News @ M-Media
Blog
  • အမေရိကန်ပိုက်နက်အား တိုက်ခိုက်ရန် စီစဉ်နေသည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
    အမေရိကန်ပိုက်နက်အား တိုက်ခိုက်ရန် စီစဉ်နေသည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်
    သြဂုတ် ၉၊ ၂၀၁၇
    M-Media
    – အမေရိကန်၏ ပစိဖိတ်ပိုင်နက်ဖြစ်သော ဂူအမ်ကျွန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ရန်အတွက် မိမိတို့က စီစဉ်နေသည်ဟု မြောက်ကိုရီးယားက ယနေ့တွင် သတိပေးလိုက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြင်းထန်သည့် ခြိမ်းခြောက်မှု ပေါ်ထွက်လာပြီးနောက် နာရီပိုင်းအကြာတွင် ယခုကဲ့သို့ တုန့်ပြန်ခဲ့ခြင်းဖြစ်သည်။
    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA မှ ထုတ်ပြန်သော စစ်တပ်၏ ကြေငြာချက်တွင် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မိမိတို့အနေဖြင့် ခေါင်းဆောင် ကင်ဂျုံအန် ဆုံးဖြတ်ချက်ချမှတ်ပါက မည်သည့်အချိန်တွင်မဆို အဆတ်မပြတ် တိုက်ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။
    မြောက်ကိုရီးယားစစ်တပ်မှ အခြားပြောရေးဆိုခွင့် ရှိသူများကလည်း အမေရိကန်ဘက်မှ ကျူးကျော်ရန်စလိုမှု လက္ခဏာကို မြင်ရပါက ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားမည်ဟု ဆိုသည်။
    အမေရိကန်ကို နျူလက်နက်ဖြင့် တိုက်ခိုက်နိုင်ရန်အတွက် မြောက်ကိုရီးယားက ဆောင်ရွက်နေသည်ဆိုသည့်သတင်း ထွက်ပေါ်လာပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မိမိတို့အနေဖြင့် ကမ္ဘာကြီးက မမြင်ခဲ့ဘူးသော ဆိုးဆိုးရွားရွား လက်တုန့်ပြန်မှုကို ပြုလုပ်သွားမည်ဟု ယမန်နေ့တွင် ခြိမ်းခြောက်ခဲ့သည်။
    မြောက်ကိုရီးယားနှင့် ကီလိုမီတာ ၃၄၀၀ ကျော်ဝေးသော ဂူအမ်ကျွန်းမှာ ပစိဖိတ်၌ အမေရိကန်၏ မဟာဗျူဟာကျသည့် စစ်အခြေစိုက်စခန်းဖြစ်ပြီး အမေရိကန် ရေတပ်နှင့် လေတပ်တို့ ရှိနေသည်။ ကျွန်းလူဦးရေမှာ ၁၆၀၀၀၀ ၀န်းကျင်သာရှိနေပြီး အမေရိကန်စစ်သည်ပေါင်း ၆၀၀၀ ခန့် ရှိသည်။
    Ref: Aljazeera
  • စစ်ပွဲတွေနဲ့ အဆိုးဝါးဆုံး လူမှုကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ယီမင်
    စစ်ပွဲတွေနဲ့ အဆိုးဝါးဆုံး လူမှုကျန်းမာရေးပြဿနာကို ရင်ဆိုင်နေရတဲ့ ယီမင်
    သြဂုတ် ၉၊ ၂၀၁၇
    M-Media
