News @ M-Media

Blog

  • “ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ပင်စင်ပေးသည့်စနစ်ပြင်ဆင်သင့်ပြီ”

    “ ပညာရေးဝန်ထမ်း ဆရာ ဆရာမများအား ပင်စင်ပေးသည့်စနစ်ပြင်ဆင်သင့်ပြီ”

    နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အသေချာဆုံးသော ရင်းနှီးမြှပ်နှံခြင်းသည် ပညာရေးတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်လာအောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းပင်ဖြစ်ပါသည်။ စနစ်တစ် ခုမှတစ်ခုသို့ကူးပြောင်းရာတွင် AUTO စက်ယန္တရားများကဲ့သို့ တမုဟုတ်ခြင်း ချက်ချင်းလက်ငင်း ကူးပြောင်းရန်လည်း လွယ်ကူမည်မဟုတ်ပေ။

    နိုင်ငံတစ်ခု၏သဘာဝသံယံဇာတများဖြစ်သည့် မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်၊ သဘာဝဓာတ်ငွေ့၊ ရေနံ၊ ကျောက်မျက်ရတနာများကို အဓိကထားရပ်တည်နေသော နိုင်ငံတစ်ခု သည် တစ်နေ့တစ်ချိန်တွင် ဒုက္ခကြီးငယ်နှင့်ရင်ဆိုင်ကြုံတွေ့ရမည်ဖြစ်သည်။ အကြောင်းမှာ ထိုသဘာဝရင်းမြစ်များသည် အချိန်ကာလတစ်ခုတွင် ကုန်ဆုံးရပ်တန့်သွားကြမည်ဖြစ်သည်။

    ခေတ်ဆိုး စနစ်ဆိုးများကို ဖြတ်သန်းရင်း နှစ်ပေါင်း ၅၀ကျော်ပြည်တွင်းစစ်မီးလျှံများကြား နစ်မွမ်းရင်း အာဖရိကတိုက်က အီသီယိုးပီးယားနိုင်ငံအောက် ရောက်မှန်းမသိ ရောက်သွားခဲ့သော စာရေးသူတို့နိုင်ငံကြီးကို အသိပညာရှင်၊အတတ်ပညာရှင် လူ့စွမ်းအားအရင်းအမြစ်များဖြင့် တည်ဆောက်ချိန် တန်နေပေပြီ။ ထိုလူ့စွမ်းအားအရင်းအမြစ်ယန္တရားအဆာက်အအုံကြီး ခိုင်မာဖွံဖြိုး ဖို့ရန် “ ပညာတည်း” ဟူသော အခြေခံအုတ်မြစ် အမြောက်အမြားလိုနေပေသည်။

    “အတွေ့အကြုံသည် အကောင်းဆုံးသော ဆရာဖြစ်သည်” (Experience is the best teacher) ဟူသောစကားပုံသည် လုပ်ငန်းခွင်နယ်ပယ်တိုင်း အလုပ်လုပ်ရင်း အချိန်ကြာလာသည် နှင့်အမျှ ရရှိလာသော ဗဟုသုတ အတွေ့အကြုံများသည် လူ့အဖွဲ့အစည်းတစ်ရပ်အား ဆရာတစ်ဆူအလား အထောက်အကူဖြစ်စေသည်ကို မီးမောင်းထိုးပြနေပါသည်။

    နှစ် ၃၀ကျော် ကျောင်းဆရာဘ၀ကိုဖြတ်သန်းရင်း ကျောင်းသား၊ကျောင်းသူများ၏ ရင်တွင်း ဖြစ်ခံစားချက် ပဲ့တင်သံများကို နားထောင်ပေးတတ်သော စာရေးသူအနေဖြင့် မြန်မာ့ပညာရေး လောက၏ ကွက်လပ်ဖြစ်နေသော “ဟာကွက်” တစ်ခုကို တိုင်းပြည်အတွက်၊ကျောင်းသားထုအ တွက် ထိခိုက်နစ်နာစရာတစ်ခုအနေနဲ့ ရှုမြင်မိသဖြင့် ဝေဖန်ထောက်ပြအကြံပြုချင်ပါသည်။

    နိုင်ငံတိုင်း၌ ပြည်သူ့ဝန်ထမ်းများနှင့် ပတ်သက်သည့် ဥပဒေသည် အခိုင်အမာရှိပြီးဖြစ် သည်။ ၀န်ထမ်းလုပ်သက်ပြည့်လျှင် သို့မဟုတ် ကျန်းမာရေးမကောင်းလျှင် ဆေးပင်စင်၊ လုပ်သက်ပြည့်ပင်စင် စသည်ဖြင့် တရားဝင်ခံစားနိုင်သော အခွင့်အရေးများကို ဥပဒေတွင် တရားဝင် ပြဋ္ဌာန်းထားပြီးဖြစ်သည်။

