News @ M-Media
Blog
  • ပါလက်စတိုင်းကိစ္စကို အရှိအတိုင်းတင်ပြသည့် Aljazeera သတင်းဌာနကို ပိတ်ရန် အစ္စရေး စီစဉ်
    ပါလက်စတိုင်းကိစ္စကို အရှိအတိုင်းတင်ပြသည့် Aljazeera သတင်းဌာနကို ပိတ်ရန် အစ္စရေး စီစဉ်
    သြဂုတ် ၇၊ ၂၀၁၇
    M-Media
    ဂျေရုစလင်ရဲ့ အလ်ဂျာဇီးရား ရုံးခန်း
    – ဂျေရုစလင် အခြေစိုက်တဲ့ အလ်ဂျာဇီးရားသတင်းဌာနရုံးက ၀န်ထမ်းတွေအပေါ် အသိအမှတ်ပြုထားမှုကို ရုပ်သိမ်းဖို့ အစ္စရေးက စီစဉ်နေပြီး ဒါဟာ သတင်းဌာနတစ်ခုလုံးကို ပိတ်ပစ်ဖို့ ခြေလှမ်းအစလည်း ဖြစ်ပါတယ်။
    မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းဖွဲမှာ အစ္စရေးပြန်ကြားရေးဝန်ကြီး အေယူဘ် ကာရာက ဒီအစီအစဉ်ကို ကြေငြာလိုက်တာဖြစ်ပြီး အလ်ဂျာဇီးရားရုံးတွေကို ပိတ်ပစ်ကာ၊ သူတို့အလုပ်တွေကို တားမြစ်လိုက်တဲ့ ဆွန်နီအာရပ်လေးနိုင်ငံရဲ့ ဆုံးဖြတ်ချက်ကို အခြေခံတာဖြစ်တယ်လို့ ဆိုပါတယ်။
    သူ့ရဲ့ ဒီတောင်းဆိုမှုကို နောက်တစ်ခါ လွှတ်တော်အစည်းအဝေးမှာ ဆွေးနွေးပေးဖို့လည်း ကာရာက မျှော်လင့်နေပါတယ်။
    “ကျွန်တော် လွတ်လပ်စွာဆောင်ရွက်နိုင်ခွင့် ရလာဖို့အတွက် ဥပဒေပြုရေး လွတ်တော်လမ်းကြောင်းကနေတစ်ဆင့် ဒါကိုလုပ်သွားမှာ။ တတ်နိုင်သမျှမြန်မြန် ဒါကို အဆုံးသတ်ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ” လို့ ၀န်ကြီးက ပြောကြားခဲ့ပါတယ်။
    အသိအမှတ်ပြုမှု ရုပ်သိမ်းခံရမယ့် သတင်းထောက်တွေက အလ်ဂျာဇီးရားရဲ့ အာရပ်နဲ့ အင်္ဂလိပ်အစီအစဉ် နှစ်ခုစလုံးက ဖြစ်ပါတယ်။
    ပါလက်စတိုင်းပိုင်နက်တွေ ကျူးကျော်ခံနေရတာ၊ ပါလက်စတိုင်းပြည်သူတွေကို အစ္စရေးက ဖိနှိပ်သတ်ဖြတ်နေတာတွေကို ဖော်ပြမှုအတွက် အစ္စရေးက အလ်ဂျာဇီးရားသတင်းဌာနအပေါ် အမြင်မကြည်တာ ကြာမြင့်နေပါပြီ။
    ပြီးခဲ့တဲ့လက ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင်မှာရှိနေတဲ့ အလ်-အက်ဆာ ဗလီဝတ်ကျောင်းတော်ကို အပိုင်စီးလိုပြီး ပါလက်စတိုင်းတွေ ၀င်ရောက်ခွင့်ကို ပိုမို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုတဲ့ အစ္စရေးရဲ့ ဆောင်ရွက်ချက်တွေကို မြေပြင်အရှိအတိုင်း အလ်ဂျာဇီးရားသတင်းဌာနက နေ့စဉ်လိုလို တင်ပြခဲ့မှု နောက်ပိုင်းမှာတော့
    အစ္စရေးဟာ ဂျေရုစလင်က ရုံးခန်းကို ပိတ်ပစ်ဖို့အထိ ကြိုးစားလာပါတယ်။
    ဒီသတင်းဌာနကို ပိတ်ပစ်မယ်လို့ အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုဟာ ဇူလိုင်လ ၂၇ ရက်နေ့မှာ ဒီစကားကို ထပ်ပြောခဲ့ပြီး အလ်ဂျာဇီးရားသတင်းဌာနဟာ အကြမ်းဖက်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
    လက်ရှိမှာ အလ်ဂျာဇီးရားသတင်းထောက်တွေရဲ့ အသိအမှတ်ပြုလက်မှတ်တွေကို ရုပ်သိမ်းပြီးတဲ့နောက်ပိုင်း ဂျေရုစလင်က ရုံးကိုက ပိတ်ပစ်ဖို့ အစ္စရေးက စီစဉ်နေတာဖြစ်ပြီး ပါလက်စတိုင်းပိုင်နက်တွေဖြစ်ကာ အစ္စရေးက ကျူးကျော်သိမ်းပိုက် ပိတ်ဆို့ထားတဲ့ အနောက်ဖက်ကမ်းနဲ့ ဂါဇာဒေသတွေက ရုံးတွေကိုကတော့ ဒီကိစ္စမှာ ပါဝင်ဖွယ် မရှိပါဘူး။
    ဒီကိစ္စကို အစ္စရေးအစိုးရက ဘယ်တော့ ဆောင်ရွက်မလဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရပါဘူး။
