News @ M-Media
Blog
  • အမျိုးသမီးနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် နာမည်ကြီး ဟိန္ဒူဘုန်းကြီးကို အိန္ဒိယက ထောင် ၁၀ နှစ်စီချ
    အမျိုးသမီးနှစ်ဦးအား အဓမ္မကျင့်မှုဖြင့် နာမည်ကြီး ဟိန္ဒူဘုန်းကြီးကို အိန္ဒိယက ထောင် ၁၀ နှစ်စီချ
    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media
    – လွန်ခဲ့သည့် ၁၅ နှစ်က ဒကာမနှစ်ဦးအား အဓမ္မကျင့်မှုအတွက် ဟိန္ဒူဘုန်းတော်ကြီးတစ်ဦးကို အိန္ဒိယတရားရုံးက အမှုတစ်ခုအတွက် ထောင်ဒဏ် ၁၀ နှစ်စီ ယနေ့တွင် ချမှတ်လိုက်ပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၂၀ ကျခံရမည်ဖြစ်သည်။
    အသက် ၅၀ အရွယ်ရှိ ဂူရ်မစ် ရမ် ရာဟင်း ဆင်း ဆိုသူဖြစ်ပြီး နိုင်ငံမြောက်ပိုင်း ရိုဟ်တက်မြို့ တရားရုံးတွင် ၎င်းအား အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
    ဆင်းကို သောကြာနေ့က အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီးကတည်းက ဖမ်းဆီးခဲ့ပြီး ၎င်းအား ထောက်ခံသူများမှာ ထိုဆုံးဖြတ်ချက်ကို မကျေနပ်သောကြောင့် ဟာရ်ယာနာပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ်တို့တွင် အစိုးရအဆောက်အဦးများ၊ ရဲကားများအား ဖျက်ဆီးမီးရှို့ခြင်း၊ ရဲတပ်ဖွဲ့နှင့် သတင်းသမားများအား တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
    ဆန္ဒပြလူအုပ်ကို ရဲတပ်ဖွဲ့နှင့် စစ်တပ်က အင်အားသုံး နှိမ်နင်းခဲ့သောကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ကာ ဒါဇင်နှင့်ချီ၍ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
    ဆင်းတည်ထောင်ထားသည့် Dera Sacha Sauda ဂိုးဏ်မှ ပြောရေးဆိုခွင့်ရှိသူ ၀ိပဿနာ အင်ဆန်က ဂိုးဏ်ဝင်များအနေဖြင့် တရားရုံး၏ ဆုံးဖြတ်ချက်ကို လေးစားရန် တိုက်တွန်းခဲ့သည်။
    တရားလိုရှေ့နေက ဆင်းကို ယခုထက်ပို၍ ပြစ်ဒဏ်ကျစေရန် ကြိုးစားသွားမည်ဖြစ်ပြီး အခြားသော ရာဇ၀တ်မှု သံယများအတွက်လည်း ဆင်းအား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် ဖက်ဒရယ်အစိုးရကို တိုက်တွန်းခဲ့သည်။
    လက်ရှိတွင် ဆင်း၏ ဌာနချုပ်များ တည်ရှိရာ ရိုဟ်တက်နှင့် ဆီရ်ဆာဒေသများတွင် အစိုးရက လုံခြုံရေးကို တင်းကြပ်စွာ ချထားသည်။
    Ref : Aljazeera
  • ထူးခြားသည့် ဗိသုကာလက်ရာဖြင့် ဗလီသစ်တစ်လုံး သြစတေးလျတွင် ဖွင့်လှစ်တော့မည်
