News @ M-Media

Blog

  • မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    မျိုးရိုးလိုက်တတ်သည့် ရောဂါများကို ဖယ်ရှားနိုင်တော့မည်

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ရောဂါဖြစ်နိုင်သည့် DNA ကို ဖယ်ရှားပြီးနောက် တွေ့ရသည့် သန္ဓေသားလောင်း

    – မျိုးရိုးလိုက်ပြီး ဖြစ်တတ်တဲ့ ကြောက်စရာ နှလုံးရောဂါရဲ့ DNA ကို သိပ္ပံပညာရှင်တွေက သန္ဓေသားလောင်းကနေ ပထမဆုံးအကြိမ် အောင်မြင်စွာ ဖယ်ထုတ်နိုင်ခဲ့ပြီး အနာဂတ်မှာ မျိုးရိုးလိုက်ရောဂါတွေကို တားဆီးနိုင်ရေး လမ်းစတစ်ခုလည်း ဖြစ်ပါတယ်။

    ဒီစမ်းသပ်မှုကို အမေရိကန်ပြည်ထောင်စု အော်ရီဂွန် ကျန်းမာရေးနဲ့ သိပ္ပံတက္ကသိုလ်၊ Salk Institute နဲ့ တောင်ကိုရီးယား Institute for Basic Science က ပညာရှင်တွေက ပူးပေါင်း ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရောဂါဖြစ်နိုင်တဲ့ DNA ကို ဖယ်ရှားပြီးတဲ့နောက် သန္ဓေသားလောင်းကို ၅ ရက်တာ ဆက်ထားခဲ့ကာ နောက်ပိုင်းမှာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ပါတယ်။

    နှလုံးရောဂါ၊ ရင်သားကင်ဆာအပါအ၀င် မျိုးရိုးလိုက်ဖြစ်တတ်တဲ့ ရောဂါပေါင်း တစ်သောင်းလောက်ကို ဖယ်ရှားနိုင်ရေး အလားအလာရှိတဲ့ ဒီစမ်းသပ်မှုကို ၂၀၁၅ ခုနှစ်က ဖန်တီးနိုင်ခဲ့တဲ့ Crispr နည်းပညာနဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

    ဒီလို DNA ဖယ်ရှားမှုကို အမျိုးသားဆီက သုတ်သွေးနဲ့ အမျိုးသမီးဆီက မမျိုးဥတို့ စတင်ပေါင်းစည်းတဲ့အချိန်မှာ ပြုလုပ်ရတာဖြစ်ပြီး သုတေသနအဖွဲ့က အဓိကတာဝန်ရှိသူ ဒေါက်တာ ရှူခရတ် မီတာလီပေါ့ဗ်က ဒီလိုဖယ်ရှားလိုက်ကာ ရောဂါကင်းသွားတဲ့ မျိုးရိုးဗီဇဟာ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဒီလို မျိုးရိုဗီဇ ပြုပြင်မှုမျိုးကို ၂၀၁၅ ခုနှစ်က တရုတ်နိုင်ငံမှာ ပြုလုပ်ခဲ့ပေမယ့် အပြည့်အ၀ မအောင်မြင်ခဲ့ပါဘူး။

    ဒီနည်းလမ်းရဲ့ အဓိက အခက်အခဲက ဘေးကင်းရေးဖြစ်ပြီး နောက်ထပ် ကျယ်ပြန့်တဲ့ စမ်းသပ်မှုတွေလုပ်ဖို့ လိုပါတယ်။ လက်ရှိမှာ ဒီနည်းလမ်းဟာ ကျင့်ဝတ်နဲ့ ညီပါ့မလားဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

    Ref: BBC

  • မြန်မာက ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်မပေးလျှင် သိက္ခာမဲ့နိုင်ငံစာရင်း ၀င်မည်ဟု HRW ပြော

    မြန်မာက ကုလအချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်မပေးလျှင် သိက္ခာမဲ့နိုင်ငံစာရင်း ၀င်မည်ဟု HRW ပြော

