News @ M-Media

Blog

  • လူမျိုးရေးခွဲခြားစိတ်ဖြင့် လူသတ်ခဲ့သည့် လူဖြူတစ်ဦးကို အမေရိကန်တွင် ကွပ်မျက်

    လူမျိုးရေးခွဲခြားစိတ်ဖြင့် လူသတ်ခဲ့သည့် လူဖြူတစ်ဦးကို အမေရိကန်တွင် ကွပ်မျက်

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    လူမျိုးရေးခွဲခြားစိတ်ဖြင့် လူသတ်ခဲ့သောကြောင့် သေဒဏ် ကျခံခဲ့ရသည့် အာဆေး

    – ၁၉၈၇ ခုနှစ်က လူမျိုးရေးခွဲခြားသည့်စိတ်ဖြင့် လူသတ်မှုကျူးလွန်ခဲ့သည့် လူဖြူအမျိုးသားတစ်ဦးကို အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်က ယမန်နေ့တွင် ကွပ်မျက်လိုက်သည်ဟု သိရသည်။

    အသက် ၅၃ နှစ်အရွယ်ရှိ မက် အာဆေးဆိုသူဖြစ်ပြီး ယမန်နေ့ည ၆ နာရီ ၂၂ မိနစ်က ဆေးထိုး၍ ကွပ်မျက်ခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ၎င်းမှာ ဖလော်ရီဒါတွင် လူမည်းတစ်ဦးအား လူမျိုးရေးခွဲခြားစိတ်ဖြင့် သတ်ဖြတ်သောကြောင့် ကွပ်မျက်ခံရသည့် ပထမဆုံး လူဖြူအမျိုးသားဖြစ်သည်။

    တရားသူကြီးများက အာဆေးမှာ ၁၉၈၇ ခုနှစ်တွင် အသက် ၃၄ နှစ်အရွယ် လူမည်းအမျိုးသား ရောဘတ်လီ ဘိုကာကို သေနတ်ဖြင့် ပစ်သတ်ခဲ့မှုအတွင်း လူမျိုးရေးခွဲခြားသည့် စကားများ ပြောဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။

    အာဆေးမှာ အဆိုပါနှစ်အတွင်းမှာပင် လူဖြူ-စပိန်ကပြား အသက် ၂၆ နှစ်အရွယ် ရောဘတ် မက်ဒိုဝဲလ်ကို သတ်ဖြတ်မှုအတွက်လည်း ပြစ်မှုထင်ရှားခဲ့သူ ဖြစ်သည်။

    ၁၉၆၇ ခုနှစ်တွင် သေဒဏ်ကို ပြန်လည်ပြဌာန်းပြီးနောက်ပိုင်း ဖလော်ရီဒါတွင် လူဖြူများကို သတ်ဖြတ်မှုဖြင့် အနည်းဆုံး လူမည်း ၂၀ ကွပ်မျက်ခံခဲ့ရသည်ဟု သေဒဏ်အချက်အလက်စင်တာ၏ ထုတ်ပြန်မှုအရ သိရသည်။ ထိုအချိန်မှစ၍ ဖလော်ရီဒါတွင် သေဒဏ်ကျခံရသူ အရေအတွက်မှာ ၉၂ ဦး ရှိခဲ့သည်။

    Ref : Aljazeera

     

  • ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်များအပါအ၀င် အနည်းဆုံး ၁၂ ဦးသေဆုံး

    ရခိုင်ပြည်နယ်မှာ တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်များအပါအ၀င် အနည်းဆုံး ၁၂ ဦးသေဆုံး

    သြဂုတ် ၂၅၊ ၂၀၁၇
    M-Media

    – မနနေ့ကညပိုင်းမှာ ရိုဟင်ဂျာသူပုန်တွေဟာ ရခိုင်ပြည်နယ်က ရဲစခန်းနဲ့ ရဲကင်း ၂၄ ခုကို တစ်ပြိုင်နက်တည်းတိုက်ခိုက်ပြီး စစ်စခန်းတစ်ခုကို ၀င်ရောက်ဖို့ ကြိုးစားမှုအတွင်း အနည်းဆုံး ရဲတပ်ဖွဲ့ ၅ ဦးနဲ့ သူပုန် ၇ ဦး သေဆုံးခဲ့တယ်လို့ မြန်မာအစိုးရက ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

