News @ M-Media

Blog

  • မွတ်စလင်တွေရဲ့ အာဇန်သံဟာ ကြည်နူးဖွယ်ကောင်းတယ်လို့ ဟောလီးဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမင်း ပြော

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – ကမ္ဘာကျော်ဟောလီးဝုဒ်မင်းသားကြီး မော်ဂန်ဖရီးမင်းက မွတ်စလင်တွေရဲ့ နေ့စဉ် ၀တ်ပြုဖို့ နှိုးဆော်သံဟာ ကြည်နူးဖွယ်ရာကောင်းတဲ့ အသံတစ်ခုလို့ ထင်မြင်ကြောင်း ပြောကြားလိုက်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလောက်က National Geographic က ရိုက်ကူးတဲ့ History of God အစီအစဉ်မှာ အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးနဲ့ ဆွေးနွေးစဉ် သူက ဒီလို ပြောကြားလိုက်တာပါ။

    မော်ဂန်ဖရီးမင်းဟာ ၁၉၉၁ ခုနှစ်ကထွက်ရှိခဲ့ပြီး အင်္ဂလန် ဒဏ္ဍာရီ သူရဲကောင်း ရော်ဘင်ဟုအကြောင်း ရိုက်ကူးထားတဲ့ Robin Hood: Prince of Thieves ဇာတ်ကားမှာ မွတ်စလင်ဇာတ်ကောင် အဇင်းအဖြစ် သရုပ်ဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

    အာဇန်သံနဲ့ပတ်သက်ပြီး မော်ဂန်ဖရီးမင်းရဲ့ အမြင်ကို ဒီဗီဒီယိုလေးမှာ တွေ့ရမှာ ဖြစ်ပါတယ်။

     

  • လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    လျှပ်စစ်ဓာတ်အားပေးမည့် ကမ္ဘာ့အကြီးဆုံး ဘတ္တရီကို သြဇီတွင် တည်ဆောက်မည်

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံက ပြည်နယ်တစ်ခုမှာ လိုအပ်နေတဲ့ လျှပ်စစ်စွမ်းအင်ကို ဖြည့်ဆည်းပေးဖို့အတွက် လျှပ်စစ်ကားတွေကို ထုတ်လုပ်နေတဲ့ Tesla ကုမ္ပဏီက ကမ္ဘာ့အကြီးဆုံး လစ်သီယန်အိုင်းယွန်းဘတ္တရီကို တည်ဆောက်သွားမယ်လို့ သိရပါတယ်။

    ပြင်သစ် ပြည့်ဖြိုးမြဲစွမ်းအင်ကုမ္ပဏီ Neoen နဲ့ ပူးပေါင်းဆောင်ရွက်မယ့် အဲဒီစီမံကိန်းကို ရက် ၁၀၀ အတွင်းမှာ တည်ဆောက်သွားမှာဖြစ်ပြီး မပြီးဘူးဆိုရင် အခမဲ့ လုပ်ပေးသွားမယ်လို့ Tesla ပိုင်ရှင် အေလွန်မက်စ်က မနေ့မှာ ကတိပြုခဲ့ပါတယ်။

    “စွန့်စားမှုအချို့ရှိမှာ ကျိန်းသေပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ဒါဟာ ကန့်သတ်မှုတစ်ခုအတွင်းမှာ လုပ်ပေးရမယ့် ကမ္ဘာ့ကြီးဆုံး ဘတ္တရီ ဖြစ်မှာမို့လိုပါ” လို့ မက်စ်က ဆိုပါတယ်။

    အခုဘတ္တရီဟာ ၁၀၀ မီဂါဝပ် ထုတ်လုပ်ပေးနိုင်မှာဖြစ်ပြီး ၃၀ မီဂါဝပ်ထုတ်လုပ်ပေးနိုင်မယ့် နောက်ထပ် ကမ္ဘာ့အကြီးဆုံး ဘတ္ထရီတစ်ခုကိုလည်း မက်စ်တို့က တည်ဆောက်ဖို့ ရှိနေပါတယ်။