    – အာရပ်ဒေသက အာဏာရှင်တွေကို ပြည်သူတွေက ဖြုတ်ချဖို့ ကြိုးစားတဲ့ ၂၀၁၁ ခုနှစ်ကနေစပြီး မတည်မငြိမ်ဖြစ်လာတဲ့ ယီမင်နိုင်ငံဟာ အခုအချိန်မှာ ပြည်တွင်းစစ်ဝဲဂယက်ထဲ ရှောက်ရှိနေပါပြီ။
    ရှီအာအတိုက်အခံအုပ်စု၊ အာဏာရှင်ဟောင်းဆာလေကို ထောက်ခံတဲ့အုပ်စု၊ ဆော်ဒီဦးဆောင်တဲ့ နိုင်ငံခြား မဟာမိတ်အုပ်စု၊ ပြည်ပြေးသမ္မတ ဟာဒီကို ထောက်ခံတဲ့အုပ်စု စတဲ့အဖွဲ့တွေအကြား ဖြစ်ပွားနေတဲ့ ပြဿနာဟာ
    လတ်တလော ပြေလည်ဖို့ အလားအလာ မရှိပါဘူး။
    အလ်ကိုင်ဒါးနဲ့ IS တို့ကလည်း ဒီမတည်ငြိမ်မှုကို အခွင့်ကောင်းယူပြီး သူတို့သြဇာကြီးထွားအောင် ဆောင်ရွက်လာကြပါတယ်။
    မြေဇာပင်ဖြစ်ရတာကတော့ ပြည်သူတွေဖြစ်ပြီး သောင်းနဲ့ချီသေဆုံးကာ၊ ၃ သန်းကျော်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ ဒီအခြေအနေမှာ သန့်ရှင်းတဲ့သောက်သုံးရေမရတာ၊ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်မျိုး မရှိတာကြောင့် နိုင်ငံတစ်ဝှမ်းမှာ ၀မ်းရောဂါလည်း ကူးစက်ဖြစ်ပွားနေပါတယ်။
    ချက်ခြင်းလိုအပ်တဲ့ အကူအညီတွေသာမရရင် ယီမင်ပြည်သူ ၁၇ သန်းလောက်ဟာ အငတ်ဘေးနဲ့ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။
    အာရပ်ဒေသရဲ့ အဆင်းရဲဆုံး ယီမင်နိုင်ငံရဲ့ အခြေအနေတွေကို ဒီဗီဒီယိုမှာ အပြည့်အစုံ ရှုစားရမှာပါ။
  • အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေး သီတဂူငြိမ်းချမ်းရေး ညီလာခံ ထုတ်ပြန်
    အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေး သီတဂူငြိမ်းချမ်းရေး ညီလာခံ ထုတ်ပြန်
    သြဂုတ် ၉ ၊ ၂၀၁၇
    M-Media
    သတင်း- သီဟ
    ဓါတ်ပုံ-HTOO Group
    အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စများတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေး၊ဘာသာရေးကို ခုတုံးလုပ်၍ အမုန်းစကား ပြောဆိုခြင်း၊ မဟုတ်မမှန် ဝါဒဖြန့်ခြင်းများအပေါ် ထောက်ပံ့ကူညီသူများကို ကန့်ကွက်ကြောင်း သီတဂူနိုင်ငံတကာ ဗုဒ္ဓအကယ်ဒမီ၌ ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ငြိမ်းချမ်းရေး၊ ညီညွှတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံ ညီလာခံအပြီး၌ တက်ရောက်လာသော ဘာသာရေး ခေါင်းဆောင်များနှင့် သုတေသီများက ဩဂုတ်လ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
    ၂ ရက်ကြာ ဆွေးနွေးမှုများအပြီး အချက် ၁၀ ချက်ပါဝင်သည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါသဘောတူ ကြေညာချက် ၁၀ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။
