News @ M-Media

Blog

  • လူမျိုးရေးခွဲခြားသူများကို ပညာပေးသည့် လှုပ်ရှားမှုတစ်ခုကို ဂျာမနီ စူပါမားကတ်က ပြုလုပ်

    လူမျိုးရေးခွဲခြားသူများကို ပညာပေးသည့် လှုပ်ရှားမှုတစ်ခုကို ဂျာမနီ စူပါမားကတ်က ပြုလုပ်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    ဟမ်းဘတ်ရှိ Edeka စူပါမားကတ်

    – လူမျိုးရေးခွဲခြားမှု၏ ဆိုးကျိုးနှင့် မတူကွဲပြားမှု၏ အရေးကြီးပုံတို့ကို မီးမောင်းထိုးပြရန်အတွက် ဂျာမနီရှိ အကြီးဆုံး စူပါမားကတ်တစ်ခုမှာ ၎င်းဆိုင်ရှိ နိုင်ငံခြားဖြစ်ပစ္စည်းများအားလုံးကို ဖယ်ရှားခဲ့ပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် သတင်းစကားများဖြင့် အစားထိုးခဲ့သည်ဟု သိရသည်။

    ဟမ်းဘတ်မြို့ရှိ Edeka စူပါမားကတ်တွင် ထိုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတစ်ဝှမ်းရှိ ၎င်းတို့၏ အခြား ကုန်တိုက်များတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်သွားရန် ရှိနေသည်။

    ဈေးဝယ်သူများမှာ ကုန်တိုက်အတွင်းရှိ စင်များအားလုံးနီးပါး ဟာလာဟင်းလင်းဖြစ်နေသည်ကို တွေ့ရှိရသောကြောင့် အံ့သြသွားခဲ့ပြီး ၎င်းတို့၏ နေ့စဉ်လိုအပ်ချက်များအတွက် အခြားသော တိုင်းပြည်များအပေါ် မှီခိုနေရသည်ကိုလည်း သတိပြုမိခဲ့သည်။

    ကုန်ပစ္စည်းများအစား “မတူကွဲပြားမှုမရှိရင် ဒီစင်က တော်တော်ပျင်းဖို့ကောင်းမှာပဲ” “မတူညီတဲ့တိုင်းပြည်တွေရဲ့ တာသွားမှုကို အခုတော့ သိသွားပြီ” “နိုင်ငံခြားသားတွေ မရှိရင် ဒီလို ဟာလာဟင်းလင်း ဖြစ်နေမှာပဲ” “မတူကွဲပြားမှုသာမရှိရင် ငါတို့တွေ ဒုက္ခရောက်မှာ” စသည့် ဆိုင်းဘုတ်များကို စူပါမားကတ်က ဖော်
    ပြထားသည်။

    Edeka ၏ ထိုလှုပ်ရှားမှုမှာ ဂျာမန်ပြည်သူများအကြား မတူညီသော တုန့်ပြန်မှုများကို ဖြစ်စေပြီး ထိုလုပ်ရပ်၏ တာသွားမှုအတွက် ချီးကျူးသူများ ရှိခဲ့သည်။

    ခရစ်ယာန် ဒီမိုကရက်တစ်ယူနီယံပါတီ ဒုတိယဥက္ကဌ ဂျူလီယာ ကလော့က်နာက ထိုလုပ်ရပ်မှာ ပညာသားပါသည့် ဆောင်ရွက်ချက်ဖြစ်ပြီး တစ်ချို့သောသူများကို အတွေးတစ်စ ထည့်ပေးလိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း လာမည့်လ အထွေထွေရွေးကောက်ပွဲရှိနေချိန် နိုင်ငံရေးအနေအထားကို အသုံးချ၍ ဈေးကွက်မြှင့်တင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြောကြားမှုများလည်း ရှိနေသည်။

    ပြောင်းရွှေ့အခြေချသူ ဆန့်ကျင်ရေး Alternative for Germany (AfD) ပါတီမှ မားကက်ဇ် ပရက်ဇဲလ်က ထိုသို့ဆောင်ရွက်ခြင်းမှာ ဉာဏ်သွားခြင်းမဟုတ်ဘဲ ရူးနှမ်းခြင်းသာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၁ သန်းကို လက်ခံရန် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်က ၂၀၁၅ ခုနှစ်တွင် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း လက်ရှိ ဂျာမနီနိုင်ငံရေးနယ်ပယ်၏ အဓိက အာရုံစိုက်မှုမှာ ပြောင်းရွှေ့အခြေချမှုပြဿနာ ဖြစ်နေသည်။