    အခု ဆောက်သ်သြစတေးလျပြည်နယ်မှာ ဆောက်လုပ်မယ့် အဲဒီဘတ္တရီဟာ အရေးပေါ်အခြေအနေတွေမှာ ၂၄ နာရီ ဓာတ်အားပေးနိုင်မှာဖြစ်တယ်လို့ သြဇီအစိုးရက ပြောကြားခဲ့ပါတယ်။

    အဲဒီပြည်နယ်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလကတည်းက ဓာတ်အားပြတ်တောက်မှုကို မကြာခဏ ကြုံတွေ့ခဲ့ရပြီး နိုင်ငံရဲ့ စွမ်းအင်ပေါ်လစီနဲ့ပတ်သက်လို့ နိုင်ငံရေးနယ်ပယ်မှာ ဝေဖန်မှုတွေ ဖြစ်ခဲ့ပါတယ်။

    Ref : BBC

  • မူဆိုးလ်တွင် IS လက်ကျန်အဖွဲ့များကို အီရတ်စစ်တပ် ရှင်းလင်း

    မူဆိုးလ်တွင် IS လက်ကျန်အဖွဲ့များကို အီရတ်စစ်တပ် ရှင်းလင်း

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ ပြန်လည်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်နေသည့် အီရတ်စစ်တပ်မှာ IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးနေရာနှင့် နီးကပ်လာပြီး ရက်ပိုင်းအတွင်း မြို့မှာ လုံးဝ လွတ်မြောက်တော့မည့် အလားအလာ ရှိနေသည်။

    အီရတ်တပ်ဖွဲ့များမှာ IS ၏ နောက်ဆုံး စနိုက်ပါသမားများ၊ အသေခံဗုံးခွဲသမားများကို ရှင်းလင်းရေး လုပ်ဆောင်နေသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အရပ်သား ၂ သောင်းခန့်မှာ ပိတ်မိနေသည်ဟု ကုလက ပြောဆိုထားသည်။

    ပြီးခဲ့သည့်တစ်ပတ်အတွင်း မူဆိုးလ်မြို့ရှိ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း IS အဖွဲ့ ကျဆုံးသွားပြီဟု အီရတ်ဝန်ကြီးချုပ် အလ်-အာဘာဒီက ပြောကြားခဲ့သည်။

    အမေရိကန် ကျောထောက်နောက်ခံပြု အီရတ်စစ်တပ်နှင့် ကာ့ဒ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံးခံတပ် မူဆိုးလ်မြို့ကို သိမ်းပိုက်ရေး ထိုးစစ်မှာ ၈ လတာ ကြာမြင့်နေပြီဖြစ်သည်။

    Ref: Aljazeera

  • ပါလက်စတိုင်းမြို့တစ်မြို့နှင့် ဗလီတစ်လုံးကို ကုလက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ပါလက်စတိုင်းမြို့တစ်မြို့နှင့် ဗလီတစ်လုံးကို ကုလက ကမ္ဘာ့အမွေအနှစ်စာရင်းသွင်း

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – အစ္စရေးက သိမ်းပိုက်ထားသည့် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းမှ ဟီဘရွန်မြို့ မြို့ဟောင်းနှင့် အီဗရာဟီမီ ဗလီဝတ်ကျောင်းတော်တို့ကို အန္တရာယ်ရှိနေသည့် သမိုင်းဝင် ရှေးဟောင်းအမွေအနှစ်အဖြစ် ယူနက်စကိုက သောကြာနေ့တွင် သတ်မှတ်ခဲ့သည်။

    ယူနက်စကို၏ ၄၁ ကြိမ်မြောက် အစည်းအဝေးတွင်း မဲခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲ ၃ မဲ၊ ကြားနေမဲ ၆ မဲဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

    ဟီဘရွန် မြို့ဟောင်းမှာ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ခြင်းခံရသည့် ပါလက်စတိုင်းတို့၏ စတုတ္တမြောက် ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး၊ ယခင်က ဂျေရုစလင်၊ ဘက်သလီဟမ်တို့မှာလည်း ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံခဲ့ရသည်။