    မြန်မာနိုင်ငံ၏ပညာရေးနယ်ပယ်တွင် စာသင်ကြားပေးနေသော အစိုးရ၀န်ထမ်း ကျောင်း ဆရာ၊ဆရာမတစ်ဦးသည် မိမိ၏လုပ်သက်ပြည့်သည့် “ရက်၊လ” ရောက်သည်နှင့် တစ်ပြိုင်နက် တည်း မိမိ၏တပည့်အပေါင်းနှင့် မိမိ၏မိခင်ကျောင်းတော်ကြီးကို လက်ပြနှုတ်ဆက်ခွဲခွာခဲ့ရသည့် အစဉ်အလာသည် ယနေ့တိုင်ဖြစ်သည်။ ပင်စင်ယူသွားသည့် ဆရာမနေရာတွင် အချိန်နှင့်တပြေး ညီ အစားထိုးဝင်ရောက်သင်ကြားပေးနိုင်စွမ်းရှိသည့် ဆရာမတစ်ဦးအား သက်ဆိုင်ရာကျောင်းများ တွင် အချိန်မီ ခန့်အပ်တာဝန်ပေးနိုင်ခြင်းသည် လွယ်မရောင်နှင့် ခက်လှသည်။ တိမ်မရောင်နှင့် နက်လှသည်။ သို့သော် စာရေးသူ၏လေ့လာတွေ့ရှိချက်အရ ပညာရေးဝန်ကြီးဌာနသည် ထိုပင်စင် ယူသွားသည့် ဆရာမအစား အလားတူ အရည်အချင်းပြည့်ဝသည့် ကျောင်းဆရာမတစ်ဦးအား အ ချိန်မီ ခန့်အပ်တာဝန်ပေးနိုင်ခြင်း မရှိခဲ့သည့်အတွက် သက်ဆိုင်ရာကျောင်းနှင့် ကျောင်းသားထုအ တွက်များစွာ ထိခိုက်နစ်နာရပါသည်။

    အချို့သော ကျောင်းများတွင် ကျောင်းအုပ်ဆိုသူများသည် အစားထိုးခန့်အပ်မည့် ဆရာမ တစ်ဦးရောက်မလာ မချင်း ပြီးစလွယ်တာဝန်ပေးသည့် လုပ်ရပ်များစွာရှိခဲ့ဖူးပါသည်။ ဥပမာတင်ပြရ လျှင် စာရေးသူ၏ တူမတစ်ဦးတက်ရောက်နေသည့် အထက်တန်းကျောင်း တက္ကသိုလ်ဝင်တန်း အင်္ဂလိပ်စာဘာသာရပ် အတန်းမှူးဆရာမတစ်ဦးသည် စာသင်နှစ်ဝက်လောက်တွင် လုပ်သက်ပင် စင်ပြည့်၍ အထက်အမိန့် စည်းမျဉ်းစည်းကမ်းအရ မဖြစ်မနေ ပင်စင်စားအနားယူလိုက်ရပါသည်။ အထက်မှ ဆရာမတစ်ဦး ထိုကျောင်းသို့ အချိန်မီမခန့်အပ်ခင် ကျောင်းအုပ်ဆိုသူ၏ တာဝန်ပေးချက်အရ ဇီဝဗေဒ သင်ကြားနေရသော  ဆရာမသည် တက္ကသိုလ်ဝင်တန်းအင်္ဂလိပ်စာ ကို သင်ရိုးကုန် အထူးထုတ်စာအုပ်ကြီး တစ်အုပ်ကို ကိုင်၍ သင်ကြားပါတော့သည်။ အင်္ဂလိပ်စာ သည် ဘာသာစကား Language ဖြစ်သည့်အတွက် ဆရာမသည် အချို့သောအဓိပ္ပါယ် (၂)မျိုး၊ ပုံစံ (၂)မျိုး (၃)မျိုးဖြင့် ဖြေဆိုနိုင်သော မေးခွန်းများကို သင်ကြားရာတွင် အလွန်အခြေခံကောင်း၍ စာ ကြိုးစားသော ကျောင်းသား၊ကျောင်းသူများ၏ ဆင်ခြေ၊ဆင်လက်များနှင့် ရင်ဆိုင်ရသောအခါ “နွား ကျောင်းသားအမေး၊ဘုရားလောင်းမဖြေနိုင်သည့် ဖြစ်စဉ်များ”  ပေါ်ပေါက်ကာ စာသင်နေစဉ် အိုးနင်း ခွက်နင်းဖြစ်ကာ ဒေါသမီးများ မကြာခဏလောင်ကျွမ်းခဲ့ရတော့သည်။