    Edeka ကုမ္ပဏီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့မှာ မတူကွဲပြားမှုဘက်မှ ရပ်တည်ပြီး၊ ဂျာမနီရှိ ဒေသအသီးသီးမှ ထွက်သော ကုန်ပစ္စည်းများကိုလည်း ရောင်းချကြောင်း ပြောကြားခဲ့သည်။

    “ဒါပေမယ့် တစ်ခြားတိုင်းပြည်တွေက ထွက်ကုန်တွေ ပါမှသာ အမယ်စုံကို ဖြစ်စေတာပါ။ ဒါဟာ ကျွန်တော်တို့ရဲ့ စားသုံးကုန်အပေါ်ထားတဲ့ တန်ဖိုးပါပဲ။ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုက အပြုသဘောဆောင်တဲ့ တုန့်ပြန်မှုတွေ ရရှိတဲ့အတွက် ကျေနပ် ပီတိဖြစ်ရပါတယ်”

    Ref: Independent

  • တရုတ်မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ဂျိုဟိုးပြင်ဆင်

    တရုတ်မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ဂျိုဟိုးပြင်ဆင်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    မွှားရှိ ဆူလ်တန်အီဘရာဟင် ဗလီဝတ်ကျောင်းတော်

    – တရုတ်နိုင်ငံမှ မွတ်စလင်ခရီးသွားများကို စွဲဆောင်ရန် ရည်ရွယ်သော ဆောင်ရွက်မှုများကို မလေးရှားရှိ ဂျိုဟိုးပြည်နယ်က လုပ်ဆောင်နေသည်ဟု သိရသည်။

    မလေးရှား ခရီးသွားလာရေး၊ ကုန်သွယ်ရေးနှင့် စားသုံးကုန်ဆိုင်ရာ ကော်မတီမှ ဥက္ကဌဖြစ်သူ Tee Siew Kiong က ဂျိုဟိုးပြည်နယ်တွင် တရုတ်နိုင်ငံမှ အစ္စလာမ်ဘာသာဝင်များ အထူးသဖြင့် ရှင်ကျန်းနှင့် ဂန်းဆူပြည်နယ်မှ တရုတ်မွတ်စလင်ခရီးသွားများကို ဆွဲဆောင်နိုင်မည့် နေရာများစွာ ရှိနေသည်ဟု ဆိုသည်။

    “ဘာသာရေးနဲ့ ယဉ်ကျေးမှုရှုထောင့်အရ ကြည့်မယ်ဆိုရင် ကျွန်တော်တို့မှာ တူညီမှုတွေ အများကြီးရှိပါတယ်။ ဗလီတွေရှိတယ်၊ ၀တ်ပြုဆောင်တွေ၊ ဟာလာလ်လက်မှတ်ရ စားသောက်ဆိုင်တွေ၊ ကျွန်းတွေ၊ ကမ်းခြေတွေ၊ ကစားကွင်းတွေလည်းရှိပြီး ကျွန်တော်တို့အကြောင်း ပိုသိချင်တဲ့သူတွေအတွက် ဒါတွေက စွဲဆောင်နိုင်စရာတွေပါပဲ” ဟု Tee Siew Kiong က ပြောကြားခဲ့သည်။

    “ဂန်းဆူပြည်နယ်မှာ လူ ၂၃ သန်းလောက်ရှိပြီး အများစုက မွတ်စလင်တွေပါ။ ရှင်ကျန်းမှာလည်း ၂၅ သန်းရှိပြီး ၆၀ ရာခိုင်နှုန်းက မွတ်စလင်တွေဖြစ်ပါတယ်”

    တရုတ်နိုင်ငံမှ ခရီးသွားများမှာ မလေးရှားသို့ ဇူလိုင်လအလယ်မှ သြဂုတ်လအထိ၊ ဆောင်းရာသီ၊ တရုတ်နှစ်သစ်ကူး၊ အောက်တိုဘာလတွင် ကျရောက်သည့် အမျိုးသားနေ့ ပိတ်ရက် စသည့်ကာလများတွင် လာရောက်လည်ပတ်လေ့ရှိသည်။

    မလေးရှား ခရီးသွားလာရေး မှတ်တမ်းများအရ ဂျိုးဟိုးသို့ ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှ စက်တင်ဘာလအထိ ခရီးသွားပေါင်း ၄.၉ သန်း လာရောက်ပြီး ၁.၈၁၆ သန်းမှာ နိုင်ငံခြားသားများဖြစ်သည်ဟု သိရသည်။