    “လက်ရှိအချိန်အထိ ရဲတပ်ဖွဲ့ဝင် ၅ ဦး ကျဆုံးခဲ့ရပြီး သေနတ် ၂ လက်ပါသွားခဲ့ရကာ၊ အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၇ ဦး အလောင်းများ ရရှိထားကြောင်း ကနဦးသတင်းများအရ သိရှိရသည်” လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြန်ကြားရေးကော်မတီရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    “အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများသည် ည ၁ နာရီမှ စတင်၍ နတ်ချောင်း၊ တမန်းသား၊ ကွမ်းသီးပင်ချောင်းဝ၊ နံ့သာတောင်၊ နံ့သာတောင်ချောင်းဝ၊ မီးတိုက်ချောင်းဝ၊ ကျီးကျွန်း၊ ဇီးပင်ချောင်းဝ၊ လောင်းဒုံ၊ သီဟိုဠ်ကျွန်း၊ ဇင်ပိုင်ညာ၊ သရေကုန်းဘောင်၊ ပညောင်ပင်ကြီး၊ ရွှေရင်အေး၊ မြင်းလွတ်၊ အလယ်သံကျော်၊ ဥဒေါင်း(နတလ)၊ သင်္ဘောကွေ့၊ ချိန်ခါလီ၊ ကိုးတန်ကောက်၊ သဝန်ချောင်း၊ တောင်ဘဇာ၊ ဖောင်တောပြင်၊ မောင်တော (နတလ) စသည်တို့ရှိ ရဲကင်းများ၊ ရဲစခန်းများကို တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ပြန်လည်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်အချို့ ကျဆုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများ ရှိခဲ့သည်”

    “အလားတူ ယနေ့ နံနက် ၃ နာရီခန့်တွင် အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမား ၁၅၀ ခန့်သည် ခမရ(၅၅၂) ဂိတ်သို့ နှစ်ဖွဲ့ခွဲ၍ ဝင်ရောက်နိုင်ရန် ကြိုးပမ်းခဲ့ရာ တပ်မတော်သားများက ပြန်လည်တိုက်ခိုက်ခဲ့သည်” လို့လည်း ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

    ဒီတိုက်ခိုက်မှုဟာ ရခိုပြည်နယ်အတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် အကြံပြုနိုင်ဖို့ ဖွဲ့စည်းထားတဲ့ ကုလအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအန်နန်ရဲ့ အပြီးသတ်အစီရင်ခံစာ ထွက်လာပြီး တစ်ရက်အကြာမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

    အစီရင်ခံစာမှာ ရခိုင်ပြည်နယ်က ကိစ္စတွေကို အလျင်အမြန်ဖြေရှင်းမှု မရှိဘူးဆိုရင် အဲဒီက လူ့အဖွဲ့အစည်းတွေ အစွန်းရောက်နိုင်တဲ့ အန္တရာယ်မျိုး ရှိနေတယ်လို့ သတိပေးခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရခိုင်ပြည်နယ်က နယ်ခြားစောင့်စခန်းတစ်ချို့ဟာ ဒီလို တိုက်ခိုက်ခံခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့ပါတယ်။

    နောက်ပိုင်း စစ်တပ်က ပြုလုပ်တဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းမှာ တရားလက်လွတ်သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေ၊ နေအိမ် မီးရှို့ဖျက်ဆီးမှုတွေ ရှိတယ်လို့ သတင်းတွေထွက်ခဲ့ပြီး စစ်တပ်နဲ့ အစိုးရကတော့ ငြင်းဆိုခဲ့ပါတယ်။

    အဲဒီစစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၈၇၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။

    Ref: Reuters, State Counsellor Office Information Committee

  • အာနန်ကော်မရှင် အစီရင်ခံစာ အပေါ် အစိုးရသဘောထား ထုတ်ပြန်

    အာနန်ကော်မရှင် အစီရင်ခံစာ အပေါ် အစိုးရသဘောထား ထုတ်ပြန်

    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာအပေါ် ထုတ်ပြန်ကြေညာချက်အား ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

    ယင်းထုတ်ပြန်ကြေညာချက် (မြန်မာ၊ အင်္ဂလိပ်) အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်-

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး
    ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ်
    ထုတ်ပြန်ကြေညာချက်
    (၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်)

    ၁။ ရခိုင်ပြည်နယ်အတွက် ရှေ့ဆက်ဆောင်ရွက်သင့်သည့် အပြုသဘောဆောင်သည့် နည်းလမ်းများ ရှာဖွေနိုင်ရန် ဆက်လက်ကြိုးပမ်းအားထုတ်ပေးခဲ့ကြသည့် ဥက္ကဌ ဒေါက်တာ ကိုဖီအာနန် နှင့် တစ်ကွ ကော်မရှင်အဖွဲ့ဝင်များ အားလုံးကိုကျေးဇူးဥပကာရအထူးပင်တင်ရှိပါသည်။

    ၂။ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်က အသိအမှတ်ပြုထားပြီး ဖြစ်သည့်အတိုင်း ရခိုင် ပြည်နယ်၏ အခြေအနေသည် လွန်စွာမှ ပင်ရှုပ်ထွေးနက်နဲလှပြီး အချိန်တိုတိုအတွင်း ဖြေရှင်းယူ၍ မရနိုင်ပါ။ ကာလရှည်ကြာ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျခဲ့ပြီး အဆင်းရဲဆုံးသော ပြည်နယ်တစ်ခု ဖြစ်နေခြင်း ကြောင့် ပြဿနာဖြေရှင်းရာတွင် စိန်ခေါ်မှုများ ပိုမိုမြင့်မားလာစေခဲ့သည်။ မကြာသေးသော ကာလများ အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများ ပြန်လည်ဖြစ်ပွားလာသည်ကို စိတ်မကောင်းဖွယ်ရာ တွေ့မြင် ခဲ့ရပြီး ဖြေရှင်းရန် ခက်ခဲနေခဲ့ရသော အခြေအနေကို မီးလောင်ရာလေပင့်သည့်နှယ် ပိုမို၍ ဆိုးရွား လာစေရန် အပြင်ဖက်မှ စွက်ဖက်သည့် အဖျက်အမှောက်များလည်း တွေ့မြင်နေရသည်။

