News @ M-Media

Blog

  • ရခိုင်ကိစ္စ ကုလ၏စွပ်စွဲမှု မှန်ကန်ခြင်းမရှိဟု အစိုးရစုံစမ်းရေးကော်မရှင်ပြော

    ရခိုင်ကိစ္စ ကုလ၏စွပ်စွဲမှု မှန်ကန်ခြင်းမရှိဟု အစိုးရစုံစမ်းရေးကော်မရှင်ပြော

    သြဂုတ် ၆၊ ၂၀၁၇
    M-Media

    – ကုလရဲ့ အစီရင်ခံစာထဲမှာဖော်ပြထားသလို ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးတပ်ဖွဲ့တွေက ရိုဟင်ဂျာတွေကို စနစ်တကျ သတ်ဖြတ်တာ၊ အဓမ္မကျင့်တာ၊ မီးရှို့ဖျက်ဆီးတာမျိုးတွေ မရှိဘူးလို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မြန်မာအစိုးရရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ ရိုဟင်ဂျာစစ်သွေးကြွတွေက နယ်ခြားစောင့်စခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အစိုးရစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ ဒီလိုကျူးလွန်မှုတွေရှိတယ်ဆိုတဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို စုံစမ်းဖို့အတွက် မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို အစိုးရက ဖွဲ့စည်းခဲ့တာပါ။

    ကော်မရှင်ရဲ့ ဒီနေ့ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အဓမ္မကျင့်တာ၊ သတ်ဖြတ်တာ၊ မီးရှို့ဖျက်ဆီးတာတွေကို စနစ်တကျလုပ်နေတဲ့ အထောက်အထားတွေကို မတွေ့ရပေမယ့် အောက်ခြေက တပ်ဖွဲ့ဝင်တစ်ချို့ဟာ အင်အားအလွန်အကျွံသုံးတာမျိုး ရှိနိုင်တယ်လို့ ဆိုပါတယ်။

    “(ကျူးလွန်မှုတွေရှိတယ်ဆိုတဲ့) တစ်ချို့အဖြစ်အပျက်တွေဟာ ချဲ့ကားပြောဆိုတာဖြစ်ပြီး၊ တစ်ချို့ဟာတွေက အထောက်အထား မရှိသလောက်ပါပဲ” လို့ ကော်မရှင်က ပြောကြားခဲ့ပါတယ်။

    ရခိုင်မြောက်ပိုင်းမှာ စစ်ဆင်ရေးတွေပြုလုပ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေထဲက မျက်မြင်သက်သေ ၂၀၄ ဦးရဲ့ ပြောကြားမှုကို အခြေခံပြီး ဖေဖော်ဝါရီလက ကုလကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လုံခြုံရေးတပ်ဖွဲ့တွေဟာ အမျိုးသမီးတွေကို အုပ်စုဖွဲ့ အဓမ္မကျင့်တာ၊ ကလေးတွေကို သတ်ဖြတ်တာ၊ အမျိုးသားတွေကို နှိပ်စက်တာမျိုးတွေ ရှိပြီး ဒါတွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်နေကြောင်း ဖော်ပြခဲ့ပါတယ်။

    ဒါပေမယ့် ဒုတိယသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်က “ဒီလိုလုပ်ရပ်မျိုးတွေ” မတွေ့ရကြောင်း၊ ကုလရဲ့ တွေ့ရှိချက်တွေဟာ မမျှတဘဲ၊ ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ ဆိုးဆိုးရွားရွား တိုက်ခိုက်မှုတွေကို ဂရုမစိုက်ကြောင်း ပြောကြားခဲ့ပါတယ်။

    ရခိုင်ပြည်နယ်က ကိစ္စတွေအပါအ၀င် မြန်မာနိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် အဖွဲ့ဝင် ၃ ဦးပါ အချက်အလက်ရှာဖွေရေး အဖွဲ့တစ်ခုကို စေလွှတ်ဖို့ ကုလက စီစဉ်ထားပေမယ့် မြန်မာနိုင်ငံဘက်ကတော့ ပြည်ဝင်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။