    Ref: Straitstimes

  • လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေး

    လုံခြုံရေးစိုးရိမ်ရမှုကြောင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံထွက်ပြေး

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေကြသည့် ရိုဟင်ဂျာများ

    – မတည်မငြိမ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ အစိုးရတပ်တွေ အင်အားဖြည့်တင်းမှု ပြုလုပ်လာတဲ့အတွက် လုံခြုံရေး စိုးရိမ်ရတာကြောင့် ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလာဒေ့ရှက်ဘက်ကို ထပ်မံထွက်ပြေးခဲ့တယ်လို့ သိရပါတယ်။

    ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာခေါင်းဆောင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ အနည်းဆုံး ရိုဟင်ဂျာ ၃၅၀၀ လောက် ရောက်လာကြတယ်လို့ AFP သတင်းဌာနကို ပြောကြားခဲ့တာပါ။

    ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေ၊ ကမ်းခြေစောင့်တပ်တွေ နယ်စပ်မှာ အားဖြည့်ထားတဲ့ကြားကနေ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်ရှိလာခဲ့ကြတာ ဖြစ်ပါတယ်။

    ဘင်္ဂလားဒေ့ရှ် နယ်ခြာစောင့်တပ်ဖွဲ့ကတော့ သူတို့ဟာ ကလေးငယ်တွေ အပါအ၀င် ရိုဟင်ဂျာ ၃၁ ယောက်ပါဝင်တဲ့ လှေတစ်စီးကို မြန်မာဘက် ပြန်ပို့လိုက်တယ်လို့ ဒီတစ်ပတ်ထဲမှာ ပြောကြားထားပါတယ်။

    “ဘာလူခါလီ စခန်းတစ်ခုတည်းမှာပဲ ရခိုင်ပြည်နယ်က ရွာတွေကကနေ ရိုဟင်ဂျာ ၃၀၀၀ လောက် ရောက်လာကြပါတယ်” လို့ အဘ်ဒူလ် ခါလစ်ဆိုသူက ပြောကြားခဲ့ပါတယ်။

    ဘာလူခါလီဒုက္ခသည်စခန်းဟာ နတ်မြစ်ဘေးနားမှာရှိပြီး ရခိုင်ပြည်နယ်က ရောက်ရှိလာသူတွေ ပထမဆုံးနေထိုင်တဲ့ စခန်းဖြစ်ပါတယ်။

    အခြားစခန်းတစ်ခုက ရိုဟင်ဂျာခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကမာလ် ဟူစိန်က ပြီးခဲ့တဲ့ ၁၁ ရက်အတွင်းမှာ ရိုဟင်ဂျာမိသားစု ၇၀၀ နီးပါး ရောက်လာကြကြောင်း၊ စခန်းမှာ နေရာမရှိတဲ့အတွက် တော်တော်များများဟာ ဟင်းလင်းပြင်မှာ အိပ်စက်ရကြောင်း ပြောကြားခဲ့ပါတယ်။

    ပြီးခဲ့တဲ့လအတွင်း မြိုတိုင်းရင်းသားတစ်ချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံရပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ်မှာ တပ်တွေကို တိုးမြှင့်ချထားခဲ့ပြီး အကြမ်းဖက်သမားတွေကို နှိမ်နှင်းရေး ဆောင်ရွက်ဖို့ဖြစ်တယ်လို့ ပြောကြားထားပါတယ်။

    ဒီသတ်ဖြတ်မှုကို ဘယ်သူဘယ်ဝါက လုပ်တယ်ဆိုတာ အစိုးရက တရားဝင် သတင်းထုတ်ပြန်တာမျိုး မရှိပေမယ့် ရခိုင် နိုင်ငံရေးအသိုင်းအ၀ိုင်းက လူတစ်ချို့နဲ့ မီဒီယာတစ်ချို့ကတော့ ဘင်္ဂါလီအကြမ်းဖက်သမားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ အခိုင်အမာ ဖော်ပြကြပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက် စစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာတွေကို တရားလက်လွတ် သတ်ဖြတ်မှုတွေ၊ အုပ်စုဖွဲ့အဓမ္မကျင့်မှုတွေရှိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာတွေရဲ့ ပြောကြားမှုကို ကိုးကားပြီး ကုလကအခုနှစ်စောပိုင်းက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီကိစ္စတွေကို ငြင်းဆိုခဲ့ပြီး ချဲ့ကားပြောဆိုတာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    Ref: Aljazeera