    ထိုသို့ဖြစ်ရသည်မှာ ပညာရေးဝန်ကြီးဌာနရှိ အထက်အရာရှိဆိုသူများ၏ စနစ်တကျ စီမံခန့် ခွဲမှု့၊တာဝန်ပေးမှု့ အားနည်းခဲ့သောကြောင့် ပြည်နယ်တိုင်းဒေသကြီးရှိ လမ်းပမ်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသကျောင်းများတွင် ဆရာအင်အားမလုံလောက်သည့်ပြဿနာ၊ ကျောင်းသားအင် အားနှင့် ဆရာမအင်အားမမျှတသည့် ပြဿနာ စသည်တို့ကို ယနေ့တိုင် ကြုံတွေ့ရင်ဆိုင်နေရပါ သည်။

    ပညာရေးဝန်ကြီးဌာန အနေဖြင့် စာသင်နှစ်စကတည်းက မည်သည့်မြို့နယ်၊မည်သည့် ကျောင်းက မူလတန်း၊ အလယ်တန်း၊ အထက်တန်းပြဆရာ၊ဆရာမသည် “ မည်သည့်နေ့၊ မည်သည့်လ” တွင် သက်ပြည့်ပင်စင်ယူမည်။ ထိုသက်ဆိုင်ရာ ဆရာမနေရာတွင် အချိန်နှင့် တပြေး ညီ ခန့်အပ်တာဝန်ပေးရန် စီမံခန့်ခွဲမှု့ အလုံးစုံကို တာဝန်ယူမှု့၊တာဝန်သိမှု့ရှိစွာ ကြိုတင်တွက်ဆ  ဆောင်ရွက်ရပါမည်။ သို့မဟုတ်ပါက အံ့လွှဲ၊အံ့ချော်မှု အပေါင်းနှင့် ရင်ဆိုင်ကြုံတွေ့နေရမည်ဖြစ် သည်။

    အကြောင်းအမျိုးမျိုးကြောင့် ပင်စင်သက်တမ်းပြည့်၍ အနားယူတော့မည့် သက်ဆိုင်ရာ ဆရာမ၏ရာထူးနေရာတွင် အလားတူ အရည်အချင်းရှိသည့် ဆရာမတစ်ဦးကို မရမချင်း Academic ပညာသင်နှစ်ကုန်ဆုံးသည်အထိ လစာပေးကာ၊ မေတ္တာရပ်ခံကာ တာဝန်ပေး ဆောင်ရွက်စေပါက သင်ပေး၊သင်ယူပြုလုပ်နေကြသည့် ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများ၏ ဟန်ချက်ညီ ပညာရေးစနစ် နှစ်ဦးနှစ်ဘက် ပြေလည်နေသည့် စနစ်တစ်ခုကို အထောက်အကူပြုရာ ရောက်ပါလိမ့်မည်။ ဆရာ၊ဆရာမများအား စာသင်နှစ် တစ်ဝက်တစ်ပျက်ကြားကာလတွင် ပင်စင်ပေးခြင်းထက် သက်ဆိုင်ရာစာသင်နှစ်ကုန်ဆုံးချိန် ရောက်မှ ပင်စင်ပေးခြင်းသည် အလွန်သင့်မြတ်လျော်ကန်ပါကြောင်း အကြံပြုလိုက်ပါတော့သည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ် R.I.T)

  • မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ

    မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now) – မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ပြည်သာယာ (မြောက်) ရပ်ကွက်တွင် နေထိုင်သော ဦးလှအောင်သည် ဇူလိုင် ၁ဝ ရက်နေ့ညသန်းခေါင်က နေအိမ်သို့ ရောက်လာသော လူတစ်စု၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရသည်။

    ၎င်းတို့၏ တူတော်စပ်သည့် လူငယ်တစ်ဦးကို လာရောက် ရှာဖွေရာမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု ဦးလှအောင်၏ ဇနီးသည် ဒေါ်သူဇာဝင်းက Myanmar Now ကို နောက်တစ်နေ့တွင် ပြောပြသည်။

