News @ M-Media

Blog

  • အလ်-ဟရမ်ဗလီကို အပေါ်စီးမှ မြင်နိုင်မည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု မက္ကာတွင် ဆောက်လုပ်မည်

    အလ်-ဟရမ်ဗလီကို အပေါ်စီးမှ မြင်နိုင်မည့် ကြယ်ငါးပွင့်ဟိုတယ်တစ်ခု မက္ကာတွင် ဆောက်လုပ်မည်

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – မက္ကာမြို့ရှိ အစ္စလာမ်ဘာသာဝင်များ အထွဋ်အမြတ်ထားရာ မတ်စ်ဂျစ် ဟရမ် ၀တ်ကျောင်းတော်သို့ လမ်းလျှောက်သွားနိုင်သည့် အကွာအဝေးတွင် ဒူဘိုင်းအခြေစိုက် Jumeirah Group က ကြယ် ၅ ပွင့် ဟိုတယ်တစ်လုံးဆောက်လုပ်ရန် စီစဉ်နေသည်ဟု သိရသည်။

    ရိုးရိုးအခန်းပေါင်း ၁၀၃၃ ခန်း၊ အခန်းကျယ်ပေါင်း ၉၃ ခန်းပါဝင်မည့် အဆိုပါဟိုတယ်ကို Jabal Omar Jumeirah Makkah Hotel ဟု အမည်ပေးထားပြီး တာဝါ ၄ ခု ပါရှိမည်ဖြစ်သည်။

    ထို့ပြင် ထိုဟိုတယ်မှာ အလ်-ဟရမ် ဗလီဝတ်ကျောင်းတော်ကို အပေါ်စီးမှ တွေ့မြင်ရမည်ဟု Jumeirah Group ကို ပိုင်ဆိုင်သော ဒူဘိုင်းအစိုးရပိုင်လုပ်ငန်း Dubai Holding က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားသည့် ထိုဟိုတယ်တွင် အစားသောက်နှင့် အချိုရည်မျိုးစုံ၊ အစည်းအဝေးခန်းမများ၊ အနားယူနိုင်မည့်နေရာ၊ အားကစားခန်းမတစ်ခု၊ လက်လီအရောင်းဆိုင် ၉၀ ကျော် ပါဝင်မည်ဖြစ်သည်။

    Jumeirah Group ၏ ထိုအစီအစဉ်မှာ ဆော်ဒီတွင် ယူအေအီးကုမ္ပဏီတစ်ခုက ပထမဆုံးဆောင်ရွက်မည့် လုပ်ငန်းလည်းဖြစ်သည်။

    Ref: Arabian Business

     

  • ကော်ဖီများများသောက်ခြင်းက အသက်ပိုရှည်နိုင်

    ကော်ဖီများများသောက်ခြင်းက အသက်ပိုရှည်နိုင်

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – တစ်နေ့ကို ကော်ဖီသုံးခွက် သောက်မယ်ဆိုရင် အသက်ပိုရှည်နိုင်ဖွယ်ရှိတယ်လို့ လန်ဒန်မှာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ တွေ့ခဲ့ရပါတယ်။

    နိုင်ငံတကာ ကင်ဆာသုတေသန အေဂျင်စီနဲ့ Imperial ကောလိပ်တို့ဟာ ဥရောပနိုင်ငံပေါင်း ၁၀ နိုင်ငံက အသက် ၃၅ နှစ်ကျော် လူသန်းဝက်နီးပါးကို လေ့လာခဲ့တာဖြစ်ပြီး ကော်ဖီများမျာသောက်ခြင်းဟာ နှလုံးရာဂါလို ရောဂါမျိုးတွေ ဖြစ်ပွားမှုကို တားဆီးပေးနိုင်ကာ အသက်သေဆုံးမှုအန္တရာယ် လျော့ကျမှုနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် တစ်ချို့ပညာရှင်တွေကတော့ ကော်ဖီသာက်ခြင်းဟာ ရောဂါဘယ ကာကွယ်ရေးဆိုင်ရာမှာ ကောင်းပေမယ့် ကျန်းမာတဲ့ဘ၀နေထိုင်မှု ရမယ်ဆိုတာမျိုး မဟုတ်ကြောင်း ထောက်ပြခဲ့ကြပါတယ်။