    သတင်းဌာန၏ တုန့်ပြန်မှု
    အလ်-အက်ဆာဗလီကိစ္စမှာ မိမိတို့အနေနဲ့ ကျင့်ဝတ်မဲ့စွာ ဖော်ပြတာမျိုး မရှိဘူးလို့ အလ်-ဂျာဇီးရားက သတင်းဌာနက ပြောကြားခဲ့ပြီး၊ အစ္စရေးရဲ့ ဒီလုပ်ရပ်တွေကိုလည်း ရှုတ်ချကြောင်း မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။
    “အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကနေ ထွက်လာမယ့် အခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေမှာဖြစ်ပြီး၊ ဥပဒေကြောင်းအရ လိုအပ်တာတွေ လုပ်သွားမယ်” လို့ ကြေငြာချက်က ဆိုပါတယ်။
    ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ ပါလက်စတိုင်းပိုင်နက်တွေက သတင်းတွေကို ကျင့်ဝတ်နဲ့ ညီညွတ်စွာ တိတိကျကျ ဖော်ပြပေးသွားမယ်လို့လည်း သတင်းဌာနက ပြောကြားခဲ့ပါတယ်။
    သတင်းအဖွဲ့များကလည်း ဆန့်ကျင်
    ဘေရွတ် အမေရိကန်တက္ကသိုလ်က ရာမီ ခူရီက အစ္စရေးရဲ့ ဒီအစီအစဉ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ ဒေသတွင်းက အာဏာရှင်တွေ ပုံမှန်လုပ်လေ့ရှိတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    “အာဏာဆုပ်ကိုင်ထားချင်တဲ့ အာဏာရှင်တွေ အမြဲတမ်းလိုလို ပစ်မှတ်ထားတာက ၂ ခုရှိပါတယ်။ တစ်ခုက မီဒီယာဖြစ်ပြီး နောက်တစ်ခုက နိုင်ငံခြားသားတွေပါ။ အာဏာရှင်တိုင်းက မီဒီယာကို ပစ်မှတ်ထားပါတယ်”
    လန်ဒန်အခြေစိုက် ဂျာနယ်လစ်ဇင်အဖွဲ့ Ethical Journalism Network ဒါရိုက်တာဖြစ်သူ အိုင်ဒန် ၀ှိုက်ကလည်း အစ္စရေးရဲ့ ဒီလုပ်ရပ်ဟာ လွတ်လပ်စွာ သတင်းတင်ပြခွင့်ကို တိုက်ခိုက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
    “တုန်လှုပ်စရာကောင်းတဲ့ ထုတ်ပြန်ချက်ပဲဗျ။ ဒေသတွင်းမှာ တစ်ခုတည်းသော ဒီမိုကရေစီနိုင်ငံ ဖြစ်တယ်ဆိုတဲ့ အစ္စရေးရဲ့ကျွေးကြော်မှုကို ဒါက လုံးဝဖျက်ဆီးလိုက်ပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ဒီမိုကရေစီရဲ့ အရေးပါဆုံး အသင်းအဖွဲ့တွေထဲက တစ်ခုရဲ့အခြေကို သွားထိလိုက်လို့ပါပဲ။ အလ်ဂျာဇီးရားကို ဒီလိုတိုက်ခိုက်မှုဟာ လွတ်လပ်တဲ့ ဂျာနယ်လစ်ဇင်အားလုံးကို တိုက်ခိုက်မှုလည်းဖြစ်ပါတယ်”
    The Committee to Protect Journalists ရဲ့ ဝေဖန်မှုမှာ အလ်ဂျာဇီးရားသတင်းဌာနကို ဆင်ဆာဖြတ်တာ၊ ပိတ်တာတွေ လုပ်တာက ဒေသတွင်းမှာ တည်ငြိမ်မှုကို ဆောင်ကျဉ်းမပေးနိုင်ကြောင်း၊ သတင်းလွတ်လပ်ခွင့်ရဲ့ ဒေသတွင်းက အဆိုးဝါးဆုံးရန်သူတော်စာရင်းမှာ အစ္စရေးကို ထည့်သွင်းလိုက်တာသာဖြစ်ကြောင်း၊ ဒီလို ဒီမိုကရေစီမကျတဲ့ လုပ်ရပ်တွေကို စွန့်လွှတ်ပြီး အလ်ဂျာဇီးရားနဲ့ သတင်းထောက်အားလုံးကို တစ်နိုင်ငံလုံးနဲ့ အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေမှာ လွတ်လပ်စွာ သတင်းရယူခွင့် ပြုသင့်ကြောင်း ပြောကြားခဲ့ပါတယ်။
    ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ဆော်ဒီနဲ့ ဂျော်ဒန်တို့ဟာ ကာတာအပေါ်ပြုလုပ်တဲ့ သံတမန်ရေးအရ ပိတ်ဆို့မှုအတွင်း အလ်ဂျာဇီးရားသတင်းဌာနကို ပိတ်ပင်ခဲ့ပြီး၊ ယူအေအီးကလည်း ပိတ်ပင်ထားပါတယ်။
    အီဂျစ်ကတော့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက အလ်ဂျာဇီးရား သတင်းဌာနကို ပိတ်ပင်ထားတာဖြစ်ပါတယ်။