    ၁။ ကမ္ဘာ့ပြည်သူအပေါင်း စိုးရွံ့ထိပ်လန့်မူ့ ကင်းရှင်းစွာ အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ဘဝ လုံခြုံမှု အာမခံချက် အပြည့်အဝ ရှိနိုင်မည့် ညီညွှတ်သည့် လူမူဘဝ ဖန်တီးဖေါ် ဆောင်သွားမည်။
    ၂။ ဘာသာရေးကို ခုတုံးလုပ်လျက် အမုန်းစကား ပြောကြားခြင်း! မဟုတ်မမှန် ဝါဒဖြန့်ခြင်း၊ ယင်းတို့ အပေါ်အခြေတည်၍ ခိုက်ရန်ဖြစ်ပွားခြင်း ဆူပူသောင်းကျန်းခြင်း စစ်မက်ဖြစ်ပွားခြင်း မှန်သမျှ ကို လည်းကောင်း ယင်းလုပ်ရပ်များအတွက် ထောက်ပံ့
    ကူညီသူများကို လည်းကောင်း ပြင်းထန်စွာ ပြစ်တင် ရှုတ်ချသည်။
    ၃။ ကမ္ဘာပေါ်ရှိ ဘာသာရေးခေါင်းဆောင်များ အားလုံး ဘာသာတရား၏ အဆုံးအမ များကို လိုက်နာခံယူပြီး ပြည့်ဝသော လူ့ဘောင်ဘဝ တည်ဆောက်သူများ အဖြစ် ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပိုမိုတိုးတက် ခိုင်မာစေရေး ကို ကြိုးပမ်းဆောင်ရွက် သွားကြမည်။
    ၄။မတူကွဲပြားသည့် ဘာသာဝင်များ အကြား အပြန် အလှန် နားလည်မူ လေးစားမူနှင့် ယုံကြည်မူ တည်ဆောက်ပြီး ငြိမ်းချမ်းလုံခြုံသည့် သာယာသောလူ့ဘောင်ဘဝ တည်ဆောက်သွားရန်လိုအပ်သည်။
    ၅။ အခြားကိုးကွယ်ရာ ဘာသာများ၏ အရေးကိစ္စ များတွင် ဝင်ရောက်စွတ်ဖက် နှောက်ယှက်ခြင်း မပြုရေးကို ထိန်းသိမ်းဆောင်ရွက်ပြီး ငြိမ်းချမ်းရေး အတွက် ပူးပေါင်းဆောင်ရွက်သွားကြမည်။
    ၆။ လူသားထု ဆက်လက်ရှင်သန် ရပ်တည်ရေးအတွက်များစွာ နောက်မကျမီ သဘာဝ ပတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေး ကို ဘာသာပေါင်းစုံ၏ အမွေခံ တာဝန်ဝတ္တရား အဖြစ် ဆောင်ရွက်သွားမည်။
    ၇။ ဘာသာပေါင်းစုံ ညီလာခံကို (SAMVAD 11 ) သို့  တက်ရောက်ခဲ့ကြသည့် အိန္ဒိယနိုင်ငံမှ ဘာသာရေးခေါင်းဆောင်များက ကိုးကွယ်ရာ ဘာသာများအကြားညီညွှတ်ချစ်ကြည်မူ ရရှိစေရေး အတွက် လိုအပ်ပါက၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၄ရက်နေ့မှ စတင်၍ ၄လ
    တစ်ကြိမ် တွေ့ဆုံ ဆွေးနွေးသွားရန် ဆုံးဖြတ်ကြသည်။
    ၈။သဘာဝ ပါတ်ဝန်းကျင် ကာကွယ်စောင့်ရှောက်ရေးအသိစိတ်ဓါတ် တိုးမြှင့်မူ အစီစဉ်များကို စုပေါင်းချမှတ်ပြီး လက်တွေ့ဆောင်ရွက်သွားမည်။
    ၉။အချင်းချင်း အပြန်အလှန်နားလည်မူ ယုံကြည်မူ တိုးမြှင့်ရေးအတွက် ဘာသာပေါင်းစုံ တရားစခန်း (Meditation Camp) တစ်ခု ဖွဲ့စည်းတည်ထောင်သွားမည်။