    ၃။ ဤသို့သောအခြေအနေတွင် ကော်မရှင်၏ လက်တွေ့ကျပြီး၊ ရေရှည် အကျိုးဖြစ်ထွန်းစေမည့် အကြံပြုချက်များကို ကြိုဆိုပါသည်။ ကော်မရှင်၏ အစီရင်ခံစာနှင့်အကြံပြုချက်များကို ပကတိ မြေပြင် အခြေအနေပေါ် မူတည်၍ အပြည့်စုံဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်ရန် အလေးအနက်ထား စဉ်းစား သွားမည်ဖြစ်သည်။ မကြာခင် သီတင်းပတ်များအတွင်း အကောင်အထည်ဖော်ဆောင်ရေး ဆိုင်ရာ လမ်းပြမြေပုံ တစ်ခု ချမှတ်နိုင်ရန်လည်း မျှော်လင့်ထားသည်။

    ၄။ အမြန်ဆုံးဖော်ဆောင်သည့် ခြေလှမ်းတစ်ရပ်အနေဖြင့် ကောင်မရှင်၏ အကြံပြုချက်များကို တာဝန်ယူကာ အကောင်အထည်ဖော် ဆောင်ရွက်မည့် ပြည်ထောင်စုဝန်ကြီးအဆင့် ဦးဆောင်သည့် ကော်မတီသစ် တစ်ရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။ ဤကော်မတီသစ်တွင် သက်ဆိုင်ရာဝန်ကြီးဌာနအားလုံးမှ ကိုယ်စားလှယ် များ ပါဝင်စေမည်ဖြစ်ပြီး အကြံပြုချက်များအား အကောင် အထည်ဖော်မှု အခြေအနေများအပေါ် ကြီးကြပ်ရန်နှင့် တိုးတက်မှုများ အစီရင်ခံတင်ပြရန် တာဝန်ယူ ဆောင်ရွက်စေမည် ဖြစ်သည်။

    ၅။ ကော်မတီအသစ်ကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးဘုတ်အဖွဲ့ တစ်ဖွဲ့ဖြင့် အထောက်အကူ ပြုသွားမည် ဖြစ်သည်။ ယင်းဘုတ်အဖွဲ့တွင် မြန်မာနိုင်ငံသားများ၊ ဒေသတွင်းနှင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများ ပါဝင်စေမည် ဖြစ်သည်။ ယင်းဘုတ်အဖွဲ့သည် ကော်မတီအသစ်၏ လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာ၌ အထောက်အကူ ပြုစေနိုင်မည့် ပြင်ပရှုထောင့်များနှင့် အကြံဉာဏ်များကို ပံ့ပိုးပေးမည်ဖြစ်သည်။

    ၆။ အထက်ပါ ကော်မတီအသစ်နှင့် အကြံပေးဘုတ်အဖွဲ့တို့နှင့် စပ်လျဉ်း၍ အသေးစိတ် အချက်အလက် များကို ပြုစုလျက်ရှိပြီး မကြာမီ ထုတ်ပြန်ကြေညာသွားမည် ဖြစ်သည်။

    ၇။ နိုင်ငံတော်အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွက် ဆက်လက်လျှောက်လှမ်းမည့် လမ်းကြောင်းတစ်ရပ် ရှာဖွေနိုင်ရန် အလေးအနက်ထား ဆောင်ရွက်လျက် ရှိသည်။ နိုင်ငံ့တာဝန် စတင် ရယူချိန်မှ စတင်၍ ရခိုင်ပြည်နယ်အတွင်း တရားဥပဒေ စိုးမိုးရေးနှင့်ဖွံ့ဖြိုး တိုးတက်ရေးတို့ကို ဦးစားပေး ဆောင်ရွက်ခဲ့သည်။

    ၈။ ဆက်လက် ဆောင်ရွက်ဖွယ်ရာများ ကျန်ရှိနေသေးသော်လည်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာပါ အကြံပြုချက် အများအပြားကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး တိုးတက်မှုများ ရရှိနေပြီ ဖြစ်သည်။

    (က) ရွေ့လျားဆေးပေးခန်းအသစ်များဖြင့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခဲ့သည်။ စာသင်ကျောင်းများကို အဆင့်မြှင့်တင်ပေးခဲ့ပြီး အသက်မွေးဝမ်းကျောင်း ပညာနှင့် နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