    Ref: Aljazeera
  • စင်ကာပူသမ္မတအဖြစ် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ရောက်အရွေးခံမည်
    စင်ကာပူသမ္မတအဖြစ် လွှတ်တော်ဥက္ကဌ မွတ်စလင်အမျိုးသမီး ၀င်ရောက်အရွေးခံမည်
    သြဂုတ် ၇၊ ၂၀၁၇
    M-Media
    စင်ကာပူ လွှတ်တော်ဥက္ကဌ ဟာလီမာ ယာကွဘ်
    – လက်ရှိတွင် စင်ကာပူ လွှတ်တော်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် မွတ်စလင်အမျိုးသမီး ဟာလီမာ ယာကွဘ်က မကြာခင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည်ဟု ယမန်နေ့တွင် ကြေငြာလိုက်သည်။
    “ရွေးကောက်တင်မြှောက်ခံရတဲ့ သမ္မတနေရာဟာ စင်ကာပူပြည်သူအားလုံးနဲ့ စင်ကာပူနိုင်ငံ အကျိုးအတွက် ဆောင်ရွက်ပေးဖို့ အင်မတန်ကောင်းမွန်တဲ့နေရာဆိုတာ ကျွန်မသိပါတယ်။ ဒါ့ကြောင့် လာမယ့် သမ္မတရွေးကောက်ပွဲမှာ ကျွန်မ ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတာ အသိပေးချင်ပါတယ်” ဟု ဟာလီမာက Marsiling Mega Sports Park တွင်ပြုလုပ်သည့် အမျိုးသားနေ့ ညစာစားပွဲတွင် ပြောကြားခဲ့သည်။
    စင်ကာပူတွင် ယခုတစ်ကြိမ်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမည့်အလှည့်မှာ မလေးလူမျိုးများ၏ အလှည့်ဖြစ်ပြီး မဒမ် ဟာလီမာမှာ ယနေ့တွင် လွှတ်တော်ဥက္ကဌအဖြစ်မှလည်းကောင်း၊ လွှတ်တော်အမတ်အဖြစ်မှလည်းကောင်း နှုတ်ထွက်သွားမည်ဖြစ်သည်။
    သူမတာဝန်ထမ်းဆောင်နေသည့် လွှတ်တော်အမတ်နေရာအတွင် အလျင်အမြန် အစားထိုးပေးရန် ၀န်ကြီးချုပ် လီရှန်လွန်းကို တောင်းဆိုထားသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။
    ညစာစားပွဲအပြီး မီဒီယာသို့ ဖြေကြားမှုတွင် ဟာလီမာက သမ္မတရာထူးမှာ ‘အလွန်မလွယ်သည့်အလုပ်ဖြစ်ပြီး၊ တာဝန်ကြီးသောကြောင့်’ ‘သေသေချာချာ စဉ်းစားရန်’ အချိန်ယူခဲ့ရသည်ဟု ပြောကြားခဲ့သည်။
    “သမ္မတရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ရေး စဉ်းစားဖို့ စင်ကာပူပြည်သူတွေရဲ့ တိုက်တွန်းမှုအတွက် ကျွန်မအနေနဲ့ တော်တော်လေး ပီတီဖြစ် ဂုဏ်ယူမိပါတယ်”
    အဆိုပါ ‘ခက်ခဲသည့် ဆုံးဖြတ်ချက်’ ကို ချမှတ်ရန်အတွက် မိသားစုဝင်များ၊ လုပ်ဖော်ကိုင်ဖက်များ၊ ရင်းနှီးသည့် သူငယ်ချင်းများနှင့် တွေ့ဆုံကာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်း တိုင်ပင်ခဲ့ရသည်ဟုလည်း ဟာလီမာက ဆိုသည်။
    အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Lawrence Wong က မဒမ်ဟာလီမာမှာ သူမ၏ ဆုံးဖြတ်ချက်အတွက် ၎င်းအပါအ၀င် Marsiling-Yew Tee ဒေသမှ လွှတ်တော်အမတ်များနှင့် ဆွေးနွေးခဲ့သည်ဟု Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    ဟာလီမာကလည်း သမ္မတဆိုသည်မှာ နိုင်ငံကို စည်းလုံးစေကာ၊ စင်ကာပူနိုင်ငံနှင့် စင်ကာပူပြည်သူများအကျိုးကို ဆောင်ရွက်ပေးခြင်းဟူသည့် တန်ဖိုးများကို ပြသရမည်သူဖြစ်သည်ဟု မိမိထင်ကြောင်း ယမန်နေ့က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။
    “ဒီလိုသမ္မတမျိုး ကျွန်မ လိုချင်တာပါ။ ဒီလိုသမ္မတမျိုး ကျွန်မဖြစ်ချင်တာပါ” ဟု သူမက ရေးသားခဲ့သည်။