    သုတေသနမှာ ပါဝင်သူတွေကို ပထမဆုံး တစ်နေ့ ကော်ဖီဘယ်နှစ်ခွက်သောက်လဲဆိုတာကို မှတ်တမ်းတင်ခဲ့ပြီး နောက်ထပ် ၁၆ နှစ်အရောက်မှာ အဲဒီထဲကလူတွေရဲ့ သေဆုံးမှုကို လေ့လာခဲ့တာပါ။

    နေ့စဉ် ကော်ဖီ သောက်သုံးသူတွေနဲ့ မသောက်သုံးသူတွေရဲ့ နိုင်းယှဉ်ချက်၊ တစ်နေ့ကို ကော်ဖီ ၃ ခွက်သောက်နိုင်တဲ့အခြေအနေမျိုးဟာ ချမ်းသာသူတွေမှာ ပိုဖြစ်နိုင်တာကြောင့် သူတို့ရဲ့ ကျန်းမာရေး ကာကွယ်မှု ဆောင်ရွက်ချက် စတာတွေလို အသေးစိတ်အချက်အလက်တွေကို ထည့်သွင်းစဉ်းစားထားခြင်း မရှိတာကြောင့် အခုတွေ့ရှိမှုဟာ ယေဘူယျသဘောတရားသာ ဖြစ်ပါတယ်။

    လေ့လာမှုမှာ ကော်ဖီပိုသောက်မှုနဲ့ အမျိုးသမီးတွေမှာ သားအိမ်ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်မှု ဆက်စပ်နေတယ်ဆိုတာကိုလည်း တွေ့ခဲ့ရပါတယ်။

    သုတေသနပညာရှင်တွေဟာ သာမန်လူတွေကိုသာ စမ်းသပ်ခဲ့တာဖြစ်ပြီး နှလုံးရောဂါရှိသူတွေ၊ ဆီးချိုးရှိသူတွေ၊ လေဖြတ်နေသူတွေ မပါဝင်ပါဘူး။ ဒါ့ကြောင့် နေမကောင်းတဲ့လူတွေအနေနဲ့ ကော်ဖီသောက်ရင် ဘယ်လို ရိုက်ခတ်မှုမျိုး ရှိမလဲဆိုတာကို မသိရှိခဲ့ပါဘူး။

    Ref: BBC

     

  • ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းအား မော်ရင်ဟိုငြင်းဆို

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – ရော်နယ်ဒိုကို ပြန်ခေါ်မည်ဆိုသည့် သတင်းများကို မန်ယူနည်းပြ ဟိုဆေး မော်ရင်ဟိုက ငြင်းပယ်လိုက်ပြီး မဖြစ်နိုင်သော ကိစ္စဖြစ်သည်ဟု ပြောကြားခဲ့သည်။

    စပိန်တွင် အခွန်ရှောင်သည်ဟု စွပ်စွဲခံရမှုအတွက် ရော်နယ်ဒိုမှာ မကျမနပ်ဖြစ်နေပြီး ရီးယဲလ်မှ ထွက်ခွာရန် စဉ်းစားနေသည်ဟု သတင်းများ ထွက်ပေါ်နေကာ ၂၀၀၉ ခုနှစ်က ပေါင် သန်း ၈၀ ဖြင့် ထွက်ခွာသွားသည့် မန်ယူသို့ ပြန်လာမည်ဟု ရေပန်းစားနေသည်။

    သို့သော်လည်း ရော်နယ်ဒိုကို ခေါ်ယူရန်မှာ စီးပွားရေးဆိုင်ရာ အကြောင်းအရင်းများကြောင့် မဖြစ်နိုင်ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    “မဖြစ်နိုင်တဲ့ ကစားသမားအတွက် အချိန်ကုန်ခံနေမှာ မဟုတ်ပါဘူး။ ရော်နယ်ဒိုဟာ ရီးယဲအတွက် ရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စီးပွားရေးအရလည်း တော်တော် အရာရောက်ပါတယ်။ ရော်နယ်ဒို ရီးယဲလ်က ထွက်နိုင်တယ်ဆိုတဲ့အတွေးမျိုး တွေးရလောက်တဲ့ အကြောင်းတရား ဘာမှမရှိပါဘူး” ဟု မော်ရင်ဟိုက ဆိုသည်။