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် ယန်ဟီးလီ

    – လူ့အခွင့်အရေးကောင်စီရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်မပြုဘူးဆိုရင် မြန်မာနိုင်ငံဟာ သိက္ခာမဲ့တဲ့ အပယ်ခံနိုင်ငံတွေစာရင်းမှာ ပါဝင်သွားမှာဖြစ်ပြီး အဖွဲ့ဝင်ရောက်ခွင့်ရရေး ကုလအနေနဲ့ အားထုတ်လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ Human Rights Watch က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ဖွဲ့ကို ၂၀၁၇ ခုနှစ် မတ်လမှာ လူ့အခွင့်အရေးကောင်စီက ဖွဲ့စည်းခဲ့ပေမယ့် မြန်မာအစိုးရ အာဏာပိုင်တွေကတော့ ဒီအဖွဲ့ကို ၀င်ခွင့်ပေးမှာမဟုတ်ဘူးလို့ လူသိရှင်ကြား ပြောကြားထားပါတယ်။ ဒီအဖွဲ့ဟာ သြဂုတ်လမှာ လုပ်ငန်းစတင်မှာပါ။

    “အချက်အလက်ရှာဖွေရေးအဖွဲ့ကို နိုင်ငံအတွင်း ၀င်ရောက်ခွင့် ပိတ်မယ်လို့ မြန်မာနိုင်ငံရဲ့ ခြိမ်းခြောက်မှုဟာ လူ့အခွင့်အရေးအပေါ် အစိုးရရဲ့ ရပ်တည်ချက်ကို ထိခိုက်မှုနဲ့သာ အဆုံးသတ်သွားမှာပါ။ ဒီအဖွဲ့ဟာ ၀င်ခွင့်မရခဲ့ရင်တောင် သူတို့အနေနဲ့ လုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်ခံရသူတွေအတွက် တရားမျှတမှုကို မြှင့်တင်ပေးနိုင်မယ့် အစီရင်ခံစာမျိုး ထွက်လာမယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ HRW ဒါရိုက်တာ ဂျွန် ဖစ်ရှာက ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံအနေနဲ့ ဒီလိုခြိမ်းခြောက်မှုတွေ ထပ်လုပ်မယ်၊ အချက်အလက်ရှာဖွေရေးအဖွဲ့ဝင်တွေကို ၀င်ရောက်ဖို့ ငြင်းမယ်ဆိုရင် မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရစ်ထရီယာနဲ့ ဘူရန်ဒီတို့လို့ ဂုဏ်သိက္ခာမဲ့တဲ့ အပယ်ခံနိုင်ငံစာရင်းထဲမှာ ပါဝင်သွားမယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

    အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ လုပ်ငန်းအတွက် လိုအပ်ချက်တွေကို ဖော်ပြဖို့၊ သူတို့ရဲ့ တာဝန်ကို ရှင်းလင်းစေဖို့၊ အစိုးရရဲ့ ဟန့်တားမှုကို မီးမောင်းထိုးပြဖို့အတွက် HRW က အမေးအဖြေတစ်ခု ထုတ်ပြန်ဖို့ ရှိနေပါတယ်။

    အဲဒီ အမေးအဖြေထဲမှာ အဖွဲ့အကြောင်းနဲ့ တာဝန်တွေ၊ လက်ရှိ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေ၊ ဒီအဖွဲ့ကို ဗီဇာပိတ်မှုအတွက် သက်ရောက်နိုင်ဖွယ်ရှိတာတွေကို ဖော်ပြမှာ ဖြစ်ပါတယ်။

    “ဗီဇာမပေးဘူးလို့ ခြိမ်းခြောက်မှုမျိုးလို့ မြန်မာနိုင်ငံရဲ့ ဟန့်တားတဲ့နည်းလမ်းတွေကို ကုလက ဆန့်ကျင်ဖို့ လိုပါတယ်။ ဆိုးဆိုးရွားရွားနဲ့ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်မှုတွေအတွက် မြန်မာစစ်တပ်က တာဝန်ယူမှုမရှိဘဲ တစ်ချိန်လုံး ရှောင်နေပါတယ်။ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ရောက်ခွင့်ပေးတာဟာ ဒီလို ဆိုးရွားတဲ့ ရာဇ၀တ်မှုတွေ ကျူးလွန်သူကို ဖော်ထုတ်ဖို့၊ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခမှာ ပါဝင်နေသူအားလုံးရဲ့ အနာဂတ် ရာဇ၀တ်မှုတွေကို ဟန့်တားဖို့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ကူညီမှုကို အစိုးရက ပူးပေါင်းဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းစကားတစ်ခု ပေးလိုက်တာမျိုး ဖြစ်မှာပါ” လို့ ဖစ်ရှာက ပြောကြားခဲ့ပါတယ်။