    စင်ကာပူသမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာလတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မလေးလူမျိုး သမ္မတလောင်းများ၏ လျှောက်ထားမှုများကို ဇွန်လ ၁ ရက်နေ့က စတင်လက်ခံခဲ့ကာ ယခုလအတွင်း ရွေးကောက်ပွဲဆိုင်ရာ ထုတ်ပြန်မှုများ ပြုလုပ်ပြီး ၅ ရက်အကြာတွင် လျှောက်လွှာပိတ်မည်ဖြစ်သည်။
    Ref: CNA
  • အာဏာရှင်လက်မည်းနဲ့ ပွင့်လင်းမြင်သာမရှိတဲ့ YBS ကိစ္စအတွက် ဖိအားရှိနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်
    အာဏာရှင်လက်မည်းနဲ့ ပွင့်လင်းမြင်သာမရှိတဲ့ YBS ကိစ္စအတွက် ဖိအားရှိနေတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်
    သြဂုတ် ၆၊ ၂၀၁၇
    M-Media
    ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် လှည်းကူး၌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တွေ့ရသည့် ဦးဖြိုးမင်းသိန်း
    – ရန်ကုန်က ဘတ်စ်ကားလိုင်းတွေ ပြုပြင်ပြောင်းလဲမှုအတွင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ဆောင်ရွက်ချက်တွေဟာ ပွင့်လင်းမြင်သာမှု မရှိတဲ့အတွက် NLD ပါတီအတွင်းမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်နေပြီး၊ နိုင်ငံတကာ သံတမန်တွေကလည်း အမြင်မကြည်မှုတွေ ရှိနေတယ်လို့ Reuters သတင်းဌာနက ဒီနေ့မှာ ဖော်ပြလိုက်ပါတယ်။
    တရုတ်နိုင်ငံက ဘတ်စ်ကားပေါင်း ၂ ထောင်လောက်ကို ကန်ဒေါ်လာ သန်း ၁၀၀ ကျော်နဲ့ ၀ယ်ယူဖို့ သဘောတူညီချက်နှစ်ခုနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းအတွင်းက NLD အမတ်တွေဟာ ဒီကုန်ကျစားရိတ်တွေအတွက် မေးခွန်းတွေထုတ်နေကာ ဦးဖြိုးမင်းသိန်းဟာ ခရိုနီဝါဒဆန်ဆန်လုပ်ကာ တာဝန်ခံမှုမရှိဘူးလို့လည်း စွပ်စွဲထားပါတယ်။
    “ဦးဖြိုးမင်းသိန်းအစိုးရဟာ ပွင့်လင်းမြင်သာမှု မရှိပါဘူး။ ဒါကို သူမပြောင်းလဲဘူးဆိုရင် အစိုးရရဲ့ ပုံရိပ်ဟာ ပျက်စီးသွားပါလိမ့်မယ်” လို့ ရန်ကုန်က NLD လွှတ်တော်အမတ် ဦးကျော်ဇေယျရဲ့ ပြောကြားမှုကို သတင်းဌာနက ဖော်ပြထားပါတယ်။
    တရုတ်ကုမ္ပဏီတွေနဲ့ နိုင်ငံကို ဆယ်စုနှစ်ချီ အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင်ဟောင်းနဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးသမားတစ်ယောက်အကြား သဘောတူခဲ့တဲ့ ဒီဘတ်စ်ကားဝယ်ယူရေးကိစ္စဟာ အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေး အထစ်အငေါ့ဖြစ်နေတယ်လို့ နိုင်ငံခြားသံတမန်တွေက ဆိုပါတယ်။
    ဒီအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရက လုပ်ပိုင်ခွင့်ချပေးမှုမှာ ဥပေဒချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ အထောက်အထားတွေ မတွေ့ရပေမယ့် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ စီးပွားကူးသန်းဝန်ကြီး ဦးသန်းမြင့်ထံကို ပေးပို့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသံအမတ် ရိုလန် ကိုဘီယာရဲ့ စာမှာ စောဒကတက်ထားပါတယ်။
