သြဂုတ် ၃၀၊ ၂၀၁၇
M-Media

– အီရတ်နိုင်ငံ ကီရ်ကွတ်ပြည်နယ် အုပ်ချုပ်ရေးအဖွဲ့က လာမည့်လတွင် ကျင်းပပြုလုပ်မည့် ကာ့ဒ်ဒေသ လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
အီရတ်နိုင်ငံရှိ ကာဒစ္စတန်ဒေသမှာ ခွဲထွက်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူ့ဆန္ဒခံယူရန် စီစဉ်ထားပြီး၊ ထိုရလဒ်မှာ လွတ်လပ်သော ကာ့ဒ်နိုင်ငံ ဖြစ်ပေါ်လာရေးအတွက် လမ်းစတစ်ခု ဖြစ်လာမည်ဖြစ်သည်။
အီရတ် ပြည်ထောင်စုအစိုးရကမူ ထိုအစီအစဉ်ကို ဆန့်ကျင်ထားသည်။
ရေနံအရင်းအမြစ်ပေါကြွယ်ဝသည့် ကီရ်ကွတ်ဒေသမှာ ကာဒစ္စတန်ဒေသတွင် မပါဝင်သော်လည်း ကာ့ဒ်လူမျိုး အများစုရှိရာ ဒေသဖြစ်သည်။
ယမန်နေ့က မဲခွဲမှုအတွင်း ဒေသအုပ်ချုပ်ရေးကောင်စီဝင် ၂၄ ဦးတွင် ၂၂ ဦးက ပြည်သူ့ဆန္ဒ ခံယူမှုတွင် ပါဝင်ရန် မဲပေးခဲ့ကြသည်ဟု ကောင်စီဝင်တစ်ဦးဖြစ်သည့် ဟာလာ နူရ် အက်ဒင်းက ပြောကြားခဲ့သည်။ပြည်နယ်အုပ်ချုပ်ရေးကောင်စီတွင် ကာ့ဒ်လူမျိုး ၂၆ ဦး၊ တာ့ခ်မန်း ၉ ဦးနှင့် အာရပ် ၆ ဦးတို့ ပါဝင်ကာ ယမန်နေ့မဲခွဲမှုအတွင်း ကောင်စီဝင် ၂၄ ဦးသာ တက်ရောက်ခဲ့သည်။
ကီရ်ကွတ်ရှိ တာ့ခ်မန်းများကမူ ထိုဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ပြီး လူမျိုးစုံရှိသည့် ဒေသမှာ အထူးခံစားခွင့်ကို ရရှိထားသည်ဟု ထောက်ပြခဲ့သည်။
ပြည်နယ်အုပ်ချုပ်ရေးမှူး နဂျမ် အက်ဒင်း ကရင်မ်က ထိုကဲ့သို့ မဲပေးဆုံးဖြတ်မှုမှာ သမိုင်းဝင် အဖြစ်အပျက်တစ်ခုဖြစ်သည်ဟု ပြောကြားခဲ့သည်။
အီရတ်နိုင်ငံမှ ကာ့ဒ်ဒေသခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူမည့် အစီအစဉ်ကို အိမ်နီးချင်း တူရကီနှင့် အီရန်နိုင်ငံတို့ကလည်း ကန့်ကွက်ထားသည်။ ထိုနိုင်ငံများတွင် ကာ့ဒ်လူမျိုးများမှာ လူနည်းစုအနေဖြင့် ရှိနေကြသည်။
Ref: Aljazeera