News @ M-Media

Blog

  • စက်တင်ဘာ ၂ ရက်သည် အီဒွလ်အဿွာဟာ နေ့ဖြစ်၍ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာ

    စက်တင်ဘာ ၂ ရက်သည် အီဒွလ်အဿွာဟာ နေ့ဖြစ်၍ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်ကြောင်း ကြေညာ

    သြဂုတ် ၃၀ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    ရန်ကုန် ။ ။ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့ သည် အစ္စလာမ်သာသနာဝင်များ၏ အီးဒ်နေ့ အထိမ်းအမှတ်ဖြစ်သည့် အတွက် အများပြည်သူများ အလုပ်ပိတ်ရက် အဖြစ် နိုင်ငံပိုင် သတင်းစာတွေမှာ ကြေညာထားပါသည်။
    .
    ကြေညာချက်တွင် ၁၃၇၉ ခုနှစ်၊ တော်သလင်း လဆန်း ၁၂ ရက် (၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂ ရက်) နေ့ သည် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) နေ့ ဖြစ်သည့် အတွက် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ရုံးများ၏ ပိတ်ရက်အဖြစ် လွဲပြောင်းနိုင်သည့် စာချူပ်စာတမ်းများ အက်ဥပဒေပုဒ်မ ၂၅ အရ အများပြည်သူတို့၏ အလုပ် ပိတ်ရက်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
    .
    အဆိုပါ အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)နေ့သည် အစ္စလာမ် သာသနာဝင်တို့ အလေးအမြတ်ထားရာ နှစ်စဉ် ကျရောက်သော အီးဒ်နေ့ နှစ်ရက်ဖြစ်သည့် အီဒွလ် ဖိသိရ် (ဝါကျွတ်ဥပုတ်ထွက်- မုန့်အီးဒ်) နှင့် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်) ၂-ရက်ထဲမှ ၁-ရက်လည်း ဖြစ်ပါသည်။
    .
    နိုင်ငံတော်အခြေခံဥပဒေတွင် နိုင်ငံတော်အတွင်း တည်ရှိသော ဘာသာများအဖြစ် အသိအမှတ်ပြုထားသော လူနည်းစု ဘာသာများဖြစ်ကြ သော အစ္စလာမ်ဘာသာ အတွက် အီဒွလ်အဿွာဟာ (ကုရ်ဘာနီအီးဒ်)နေ့ ၊ ခရစ်ယာန် ဘာသာ အတွက် ခရစ်စမတ်နေ့၊ ဟိန္ဒူဘာသာသာနာ အတွက် ဒေပါဝါလီနေ့များတွင် အစိုးရ၏ တရားဝင် ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးထားပြီး အီဒွလ်အဿွာဟာ နှင့် ဒေပါဝါလီနေ့တို့မှာ ခရစ် သက္ကရာဇ်ကို အခြေခံတွက်ချက်ခြင်း မဟုတ်ဘဲ “လ” အဝင်အထွက်ကို အခြေခံသည့် သက်ဆိုင်ရာ ဘာသာဝင်တို့ရဲ့ ပြက္ခဒိန်ကို အခြေခံထားသောကြောင့် ပုံသေရက် သတ်မှတ်၍ မရခြင်းဖြစ်ကြောင်း သိရှိရပါသည်။

    .
    Ref: MOI

  • အိမ်ရှင်မလေးရှားကို အနိုင်ယူပြီး ထိုင်း ဆီးဂိမ်း ၃ ကြိမ်ဆက် ချန်ပီယံဖြစ်

    အိမ်ရှင်မလေးရှားကို အနိုင်ယူပြီး ထိုင်း ဆီးဂိမ်း ၃ ကြိမ်ဆက် ချန်ပီယံဖြစ်

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    – ၂၉ ကြိမ်မြောက် ဆီးဂိမ်းရဲ့ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အိမ်ရှင် မလေးရှားအသင်းနဲ့ ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ ထိုင်းအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

    မလေးရှားအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ပြိုင်ပွဲတစ်လျှောက် ခံစစ်အကောင်းဆုံး ထိုင်းကို ဂိုးရအောင် ထိုးဖောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ ထိုင်းကတော့ တန်ပြန်တိုက်စစ်ကိုသာ အဓိက အားပြုကစားသွားတာပါ။

    ထိုင်းအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပထမပိုင်းမှာ ရရှိခဲ့တာဖြစ်ပြီး ထောင့်ကန်ဘော ကန်တင်ပေးပို့မှုကို မလေးရှားဂိုးသမား ထွက်ပုတ်ရာကနေ ဂိုးထဲဝင်သွားတာဖြစ်ပါတယ်။

    အရှေ့တောင်အာရှ ဘောလုံးလောကမှာ အအောင်မြင်ဆုံးထိုင်းဟာ နောက်ဆုံး ၃ နှစ်ဆက်တိုက် ဆီးဂိမ်းချန်ပီယံ ဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

    ငွေတံဆိပ်ကို အိမ်ရှင်မလေးရှားက ရရှိခဲ့ပြီး ကြေးတံဆိပ်ကိုတော့ စောစောပိုင်းပွဲမှာ မြန်မာကို အနိုင်ယူခဲ့တဲ့ အင်ဒိုနီးရှားက ရရှိသွားခဲ့ပါတယ်။

  • မြန်မာနိုင်ငံမှ တိုက်ပွဲကြောင့်ထွက်ပြေးလာရသူများကို လက်ခံရန် စီစဉ်နေသည်ဟု ထိုင်းပြော

    မြန်မာနိုင်ငံမှ တိုက်ပွဲကြောင့်ထွက်ပြေးလာရသူများကို လက်ခံရန် စီစဉ်နေသည်ဟု ထိုင်းပြော

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ

    – မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ တိုက်ခိုက်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေကို လက်ခံဖို့ စီစဉ်နေတယ်လို့ ထိုင်းဝန်ကြီးချုပ် ရာယွတ်ချန်အိုချာက ဒီနေ့မှာ ပြောကြားလိုက်ပြီး ပြန်ဖို့ အဆင့်သင့်ဖြစ်တဲ့အချိန်ကျရင် ပြန်ပို့ပေးသွားမယ်လို့ ဆိုပါတယ်။

    နိုင်ငံမြောက်ပိုင်း ရခိုင်ပြည်နယ်မှာ အကြမ်းဖက်သမားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေအကြား တိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ ထိုင်းဝန်ကြီးချုပ်က ဒီလိုပြောကြားလိုက်တာဖြစ်ပါတယ်။

    “ထိုင်း ကာကွယ်ရေးနဲ့ လုံခြုံရေးဝန်ကြီးဌာနဟာ မြန်မာနိုင်ငံက အိုးအိမ်စွန့်ခွာ ထွက်ပြေးလာသူတွေကို လက်ခံထာဖို့ စီစဉ်နေပါတယ်။ အရင်တုန်းကလိုပဲ သူတို့ကို ကျွန်တော်တို့ နေစရာပေးထားမယ်။ သူတို့အဆင်သင့်ဖြစ်ရင် ပြန်ပို့ပေးသွားမှာပါ”

    ဒါပေမယ့် မြန်မာနိုင်ငံဘက်က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေ ထိုင်းနိုင်ငံကို ရောက်လာသလားဆိုတာကို မပြောခဲ့သလို၊ ရခိုင်ပြည်နယ် မတည်မငြိမ်ဖြစ်မှုမှာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကိုလည်း ရည်ညွှန်းခြင်း မရှိခဲ့ပါဘူး။

    ထိုင်းနိုင်ငံဟာ ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် ထွက်ပြေးရတဲ့ ရိုဟင်ဂျာတွေ တစ်ထောက်နားခိုရာနေရာအဖြစ် ကျော်ကြားပါတယ်။