    (ခ) အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ရာနှင့်ချီသော ဒေသခံပြည်သူများ အတွက် အလုပ်အကိုင်သစ်များ၊ အခွင့်အလမ်းအသစ်များ ဖန်တီးပေးခဲ့သည်။ ဒေသတွင်း၌ အလုပ်အကိုင်အသစ်များနှင့် စီးပွားရေးလုပ်ငန်းအသစ်များ ဆောင်ကြဉ်းစေနိုင်မည့် အထူး စီးပွားရေးဇုန် အသစ်တစ်ခု တည်ဆောက်ရေးဆိုင်ရာ ဖြစ်နိုင်ခြေ အခြေအနေများကို လေ့လာဆန်းစစ် သုံးသပ်လျက်ရှိသည်။

    (ဂ) အခြေခံအဆောက်အုံအသစ်များ ပေါ်ထွန်လာရေးအတွက် လျှပ်စစ်ဓါတ်အား တိုးမြှင့် ရရှိရေးနှင့် လမ်း၊ တံတားအသစ်များ တည်ဆောက်ရေးတို့ကို ဆောင်ရွက်ပေးခဲ့သည်။ မူလက သင်္ဘောဖြင့်သာ သွားလာနိုင်သော ဝေးလံခေါင်ဖျားသည့် ဒေသများအား ဆက်သွယ် ပေးသည့် အဝေးပြေးလမ်းမအသစ် တည်ဆောက်ပေးခဲ့သည်။

    (ဃ) ဘာသာပေါင်းစုံ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ဘာသာရေးဆိုင်ရာ သဟဇာတဖြစ်မှုနှင့် မတူကွဲပြားသည့် လူမှုအသိုက်အဝန်းများအကြား ဆက်ဆံမှုကောင်းမွန်ရေးတို့ မြှင့်တင် နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ စာသင်ကျောင်းများတွင် ကိုယ်ကျင့်တရား၊ ပြည်သူ့နီတိနှင့် ငြိမ်းချမ်းရေးတို့ကို အလေးပေးသည့် သင်ရိုးညွှန်းတမ်း အသစ်တစ်ခု စတင် သင်ကြားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။

    (င) ရခိုင်ပြည်နယ်အတွင်း နိုင်ငံသား အစိစစ်ခံရမည့်သူ၏ သက်သေခံကဒ်ပြား ထုတ်ပေးရေး လုပ်ငန်းစဉ် ပိုမိုထိရောက် အောင်မြင်စေမည့် မဟာဗျူဟာတစ်ရပ်နှင့် အချိန်ဇယား ဖော်ထုတ်နိုင်ရန် လည်းကောင်း၊ ဒုက္ခသည်စခန်းများ ပိတ်သိမ်းနိုင်မည့် မဟာဗျူဟာတစ်ရပ် ဖော်ထုတ်နိုင်ရန်လည်းကောင်း ဆောင်ရွက်လျက် ရှိပါသည်။ ဒုက္ခသည်စခန်း (၃) ခုကို ပိတ်သိမ်းနိုင်ခဲ့ပြီး၊ ယင်းဒုက္ခသည် စခန်းများအနီးတွင် အိမ်ယာအသစ်များ ဆောက်လုပ် ပေးခဲ့သည်။

    (စ) ဥရောပသမဂ္ဂ၊ ကုသလမဂ္ဂအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရဲတပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ များအား လူ့အခွင့်အရေး၊ ကလေးသူငယ်များ ကာကွယ်စောင့်ရှောက်ရေးနှင့် လိင် အခြေခံသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုင်ရာစသည့် နယ်ပယ်များတွင် လေ့ကျင့်ရေးနှင့် စွမ်းရည်မြှင့်တင်ရေး အစီအစဉ်များကို အကောင်အထည်ဖော်ဆောင်ပေးလျက် ရှိသည်။

    ၉။ ရခိုင်ပြည်နယ်အတွင်းရှိ နေသူအားလုံးအတွက် ကောင်းမွန်သည့်လမ်းကြောင်းတစ်ရပ် ရှာဖွေရာတွင် နေ့ချင်းညချင်း ဖြေရှင်းနိုင်မည် မဟုတ်သည့် အခက်အခဲများ ရှိနေသည်ကိုလည်း အသိအမှတ်ပြု လက်ခံရန် လိုအပ်ပေမည်။ ရခိုင်ပြည်နယ်ရှိ အသိုင်းအဝိုင်းများအကြား စိတ်နေစိတ်ထား ခံယူချက်များ ပြောင်းလဲလာစေရန်နှင့် ယုံကြည်မှုတည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ သို့မှသာ သည်းခံမှု၊ လေးစားမှုများမှတစ်ဆင့် တည်ငြိမ်အေးချမ်းမှု ဖြစ်ထွန်းလာမည် ဖြစ်သည်။ ဤသို့သော အခြေအနေတွင် ရခိုင်ပြည်နယ်အရေးကိစ္စ ပိုမိုးဆိုးရွားသွားစေမည့် မီးလောင်ရာ လေပင့်ခြင်းများကို ရှောင်ကြဉ်ပြီး ပြဿနာဖြေရှင်းရေးကို အလေးထား အာရုံစိုက်ကြရန် အရေးကြီးပါကြောင်း ထုတ်ပြန်အပ်ပါသည်။

    source: Myanmar State Counsellor Office

  • အာနန်ကော်မရှင်၏ အကြံပြုချက်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို Fortify Rights အဖွဲ့ တိုက်တွန်း