    မှားယွင်းတဲ့ စွပ်စွဲချက်တွေကို ချေဖျက်ဖို့အတွက် ပြဿနာဖြစ်နေစဉ်အတွင်း အဲဒီဒေသမှာ နိုင်ငံခြားမီဒီယာတွေ၊ NGO အဖွဲ့တွေကို ၀င်ခွင့်ပေးသင့်ကြောင်း မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားခဲ့ပြီး၊ အောက်ခြေက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို လူ့အခွင့်အရေးဆိုင်ရာ လေ့ကျင့်သင်ကြားပေးဖို့၊ ဒေသတွင်း တာဝန်ရှိသူတွေရဲ့ ခြစားမှုကို တိုက်ဖျက်ဖို့၊ စစ်သွေးကြွသံသယရှိသူတွေကို မြန်ဆန်ပြီး မျှတတဲ့ ကြားနာမှုတွေ လုပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    Ref: Straits Times

     

  • ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    ဂျော်ဒန်ဘုရင် အဘ်ဒူလာ ပါလက်စတိုင်းသွားမည်

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်ဘုရင် ဘဘ်ဒူလာ ၂ မှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ရာမာလာမြို့သို့ လာမည့်သီတင်းတင်းပတ် အစောပိုင်းတွင် သွားရောက်ရန် ရှိနေပြီး ၅ နှစ်အတွင်း ပါလက်စတိုင်းသို့ ပထမဆုံး သွားရောက်ခြင်း ဖြစ်သည်။

    တနင်္လာနေ့တွင် ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံရန်ရှိနေပြီး ၂၀၁၄ ခုနှစ်ကတည်းက ရပ်တန့်နေသည့် အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်ရေး အကြောင်းများကို ဆွေးနွေးမည်ဟု ဖာတာပါတီမှ ထိပ်တန်းတာဝန်ရှိသူ မိုဟာမက် ရှာတေယဟ်က ပြောကြားခဲ့သည်။

    ၂၀၀၄ ခုနှစ် အစ္စရေးနှင့် ငြိမ်းချမ်းစာချုပ်အရ ဂျော်ဒန်မှာ ဂျေရုစလင်ရှိ အစ္စလာမ်ဘာသာဝင်များ၏ မြင့်မြတ်ရာနေရာများကို ထိန်းသိမ်းစောင့်ရှောက်ရသည့် နိုင်ငံတစ်ခုဖြစ်ပြီး၊ အစ္စရေးက သိမ်ပိုက်ထားသည့် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်း၏ နိုင်ငံရေးမြို့တော် ရာမာလာကို ဘုရင် အဒ်ဒူလာမှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာတွင် နောက်ဆုံး ရောက်ရှိခဲ့သည်။

    ဂျေရုစလင်ရှိ ဟရမ် အလ်-ရှရစ်ဖ် ပရ၀ုဏ်ဂိတ်ပေါက်ဝအတွင် အစ္စရေးက သတ္တုရှာဖွေရေးစက်များ၊ လုံခြုံရေးကင်မရာများကို တပ်ဆင်ကာ ပါလက်စတိုင်းများ ၀င်ရောက်ခွင့်ကို တားမြစ်ပိတ်ပင်မှုနောက်ပိုင်း ဖြစ်လာခဲ့သည့်ပြဿနာကို ပြေလည်စေရေး ပြီးခဲ့သည့်လတွင် ဂျော်ဒန်က ၀င်ရောက်ဖြေရှင်းပေးခဲ့သည်။

    Ref: Alarabiya

  • ၂၁၀၀ ခုနှစ်ရောက်ပါက ဥရောပ၌ တစ်နှစ် လူတစ်သိန်းခွဲကျော် အပူလှိုင်းကြောင့် သေဆုံးဖွယ်ရှိ

    ၂၁၀၀ ခုနှစ်ရောက်ပါက ဥရောပ၌ တစ်နှစ် လူတစ်သိန်းခွဲကျော် အပူလှိုင်းကြောင့် သေဆုံးဖွယ်ရှိ

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးပူနွေးလာမှုကို မထိန်းနိုင်ပါက ဥရောပတိုက်တွင် အပူလှိုင်းကြောင့် သေဆုံးသူအရေအတွက်မှာ ယခုရာစုနှစ်အကုန်တွင် တစ်နှစ် ၁၅၂၀၀၀ အထိ ရှိလာမည်ဟု သုတေသနပညာရှင်များက The Lancet Planetary Health ဂျာနယ်တွင် သတိပေးပြောကြားလိုက်သည်။

    အဆိုပါ သေဆုံးသူအရေအတွက်မှာ အထူးသဖြင့် ဥရောပတောင်ပိုင်းတွင် ပိုမိုမြင့်တက်ဖွယ်ရှိနေပြီး လက်ရှိ တစ်နှစ် လူတစ်သန်းတွင် ၁၁ ဦး ရှိနေရာမှ၊ ၇၀၀ အထိ မြင့်တက်လာဖွယ်ရှိနေသည်ဟု ဆိုသည်။