    ၂၀၁၅ ခုနှစ်အတွင်းမှာ ထိုင်းနိုင်ငံက လူကုန်ကူးမှုတွေကို ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့ပေမယ့် မြန်မာနိုင်ငံကနေ ထိုင်းကို လူကုန်ကူးမှုဟာ မြင့်တက်နေဆဲဖြစ်တယ်လို့ ထိုင်း လူဝန်မှုကြီးကြပ်ရေးဌာနက မေလအတွင်းမှာ Reuters သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Ref: usnews

  • သီရိလင်္ကာဗိုလ်ချုပ်ဟောင်း စစ်ရာဇ၀တ်မှုဖြင့် တရားစွဲခံရ

    သီရိလင်္ကာဗိုလ်ချုပ်ဟောင်း စစ်ရာဇ၀တ်မှုဖြင့် တရားစွဲခံရ

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    စစ်ရာဇ၀တ်မှုဖြင့် တရားစွဲဆိုခံရသည့် သီရိလင်္ကာ ဗိုလ်ချုပ်ဟောင်း ဂျာယာသူရိယ

     

    – သီရိလင်္ကာ ပြည်တွင်းစစ်အတွင်း အစိုးရစစ်တပ်က ဆေးရုံများကို တိုက်ခိုက်ခဲ့ပြီး လူထောင်ပေါင်းများစွာကို သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ ဗိုလ်ချုပ်ဟောင်းတစ်ဦးကို စစ်ရာဇ၀တ်မှုဖြင့် တောင်အမေရိက လူ့အခွင့်အရေးအဖွဲ့များက တရားစွဲဆိုလိုက်သည်။

    တရားစွဲဆိုခံရသူမှာ ဂျာဂသ် ဂျာယာသူရိယ ဆိုသူဖြစ်ပြီး လက်ရှိတွင် ၎င်းမှာ ဘရာဇီးလ်ဆိုင်ရာ သီရိလင်္ကာ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

    ၂၀၀၉ ခုနှစ် ပြည်တွင်းစစ်ပြီးဆုံးကာနီး အချိန်တွင် သူရိယကြီးကြပ်သည့် တပ်ဖွဲ့များမှာ ဆေးရုံများကိုဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူထောင်ပေါင်းများစွာကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခေါ်ဆောင်သွားခြင်းတို့ ပြုလုပ်ခဲ့သည်။

    တရားစွဲဆိုမှုကို တာဝန်ယူပြုလုပ်ခဲ့သည့် ရှေ့နေ ကားလို့ ကက်စ်ထရီဆာနာ ဖာနန်ဒက်ဇ်က ၎င်းတို့အနေဖြင့် တနင်္လာနေ့က ဘရာဇီးလ်နှင့် ကိုလံဘီယာနိုင်ငံတို့တွင် တရားစွဲဆိုခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဂျာယာသူရိယမှာ လက်ရှိသံတမန်အဖြစ် ဆောင်ရွက်နေသည့် ဘရာဇီးလ်နိုင်ငံ၊ ယခင်က ဆောင်ရွက်ခဲ့ဖူးသည့် ကိုလံဘီယာ၊ ပီရူး၊ ချီလီ၊ အာဂျင်တီးနားနှင့် ဆူရီနမ်နိုင်ငံတို့တွင် သံတမန်အခွင့်အရေးအရ အရေးယူမှု ကင်းလွတ်ခွင့် ရရှိထားသည်။

    ၎င်းအား တရားစွဲဆိုမှုကို လာမည့်ရက်များတွင် အာဂျင်တီးနား၊ ချီလီနှင့် ပီရူးနိုင်ငံတို့တွင် ထပ်မံ ပြုလုပ်သွားရန် ရှိနေသည်။