    ထို့ပြင် ရီးယဲလ်တိုက်စစ်မှူးတစ်ဦးဖြစ်သူ မိုရာတာကိုလည်း ခေါ်ယူသွားမည်မဟုတ်ကြောင်း မန်ယူနည်းပြက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • အလ်-အက်ဆာဗလီကို ပိုမိုထိန်းချုပ်ထားသည့် အနေအထားဖြင့် အစ္စရေးက ပြန်ဖွင့်ပေး

    အလ်-အက်ဆာဗလီကို ပိုမိုထိန်းချုပ်ထားသည့် အနေအထားဖြင့် အစ္စရေးက ပြန်ဖွင့်ပေး

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – ဂျေရုစလင်မြို့ဟောင်းတွင် သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနောက်ပိုင်း ပိတ်ပစ်ခဲ့သော အလ်-အက်ဆာဗလီဝတ်ကျောင်းတော်ကို အစ္စရေးက ယနေ့တွင် ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ဗလီဝတ်ကျောင်းတော်ကို ပိုမိုထိန်းချုပ်ရေး ဆောင်ရွက်မှုများကြောင့် ပါလက်စတိုင်းများက ပရဝုဏ်အတွင်းသို့ ၀င်ရောက်ရန် ငြင်းဆိုခဲ့သည်။

    အစ္စရေးရဲ ၂ ဦးနှင့် ပါလက်စတိုင်း လက်နက်ကိုင် ၃ ဦးသေဆုံးခဲ့သည့် ပစ်ခတ်မှုနောက်ပိုင်း အစ္စရေးက အလ်-အက်ဆာ ဗလီကို ပိတ်မှုနှင့် သောကြာနေ့ဝတ်ပြမှုအား ပယ်ဖျက်ခြင်းကို ဒေသတွင်းနိုင်ငံများက ရှုတ်ချခဲ့သည်။

    ယနေ့နေ့လည်ပိုင်းတွင် အစ္စရေးက ဗလီကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း ဗလီဝတ်ကျောင်းတော်၏ ဂိတ်ပေါက်ဝတွင် သတ္တုစစ်ဆေးရေး စက်များ၊ ကင်မရာများကို တပ်ဆင်ထားသောကြောင့် ပါလက်စတိုင်းပြည်သူများမှာ အတွင်းသို့ ၀င်ရောက်ရန် ငြင်းဆန်ခဲ့ပြီး အပြင်ဘက်တွင်ပင် နေ့လည်ခင်းဝတ်ပြုမှုကို ဆောင်ရွက်ခဲ့သည်။

    “အစ္စရေးအစိုးရက ပြုလုပ်တဲ့ ပြောင်းလဲမှုတွေကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒီ သတ္တုစစ်ဆေးရေးစက်တွေကို ဖြတ်ပြီး ကျွန်တော်တို့ အထဲမ၀င်နိုင်ပါဘူး” ဟု ဗလီဝတ်ကျောင်းတော်၏ ဒါရိုက်တာ ရှိခ် အိုမာရ် ကစ္စ၀ါနီက ပြောကြားခဲ့သည်။

    နိုင်ငံတကာက ပါလက်စတိုင်းပိုင်နက်အဖြစ် သတ်မှတ်ထားသည့် ဂျေရုစလင်မြို့ဟောင်းကို ၁၉၆၇ ခုနှစ်တွင် ကျူးကျော်သိမ်းပိုက်ပြီးနောက်ပိုင်း အစ္စရေးမှာ အလ်-အက်ဆာဗလီဝတ်ကျောင်းတော်၏ အနေအထားကို ပြောင်းလဲရန် ကြိုးပမ်းမှုများ ပြုလုပ်ခဲ့သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယခု ထပ်တိုးလုံခြုံရေးဆောင်ရွက်မှုကြောင့် ဗလီပရ၀ုဏ်အတွင်း ဖြစ်ပျက်နေသည်များကို အစ္စရေးက လုံးဝထိန်းချုပ်နိုင်မည်ဟု ပြောကြားခဲ့သည်။

    အစ္စရေးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဂျေရုစလင်မြို့ဟောင်း၏ အစိတ်အပိုင်းအချို့ကိုလည်း ပိတ်ပစ်ခဲ့သည်။

