဆုံးသတ်ပြီး၊ ပါလက်စတိုင်းတွေရဲ့ ထိခိုက်ခံစားရတာတွေကို နိဂုံးချုပ်စေမယ့် နှစ်နိုင်ငံတည်ရှိရေး အဖြေသည်သာ ငြိမ်းချမ်းမှု တည်ဆောက်ရေး အာမခံနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း ဖြစ်ပါတယ်” ဟု ကုလအတွင်းရေးမှူးက ထည့်သွင်း ပြောဆိုခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ကျူးကျော်အိမ်ယာများကို မည်သည့်အခါမှ ဖယ်ရှားသွားမည်မဟုတ်ဟု ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် ဂူတာရက်စ်၏ ယခုမှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    အမေရိကန်ကိုယ်စားလှယ်အဖွဲ့တစ်ခုမှာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ရန်အတွက် ပြီးခဲ့သည့် ရက်အနည်းငယ်က ဒေသတွင်းသို့ ရောက်ရှိလာခဲ့သည်။

    နေတန်ယာဟု၏ မှတ်ချက်ကို တုန့်ပြန်သည့်အနေဖြင့် ဂူတာရက်စ်က အစ္စရေးနှင့် ပါလက်စတိုင်း အာဏာပိုင်များမှာ ငြိမ်းချမ်းသော သဘောတူညီချက်ကို ပျက်ဆီးစေမည့် လုပ်ရပ်များကို ရှောင်ရှားရမည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှာ နိုင်ငံတကာအသိုင်းအ၀ိုင်းက ပါလက်စတိုင်းပိုင်နက်ဟု သတ်မှတ်ပေးထားသည့် နယ်မြေများကို ကျူးကျော်သိမ်းပိုက်ကာ တရားမ၀င်အိမ်ယာ အများအပြား ဆောက်လုပ်ထားပြီး ထိုလုပ်ရပ်အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်း၏ ရှုတ်ချမှုကို ခံထားရသည်။

    Ref : Aljazeera