    “သူတို့က ကျွန်မအမျိုးသားရဲ့တူကို ဖွက်ထားတယ်ဆိုပြီး ထုတ်ပေးဖို့ပြောတာ။ ကျွန်မအမျိုးသားက ဖွက်ထားတာ မဟုတ်ဘူး။ မယုံရင်ဝင်ကြည့်ပါဆိုပြီး ပြောတာ။ မရှိရင်၊ ရှိတဲ့လူကို လုပ်သွားမယ်ဆိုပြီး ကျွန်မ အမျိုးသားကို ဓားနဲ့ခုတ်တာ” ဟု ဒေါ်သူဇာဝင်းက ပြောသည်။

    “လုပ်တဲ့သူတွေကိုတော့ ဖမ်းစေချင်ပါတယ်။ သူများတွေလည်း ကျွန်မတို့လို အနိုင်ကျင်ခံရမှာ စိုးရိမ်ပါတယ်”

    နေအိမ်သို့ ရောက်လာပြီး ဝင်ရောက်ရိုက်နှက်သူများထဲမှ တစ်ဦးကို ရပ်ကွက်အတွင်း နေထိုင်သူများက သိရှိကြောင်း၊ ရိုက်နှက်ခံရမှုအတွက် ယခုအချိန်ထိ အမှုဖွင့်ခြင်း မရှိသေးကြောင်း ဒေါ်သူဇာဝင်းက ပြောသည်။

    ဦးလှအောင်သည် ဦးခေါင်း၊ နားရွက်၊ မျက်စေ့တို့တွင် ဒဏ်ရာ အများအပြား ရရှိခဲ့ပြီး မိတ္ထီလာဆေးရုံကြီးတွင် ကုသမှု ခံယူနေကြောင်း သူက ဆက်ပြောသည်။

    မိတ္ထီလာမြို့ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်သောအခါတွင် တာဝန်ကျ ရဲအရာရှိက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သူ့အထက်အရာရှိသာ ဖြေကြားနိုင်မည်ဟု ပြောသည်။

    ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သော်လည်း မြို့ပေါ်တွင် အခြေအနေ တည်ငြိမ်နေပြီး ဒေသခံများ အေးချမ်းစွာ သွားလာနေလျက်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးစန်းဝင်းရှိန်က ပြောသည်။
    —————-
    ဒဏ်ရာ ရသွားသူ ဦးလှအောင်

  • ခေါင်းဆောင် ဘဂ္ဂဒါဒီသေဆုံးကြောင်း IS က အတည်ပြုဟု သတင်းထွက်

    ခေါင်းဆောင် ဘဂ္ဂဒါဒီသေဆုံးကြောင်း IS က အတည်ပြုဟု သတင်းထွက်

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ

    – မိမိတို့ရဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ သေဆုံးကြောင်း IS အကြမ်းဖက်အဖွဲ့က အတည်ပြုလိုက်တယ်လို့ အီရတ်နိုင်ငံ နိုင်နီဗာပြည်နယ်မှာရှိတဲ့ ဒေသခံ ရင်းမြစ်တစ်ခုကို ကိုးကားပြီး အီရန်သတင်းဌာန Press TV က ဖော်ပြခဲ့ပါတယ်။

    မူဆိုးလ်မြို့ရဲ့ အနောက်ဖက် ၆၃ ကီလိုမီတာအကွာက တာလ်အဖာရ်မြို့လယ်ကောင်မှာရှိတဲ့ IS ရဲ့ မီဒီယာဌာနတစ်ခုကနေ ထုတ်ပြန်တဲ့ ကြေငြာချက်အတိုလေးမှာ ဘဂ္ဂဒါဒီသေဆုံးကြောင်း အတည်ပြုခဲ့မှုကို ဒေသတွင်း ရင်းမြစ်တစ်ခုက al-Sumaria သတင်းဝဘ်ဆိုက်ကို မနေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ သိရှိရခြင်းမရှိပါဘူး။ အမည်မဖော်လိုတဲ့ ဒီသတင်းရင်းမြစ်က IS ဟာ မကြာခင်မှာ ခေါင်းဆောင်သစ်ကို ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    တာလ်အဖာရ်မှာရှိတဲ့ IS အဖွဲ့က လူတွေအချင်းချင်း ရာထူးအဝေမတည့်လို့ အဖွဲ့တွင်း ပုန်ကန်မှုတွေဖြစ်နေတယ်လို့ ဒီသတင်းထွက်လာပြီးနောက်ပိုင်း အခြား အီရတ်မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။