    “ဒီသမိုင်းဝင် သတ်မှတ်မှုရဲ့ အရေးပါမှုက ဒါဟာ ဟီဘရွတ်မြို့နဲ့ အီဘရာဟီမီဗလီတို့ရဲ့ အမှတ်သညာကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်” ဟု ပါလက်စတိုင်း ခရီးသွားလာရေးနှင့် ဗိသုကာဆိုင်ရာဝန်ကြီးက ပြောကြားခဲ့သည်။

    ဟီဘရွန်မြို့မှာ ကမ္ဘာပေါ်တွင် ကျန်ရှိနေသည့် သက်တမ်းအရင့်ဆုံး မြို့များထဲမှ တစ်ခုဖြစ်ပြီး သက်တမ်း နှစ်ပေါင်း ၆၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

    အီဘရာဟီမီဗလီဝတ်ကျောင်းတော်မှာလည်း ပါလက်စတိုင်းရှိ ယဉ်ကျေးမှုဆိုင်ရာ အရေးပါဆုံး အဆောက်အဦးများထဲမှ တစ်ခုဖြစ်ပြီး ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားရာ နေရာဖြစ်သည်။

    ယူနက်စကို၏ ထိုဆုံးဖြတ်ချက်ကို အစ္စရေးက ရှုတ်ချခဲ့သည်။ ပါလက်စတိုင်းမှာ လွန်ခဲ့သည့် ၆ နှစ်ကတည်းက ဟီဘရွန်အား ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ်စာရင်းသွင်းရေး လျှောက်ထားခဲ့ခြင်းဖြစ်သည်။

    Ref: Alarabiya

  • ဆီးရီးယားဒေသတစ်ချို့ အပစ်ရပ်ရေး ကန်-ရုရှား သဘောတူ

    ဆီးရီးယားဒေသတစ်ချို့ အပစ်ရပ်ရေး ကန်-ရုရှား သဘောတူ

    ဇူလိုင် ၈၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသ အပစ်ရပ်ရေး ကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ပူတင်တို့မှာ ဟမ်းဘတ်မြို့တွင် ကျင်းပပြုလုပ်နေသည့် ဂျီ ၂၀ ထိပ်သီးအစည်းအဝေးအတွင်း သဘောတူညီခဲ့သည်ဟု သိရသည်။

    သောကြာနေ့က ခေါင်းဆောင်နှစ်ဦး သီးခြားတွေ့ဆုံမှုအတွင်း ထိုကဲ့သို့ သဘောတူခဲ့ခြင်းဖြစ်ပြီး ဒါရာ၊ ကွမ်အစ်ထရာ၊ ဆူဝေဒါဒေသများမှာ အဆိုပါ အပစ်ရပ်ရေးသဘောတူညီချက်တွင် အကျုံးဝင်မည်ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရော့က ပြောကြားခဲ့သည်။ ဆွေးနွေးမှုအတွင်း ဂျော်ဒန် တာဝန်ရှိသူများလည်း ပါဝင်သည်။

    အပစ်ရပ်ရေးကို ဇူလိုင် ၉ ရက်နေ့တွင် စတင်မည်ဖြစ်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြိး ရက်စ် တီလာဆန်က အဆိုပါ သဘောတူညီချက်မှာ ဆီးရီးယားကိစ္စတွင် အမေရိကန်နှင့် ရုရှားတို့ ပူးတွဲဆောင်ရွက်နိုင်သည်ဆိုသည်ကို ပြသခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားတွင် ယခင်ကလည်း အပစ်ရပ်ရေးသဘောတူညီချက်များ ရယူခဲ့ပြီး အောင်မြင်ခြင်းမရှိခဲ့ပေ။

    ၆ နှစ်တာ ကြာမြင့်ခဲ့ပြီဖြစ်သည့် ဆီးရီးယားစစ်ပွဲတွင် လူသန်းဝက်ခန့် သေဆုံးခဲ့ပြီး သန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးနေရသည်။

    ရုရှားမှာ အာဏာရှင် အာဆတ်အစိုးရကို ကျောထောက်နောက်ခံပြုထားပြီး အမေရိကန်က သူပုန်များကို ထောက်ပံ့မှုများ ပြုလုပ်နေသည်။

    Ref: Aljazeera