    ထူးခြားသည့် ဗိသုကာလက်ရာဖြင့် ဗလီသစ်တစ်လုံး သြစတေးလျတွင် ဖွင့်လှစ်တော့မည်
    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media
    – သြစတေးလျနိုင်ငံ ဆစ်စဒနီမြို့မှာ ဆောက်လုပ်နေတဲ့ ဗလီဝတ်ကျောင်းတော်သစ်တစ်လုံးဟာ လာမယ့်လအတွင်း ဖွင့်လှစ်ဖို့ ရှိနေပြီး ၄ ရက်ကြာ ဗိသုကာဆိုင်ရာ ပြပွဲတစ်ခုကိုလည်း ဒီဗလီမှာ ကျင်းပမှာ ဖြစ်ပါတယ်။
    ကန်ဒေါ်လာ ၁၂ သန်း ကုန်ကျမယ့် အဲဒီ ဗလီဝတ်ကျောင်းတော်ကို နိုင်ငံကာ ဂုဏ်ပြုဆုတံဆိပ်တွေ ရရှိထားတဲ့ ဗိသုကာပညာရှင် မစ္စတာ ကန်ဒါလီပက်စ်က ဒီဇိုင်းဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
    ဂရိအော်သိုဒေါ့စ် ဘာသာဝင်တစ်ဦးဖြစ်တဲ့ ကန်ဒါလီပက်စ်ဟာ ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ဖို့ အလုပ်လက်ခံတဲ့ သီတင်းပတ်အတွင်းမှာပဲ Antiochian ခရစ်ယာန် ဘုရားကျောင်းတစ်ခု၊ ဂျူးဘုရားကျောင်းတစ်ခုနဲ့ ဂရိအော်သိုဒေါ့စ် ခရစ်ယာန်ဘုရားကျောင်းအတွက် အဆောက်အဦးတစ်ခုအတွက် ဒီဇိုင်းဆွဲပေးဖို့ အလုပ်ရခဲ့ပါတယ်။
    ဗလီဝတ်ကျောင်းတော်ကို မင်္ဂလာဆောင်ကိတ်ပုံသဏ္ဍာန် လေးထောင့်စပ်စပ် ဆောက်လုပ်ထားတာဖြစ်ပြီး ရှည်လျားတဲ့ မင်နာရတ်မျှော်စင်တွေနဲ့ အလယ်မှာ အမိုးခုံးတစ်ခု ပါဝင်ပါတယ်။
    အတွင်းပိုင်း ခေါင်မိုးမှာ အမိုးခုံးပုံသဏ္ဍာန် ကွန်ကရစ်ခွက်ပေါင်း ၉၉ ခု ထွင်းထားပြီး ခွက်တစ်ခုချင်းစီမှာ အလှမီးတစ်ခုစီနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် ၉၉ ခုကို ဖော်ညွှန်းတာဖြစ်ပါတယ်။ ကြယ်ပေါင်း ၁၀၂ ခုကိုလည်း ခေါင်မိုးမှာ အလှဆင်ထားပါတယ်။
    အတွင်းပိုင်း ခေါင်မိုးမှာ အမိုးခုံးပုံသဏ္ဍာန် ကွန်ကရစ်ခွက်ပေါင်း ၉၉ ခု ထွင်းထားပြီး ခွက်တစ်ခုချင်းစီမှာ အလှမီးတစ်ခုစီနဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် ၉၉ ခုကို ဖော်ညွှန်းတာဖြစ်ပါတယ်။
    ဗလီဝတ်ကျောင်းတော်ကို လမယ့်လမှာ ဖွင့်လှစ်မှာဖြစ်ပြီး Meet the Aussie Mosque ဆိုတဲ့ ခေါင်းစဉ်နဲ့ ဗိသုကာ ပြပွဲတစ်ခုကို စက်တင်ဘာ ၂၉ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ ကျင်းပသွားဖို့လည်း စီစဉ်ထားပါတယ်။