    “စီးပွားရေးမှာ မျှတစွာ ယှဉ်ပြိုင်မှုကို ကာလရှည် တားဆီးခဲ့တဲ့ ပြည်တွင်းနဲ့ ဒေသတွင်းလူတစ်ချို့က လက်ရှိ ပြည်တွင်းစီးပွားရေးကို လွှမ်မိုးထားတာဖြစ်ပါတယ်” လို့ ကိုဘီယာက ဇွန်လအတွင်းမှာ ပေးပို့ခဲ့တဲ့ အဲဒီစာထဲမှာ ရေးသားထားတာကို တွေ့ခဲ့ရကြောင်း Reuters က ဖော်ပြထားပါတယ်။ ဒါပေမယ့် ဒီစာထဲမှာ ဘတ်စ်ကားကိစ္စကို ရည်ညွှန်းဖော်ပြထားခြင်း မရှိပါဘူး။
    တရုတ်ဘတ်စ်ကားတွေဟာ နိုင်ငံတကာက ဘတ်စ်ကားတွေထက် ထက်ဝက်လောက်ဈေးသက်သာပေမယ့် မြန်မြန်ဆန်ဆန် ဟောင်းနွမ်းပြီး၊ အစားထိုးရမယ့် အခြေအနေမျိုး ရှိနေပါတယ်။
    Reuters က သူတို့ အင်တာဗျူးဖို့ တောင်းဆိုမှုကို ဦးဖြိုးမင်းသိန်းက ငြင်းဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။ ဦးဖြိုးမင်းသိန်းနဲ့ အခြားဝန်ကြီးတွေက ဒီလိုဝယ်ယူမှုကိစ္စကို ကာကွယ်ပြောဆိုထားပြီး တရုတ်အစိုးရနဲ့ မြန်မာအစိုးရတို့အကြား ရရှိတဲ့ အဲဒီသဘောတူညီချက်မှာ ဈေးလျှော့ပေးတာတွေ၊ အလျင်အမြန် ပို့ပေးတာတွေ လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
    ကိုဘီယာက ဥရောပက ကုမ္ပဏီတွေဟာ မြန်မာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ရှိပေမယ့် သဘောတူညီမှုတွေအတွက် မျှတတဲ့အခွင့်အရေးမျိုး ပိုမိုလိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်လွင်ကတော့ Reuters ကို မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
    အမြန်လို
    ကမ္ဘာ့ဘဏ်ရဲ့ ရင်းနှီးမြှုပ်နှံမှုအဖွဲ့ဖြစ်တဲ့ International Finance Corporation က ပြီးခဲ့တဲ့နှစ်မှာ အဆိုပြုခဲ့တဲ့ သယ်ယူပို့ဆောင်ရေးကွန်ယက် အဆင့်မြှင်တင်ရေး အစီအစဉ်ကို အသေးစိတ်အချက်အလက်မှာ သဘောကွဲလွဲမှုတွေ၊ ပွင့်လင်းတဲ့ တင်ဒါခေါ်ယူမှုတွေလုပ်ငန်းတွေကြောင့် ရန်ကုန်အာဏာပိုင်တွေက ပယ်ချခဲ့တယ်လို့လည်း Reuters သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
    ပြင်သစ်နဲ့ နယ်သာလန်တို့က ကုမ္ပဏီတွေက လာရောက်ဆွေးနွေးခဲ့ကြပေမယ့် ရန်ကုန်ဝန်ကြီးချုပ် တောင်းဆိုသလောက် မြန်မြန်ဆန်ဆန် ဘတ်စ်ကားတွေကို မပေးပို့နိုင်တဲ့အတွက် အစီအစဉ်ပျက်သွားတယ်လို့ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့ သံတမန်တွေနဲ့ ညှိနှိုင်းသူတွေက ပြောပါတယ်။
    နောက်ပိုင်းမှာ ရန်ကုန်အစိုးရရဲ့ အများပိုင် ဘတ်စ်ကားလိုင်းကုမ္ပဏီ (YBPC) ဟာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်က ရွေးပေးတဲ့ တရုတ်ကုမ္ပဏီနှစ်ခုကနေ ဘတ်စ်ကား ၁၀၀၀ လောက် ၀ယ်ယူခဲ့ပါတယ်။
    နောက်ပိုင်းမှာ အာဏာရှင်ဟောင်း ဦးနေ၀င်းရဲ့ မြေးဖြစ်သူ ကျော်နေ၀င်းက တတိယမြောက် တရုတ်ကုမ္ပဏီတစ်ခုနဲ့ သဘောတူညီချက်ရယူပြီး နောက်ထပ် ဘတ်စ်ကား ၁၀၀၀ ကို ၀ယ်ယူခဲ့ပါတယ်။
    ဒီသဘောတူညီချက်တွေကို လက်မှတ်မထိုးခင် အများပြည်သူသိအောင် တင်ဒါခေါ်တာ၊ ရန်ကုန်တိုင်းလွှတ်တော်မှာ ဆွေးနွေးတာတွေ မလုပ်ခဲ့ပါဘူး။
    “ဟုတ်ပါတယ်။ ဒီကိစ္စမှာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ လူတွေက ပြောနိုင်ပါတယ်။ ဒါပေမယ့် တင်ဒါခေါ်လည်း ပိုကောင်းဖို့မရှိပါဘူး။ ဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းကို ထိန်းသိမ်းဖို့ပါ” လို့ YBPC ဥက္ကဌ ဦးမောင်မောင်က ပြောပါတယ်။
    တရုတ်မျက်နှာကြည့်ရ