    အာနန်ကော်မရှင်၏ အကြံပြုချက်ကို အကောင်အထည်ဖော်ရန် မြန်မာအစိုးရကို Fortify Rights အဖွဲ့ တိုက်တွန်း

    သြဂုတ် ၂၄၊ ၂၀၁၇

    M-Media

    ကိုဖီအာနန်ကော်မရှင်ကို အလိုမရှိကြောင်း ရခိုင်ပြည်နယ်မှ ဆန္ဒထုတ်ဖော်မှု

    – (ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်-) မြန်မာအစိုးရ အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သတ်တဲ့ အကြံပေး ကော်မရှင် ကနေ ပေးပို့တဲ့ ကဏ္ဍစုံ အကြံပြုချက်တွေကို အမြန်ဆုံး လိုက်နာဆောင်ရွက်သင့်တဲ့အကြောင်း လူ့အခွင့်ရေးအဖွဲ့  Fortify Rights  က ပြောကြားလိုက်ပါတယ်။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ကော်မရှင်က ရန်ကုန်မြို့မှာ ဒီကနေ့ပဲ အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

    ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ ရိုဟင်ဂျာမွတ်စလင်တွေအကြား အတင်းအကြပ်ပြုလုပ်ထားတဲ့ ခွဲခြားမှုတွေကို အဆုံးသတ်ဖို့၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေကို အပြည့်အ၀နဲ့ အနှောင်အဖွဲ့မရှိ လွတ်လွတ်လပ်လပ် ကူညီခွင့်ပေးဖို့၊ နိုင်ငံမဲ့ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို ကိုင်တွယ်ဖြေရှင်းဖို့နဲ့ ၁၉၈၂- ခုနှစ် နိုင်ငံသား ဥပဒေကို ပြင်ဆင်ပေးဖို့ အကြံပြုစာမှာ ထောက်ပြထားပါတယ်။ ဒါ့အပြင် လူ့အခွင့်ရေးချိုးဖောက်မှု့နဲ့ ပြစ်မှု့ကျူးလွန်တဲ့သူတွေကိုလည်း အရေးယူ ဆောင်ရွက်ပေးဖို့နဲ့ လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ထားတဲ့ တားမြစ်ချက်တွေကို ရပ်ဆိုင်းဖို့ကိုလည်း အခြားသောအကြံပြုချက်တွေနဲ့အတူ ဒီအစီရင်ခံစာမှာ ရေးသားဖော်ပြထားပါတယ်။

    “ဆက်လက်ငြှင်းပမ်းနှိပ်စက်နေတာတွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းပေးရမယ့်အစား၊ အကြံပေးကော်မရှင်ရဲ့ လေ့လာ တွေ့ရှိချက်တွေကို ဖုံးကွယ်ပစ်ဖို့သာ ကြိုးစားနေတယ်” လို့ Fortify Rights အကြီးအကဲဖြစ်သူ မက်သယူးစမစ်က ပြောပါတယ်။

    “ကော်မရှင်က အကြမ်းဖက်မှု့တွေကို အဆုံးသတ်သွားဖို့ ခိုင်လုံတိကျတဲ့ အကြံပြုချက်တွေကို ထုတ်ပြန်လိုက်တယ်။ ဒါကို အစိုးရတစ်ရပ်အနေနဲ့ အချိန်မဆိုင်းပဲ အဲဒီအကြံပြုချက်တွေအတိုင်း လိုက်နာဆောင်ရွက်သွားဖို့ လိုပါတယ်။ မြန်မာအစိုးရအနေနဲ့ ပကတိအခြေနေမှန်တွေကို အမြန်ဆုံးထုတ်ပြန်ပြောကြားဖို့ လိုပါလိမ့်မယ်။”

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ရခိုင်ပြည်နယ်၏ လူသားချင်းဆိုင်ရာ စာနာထောက်ထားမှု့နှင့် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များ၊ အခြေခံ ၀န်ဆောင်မှုများ ရောက်ရှိရေး၊ အခြေခံလူ့အခွင့်ရေး အာမခံချက်များနှင့် ရခိုင်ပြည်နယ်ရှိ လူသားအားလုံး၏ လုံခြုံရေးကိစ္စရပ်များကို အကြံပြုရန်” အဖွဲ့ဝင် ကိုးဦးပါ ရခိုင်ပြည်နယ် အကြံ ပေးကော်မရှင်တစ်ရပ်ကို သြဂုတ်လ ၂၃၊ ၂၀၁၆-ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။

    အဲဒီ အဖွဲ့မှာ မြန်မာနိုင်ငံက ၆ ဦးနဲ့ မစ္စတာအာနန် အပါအ၀င် နိုင်ငံခြားသား သုံးဦး ပါဝင်ပါတယ်။ အစိုးရကတော့ ကော်မရှင်ရဲ့ အကြံပြုလေ့လာတွေ့ရှိချက်တွေအပေါ်မှာ အပြည့်အ၀အကောင်ထည်ဖော်သွားမယ်လို့ ယခင်တုန်းက ပြောကြားခဲ့ပါတယ်။