  • ကာလာရှင်ကော့ဗ်ကထုတ်တဲ့ ဒရုန်းဖျက်သေနတ်

    ကာလာရှင်ကော့ဗ်ကထုတ်တဲ့ ဒရုန်းဖျက်သေနတ်

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media


    – ဒရုန်းတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တွေအတွက် လက်ရှိမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။

    အဲဒီ ဒရုန်းတွေကို ချေမှုန်းနိုင်ဖို့အတွက် ကမ္ဘာတစ်ဝှမ်းက စစ်လက်နက်ကုမ္ပဏီတွေဟာ ဒရုန်းဖျက်လက်နက်တွေကို အပြိုင်အဆိုင် ထုတ်လုပ်လာကြပါတယ်။

    နာမည်ကျော် AK-47 ရိုင်ဖယ်ကို ထုတ်လုပ်တဲ့ ရုရှားက ကာလာရှင်ကော့ဗ်ကုမ္ပဏီဟာ REX-1 လို့ခေါ်တဲ့ ဒရုန်းဖျက်လက်နက်တစ်ခုကို ထုတ်လုပ်ခဲ့ပြီး အခုတစ်ပတ်အတွင်း မော်စကိုမှာပြုလုပ်ခဲ့တဲ့ လက်နက်ပြပွဲမှာ ပြသခဲ့ပါတယ်။

    ပဲ့ထိန်းဒုံးကျည်စနစ်တွေ၊ တင့်ဖျက်လက်နက်တွေနဲ့ အခြား နောက်ဆုံးပေါ်လက်နက်မျိုးစုံပါဝင်တဲ့ ဒီပြပွဲမှာ REX-1 ကို လူတွေက ပိုမိုစိတ်ဝင်စားခဲ့ကြပါတယ်။

    ဒီဗီဒီုယိုကတော့ REX-1 ဒရုန်းဖျက်လက်နက်နဲ့ စွမ်းဆောင်နိုင်မှုကို လက်တွေ့ သရုပ်ပြထားတာ ဖြစ်ပါတယ်။

    Source – RT

  • လူမျိုးရေးအစွန်းရောက်များကို နှိမ်နှင်းရန် အမေရိကန်ကို ကုလ တိုက်တွန်း

    လူမျိုးရေးအစွန်းရောက်များကို နှိမ်နှင်းရန် အမေရိကန်ကို ကုလ တိုက်တွန်း

    သြဂုတ် ၂၄၊ ၂၀၁၇
    M-Media

    လူဖြူအစွန်းရောက်များ၏ ချီတက် ဆန္ဒပြမှု မြင်ကွင်း

    – အမေရိကန်နိုင်ငံမှာ မြင့်တက်လာတဲ့ လူမျိုးရေးခွဲခြားတဲ့ လှုံ့ဆော်မှုတွေ၊ ရာဇ၀တ်မှုတွေကို တစ်ညီတစ်ညွတ်တည်း၊ ခြွင်းချက်မရှိ ရှုတ်ချဖို့အတွက် ကုလက တိုက်တွန်းချက် ထုတ်ပြန်ခဲ့ပြီး ဒီလိုသာ မလုပ်ဘူးဆိုရင် အကြမ်းဖက်မှုတွေ ပိုဖြစ်လာနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။

    ကုလရဲ့ လူမျိုးရေးခွဲခြားမှု ပပျောက်ရေးကောင်စီ (CERD) က ‘ကနဦးသတိပေးခြင်းနှင့် အလျင်အမြန် ဆောင်ရွက်ရန် တိုက်တွန်းခြင်း’ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဒီခေါင်းစဉ်ဟာ ဆိုးရွားတဲ့ အခြေအနေမျိုးကို တွေ့ရမှ ထုတ်ပြန်တဲ့ ရှားရှားပါးပါး ကြေငြာချက်မျိုး ဖြစ်ပါတယ်။

    အခုလစောပိုင်းက ဗာဂျီးနီးယားပြည်နယ် ချားလော့စ်ဗီလီမြို့မှာ လူဖြူအစွန်းရောက်တွေရဲ့ ဆန္ဒပြမှုအတွင်း ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး၊ အစွန်းရောက်တွေဘက်က ကားနဲ့ တိုက်သတ်ခဲ့တာကြောင့် အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