    ပွဲတော်ဆိုင်ရာ ဒါရိုက်တာဖြစ်တဲ့ တင်မ် ဟော်တန်က ဗလီဝတ်ကျောင်းတော်ရဲ့ ဒီဇိုင်းဟာ ထူးခြားတဲ့ သြစတေးလျ အမှတ်သညာကို ဖော်ကျူးနေပြီး၊ ဗလီဝတ်ကျောင်းတော် ဖွင့်လှစ်တဲ့နေ့ဟာလည်း လူ့အဖွဲ့အစည်းအကြား ယဉ်ကျေးမှုဆိုင်ရာ ပေါင်းကူးနိုင်မယ့် အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
    “ဒီဗလီဝတ်ကျောင်းတော်ဟာ သမရိုးကျ ဗလီဝတ်ကျောင်းတော်တွေလို မဟုတ်ပါဘူး။ ဒီဘေးနားကနေ ဖြတ်သွားတာနဲ့ ဗလီဝတ်ကျောင်းတော်ကို သတိပြုမိမှာပါ။ ဗလီဝတ်ကျောင်းတော်ရဲ့ ရည်ရွယ်ချက်ကိုသာ သိရင် ပို စိတ်ဝင်စားမှာ ဖြစ်ပါတယ်။ အထဲဝင်ပြီး ကြည့်မယ်ဆိုရင် ရှေးခေတ်က အမိုးခုံးတွေနဲ့ မုခ်ဦးတွေကို မိုက်ကယ်အိန်ဂျလိုရဲ့ နည်းလမ်းနဲ့ ဖန်တီးထားတာကို ရင်သပ်ရှုမောဖွယ်ရာ တွေ့မြင်ရမှာဖြစ်ပါတယ်” လို့ တင်မ်က ပြောကြားခဲ့ပါတယ်။
    ဒီဗလီဝတ်ကျောင်းတော်ဟာ မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြားထဲမှာ ပေါင်းကူးပေးနိုင်မယ့်အရာ ဖြစ်လာမယ်လို့လည်း သူက မျှော်လင့်နေပါတယ်။
    ဗလီဝတ်ကျောင်းတော်ရဲ့ ၄ ရက်တာကြာမြင့်မယ့် အခမ်းအနားမှာ ဆွေးနွေးမှုတွေ၊ ပြပွဲတွေ၊ ဟောပြောပွဲတွေလည်း ပါဝင်မှာပါ။
    အမျိုးသမီး ၀တ်ပြုဆောင်လည်းပါဝင်မယ့် ဒီဗလီဝတ်ကျောင်းတော်ဟာ ဆစ်ဒနီမြို့မှာ အသစ်လွင်ဆုံးနဲ့ အသေးဆုံး ဗလီဝတ်ကျောင်းတော်လည်း ဖြစ်ပါတယ်။
    REf: smh.com
  • စင်ကာပူသမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်
    စင်ကာပူသမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်
    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media
    – သမ္မတရွေးကောက်ပွဲကို စက်တင်ဘာ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဟု စင်ကာပူက ကြေငြာလိုက်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် စက်တင်ဘာ ၁၃ ရက်နေ့ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရမည်ဖြစ်သည်။
    ယခုတစ်ကြိမ် စင်ကာပူသမ္မတအဖြစ် မလေးလူ့အဖွဲ့အစည်းက တာဝန်ထမ်းဆောင်ရန် အလှည့်ကျပြီးစီးပွားရေးသမား မိုဟာမက် ဆာလေဟ် မာရီကန်၊ Bourbon Offshore Asia Pacific ဥက္ကဌ ဖာရစ်ခန်းနှင့် လွှတ်တော်ဥက္ကဌဟောင်း အမျိုးသမီး ဟာလီမာယာကွဘ်တို့က ၀င်ရောက် အရွေးခံမည်ဟု ကြေငြာထားသည်။
    လက်ရှိတွင် မာရီကန်နှင့် ဖာရစ်တို့မှာ ရွေးကောက်ပွဲဦးစီးဌာနသို့ ၎င်းတို့၏ စာရွက်စာတမ်းများကို တင်သွင်းထားသည်။