    အနာဂတ်တွင် ရာသီဥတုနှင့်ဆက်နွယ်သည့် သေဆုံးမှု ၉၉ ရာခိုင်နှုန်းတွင် အများစုမှာ အပူလှိုင်းကြောင့် ဖြစ်လာမည်ဖြစ်ပြီး လက်ရှိ တစ်နှစ်၂၇၀၀ ခန့် သေဆုံးနေရာမှ သက္ကရာဇ် ၂၁၀၀ တွင် ၁၅၁၀၀၀ ကျော်အထိ ရောက်လာဖွယ်ရှိနေသည်။

    “ကမ္ဘာကြီးပူနွေးလာမှုကို သင့်လျော်ကောင်းမွန်တဲ့ နည်းလမ်းတွေနဲ့ ချက်ချင်း တားဆီးတာမျိုး မလုပ်ဘူးဆိုရင် ဥရောပသား သန်း ၃၅၀ လောက်ဟာ အခုနှစ် ရာစုအကုန်မှာ နှစ်စဉ် အန္တရာယ်ရှိတဲ့ ရာသီဥတု ဆိုးဝါးမှုနဲ့ တွေ့ကြုံလာနိုင်ပါတယ်” ဟု ဂျာနယ်တွင် ဖော်ပြထားသည်။

    သုတေသနပညာရှင်များမှာ ဥရောပ ၂၈ နိုင်ငံနှင့် ဆွစ်ဇာလန်၊ နော်ဝေ၊ အိုက်စလန်တို့၌ ရာသီဥတုနှင့် ဆက်စပ်သော ကိစ္စရပ်များကို ၁၉၈၁ ခုနှစ်မှ ၂၀၁၀ ခုနှစ်အထိ နှစ်ပေါင်း ၃၀ ကြာ လေ့လာဆန်းစစ်ခဲ့ပြီး အဆိုပါ ကာလအတွင်း တစ်နှစ်လျှင် ဥရောပတိုက်၏ လူဦးရေ ၅ ရာခိုင်နှုန်းဖြစ်သော လူပေါင်း ၂၅ သန်းမှာ ရာသီဥတုဆိုးဝါးမှုကို ခံရသော်လည်း ၂၁၀၀ ခုနှစ်တွင် တစ်နှစ် လူပေါင်း ၃၅၁ သန်းခန့် ခံစားရဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။

    အဆိုပါခံစားရမှုတွင် ရာသီဥတုဆိုးရွားသည့် အဖြစ်အပျက်များကြောင့် ရောဂါဘယများ၊ ဒဏ်ရာအနာတရများနှင့် သေဆုံးမှုများ ဖြစ်သည်ဟု ပညာရှင်များက ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: Aljazeera

  • ၁၀ နှစ်အတွင်း အမေရိကန်၌ ကလေးငယ် ၂ သိန်းကျော် လက်ထပ်ထိမ်းမြားခံရ

    ၁၀ နှစ်အတွင်း အမေရိကန်၌ ကလေးငယ် ၂ သိန်းကျော် လက်ထပ်ထိမ်းမြားခံရ

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    ကလေးငယ်များ လက်ထပ်ထိမ်းမြားခံရမှုနှင့်ပတ်သက်၍ အများပြည်သူ၏ တုန့်ပြန်မှုကို စမ်းသပ်သည့် လှုပ်ရှားမှုတစ်ခု

    – ပြီးခဲ့တဲ့ ၁၅ နှစ်အတွင်း အမေရိကန်နိုင်ငံမှာ လက်ထပ်ထိမ်းမြားခြင်းခံရတဲ့ ကလေးငယ်အရေအတွက်ဟာာ ၂ သိန်းကျော်လောက်ရှိတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။

    အချို့သော အခြေအနေတွေမှာ အသက်မပြည့်သေးသူတွေကို လက်ထပ်ထိမ်းမြားဖို့ ခွင့်ပြုထားတဲ့ ဥပဒေ ယိုပေါက်တွေကနေတစ်ဆင့် လက်ထပ်ကြတာဖြစ်ပြီး အသက်အငယ်ဆုံး လက်ထပ်ထိမ်းမြားခြင်းခံရသူတွေမှာ ၁၀ နှစ်အရွယ် မိန်းကလေးငယ် ၃ ဦး၊ အသက် ၁၁ နှစ်အရွယ် ယောက်ျားလေးတစ်ဦးလည်း ပါဝင်ပါတယ်။