    ထရမ့်က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အစွန်းရောက်တွေနဲ့ သူတို့ကို ဆန့်ကျင်တဲ့အုပ်စု နှစ်ဖက်စလုံးကို အပြစ်တင်ခဲ့တာကြောင့် သူ့ရဲ့ အစွန်းရောက်တွေကို ကာကွယ်ပေးတဲ့ ဒီမှတ်ချက်အတွက် ဝေဖန်မှုတွေကိုလည်း ခံခဲ့ရပါတယ်။

    CERD ရဲ့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ထရမ့်ရဲ့ ဒီလုပ်ရပ်ကို ရှုတ်ချထားပြီး လူမျိုးရေးလှုံ့ဆော်မှုတွေကို အမေရိကန်ရဲ့ ထိပ်ပိုင်း နိုင်ငံရေးအသိုင်းအ၀ိုင်းက ကန့်ကွက်ဖို့ ပျက်ကွက်တာဟာ စိတ်ပျက်စရာကောင်းတယ်လို့လည်း ဖော်ပြထားပါတယ်။

    ဒီလို ပျက်ကွက်ဟာဟာ အမေရိကန်နိုင်ငံအတွင်း လူမျိုးရေးခွဲခြားမှုသဘောထားတွေ၊ လုပ်ရပ်တွေကို ပြန့်နှံ့အောင် မီးထိုးပေးသလို ဖြစ်နေတယ်လို့လည်း ကြေငြာချက်က သတိပေးခဲ့ပါတယ်။

    “လူဖြူအစွန်းရောက်တွေ၊ နာဇီလက်သစ်တွေ၊ KKK ဂိုဏ်းတွေရဲ့ သိသိသာသာ လှုံ့ဆော်လာမှု၊ ကျွေးကျော်မှု၊ အလေးပြုမှုတွေနဲ့အတူ လူမျိုးရေးခွဲခြားမှု အဖြစ်အပျက်တွေကြောင့် ကျွန်တော်တို့ စိုးရိမ်မိပြီး ဒါဟာဟာ လူဖြူအစွန်းရောက်ဝါဒကို အားကောင်းစေကာ၊ လူမျိုးရေးမုန်းတီးမှု၊ ခွဲခြားမှုတွေကို လှုံ့ဆော်ပေးနေပါတယ်” လို့ CERD ဥက္ကဌ အန်နက်စ်တာစီယာ ခရစ်ကလေးက ပြောကြားခဲ့ပါတယ်။

    လူမျိုးရေးအကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်သူတွေကို တရားစွဲဆိုသင့်ပြီး အပြစ်ရှိကြောင်း တွေ့ရှိရတဲ့အခါမှာ သူတို့ရဲ့ ရာဇ၀တ်မှု အတိမ်အနက်ကိုလိုက်ကာ ထိရောက်တဲ့ အရေးယူ အပြစ်ပေးမှုတွေ လုပ်ဖို့လည်း ကုလ ကျွမ်းကျင်သူတွေက တိုက်တွန်းခဲ့ပါတယ်။

    “အမေရိကန်အာဏာပိုင်တွေအနေနဲ့ ဒီလို လူမျိုးရေးခွဲခြားမှု သဘောထားတွေ ပြန့်နှံ့ခြင်းရဲ့ အခြေခံအကြောင်းအရင်းကို ဖြေရှင်းသင့်ပြီး၊ လူမျိုးရေးခွဲခြားမှု အဖြစ်အပျက်တွေကို စေစေငှငှ စုံစမ်းစစ်ဆေးဖို့ လိုပါတယ်” လို့ ကြေငြာချက်မှာ တိုက်တွန်းခဲ့ပါတယ်။

    လွတ်လပ်စွာ ဖော်ထုတ်မှု၊ အသင်းအဖွဲ့ဖွဲ့စည်းမှုနဲ့ ငြိမ်းချမ်းစွာ စုဝေးမှုတွေဟာ အခြားသူတွေရဲ့ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို မထိခိုက်စေဖို့အတွက် အာဏာပိုင်တွေအနေနဲ့ သေချာအောင် ဆောင်ရွက်သွားဖို့လည်း ကုလက တိုက်တွန်းခဲ့ပါတယ်။

    လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တိုက်ဖျက်ရေး ကုလရဲ့ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားတဲ့ ၁၇၇ နိုင်ငံမှာ အမေရိကန်လည်း ပါဝင်ပါတယ်။ CERD ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မှတ်တမ်းတွေကို ပုံမှန် သုံးသပ်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။

    Ref: Aljzeera