    “ကျွန်တော်တို့တိုင်းပြည်ဟာ လူမျိုးစုံ၊ ဘာသာစုံရှိတဲ့ တိုင်းပြည်ဖြစ်ပြီး သူတို့လူ့အဖွဲ့အစည်းက ဘယ်သူမဆို သမ္မတ ဖြစ်လာနိုင်တယ်ဆိုတာ နိုင်ငံသားတိုင်း သိထားရပါမယ်။ စင်ကာပူပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ သမ္မတမျိုး တစ်ချိန်မဟုတ် တစ်ချိန် ဖြစ်မှာပါ။ တိုင်းပြည်ရဲ့ အကျိုးစီးပွား၊ စွမ်းအားနဲ့ အမှတ်သညာကို အကောင်းဆုံး ကိုယ်စားပြုနိုင်တဲ့ သမ္မတလောင်းကို စင်ကာပူပြည်သူတွေက ထောက်ခံကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ပြည်တွင်းမှာတင်မကဘဲ နိုင်ငံကတာအသိုင်းဝိုင်းမှာရောပေါ့” ဟု ၀န်ကြီးချုပ် လီရှန်လွန်းက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    လက်ရှိသမ္မတ တိုနီ တန် ကင် ယမ်၏ သက်တမ်းမှာ သြဂုတ်လ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်ပြီး သမ္မတအကြံပေးကောင်စီ ဥက္ကဌ မစ္စတာ ဂျေ ၀ိုင် ပီလေးက သမ္မတသစ် ရွေးကောက်ပြီးသည်အထိ ခေတ္တသမ္မတအဖြစ် တာဝန်ယူမည်ဖြစ်သည်။
    Ref: CNA
  • ဟဂ်ျနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာတဲ့ ဓာတ်ပုံ ၂ ပုံ
    ဟဂ်ျနဲ့ပတ်သက်ပြီး ဆိုရှယ်မီဒီယာမှာ ရေပန်းစားလာတဲ့ ဓာတ်ပုံ ၂ ပုံ
    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media
    – အခုနှစ် ဟဂ်ျကာလအတွင်း ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေတဲ့ ဓာတ်ပုံနှစ်ပုံ ပေါ်ထွက်လာခဲ့ပါတယ်။
    တစ်ပုံက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော် လုံခြုံရေးကို တာဝန်ယူထားတဲ့ စစ်သားတစ်ဦးဟာ ကလေးငယ်တစ်ယောက်ကို ချီကာ ကအ်ဘာကျောင်းတော်ကို နမ်းခိုင်းနေတဲ့ပုံ ဖြစ်ပါတယ်။
    ကအ်ဘာဟာ အစ္စလာမ်သာသနာမှာ အထွဋ်အမြတ်အထားဆုံး ၀တ်ကျောင်းတော်အဖြစ် မှတ်ယူထားပြီး ဟဂ်ျပြုသူတွေဟာ အမှတ်တရအနေနဲ့ ဒီကအ်ဘာကျောင်းတော်ကို ကိုင်တွယ်တာ၊ နမ်းရှုတ်တာတွေ ပြုလုပ်ကြပါတယ်။
    နောက်တစ်ပုံကတော့ စေတနာ့ဝန်ထမ်း ၀န်ဆောင်မှုပေးနေတဲ့ လူငယ်လေးတစ်ဦးဟာ ဟဂ်ျပြုဖို့ လာရောက်တဲ့ မသန်စွမ်း အမျိုးသမီးတစ်ဦးကို ဘီးတပ်ကုလားထိုင်ပေါ်မှာ နေသားတကျဖြစ်အောင် ရို့ရို့ကျိုးကျိုးနဲ့ ဆောင်ရွက်ပေးနေတဲ့ပုံ ဖြစ်ပါတယ်။
    အခုနှစ် ဟဂ်ျကာလအတွက် ဆော်ဒီဟာ မတ်စ်ဂျစ်ဒ်ဟရမ် ၀တ်ကျောင်းတော်တစ်ဝိုက်မှာ လုံခြုံရေးတပ်ဖွဲ့ပေါင်း ၁၇၀၀၀ လောက် ချထားပြီး၊ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးဖို့လည်း ကျန်းမာရေးဝန်ထမ်းပေါင်း ၂၉၀၀၀ ကို ခန့်အပ်ထားပါတယ်။