    အစိုးရက ကော်မရှင်ကို ဖွဲ့စည်းပေးခဲ့ပြီး တစ်လကျော် အကြာမှာ၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာရှိတဲ့ နယ်ခြားစောင့် ရဲစခန်း သုံးခုကို အောက်တိုဘာလ ၉- ရက်နေ့၊ ၂၀၁၆ ခုနှစ်မှာ ရိုဟင်ဂျာ စစ်သွေးကြွပူးပေါင်းအဖွဲ့က ၀င်စီးခဲ့ပြီး ရဲအရာရှိ ကိုး ယောက်ကို သတ်ဖြတ်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ကြမ်းကြမ်းတမ်းတမ်း လက်တုန့်ပြန်တိုက်ခိုက်ခဲ့ပါတယ်။ အစိုးရ စစ်သားတွေက အရပ်သားတွေကို သတ်ဖြတ်၊ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို အဓမ္မကျင့်ခဲ့ပြီး ရွာလုံးကျွတ်မီးရှို့ခဲ့လို့ အရပ်သားပေါင်း ကိုးသောင်းကျော်ထက်မနည်းဟာ အိုးပစ်အိမ်ပစ် စွန့်ခွာထွက်ပြေးခဲ့ကြရပါတယ်လို့ Fortify Rights နဲ့ အခြားသော လူ့အခွင့်ရေးအဖွဲ့တွေက ပြောကြားထားပါတယ်။

    ကုလသမဂ္ဂ လူ့အခွင့်ရေးဆိုင်ရာမဟာမင်းကြီးရုံးကနေ ဖေဖော်ဝါရီလမှာ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ အောက်တိုဘာလကတည်းက ရိုဟင်ဂျာတွေအပေါ်မှာ ချိုးဖောက်မှု့တွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်နေတယ်လို့ စွပ်စွဲပြောကြားခဲ့ပါတယ်။ မြန်မာအစိုးရကတော့ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပါတယ်။

    “နိုင်ငံတကာ အဖွဲ့စည်းတွေက ဘယ်လိုပဲ စွပ်စွဲစွပ်စွဲ၊ ကျွန်တော်တို့ အစိုးရကတော့ ကိုဖီအာနန် ကော်မရှင်ရဲ့ အကြံပြု ချက်အတိုင်း အရေးယူဆောင်ရွက်မှု့တွေ လုပ်ဆောင်နေပါတယ်” လို့ မြန်မာအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဧရာဝတီ သတင်းဌာနကို ဇူလိုင် ၁၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    “ကိုဖီအာနန် ကော်မရှင်ဟာ ကျွန်တော်တို့အတွက်တော့ တံတိုင်းတစ်ခု သဖွယ်ပါပဲ” လို့ သူက ဆိုပါတယ်။

    အကြံပေးကော်မရှင်ကို အစိုးရက လူ့အခွင့်ရေးချိုးဖောက်မှု့တွေအတွက် စုံစမ်းစစ်ဆေးဖို့နဲ့ အစီရင်ခံစာတင်သွင်းဖို့ လုပ်ပိုင် ခွင့်မပေးထားပါဘူး။ ဒါပေမဲ့ ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်မှာ လူ့အခွင့်ရေးချိုးဖောက်မှု့ ဖြစ်စဉ်တွေကို ထုတ်ဖော်ပြော ကြားဖို့ အရေးတကြီး တာဝန်ရှိတယ်လို့ ခံယူထားတာကြောင့်၊ ကော်မရှင်က အပြင်းအထန် လူ့အခွင့်ရေး ချိုးဖောက်ခဲ့တဲ့ အပြစ်ကျူးလွန်ခဲ့သူတွေကို အရေးယူဖို့ ယနေ့မှာ အကြံပြု တိုက်တွန်းခဲ့ပါတယ်။

    ဒါ့အပြင် အကြံပေးကော်မရှင်က အစိုးရကို ရခိုင်ပြည်နယ်မှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံးကို လွတ်လွတ် လပ်လပ် သွားလာခွင့်ပေးဖို့ကိုလည်း အကြံပြုထားပါသေးတယ်။

    ၂၀၁၄ ခုနှစ်မှာ က ရခိုင်ပြည်နယ်မှာ ရှိတဲ့ ရိုဟင်ဂျာ မွတ်စလင်ဦးရေ တစ်သန်းနဲ့အထက်ကို လွတ်လပ်စွာသွားလာခွင့်၊ ကလေးမီးဖွားခွင့်နဲ့ အခြားသော နိစ္စဓူဝကိစ္စရပ်တွေအပေါ်မှာ ပြင်းထန်တဲ့ ကန့်သတ်တားမြစ်ချက်တွေ ပြုလုပ်ထားတာကို ထုတ်ဖော်ထားတဲ့ ဒေသန္တရအမိန့်တွေနဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရရဲ့ အထောက်ထား စာရွက်စာတမ်းတွေကို Fortify Rights ဖွင့်ချခဲ့ပါတယ်။