    တရုတ်ပစ္စည်းတွေအတွက် မြန်မာနိုင်ငံမှာ စိုးရိမ်မှုတွေရှိနေပေမယ့် စက်တင်ဘာလက တရုတ်နိုင်ငံကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်တဲ့အခါ တရုတ်သမ္မတ ရှီကျင့်ဖျင်က တရုတ်သံရုံးအနေနဲ့ အကောင်းဆုံး ကုမ္ပဏီတွေကို ကူညီရွေးချယ်ပေးနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း ဒီဘတ်စ်ကား သဘောတူညီချက်မှာ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုက အကြီးတန်းအရာရှိက ပြောကြားခဲ့ပါတယ်။
    ဘတ်စ်ကားတစ်စီးကို ကန်ဒေါ်လာ ၅၆၀၀၀ လောက်ပေးရပြီး သဘောတူညီချက်ကို ဧပြီလ ၁၁ ရက်နေ့မှာ လက်မှတ်ထိုးခဲ့ပါတယ်။ နှစ်လအကြာမှာပဲ တရုတ်ကုမ္ပဏီတွေဖြစ်တဲ့ Anhui Ankai Automobil Co Ltd နဲ့ Zhengzhou Yutong Bus Co တို့က အ၀ါရောင်ဘတ်စ်ကား ၅၀၀ စီပေးပို့ခဲ့ပါတယ်။
    ပုဂ္ဂလိကပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Zhengzhou Yutong ကို တရုတ်ပြည်သူ့အမျိုးသားကွန်ဂရက်ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ Yuxiang Tang က ဦးဆောင်ထားတာပါ။
    ဒီကုမ္ပဏီနှစ်ခုကို ဘယ်လိုစံတွေနဲ့ ရွေးချယ်ခဲ့လည်းဆိုတာ မသိရပေမယ့် ဦးမောင်မောင်ကတော့ ကုမ္ပဏီအခြေစိုက်တဲ့ ပြည်နယ်အစိုးရတွေက အရည်အသွေးနဲ့ပတ်သက်ပြီး အာမခံပေးခဲ့တယ်လို့ ဆိုပါတယ်။
    အရွေးခံရတဲ့ ကုမ္ပဏီတစ်ခုက မန်နေဂျာက သူတို့အနေနဲ့ အခြားတိုင်းပြည်တွေကို ပို့မယ်ဆိုရင် တင်ဒါလုပ်ငန်းစဉ်တွေ၊ လိုက်နာရမယ့် စည်းကမ်းတွေ ရှိပြီး မြန်မာနိုင်ငံနဲ့ရရှိတဲ့ သဘောတူညီချက်မျိုးက ရှားတယ်လို့ Reuters ကို ပြောကြားခဲ့ပါတယ်။
    မြန်မာနိုင်ငံက တရုတ်သံရုံးကလည်း Reuters ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်း မရှိပါဘူး။
    ချွေတာရေး
    လာက်ကျရင် ဟောင်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ဒီကားတွေပြီးရင် လျှပ်စစ်ကားတွေနဲ့ အစားထိုးဖို့ ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားခဲ့ပေမယ့် ၁၀ စုနှစ်တစ်ခုအတွင်းမှာတောင် ဖြေရှင်းနိုင်ဖို့မရှိတဲ့ တိုင်းပြည်ရဲ့ ဓာတ်အားမလုံလောက်မှုပြဿနာကြောင့် ဒါဟာ လက်တွေ့ကျတဲ့ကိစ္စမျိုး မဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက ဝေဖန်ထားကြပါတယ်။
    အနောက်နိုင်ငံက ကျွမ်းကျင်သူတွေက ပို့ဆောင်ရေးဘတ်စ်ကားတစ်စီးရဲ့ သက်တမ်းဟာ ပုံမှန်အားဖြင့် ဒီထက် ၂ ဆလောက် ရှိရမယ်လို့ ဆိုပါတယ်။
    အဖြေမရသော မေးခွန်းများ
    ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ်တွေက ဒီဇင်ဘာလအတွင်းမှာ ငွေကျပ် ၇၀၀ ဘီလီယံ (ကန် ၅၁.၅ သန်း) အတည်ပြုခဲ့ပြီး ဒီငွေတွေဟာ သယ်ယူပို့ဆောင်ရေအတွက် ဖြစ်ပါတယ်။
    ဧပြီလက ဘတ်စ်ကားဝယ်ယူဖို့အတွက် စာချုပ်ချုပ်ဆိုပြီးနောက်ပိုင်မှာ တစ်ချို့အမတ်တွေက ငွေသုံးစွဲမှု၊ စီးပွားရေးပလန်၊ ဘတ်စ်ကားတွေကို ရွေးချယ်မှုတွေနဲ့ပတ်သက်ပြီး စောဒကတွေ တက်ခဲ့ကြပေမယ့် အဖြေတော့ မရခဲ့ပါဘူး။
    ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဒီသဘောတူညီချက်တွေအတွက် ဘယ်လိုငွေသုံးစွဲခဲ့သလဲဆိုတာကို အသေးစိတ်ပြောပြဖို့ Reuters ကို ငြင်းဆိုခဲ့ပါတယ်။