    အမေရိကန်နိုင်ငံတစ်ဝှမ်း လက်ထပ်ထိမ်းမြားနိုင်တဲ့ ပျမ်းမျှအသက်ဟာ ၁၈ နှစ်ဖြစ်ပေမယ့် မိဘတွေရဲ့ သဘောတူမှုလိုမျိုး၊ ဒါမှမဟုတ် ကိုယ်ဝန်ရှိတာလိုမျိုး အခြေအနေမှာ လက်ထပ်ထိမ်းမြားနိုင်တဲ့ ခြွင်းချက်တွေက ပြည်နယ်တိုင်းမှာ ရှိနေပါတယ်။

    နယူးဂျာစီပြည်နယ်ဟာ အမေရိကန်နိုင်ငံတစ်ဝှမ်းမှာ ကလေးငယ်တွေ လက်ထပ်မှုကို ခြွင်းချက်မရှိ ပထမဆုံးပိတ်ပင်တဲ့ ပြည်နယ်ဖြစ်လာမယ့် ဥပေဒတစ်ခုကို လက်မှတ်ရေးထိုးဖို့ မေလမှာ ရီပက်ဘလစ်ကန် ပြည်နယ်အုပ်ချုပ်ရေးမှူး ခရစ် ခရစ္စတီးက ငြင်းဆိုခဲ့ပါတယ်။

    ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၁၅ ခုနှစ်အထိ အမေရိကန်တစ်ဝှမ်း အနည်းဆုံး ကလေးငယ် ၂၀၇၄၆၈ ဦး လက်ထပ်ထိမ်းမြားခြင်း ခံခဲ့ရတယ်လို့ ကလေးငယ်တွေ လက်ထပ်မှုကို ပယ်ဖျက်ဖို့ လှုံ့ဆော်နေတဲ့ Unchained At Last အဖွဲ့နဲ့ Fontline စုံစမ်းထောက်လှမ်းမှု မှတ်တမ်းရုပ်ရှင်တွေက ရရှိတဲ့ အချက်အလက်တွေက ပြသနေပါတယ်။

    ပြည်နယ် ၁၀ ခုက အချက်အလက်တွေကို လုံးဝ မပေးတာ၊ ပြည့်ပြည့်စုံစုံ မပေးတာတွေ ရှိတာကြောင့် အမှန်တကယ်ရှိတဲ့ အရေအတွက်က ဒီ့ထက်များနိုင်ပါတယ်။

    Unchained At Last ကို တည်ထောင်သူ ဖရိုင်ဒိ ရီအစ်က သူတို့အခြေစိုက်တဲ့ နယူးဂျာစီပြည်နယ်က အချက်အလက်တွေကို ရရှိတဲ့အချိန်မှာ မိမိအနေနဲ့ တုန်လှုပ်မိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒီပြည်နယ်မှာ ၁၉၉၅ ခုနှစ်ကနေ ၂၀၁၂ ခုနှစ် ၇ နှစ်အတွင်းမှာ ကလေးငယ် ၃၅၀၀ နီးပါး လက်ထပ်ထိမ်းမြား ခံခဲ့ရပါတယ်။

    “အရေအတွက်က ကျွန်မထင်ထားတာထက်ကို များနေပါတယ်။ ပြီးတော့ အသက် ၁၃ နှစ်လောက်ရှိတဲ့ ကလေးတွေ လက်ထပ်ခံရတာ၊ မိန်းကလေးငယ်အများစုက အရွယ်ရောက်ပြီးသား အမျိုးသားကြီးတွေနဲ့ လက်ထပ်ရတာတွေလည်း ပါဝင်ပါတယ်” လို့ ရီအစ်က ပြောကြားခဲ့ပါတယ်။

    ၂၀၀၀ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အတွင်း အမေရိကန်နိုင်ငံတစ်ဝှမ်း လက်ထပ်ခြင်းခံရတဲ့ ကလေးစုစုပေါင်းရဲ့ ၇ ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်ဟာ အမျိုးသမီးငယ်တွေဖြစ်ပြီး အများစုဟာ အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ်တွေဖြစ်ပါတယ်။