    Ref: HRW.org

  • အီရန်ဝိုင်းပယ်ခံရမှု အဆုံးသတ်ရန် ကြိုးစားမည်ဟု သမ္မတ ရူဟာနီပြော

    အီရန်ဝိုင်းပယ်ခံရမှု အဆုံးသတ်ရန် ကြိုးစားမည်ဟု သမ္မတ ရူဟာနီပြော

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    – နိုင်ငံတကာအသိုင်းအ၀ိုင်းနှင့် တစ်သီးတစ်ခြား ဖြစ်နေမှုအား အဆုံးသတ်ရန်အတွက် မိမိအနေဖြင့် ဆက်လက်၍ ကြိုးစားအားထုတ်သွားမည်ဟု သမ္မတဒုတိသက်တမ်းအတွက် ကျမ်းကျိန်ခဲ့သည့် အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်သည်။

    “အပယ်ခံရတာကို ကျွန်တော်တို့ ဘယ်တော့မှ လက်ခံမှာ မဟုတ်ပါဘူး။ နျူကလီးယားသဘောတူညီချက်ဟာ နိုင်ငံတကာစင်မြင့်မှာ အီရန်ရဲ့ စိတ်စေတနာကောင်းမှုကို ဖော်ပြတဲ့ လက္ခဏာတစ်ရပ်ပါပဲ” ဟု ယနေ့ တီဟီရန်၌ ကျမ်းကျိန်ပွဲတွင် နိုင်ငံရေးနှင့် စစ်ဖက်တိုင်ရာတာဝန်ရှိသူများပါဝင်သော လူအုပ်ကြီးအား ပြောကြားခဲ့သည်။

    ရူဟာနီ၏ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သည့် ပထမသက်တမ်းတွင် အမေရိကန်အပါအ၀င် အင်အားကြီး ၆ နိုင်ငံနှင့် နျူကိစ္စ သဘောတူညီချက်ကို ၂၀၁၅ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့ပြီး အီရန်အပေါ် ပြုလုပ်ထားသည့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ခဲ့သည်။

    သို့သော်လည်း အနောက်ကမ္ဘာနှင့် ထိုကဲ့သို့ ဆက်ဆံရေး ပြန်လည်တည်ဆောက်မှုအတွက် အီရန်ရှိ အတိုက်အခံ ကွန်ဆာဗေးတစ်များက ရူဟာနီအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

    “ရွေးကောက်ပွဲပြီးတဲ့အတွက် စည်းလုံးမှု၊ ပူးပေါင်းဆောင်ရွက်မှု စတင်ဖို့ အချိန်ကျပြီလို့ ကျွန်တော် ထပ်ပြောပါရစေ။ တိုင်းပြည်ရဲ့ ကြီးကျယ်မှုအတွက် ဆောင်ရွက်ကြတဲ့သူအားလုံးကို ကျွန်တော် လက်ကမ်းကြိုဆိုပါတယ်” ဟု ရူဟာနီက ထည့်သွင်း ပြောဆိုခဲ့သည်။

    အီရန်၏ ဒုံးကျည်အစီအစဉ်ကို ဆန့်ကျင်သောအားဖြင့် အမေရိကန်မှာ ပြီးခဲ့သည့်တစ်ပတ်က အီရန်အပေါ် ပိတ်ဆို့မှုအသစ်များ ပြုလုပ်ခဲ့ပြီး အီရန်ကမူ ထိုလုပ်ရပ်မှာ နျူသဘောတူညီချက်ကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • မန္တလေးရှိ မွတ်စလင် အများစုရှိရာ ရပ်ကွက်တွင် မျက်နှာဖုံးစွပ် လူတစ်စုက ဆူပူအကြမ်းဖက်ရန် ကြိုးစား

    မန္တလေးရှိ မွတ်စလင် အများစုရှိရာ ရပ်ကွက်တွင် မျက်နှာဖုံးစွပ် လူတစ်စုက ဆူပူအကြမ်းဖက်ရန် ကြိုးစား