    ၂၀၁၂-ခုနှစ် ပဋိပက္ခ ဖြစ်ကတည်းက အသက်မသေပဲကျန်ရစ်သူ ရိုဟင်ဂျာအများစုအပါအ၀င် လူပေါင်း တစ်သိန်း နှစ်သောင်းကျော်ကို ရခိုင်ပြည်နယ်၊ မြို့နယ်ရှစ်ခုက ဒုက္ခသည်စခန်းပေါင်း ၃၈-ခုမှာ ယခုထက်တိုင် အစိုးရက ပိတ်လှောင်ထားဆဲ ဖြစ်ပါတယ်။ ဒေသန္တရအမိန့်တွေနဲ့ ပြဌာန်းချက်တွေက ရိုဟင်ဂျာတွေကို တစ်ရွာနဲ့တစ်ရွာ၊ တစ်မြို့ နယ်နဲ့တစ်မြို့နယ် ကိုယ်နေတဲ့ ဒေသကျော်လွန်ပြီး လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်ကို တားမြစ်ထားပါတယ်။

    ခရီးသွားလာခွင့် တားမြစ်ချက်တွေကို ချိုးဖောက်တဲ့ ရိုဟင်ဂျာတွေဟာ မြန်မာအစိုးရ လုံခြုံရေးတပ်သားတွေရဲ့ ရာဇ၀တ်မှု့နဲ့ ဖမ်းဆီးတာ၊ ခြိမ်းခြောက် ငွေညှစ်တာ၊ ဒါမှမဟုတ် ကြမ်းတမ်းတဲ့ တုန့်ပြန်မှု့တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

    “လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ချုပ်ခြယ်ထားတာဟာ ဥပဒေနဲ့ ဆန့်ကျင်နေယုံသာမက၊ စီးပွားရေး ဆိုးကျိုးသက်ရောက်မှုတွေနဲ့ လူသေဆုံးနိုင်တဲ့ လုံခြုံရေး ခြိမ်းခြောက်မှု့ အန္တရာယ်တွေလည်း ရှိနေပါတယ်” လို့ မက်သယူး စမစ်က ပြောကြားခဲ့ပါတယ်။

    “ဒီလို ကန့်သတ်ချုပ်ခြယ်တာတွေလို လူမျိုးရေးခွဲခြားမှုစနစ်ဟာ လူ့အသိုင်းဝိုင်းတွေရဲ့ လုံခြုံရေးစနစ်ကို ပျက်ဆီး ယိုယွင်းသွားစေပြီး လူ အစုလိုက်အပြုံလိုက်သေစေနိုင်တဲ့ အန္တရာယ်တွေကိုလည်း မြင့်တက်စေပါတယ်။ ဒါဟာ မီးပွား တစ်ခုပါပဲ။”

    အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ မြန်မာစစ်တပ်က ဖြိုခွင်းလို့အပြီးမှာ၊ ရခိုင်ပြည်နယ်အပါအ၀င် မြန်မာ နိုင်ငံမှာရှိတဲ့ လူ့အခွင့်ရေးချိုးဖောက်မှု့တွေနဲ့ နှိပ်စက်ညင်းပန်းမှု့တွေကို စုံစမ်းစစ်ဆေးဖို့ ရည်ရွယ်တဲ့ လွတ်လပ်တဲ့ အပြည်အပြည်ဆိုင်ရာ အချက်အလက်ရှာဖွေရေးအဖွဲ့ကို စေလွှတ်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကနေ သမိုင်းဝင် ဆုံးဖြတ်ချက်တစ်ခုကို မတ်လ ၂၄ ရက်နေ့မှာ ချမှတ်ခဲ့ပါတယ်။ လူ့အခွင့်ရေး ကောင်စီဥက္ကဌက ဒီ ကော်မရှင်ကို ဦးဆောင်ဖို့ ကျွမ်းကျင်သူ သုံးယောက်ကို တာဝန်ပေးအပ်ခဲ့ပါတယ်။

    အချက်အလက်ရှာဖွေရေး မစ်ရှင်ဟာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာရှိတဲ့ အစိုးရနဲ့ အစိုးရမဟုတ် တဲ့ အဖွဲ့စည်းတွေကနေ ကျူးလွန်တဲ့ လူ့အခွင့်ရေးချိုးဖောက်မှု့တွေကို အဓိကထား အာရုံစိုက်ဖို့ Fortify Rights အဖွဲ့ကြီးက အကြံပေးခဲ့ပါတယ်။
    မြန်မာအစိုးရကတော့ ကုလသမဂ္ဂဆုံးဖြတ်ချက်အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ ငြင်းဆိုခဲ့ပါတယ်။ ဒေါ် အောင်ဆန်းစုကြည်ကလည်း သူမအစိုးရဟာ အဲဒီ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အချက်အလက်ရှာဖွေရေး မစ်ရှင်ဟာလည်း မြန်မာနိုင်ငံထဲကို စောလျင်စွာ ၀င်ရောက်နိုင်အောင် နည်းလမ်းတကျ မေတ္တာရပ်ခံထားပြီး လက်ခံဖို့ မျှော်လင့်ထားပါတယ်။