    အသက်အငယ်ဆုံးကတော့ တန်နက်စီပြည်နယ်က အသက် ၁၀ နှစ်အရွယ် အမျိုးသမီးငယ် ၃ ဦးဖြစ်ပြီး ၂၀၀၁ ခုနှစ်မှာ အသက် ၂၄၊ ၂၅ နဲ့ ၃၁ နှစ်အရွယ်ရှိတဲ့ အမျိုးသားတွေနဲ့ လက်ထပ်ခဲ့ရတာဖြစ်ပါတယ်။ အသက်အငယ်ဆုံး သတို့သားကလည်း ဒီပြည်နယ်ကဖြစ်ပြီး အသက် ၁၁ နှစ်အရွယ် ကောင်လေးတစ်ယောက်ဟာ ၂၀၀၆ ခုနှစ်က အသက် ၂၇ နှစ်အရွယ် အမျိုးသမီးနဲ့ လက်ထပ်ခဲ့ရတာ ဖြစ်ပါတယ်။

    အလာစကာ၊ လူဝီစီယားနားနဲ့ တောင်ကယ်ရိုလိုင်းနားပြည်နယ်တို့မှာ အသက် ၁၂ နှစ်လောက် ကလေးတွေကို လက်ထပ်လိုင်စင်ထုတ်ပေးပြီး အခြား ပြည်နယ် ၁၀ ခုမှာတော့ အသက် ၁၃ နှစ်လောက်ကိုတောင် လက်ထပ်ခွင့် ပြုထားပါတယ်။

    Ref: Independent

  • IS အဖွဲ့ဝင်များမှာ အစ္စလာမ်အကြောင်း အခြေခံပင်မသိဟု ကုလ၏လေ့လာမှုက ဖော်ပြ

    IS အဖွဲ့ဝင်များမှာ အစ္စလာမ်အကြောင်း အခြေခံပင်မသိဟု ကုလ၏လေ့လာမှုက ဖော်ပြ

    သြဂုတ် ၅၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်းက IS အကြမ်းဖက်အဖွဲ့တွေဆီ သွားရောက်တဲ့ လူငယ်တွေဟာ များသောအားဖြင့် မပြည့်စုံတဲ့ မိသားစုအသိုင်းအ၀ိုင်းကဖြစ်ပြီး ‘ဂျီဟတ်၊ အစ္စလာမ်သာသနာနဲ့ပတ်သက်တဲ့ စစ်မှန်တဲ့ သဘောတရားတွေကို အခြေခံလောက်တောင် နားလည်မှုမရှိဘူး’ လို့ ကုလရဲ့ စစ်တမ်းတစ်ရပ်အရ တွေ့ရပါတယ်။

    ကုလ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးရုံးက ဒီလေ့လာမှုကို ပြုလုပ်ခဲ့တာဖြစ်ပြီး မွတ်စလင်တွေကို ကာကွယ်ဖို့လို့ ပြောပေမယ့် IS အကြမ်းဖက်အဖွဲ့က ပြန်လာတဲ့ တိုက်ခိုက်ရေးသမားတွေဟာ အစ္စလာမ်ဘာသာအကြောင်း ပြည့်ပြည့်စုံစုံ နားလည်ခြင်းမရှိဘဲ တစ်ချို့ဆိုရင် ကောင်းကောင်းတောင် ၀တ်မပြုတတ်ဘူးလို့ တွေ့ခဲ့ရတာပါ။

    “ဘာသာရေးကိုင်းရှိုင်းမှု၊ နာမ်ပိုင်းဆိုရာ ဖြူစင်မှုဆိုတာထက် သူတို့အများစုဟာ အစ္စလာမ်ကို တရားမျှတမှု၊ မတရားမှုလောက်သာ မြင်ကြပါတယ်” လို့ နိုင်ငံပေါင်း ၁၂ နိုင်ငံက လူ ၄၃ ဦးကို တွေ့ဆုံမေးမြန်းမှုကို အခြေခံပြီး ရေးသားထားတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    IS တိုက်ခိုက်ရေးသမားတွေဟာ များသောအားဖြင့် စီးပွားရေး၊ ပညာရေးမှာ ချို့တဲ့ပြီး လုပ်အားကိုအမှီပြုကာ ရပ်တည်နေရတဲ့ လူငယ်အမျိုးသားတွေ ဖြစ်ကြောင်း လေ့လာသူတွေက တွေ့ခဲ့ရပါတယ်။