    မြန်မာနိုင်ငံကို ၁၉၈၈ ခုနှစ်အထိ အုပ်စိုးခဲ့တဲ့ အာဏာရှင်အစိုးရကို ဦးဆောင်တဲ့ ဦးနေ၀င်းရဲ့မြေးဖြစ်သူ ကျော်နေ၀င်း ဒီကိစ္စမှာ ပါဝင်မှုကိုလည်း NLD လွှတ်တော်အမတ် တစ်ချို့က သဘောမကျဘဲ စစ်အာဏာရှင်လက်ထက်က ငွေဝင်လမ်းဖြောင့်တဲ့ စီမံကိန်းတွေကို သူတို့နဲ့ ပတ်သက်ဆက်နွယ်တဲ့ လူတစ်စုကိုသာ ပုံမှန်လိုလိုပေးခဲ့တဲ့ ခရိုနီဝါဒမျိုး ဖြစ်နေတယ်လို့လည်း ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။
    စစ်အာဏာရှင်မျိုးဆက် ကျော်နေ၀င်းဟာ တရုတ်နိုင်ငံပိုင် Beiqi Foton Motor Co Ltd ကုမ္ပဏီကနေ ဘတ်စ်ကားတွေကို ၀ယ်ယူခဲ့တာဖြစ်ပေမယ့် အသေးစိတ်ကို ပြောပြဖို့ ငြင်းဆိုခဲ့ပါတယ်။ Beiqi Foton ကလည်း Reuters ရဲ့ မေးမြန်းမှုကို မဖြေခဲ့ပါဘူး။
    ဒီသဘောတူညီချက်ကြောင့် ရန်ကုန်မြို့ရဲ့ အကြီးဆုံး ဘတ်စ်ကားလိုင်း ပြေးဆွဲသူဖြစ်လာတဲ့ ကျော်နေ၀င်းက သူဟာ ရိုးရိုးသားသားနဲ့ ရန်ကုန်ပြည်သူတွေအတွက် ၀န်ဆောင်မှုကောင်းတွေကို ပေးချင်သူ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    (Reuters သတင်းဌာနတွင် ဖော်ပြသည့် Suu Kyi’s man in Yangon under fire over transit deal with China ဆောင်းပါးကို လေးမောင်က ကောက်နှုတ်ပြန်ဆိုသည်။)
  • ရခိုင်ကိစ္စ ကုလ၏စွပ်စွဲမှု မှန်ကန်ခြင်းမရှိဟု အစိုးရစုံစမ်းရေးကော်မရှင်ပြော
    ရခိုင်ကိစ္စ ကုလ၏စွပ်စွဲမှု မှန်ကန်ခြင်းမရှိဟု အစိုးရစုံစမ်းရေးကော်မရှင်ပြော
    သြဂုတ် ၆၊ ၂၀၁၇
    M-Media
    – ကုလရဲ့ အစီရင်ခံစာထဲမှာဖော်ပြထားသလို ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို စနစ်တကျ သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ မီးရှို့ဖျက်ဆီးတာမျိုးတွေ မရှိဘူးလို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရိုဟင်ဂျာစစ်သွေးကြွတွေက နယ်ခြားစောင့်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ ဒီလိုကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့အတွက် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အစိုးရက ဖွဲ့စည်းခဲ့တာပါ။
    ကော်မရှင်ရဲ့ ဒီနေ့ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အဓမ္မကျင့်တာ၊ သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကို စနစ်တကျလုပ်နေတဲ့ အထောက်အထားတွေကို မတွေ့ရပေမယ့် အောက်ခြေက တပ်ဖွဲ့ဝင်တစ်ချို့ဟာ အင်အားအလွန်အကျွံသုံးတာမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။
    “(ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့) တစ်ချို့အဖြစ်အပျက်တွေဟာ ချဲ့ကားပြောဆိုတာဖြစ်ပြီး၊ တစ်ချို့ဟာတွေက အထောက်အထား မရှိသလောက်ပါပဲ” လို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။
    ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးတွေပြုလုပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေထဲက မျက်မြင်သက်သေ ၂၀၄ ဦးရဲ့ ပြောကြားမှုကို အခြေခံပြီး ဖေဖော်ဝါရီလက ကုလကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ကလေးတွေကို သတ်ဖြတ်တာ၊ အမျိုးသားတွေကို နှိပ်စက်တာမျိုးတွေ ရှိပြီး ဒါတွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်နေကြောင်း ဖော်ပြခဲ့ပါတယ်။