    ၁၀။ဘာသာ အသီးသီး၏ လမ်းစဉ်နှင့် အစဉ်အလာများကို တန်းတူညီမျှစွာ အသိအမှတ် ပြုရမည်။
    ယင်းညီလာခံသို့ အမေရိကန်၊ အင်္ဂလန်၊ စပိန်၊ တရုတ်၊ ဂျပန်၊ ဘူတန်၊ ပြင်သစ်၊ အိန္ဒိယ၊ သီရိလင်္ကာ အပါအဝင် ပြည်ပနိုင်ငံ ၃၂ နိုင်ငံမှ ဘာသာရေး ခေါင်းဆောင်များနှင့် ပြည်တွင်းပြည်ပ ပညာရှင်များ စုစုပေါင်း ၂၂၅ ဦး တက်ရောက် ဆွေးနွေးခဲ့သည်။
  • အမေရိကန်ကို နောင်ကျဉ်အောင် သင်ခန်းစာပေးမည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်
    အမေရိကန်ကို နောင်ကျဉ်အောင် သင်ခန်းစာပေးမည်ဟု မြောက်ကိုရီးယားခြိမ်းခြောက်
    သြဂုတ် ၈၊ ၂၀၁၇
    M-Media
    – မိမိတို့နိုင်ငံအား စစ်ရေးဖြင့် အရေးယူမှု ပြုလုပ်ပါက အမေရိကန်ကို ‘နောင်ကျဉ်သည့် သင်ခန်းစာမျိုး’ ပေးသွားရန် အဆင်သင့်ရှိနေပြီး မိမိတို့၏ နျူအစီအစဉ်နှင့် ဒုံးကျည်အစီအစဉ်အတွက် စားပွဲဝိုင်းသို့ မည်သည့်အခါမှ လာရောက်မည်မဟုတ်ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်သည်။
    အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများ၏ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပပြုလုပ်နေသော အစည်းအဝေးသို့ တက်ရောက်လာသည့် ၀န်ကြီး ရီယွန်ဟူက ယမန်နေ့တွင် ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။
    “မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ရန်လိုတဲ့ပေါ်လစီနဲ့ နျူကလီးယား ခြိမ်းခြောက်မှုတွေကို အခြေခံကျကျ မဖယ်ရှားသမျှ ကာလပတ်လုံး ကျွန်တော်တို့ကိုယ်တိုင်ဖောက်ထားတဲ့ နျူကလီးယားစွမ်းအင်မြှင့်တင်ရေး လမ်းကြောင်းကနေ တစ်လက်မမှ သွေဖည်သွားမှာ မဟုတ်ပါဘူး”
    ထို့ပြင် အမေရိကန်၏ စိတ်ထင်တိုင်း လုပ်ရပ်များမှာ ပိုမိုပြင်းထန်လာသောကြောင့် ကိုရီးယားကျွန်းဆွယ် အခြေအနေမှာ ပိုမို ဆိုရွားလာခဲ့သည်ဟုလည်း ရီယွန်ဟူက ပြောကြားခဲ့သည်။
    ယခုကဲ့သို့ သတိပေးမှုမှာ ကုလ လုံခြုံရေးကောင်စီက မြောက်ကိုရီးယားအပေါ် အရေးယူမှုအသစ်များ ပြုလုပ်ပြီးနောက်ပိုင်း ၂ ရက်အကြာတွင် ပေါ်ထွက်လာခြင်းဖြစ်သည်။ အဆိုပါ အရေးယူမှု အသစ်မှာ ပြီးခဲ့သည့်လက ပြုလုပ်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုကြောင့် ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဘီလီယံဖိုးရှိ ကျောက်မီးသွေး တင်ပို့မှုအပါအ၀င် အခြားသော တင်ပို့မှုများကို ပိတ်ပင်ခဲ့သည်။