    “ဒါဟာ မေ့လျော့ခံထားရတဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမိုကရေစီနိုင်ငံတွေအနေနဲ့ ဒီအတွက် တစ်ခုခုလုပ်ဖို့ အားထုတ်ရပါမယ်။ ဒါဟာ တိုက်ပွဲရဲ့ အစပါပဲ” ဟု ဖာနန်ဒက်ဇ်က ပြောကြားခဲ့သည်။

    လက်ရှိတွင် ဂျာယာသူရိယ မည်သည့်နေရာသို့ ရောက်ရှိနေသည်ဆိုသည်ကို အတိအကျ မသိရှိရသေးပေ။

    Ref: Aljazeera

     

  • မလေးရှားဆီးဂိမ်းမှာ စတုတ္ထနဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ ယူ ၂၂

    မလေးရှားဆီးဂိမ်းမှာ စတုတ္ထနဲ့သာ ကျေနပ်ခဲ့ရတဲ့ မြန်မာ ယူ ၂၂

    သြဂုတ် ၂၉၊ ၂၀၁၇
    M-Media

    photo credit – MFF

    – မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ တတိယလုပွဲကို ဒီနေ့ညနေမှာ ကစားခဲ့ပြီး မြန်မာအသင်းဟာ ဒုတိယပိုင်း ပေးဂိုးတွေနဲ့ အင်ဒိုနီးရှားကို ၃ ဂိုး ၁ ဂိုးနဲ့ အရှုံးပေးခဲ့ရပါတယ်။

    ပထမပိုင်းမှာ တော်တော်လေးကောင်းခဲ့တဲ့ မြန်မာအသင်းဟာ ၂၁ မိနစ်မှာ တိုက်စစ်မှူးသန်းပိုင်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒီဂိုးမတိုင်ခင်နဲ့ ဒီဂိုးအပြီးမှာ မြန်မာအသင်းဟာ ဂိုးရနိုင်တဲ့ အခွင့်အရေး တော်တော်များများ ရရှိခဲ့ပြီး တိုင်ထိထွက်တာ အင်ဒိုဂိုးသမားနဲ့ နောက်တန်းတွင် ဖျက်ထုတ်ကာကွယ်ခဲ့တာကြောင့် တစ်ဂိုးတည်းနဲ့ ကျေနပ်ခဲ့ရတာပါ။

    ဒုတိယပိုင်းမှာတော့ အင်ဒိုနီးရှားက တိုက်စစ်မြှင့်ခဲ့ပါတယ်။ ၅၂ မိနစ်မှာ သန်းပိုင်ထိုးပေးတဲ့ဘောလုံးကို အောင်သူ ပိတ်သွင်းခဲ့ပေမယ့် အင်ဒိုဂိုးသမား ကာကွယ်နိုင်ခဲ့ပါတယ်။

    မြန်မာအသင်းဟာ ၅၅ မိနစ်နဲ့ ၅၈ မိနစ်တွေမှာ ၂ ဂိုးဆက်တိုက် ပေးလိုက်ရပြီး အင်ဒိုနီးရှားရဲ့တိုက်စစ်ဆင်မှုကို တောက်လျှောက်ခံခဲ့ရပါတယ်။

    ၇၆ မိနစ်မှာ တတိယဂိုးသွင်းပြီး နောက်ပိုင်း ကစားအားချလိုက်တဲ့ အင်ဒိုကို မြန်မာတို့ ပြန်ဖိနိုင်ခဲ့ပေမယ့် လိုအပ်နေတဲ့ဂိုးတွေကိုတော့ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။

    ဒါ့ကြောင့် စင်ကာပူဆီးဂိမ်းမှာ ငွေတံဆိပ်ရခဲ့တဲ့ မြန်မာအသင်းဟာ အခုနှစ်မှာတော့ စတုတ္ထနေရာနဲ့ ကျေနပ်ခဲ့ရပါတယ်။

    အိမ်ရှင်မလေးရှားနဲ့ ထိုင်းတို့ဟာ ဒီနေ့ည ၇ နာရီ ၁၅ မှာ ရွှေလုဖို့ ရှိနေပါတယ်။