    ဟဂ်ျလာရောက်သူတွေကို ၀န်ဆောင်မှုပေးဖို့အတွက် စေတနာ့ဝန်ထမ်း လူငယ်တွေလည်း ထောင်နဲ့ချီ ရှိနေပါတယ်။
    အခုဓာတ်ပုံနှစ်ပုံဟာ ဆိုရှယ်မီဒီယာမှာ လတ်တလော ရေပန်းစားနေပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ၊ စေတနာ့ဝန်ထမ်းတွေရဲ့ တာဝန်ကျေပွန်မှုကိုလည်း ချီးကျူးခဲ့ကြပါတယ်။
    Ref: Alarabiya
  • အမေရိကန်ရေတပ်မှ ပျောက်ဆုံး ရေတပ်သား ၁၀ ဦး၏ အလောင်းများကို တွေ့ရှိ
    အမေရိကန်ရေတပ်မှ ပျောက်ဆုံး ရေတပ်သား ၁၀ ဦး၏ အလောင်းများကို တွေ့ရှိ
    သြဂုတ် ၂၈၊ ၂၀၁၇
    M-Media
    – ပြီးခဲ့သည့်တစ်ပတ်က စင်ကာပူနှင့် မလေးရှားရေပိုင်နက်အနီး ဆီတင်သင်္ဘောတစ်စီးနှင့် တိုက်မိခဲ့သည့် အမေရိကန်ဖျက်သင်္ဘောမှ ပျောက်ဆုံးသွားသည့် စစ်သား ၁၀ ဦးစလုံး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီဟု အမေရိကန်ရေတပ်က ကြေငြာခဲ့သည်။
    USS John S.McCain သင်္ဘောဖြစ်ပြီး အမေရိကန် ရေတပ်နှင့် မရိန်းတပ်ဖွဲ့များမှ ရေငုပ်သမားများမှာ ရေ၀င်နေသော သင်္ဘောအခန်းများတွင် တစ်ပတ်ကြာရှာဖွေမှု ပြုလုပ်ခဲ့ပြီး ယခုကဲ့သို့ ပျောက်ဆုံးသင်္ဘောသားအားလုံး၏ အလောင်းများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။
    သေဆုံးသွားသူ စစ်သားများမှာ အသက် ၂၀ မှ ၃၉ နှစ်အတွင်း ရှိကြသည်။
    “တိုက်မိတဲ့ အကြောင်းအရင်းတွေ၊ အဖြစ်အပျက်တွေကို ဖော်ထုတ်နိုင်ဖို့အတွက် ဒီအဖြစ်အပျက်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပါတယ်” ဟု အမေရိကန်ရေတပ်မှ ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။
    စင်ကာပူဆိပ်ကမ်းတွင် ဆိုက်ကပ်ရန် မောင်းနှင်လာသည့် USS John S.McCain သင်္ဘောမှာ အရုဏ်တက်ချိန်တွင် ဆီတင်သင်္ဘော Alnic MC နှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ထိုအဖြစ်အပျက်မှာ ၂ လအတွင်း အမေရိကန်စစ်သင်္ဘောများ ဒုတိယအကြိမ်မြောက် တိုက်မိမှုဖြစ်ဖြစ်ကာ တစ်နှစ်အတွင်း ၄ ကြိမ်မြောက်ဖြစ်သည်။
    ထိုအဖြစ်အပျက်ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ၎င်းတို့ရေတပ်၏ လှုပ်ရှားမှုအားလုံးကို အမေရိကန်က ရပ်တန့်ထားသည်။
    Ref : Aljazeera