    Ref: Aljazeera

  • ကြောင် ၂၀ ကျော် ဖမ်းဆီးသတ်ဖြတ်သူကို အမေရိကန်က ထောင် ၁၆ နှစ်ချ

    ကြောင် ၂၀ ကျော် ဖမ်းဆီးသတ်ဖြတ်သူကို အမေရိကန်က ထောင် ၁၆ နှစ်ချ

    ဇူလိုင် ၁၆၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ ကြောင် ၂၁ ကောင်ကို သတ်ဖြတ်မှုနဲ့ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၁၆ နှစ်ချမှတ်ခဲ့ပြီး၊ ဒီအမျိုးသားဟာ သေဆုံးသွားတဲ့ကြောင်ကို လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့တယ်လို့လည်း စွပ်စွဲခံရထားပါတယ်။

    အသက် ၂၆ နှစ်အရွယ် ရောဘတ် ရွိုင် ဖာမာဆိုသူဖြစ်ပြီး တိရစ္ဆာန်အပေါ် ရက်စက်ကြမ်းကြုပ်မှု စွဲချက် ၂၁ ခု အပါအ၀င် စုစုပေါင်း စွဲချက် ၂၃ ခုအတွက် အပြစ်ရှိကြောင်း ၀န်ခံခဲ့ပြီးနောက် သောကြာနေ့က ဆန်တာကလာရာကောင်စီ ဗဟိုတရားရုံးက ပြစ်ဒစ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

    ဆန်ဂျိုးစ်မြို့ ကမ်ဘရင်ပါခ့်ရပ်ကွက်က ကြောင်တွေဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ပျောက်ဆုံးခဲ့ပြီး နောက်ပိုင်းမှာ သေဆုံးလျက် တွေ့ရှိခဲ့ပါတယ်။ အဲဒီစက်တင်ဘာလအတွင်းမှာပဲ လူဖြူတစ်ယောက်က အိမ်တစ်အိမ်မှာ ကြွက်နဲ့ ကြောင်ကိုမြားပြီး ဖမ်းပြေးသွားတာတဲ့ ပုံရိပ်ကို လုံခြုံရေးကင်မရာကနေ တွေ့ရှိခဲ့ရပါတယ်။

    ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုအတွင်း ၂၀၁၅ ခုနှစ် အောက်တိုဘာ ၈ ရက်နေ့မှာ ကားထဲအိပ်နေတဲ့ ဖာမာကို စစ်ဆေးရာမှာ ကားထဲမှာ ကြိုးချည်ထားတဲ့ ကြောင်သေတစ်ကောင်၊ လက်အိတ်နဲ့ ဓားအိမ်ထဲထည့်ထားတဲ့ တောလိုက်ဓားပါဝင်တဲ့ ကျောပိုးအိတ်တွေကို တွေ့ခဲ့ရပါတယ်။

    တရားရုံးကြားနာမှုအတွင်း တိရစ္ဆာန်ဝန်ဆောင်မှုဌာနက တင်ပြတဲ့ အစီရင်ခံစာမှာ ဖာမာဟာ ကားထဲမှာ ကြောင်သေတစ်ကောင်ကို လိင်ပိုင်ဆိုင်းရာ ကျူးလွန်ခဲ့တဲ့ လက္ခဏာကိုတွေ့ရတယ်လို့ ဖော်ပြထားပြီး၊ ဖြတ်တောက်ထားတဲ့ ကြောင်ရဲ့ လိင်အင်္ဂါတွေကိုလည်း သက်သေအဖြစ် တင်သွင်းခဲ့ပါတယ်။

    ရာဇ၀တ်မှုဆိုင်ရာ ဓာတ်ခွဲခန်းကလည်း DNA စစ်ဆေးချက်တွေအရ ဖာမာဟာ ကြောင်ကို လိင်စော်ကားခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ရှေ့နေကတော့ ကြောင်သေကို လိင်ပိုင်းဆိုင်ရာ စော်ကားတယ်ဆိုတဲ့ စွဲချက်ကို ငြင်းဆိုပါတယ်။

    တရားသူကြီးက ကြောင်တွေကို ဖမ်းဆီးသတ်ဖြတ်မှုအတွက် ထောင်ဒဏ် ၁၆ နှစ်၊ ထောင်ကလွတ်ရင် ၁၀ နှစ်တိတိ ကြောင်တွေနဲ့ ဝေးဝေးနေဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် လိင်ပိုင်းဆိုင်ရာကျူးလွန်သူအဖြစ် သတ်မှတ်ဖို့အတွက် လိုအပ်ချက်တွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောကြားခဲ့ပါတယ်။

    Ref: RT