    သြဂုတ် ၃၊ ၂၀၁၇
    M-Media
    သတင်း- သီဟ

    မန္တလေးတွင် ၂၀၁၄ ခုနှစ် ဆူပူမှုမှ မြင်ကွင်း

    – မန္တလေးမြို့က အစ္စလာမ်ဘာသာဝင်အများစုနေထိုင်ရာ အမြှောက်တန်းမှာ မနေ့ည သန်းခေါင်ယံအချိန်က တုတ်၊ ဓားလက်နက် ကိုင်ဆောင်ထားတဲ့ မျက်နှာဖုံးစွပ် လူ ၃၀ လောက်က ရန်စအကြမ်းဖက်ဖို့ ကြိုးစားခဲ့တယ်လို့ မန္တလေးမြို့ခံတွေရဲ့ Facebook စာမျက်နှာတွေမှာ ရေးသားဖော်ပြထားကို တွေ့ရပါတယ်။

    ည ၁၂ နာရီတိတိမှာ စင်္ကြာနွယ်စဉ်ရပ် ၃၇ လမ်းနဲ့ ၇၄ လမ်းထောင့်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လူတစ်ယောက်က ၇၄ လမ်းအတိုင်း ၃၇ လမ်းဘက်ကနေ ၃၆ လမ်းဘက်ကို ပြေးလာကာ ပါးစပ်ကလည်း ချဟေ့၊ ရိုက်ဟေ့ဆိုပြီး အော်တာကို တွေ့ခဲ့ရတယ်လို့ အခင်းဖြစ်ရာနေရာအနီးမှာ ရှိသူတစ်ဦးက M-Media ကို အတည်ပြုပြောဆိုခဲ့ပါတယ်။

    ၃၇ လမ်းမှာ မျက်နှာဖုံးစွပ်ထားတဲ့ လူ ၃၀ လောက်က ဆိုင်ကယ်တွေကို စက်နှိုးကာ အသင့်ရပ်ထားကြောင်း၊ အဲဒီထဲက လူတစ်ချို့ ဆင်းလာပြီး စင်္ကြာနွယ်စဉ်ရပ်က လူငယ် ၂ ဦးကို ရိုက်နှက်ကြောင်း၊ နောက်ပိုင်းမှာ ရပ်ကွက်ထဲ လှုပ်လှုပ်ရှားရှားဖြစ်လာခဲ့ပြီး ရွာခံတွေက ရဲစခန်းကိုဖုန်းဆက်တိုင်ကြားခဲ့တာကြောင့် တာဝန်ရှိသူတွေ လာရောက်ရာမှာ မျက်နှာဖုံးစွပ်အုပ်စုက တစ်ဦးကို ဖမ်းဆီးခဲ့ရခဲ့ကြောင်း၊ ကျန်တဲ့လူတွေကတော့ ထွက်ပြေးသွားခဲ့ပြီး ၁၂ နာရီခွဲမှာ တည်ငြိမ်သွားကြောင်း အဆိုပါ မျက်မြင်တွေ့ရှိသူက ဆိုပါတယ်။ ရိုက်နှက်ခံရသူ ၂ ဦးကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။

    မန္တလေးမှာ အခုလို လူပ်အုပ်စုနဲ့ အကြမ်းဖက်ဖို့ ကြိုးစားမှုဟာ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ မျိုးချစ်ဆိုသူတွေက အစိုးရဆန့်ကျင်တဲ့ သပိတ်ပြုလုပ်တဲ့နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင်ပဲ ပေါ်ပေါက်လာတာပါ။

    မျက်နှာဖုံးဟာ သာမန် ရောဂါကာကွယ်တဲ့ မျက်နှာဖုံးမျိုးမဟုတ်ဘဲ ရုပ်ဖျက်မျက်နှာဖုံးမျိုးဖြစ်ပြီး အဲဒီအုပ်စုက လူတိုင်းမှာ တုတ်ဓားလက်နက်ကို ကိုယ်စီကိုင်ဆောင်ထားကြတယ်လို့လည်း သိရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး မန္တလေးမြို့ခံတစ်ချို့က Facebook စာမျက်နှာတွေမှာ ရေးသားနေကြပေမယ့် ရဲတပ်ဖွဲ့ကတော့ ဘယ်လိုထုတ်ပြန်ချက်မျိုးမှ မထုတ်ပြန်သေးပါဘူး။