    မြန်မာစစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရဌာနများကတော့ ၂၀၁၆-ခုနှစ်၊ အောက်တိုဘာလကတည်းက ရခိုင်ပြည် နယ်က အဆက်မပြတ်လူ့အခွင့်ရေးချိုးဖောက်မှု့တွေအတွက် စွပ်စွဲချက်တွေကို အမြဲတမ်းလိုလို ငြင်းဆန်နေခဲ့ပါတယ်။ သြ ဂုတ်လ ၆ ရက်နေ့မှာ၊ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပေးထားတဲ့ ဒုသမ္မတဦးမြင့်ဆွေ ဦးဆောင်တဲ့ နောက်ထပ် စုံစမ်းရေး ကော်မရှင်တစ်ရပ်ကလည်း အောက်တိုဘာလကတည်းက မောင်တောမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်ရေးချိုးဖောက် မှု့ တသီတတန်းကြီး ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချခဲ့ပြန်ပါတယ်။

    လူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ ရာဇ၀တ်မှုမှု မရှိဘူး၊ ကုလသမဂ္ဂက စွပ်စွဲသလို လူမျိုးတုန်းသုတ်သင်မှု အထောက်အထားလည်း မတွေ့ခဲ့ရဘူးလို့ ဒု-သမ္မတ ဦးမြင့်ဆွေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    ဦးမြင့်ဆွေကော်မရှင်ရဲ့ စုံစမ်းတဲ့နည်းပညာနဲ့ လက်တွေ့လေ့လာမှု့တွေဟာ “အတော်လေးကို ပျော့ကွက်ဟာကွက်တွေ” ရှိနေပြီး သူတို့ရဲ့လေ့လာတွေ့ရှိချက်တွေဟာ ယုံကြည်မှု အသွင်သဏ္ဍာန်ကင်းမဲ့နေတယ်လို့ Fortify Rights က ပြောကြား ခဲ့ပါတယ်။

    “စစ်မှန်တဲ့ တိုးတက်မှုကိုဆောင်ရွက်ဖို့၊ ရက်စက်ကြမ်းကြုတ်မှုတွေကို ကုစားဖို့အတွက် အာနန်ကော်မရှင်ရယ်၊ ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ မြန်မာ့လူ့အဖွဲ့အစည်းအကြားမှာ အစိုးအနေနဲ့ အခွင့်အအလမ်းတစ်ရပ် ရှိနေပါတယ်” လို့ မတ်သယူးစမစ်က ပြောကြားခဲ့ပါတယ်။

    “တစ်ချို့ အာဏာပိုင်တွေ ရခိုက်ပြည်နယ်ကိစ္စကို ရင်ဆိုင်မဖြေရှင်းဘဲ ရှောင်ပုန်းဖို့ ကြိုးစားနေကြပါတယ်။ အချက်အလက်တွေကို ရှာဖွေဖို့၊ ကျူးလွန်သူတွေကို အရေးယူဖို့အတွက် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေမှာ စစ်တပ်နဲ့ အရပ်သားအာဏာပိုင်တွက ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ ဒီ့အပြင် အခြားနည်းလမ်း မရှိပါဘူး”

     

    (Myanmar: Implement Recommendations of Kofi Annan-led Commission ကို ရဲသူရိန်မှ ဘာသာပြန်ဆိုထားပါသည်။)

  • ဆီးဂိမ် ဘောလုံး ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ထိုင်းအသင်း တွေ့မည်

    ဆီးဂိမ် ဘောလုံး ဆီမီးဖိုင်နယ်တွင် မြန်မာနှင့် ထိုင်းအသင်း တွေ့မည်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    အုပ်စုပွဲအပြီး ရပ်တည်မှု

    – မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ကျင်းပပြုလုပ်နေတဲ့ ၂၉ ကြိမ်မြောက်ဆီးဂိမ်း အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု A မှာ ဒုတိယနေရာ ရခဲ့တဲ့ မြန်မာအသင်းဟာ ဆီမီးဖိုင်နယ်မှာ ထိုင်းအသင်းနဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။

    ဒီနေ့ညနေမှာ ကစားခဲ့တဲ့ အုပ်စုB နောက်ဆုံးပွဲစဉ်မှာ ထိုင်းက ဗီယက်နမ်ကို ၃ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်လာခဲ့ပါတယ်။ ကမ္ဘောဒီးယားကို အနိုင်ရခဲ့တဲ့ အင်ဒိုနီးရှားအသင်းကတော့ အုပ်စုဒုတိယ ရခဲ့ပြီး အုပ်စု A ပထမ အိမ်ရှင်မလေးရှားနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့ဆုံရမှာဖြစ်ပါတယ်။

    ဆီးမီးဖိုင်နယ် ပွဲစဉ်တွေကို သြဂုတ်လ ၂၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။

    ဂိုးအများဆုံး သွင်းထားသူများစာရင်း