    “နိုင်ငံရေးအရ၊ လူမှုရေးအရ ခွဲခြားဆက်ဆံခံရတဲ့ မိသားစုမျိုးက လာတာမျိုး ဆိုတာထက် အများစုဟာ အလုပ်မရှိကြဘူး ဒါမှမဟုတ် ခွန်အားသုံး အလုပ်လုပ်ရတာမျိုးဖြစ်ပြီး သူတို့ရဲ့ဘ၀ဟာ အဓိပ္ပါယ်မရှိဘူးလို့ ပြောကြပါတယ်” လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    တွေ့ဆုံမေးမြန်းသူတွေထဲက ၄ ပုံ ၃ ပုံလောက် ဆီးရီးယားကို သွားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လာဖို့ ဆုံးဖြတ်ခဲ့ကြပြီး ကျန်သူတွေက သူ့တို့နိုင်ငံရဲ့ အာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုကို ခံရသူတွေ၊ လမ်းတစ်ဝက်မှာ တားဆီးခံရသူတွေ ဖြစ်ပါတယ်။

    ဒီလေ့လာမှုတွေပြုလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကို ကုလက ပန်ကြားခဲ့ပေမယ့် ဥရောပက ၃ နိုင်ငံ၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက ၄ နိုင်ငံသာ ပါဝင်တဲ့အတွက် လေ့လာသူတွေက သဘောမတွေ့ပါဘူး။

    Manchester Metropolitan တက္ကသိုလ်က ပရော်ဖက်ဆာ ဟာမဒ် အလ်-စအစ်နဲ့ အကြမ်းဖက်ဝါဒရေးရာ ကျွမ်းကျင်သူ ရစ်ချက် ဘာရက်တို့ဟာ IS အဖွဲ့ကနေ ပြန်လာသူအများစုကို ထောင်ထဲမှာ သွားရောက်တွေ့ဆုံတာ၊ လုံခြုံရေးအစောင့်အကြပ်နဲ့ တွေ့တာမျိုးတွေကို ပြုလုပ်ခဲ့ပါတယ်။

    IS၊ အလ်ကိုင်းဒါးသစ္စာခံ ဂျဘ်ဟတ် အလ်-နူဆရာ၊ အဟ်ရာရ် အလ်-ရှမ်အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ ကြိုးစားခဲ့တဲ့ မေးမြန်းခံရသူ အများစုရဲ့ မိသားစုဝင်တွေဟာ အဆင်မပြေကြဘဲ၊ သူတို့နေထိုင်တဲ့ နေရာတွေဟာ အဓိက လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးကိစ္စတွေမှာ ဖယ်ကျဉ်ခံထားရတဲ့ အစိတ်အပိုင်းတွေက ဖြစ်ပါတယ်။

    “ဒီလို အကြမ်းဖက်အဖွဲ့တွေနဲ့ သွားရောက်ပူးပေါင်းဖို့ လှုံ့ဆော်မှုမှာ ဘာသာရေးယုံကြည်ချက်တွေဟာ အနည်းဆုံးအနေအထားလောက်မှာပဲ ရှိပုံရပါတယ်” လို့ လေ့လာမှုကဆိုပြီး အကြမ်းဖက်အဖွဲ့အစည်းတွေက၊ လုပ်ခလစာ၊ အိမ်တွေ၊ မိန်းမတွေ ပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကြောင့် စီးပွားရေးအကြောင်းတရားတွေက ပိုပြီးအရေးကြီးတယ်လို့ ဖော်ပြထားပါတယ်။

    ပေါက်ထွက်လာတဲ့ IS မှတ်တမ်းတွေအရ သူတို့နဲ့သွားပေါင်းသူ အများစုဟာ ရှရီအာဥပဒေနဲ့ပတ်သက်ပြီး အခြေခံလောက်သာ သိထားတယ်ဆိုတဲ့ အချက်နဲ့လည်း အခုလေ့လာမှုက ကိုက်ညီနေပါတယ်။

    ၂၀၁၄ ခုနှစ် IS အဖွဲ့ ပေါ်ထွက်လာပြီးနောပိုင်းမှာ ဒီအုပ်စုဟာ ကမ္ဘာတစ်ဝှမ်းက မွတ်စလင်လူငယ်တွေကို ၀ါဒဖြန့်ချီသိမ်းသွင်းတာ၊ ကားအကောင်းစားတွေ၊ အိမ်ကြီးအိမ်ကောင်းတွေ၊ အစားအသောက်ကောင်းကောင်းတွေ ပေးမယ်ဆိုတဲ့ မက်လုံးတွေနဲ့ ဆွဲဆောင်တာမျိုးတွေ လုပ်ခဲ့ကြပါတယ်။

    Ref: Independent