    မန္တလေးမှာ ၂၀၁၄ ခုနှစ်ကလည်း အခုလို မျက်နှာဖုံးစွပ်အုပ်စုတွေက အစ္စလာမ်ဘာသာဝင်အများစုရှိရာ ရပ်ကွက်တွေမှာ အကြမ်းဖက်ဖို့ ကြိုးစားခဲ့ဖူးပြီး သံဃာတော်တွေ၊ မြို့ခံတွေရဲ့ ပူးပေါင်းတားဆီးမှုကြောင့် အထမမြောက်ခဲ့တာဖြစ်ပါတယ်။

    ဓာတ်ပုံ – မန္တလေးတွင် ၂၀၁၄ ခုနှစ် ဆူပူမှုမှ မြင်ကွင်း

  • IS ၏ တိုက်ခိုက်မှုကြောင့် အာဖဂန် စက်ရုပ်အဖွဲ့ခေါင်းဆောင်၏ ဖခင် သေဆုံး

    IS ၏ တိုက်ခိုက်မှုကြောင့် အာဖဂန် စက်ရုပ်အဖွဲ့ခေါင်းဆောင်၏ ဖခင် သေဆုံး

    သြဂုတ် ၃၊ ၂၀၁၇
    M-Media

    ဖာတီမဟ် ကွာဒါရ်ယန် (ယာအစွန်)

    – အမေရိကန်စက်ရုပ်ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အာဖဂန် အမျိုးသမီး စက်ရုပ်အသင်းခေါင်းဆောင်၏ ဖခင်ဖြစ်သူမှာ အင်္ဂါနေ့က IS အကြမ်းဖက်အဖွဲ့၏ တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့သည်ဟု သိရသည်။

    ဟီရတ်မြို့ရှိ ရှီအာဗလီတစ်လုံးအား အသေခံဗုံးခွဲတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး အသက် ၁၄ နှစ်အရွယ် ဖာတီမဟ် ကွာဒါရ်ယန်မှာ ထိုဖြစ်ရပ်အတွက် ‘စိတ်ဆိုးကာ၊ ကြေကွဲဝမ်းနည်းနေသည်’ ဟု နည်းပြဖြစ်သူ အလီ ရီဇာ မဟရ်ဘန်က ပြောကြားခဲ့သည်။

    “ဖာတီမဟ်ရဲ့အဖေဟာ ဒဏ်ရာရရှိပြီး သေဆုံးသွားပါတယ်။ သူမဟာ တော်တော် စိတ်ထိခိုက်နေပြီး အစာလည်း မစားဘူး၊ ဘယ်သူ့ကိုမှလည်း စကားမပြောပါဘူး။ သူဟာ အင်တန်မှ ခက်ခဲတဲ့အချိန်ကို ဖြတ်ကျော်နေရတာပါ” ဟု အလီ ရီဇာက ပြောကြားခဲ့သည်။

    ရှီအာဗလီအား တိုက်ခိုက်မှုအတွင်း အနည်းဆုံး ၃၆ ဦး သေဆုံးခဲ့ပြီး ၆၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

    ဇူလိုင်လက The First Global နှင့် အင်တာဗျူးတွင် ကွာဒါရ်ယန်က ဖခင်ဖြစ်သူမှာ သူမအား အလွန် ပံ့ပိုးကူညီပေးခဲ့သည်ဟု ဖြေကြားခဲ့သည်။

    ၎င်းတို့အဖွဲ့မှာ အမေရိကန်ဝင်ခွင့်ဗီဇာကို ၂ ကြိမ်တိုင်တိုင် ပယ်ချခံခဲ့ရပြီး နိုင်ငံတကာက ဝေဖန်မှုများ ပြုလုပ်ခဲ့ပြီးနောက် ဗီဇာရရှိခဲ့သည်။ နိုင်ငံပေါင်း ၁၅၀ ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အဆိုပါ ပြိုင်ပွဲတွင် ရဲစွမ်းသတ္တိရှိမှုအတွက် ငွေတံဆိပ်ဆု ရရှိခဲ့ပြီး၊ ဒိုင်လူကြီးများကလည်း ၎င်းတို့၏ အားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။

    အာဖဂန်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် လုံခြုံရေးအဖွဲ့များ၏ တုန့်ပြန်မှု အားနည်းခြင်းအတွက် ပြည်သူများက ဆန္ဒပြခဲ့ကြသည်။

    Ref: Aljazeera