    ဒါပေမယ့် ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က “ဒီလိုလုပ်ရပ်မျိုးတွေ” မတွေ့ရကြောင်း၊ ကုလရဲ့ တွေ့ရှိချက်တွေဟာ မမျှတဘဲ၊ ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေကို ဂရုမစိုက်ကြောင်း ပြောကြားခဲ့ပါတယ်။
    ရခိုင်ပြည်နယ်က ကိစ္စတွေအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် အဖွဲ့ဝင် ၃ ဦးပါ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ခုကို စေလွှတ်ဖို့ ကုလက စီစဉ်ထားပေမယ့် မြန်မာနိုင်ငံဘက်ကတော့ ပြည်ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။
    မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ချေဖျက်ဖို့အတွက် ပြဿနာဖြစ်နေစဉ်အတွင်း အဲဒီဒေသမှာ နိုင်ငံခြားမီဒီယာတွေ၊ NGO အဖွဲ့တွေကို ၀င်ခွင့်ပေးသင့်ကြောင်း မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားခဲ့ပြီး၊ အောက်ခြေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးဖို့၊ ဒေသတွင်း တာဝန်ရှိသူတွေရဲ့ ခြစားမှုကို တိုက်ဖျက်ဖို့၊ စစ်သွေးကြွသံသယရှိသူတွေကို မြန်ဆန်ပြီး မျှတတဲ့ ကြားနာမှုတွေ လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
    Ref: Straits Times
  • ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်
    ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်
    သြဂုတ် ၅၊ ၂၀၁၇
    M-Media
    – ဂျော်ဒန်ဘုရင် ဘဘ်ဒူလာ ၂ မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့သို့ လာမည့်သီတင်းတင်းပတ် အစောပိုင်းတွင် သွားရောက်ရန် ရှိနေပြီး ၅ နှစ်အတွင်း ပါလက်စတိုင်းသို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။
    တနင်္လာနေ့တွင် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံရန်ရှိနေပြီး ၂၀၁၄ ခုနှစ်ကတည်းက ရပ်တန့်နေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး အကြောင်းများကို ဆွေးနွေးမည်ဟု ဖာတာပါတီမှ ထိပ်တန်းတာဝန်ရှိသူ မိုဟာမက် ရှာတေယဟ်က ပြောကြားခဲ့သည်။
    ၂၀၀၄ ခုနှစ် အစ္စရေးနှင့် ငြိမ်းချမ်းစာချုပ်အရ ဂျော်ဒန်မှာ ဂျေရုစလင်ရှိ အစ္စလာမ်ဘာသာဝင်များ၏ မြင့်မြတ်ရာနေရာများကို ထိန်းသိမ်းစောင့်ရှောက်ရသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ အစ္စရေးက သိမ်ပိုက်ထားသည့် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်း၏ နိုင်ငံရေးမြို့တော် ရာမာလာကို ဘုရင် အဒ်ဒူလာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် နောက်ဆုံး ရောက်ရှိခဲ့သည်။
    ဂျေရုစလင်ရှိ ဟရမ် အလ်-ရှရစ်ဖ် ပရ၀ုဏ်ဂိတ်ပေါက်ဝအတွင် အစ္စရေးက သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများကို တပ်ဆင်ကာ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်မှုနောက်ပိုင်း ဖြစ်လာခဲ့သည့်ပြဿနာကို ပြေလည်စေရေး ပြီးခဲ့သည့်လတွင် ဂျော်ဒန်က ၀င်ရောက်ဖြေရှင်းပေးခဲ့သည်။
    Ref: Alarabiya