    “မြောက်ကိုရီးယားကို ဆန့်ကျင်ပြီး ပူးပေါင်းစစ်ရေးဆောင်ရွက်နေတဲ့ အမေရိကန်ကလွဲလို့ တစ်ခြားတိုင်းပြည်တွေအတွက် နျူလက်နက်သုံးဖို့၊ ဒီလက်နက်နဲ့ခြိမ်းခြောက်ဖို့ ကျွန်တော်တို့မှာ ရည်ရွယ်ချက် မရှိပါဘူး” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။
    Ref: Aljazeera
  • နေးမာမှာ အသင်းအပေါ် သစ္စာမရှိဟု ဘာကာဥက္ကဌ ဝေဖန်
    နေးမာမှာ အသင်းအပေါ် သစ္စာမရှိဟု ဘာကာဥက္ကဌ ဝေဖန်
    သြဂုတ် ၈၊ ၂၀၁၇
    M-Media
    – ပီအက်စ်ဂျီသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိသွားသည့် ဘရာဇီးလ်တိုက်စစ်မှူး နေးမာမှာ အသင်းအပေါ် သစ္စာမရှိဟု ဘာစီလိုနာအသင်းဥက္ကဌ ဂျိုးဆက်ပ် မာရီယာ ဘာတိုမြူက ယမန်နေ့တွင် ဝေဖန်ပြောကြားလိုက်သည်။
    ဘာစီလိုနာ၏ ရာသီကြို ခြေစမ်းပွဲတစ်လျှောက်လုံးတွင် နေးမာ အသင်းမှထွက်ခွာတော့မည်ဆိုသည့် သတင်းများမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပြီး အသင်းဖော်များက ထိုကိစ္စအတွက် မေးမြန်းခဲ့သော်လည်း နေးမာမှာ နောက်ဆုံး စာချုပ်ချုပ်ဆိုချိန် ပြီးခဲ့သည့်တစ်ပတ် ကြာသာပတေးနေ့အထိ မည်သည့်တုန့်ပြန်မှုမှ မပြုလုပ်ခဲ့ပေ။
    “သူလုပ်တဲ့ ပုံစံမျိုးက မလုပ်သင့်မလုပ်ထိုက်တဲ့ ပုံစံမျိုးပါ။ ဒါဟာ ကစားသမားတွေဆီကနေ ကျွန်တော်တို့ မျှော်လင့်တဲ့ အပြုအမူမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အမြဲတမ်း ရှင်းရှင်းလင်းလင်း လုပ်ထားပြီး သူ့ဆီကလည်း ပြတ်ပြတ်သားသား သိချင်ခဲ့တာပါ။ တန်ဖိုးဆိုတာ ကျွန်တော်တို့အတွက် အရမ်းအရေးကြီးတဲ့အရာဖြစ်ပြီး ကစားသမားတွေအနေနဲ့ သူတို့ဟာ ကမ္ဘာ့အကောင်းဆုံး အသင်းမှာ ရှိနေတယ်ဆိုတဲ့ ခံစားချက်မျိုး လိုအပ်ပါတယ်” ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် ဘာစီလိုနာအသင်း ပရိတ်သတ်များ ညီလာခံတွင် ဘာတိုမြူက ပြောကြားခဲ့သည်။
    နေးမာမှာ ဘာကာတွင် ၄ ရာသီကစားကာ ၁၀၅ ဂိုး သွင်းယူပေးခဲ့ပြီး လာလီဂါ ၂ ကြိမ်၊ ဘုရင့်ဖလား ၃ ကြိမ်၊ ချန်ပီယံလိဂ်တစ်ကြိမ် ရရှိခဲ့သည်။
    “ဘယ်ကစားသမားမှ အသင်းအထက်မှာ မရှိပါဘူး။ အရာအားလုံးမှာ ကန့်သတ်ချက်တစ်ခုရှိနေပြီး ဒါ့ကြောင့်ပဲ ကျွန်တော်တို့ လုပ်စရာရှိတာ လုပ်ခဲ့တာပါ။ ကျွန်တော်တို့အသင်းအင်္ကျီကို ၀တ်ချင်တဲ့ လူတိုင်းအတွက် မက်ဆီနဲ့ အင်နီယေစတာတို့ဟာ သစ္စာရှိမှု ပြယုဂ်ပါပဲ” ဟု ဘာကာဥက္ကဌက ဆိုပြီး နေးမာမရှိသည့် ဘာစီလိုနာမှာ ရာသီသစ်အတွက် အသင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။
    Ref: Alarabiya