    ဒီသတင်းတွေကို အီရတ်အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

    မေလအတွင်း ဆီးရီးယားက ရက်ကာမြို့မှာပြုလုပ်တဲ့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ IS ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာ ရုရှားက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ခဲ့တဲ့ မူဆိုးလ်မြို့ကို ပြန်လည်သိမ်းယူဖို့ အီရတ်စစ်တပ်ရဲ့ ထိုးစစ်ဟာ ၉ လကျော် ကြာခဲ့ပြီး တနင်္လာနေ့မှာတော့ အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက မူးဆိုးလ်ကို ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ကြေငြာခဲ့ပါတယ်။

    Ref: Press TV

  • အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၁၆ ဦးသေဆုံး

    အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၁၆ ဦးသေဆုံး

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန် မရိန်းတပ်ဖွဲ့မှ လေယာဉ်တစ်စီးမှာ မစ်စစ္စပီပြည်နယ်တွင် ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    KC130 ပို့ဆောင်ရေးလယာဉ်မှာ ပြည်နယ်မြို့ ဂျက်ဆန်မှ မြောက်ဘက် ၁၃၅ ကီလိုမီတာအကွာ ကျေးလက်ဒေသတွင် ယမန်နေ့နှောင်းပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်ပြီး မရိန်းတပ်ဖွဲ့ ပြောကြားဆိုခွင့်ရှိသူ ဆာရာ ဘန်းစ်က လေယာဉ်မှာ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရသည်ဟုသာ ပြောကြားခဲ့သည်။

    မစ်စစ္စပီ အုပ်ချုပ်ရေးမှူး ဖီလ် ဘီရ်ယန့်ကလည်း ဖြစ်ရပ်ဆိုးတစ်ခုဟု ဆိုပြီး ပျက်ကျခဲ့သည့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိချေ။

    စိုက်ခင်းတစ်ခုအလယ်တွင် မီးလောင်နေသည့် လေယာဉ်အပျက်အစီးဓာတ်ပုံများမှာ အွန်လိုင်းတွင် ပြန့်နှံ့ခဲ့သည်။ အဆိုပါလေယာဉ်မှာ လေပေါ်တွင် ဆီဖြည့်ခြင်း၊ ကုန်စည်များသယ်ဆောင်ခြင်းနှင့် ခရီးသည်များ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်သည့်လေယာဉ်ဖြစ်သည်။

    Ref: Aljazeera

  • ဒီမိုကရေစီကို ကာကွယ်ဖို့ တူရကီပြည်သူများ လမ်းပေါ်ထွက်ကြပြီ

    ဒီမိုကရေစီကို ကာကွယ်ဖို့ တူရကီပြည်သူများ လမ်းပေါ်ထွက်ကြပြီ

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို တားဆီးထိန်းချုပ်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တားဆီးဖို့အတွက် တူရကီပြည်သူတွေဟာ တနင်္ဂနွေနေ့က မြို့တော်အစ္စတန်ဘူလ်မှ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

    မိုင်ပေါင်း ၂၅၀ လောက်ဝေးတဲ့ အန်ကာရာမြို့ကနေ ချီတက်လာကြတဲ့ ပြည်သူတွေဟာ ၃ ပတ်ခွဲကျော်ကြာတဲ့အချိန် တင်္ဂနွေနေ့က အစ္စတန်ဘူလ်ရဲ့ Maltepe ရင်ပြင်ကို ရောက်ရှိလာခဲ့ကြပြီး အတိုက်အခံ ရီပက်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ခေါင်းဆောင် ကမာလ် ကီလစ်ဒါရိုဂလူ ရင်ပြင်ထဲ ၀င်ရောက်လာတဲ့အချိန်မှာတော့ ဆန္ဒပြသူတွေက ‘အခွင့်အရေး၊ ဥပဒေ၊ တရားမျှမှု’ ဆိုပြီး ကျွေးကြော်ခဲ့ကြပါတယ်။

    “ကျွန်မတို့ တရားမျှတမှုနဲ့ ဒီမိုကရေစီကို လိုလားတယ်။ ဒါ့ကြောင့်ပဲ ကျွန်မတို့ဟာ လမ်းပေါ်မှာ ရက်တော်တော်များများ ရှိနေတာ ဖြစ်ပါတယ်။ ရင်ပြင်မှာ အံ့သြလောက်စရာပါပဲ။ ကျွန်မဆို အထဲကိုဝင်လို့တောင် မရပါဘူး။ ဒါပေမယ့် အရမ်းပျော်ပါတယ်။ တူရကီမှာ ဒီလိုအခြေအနေမျိုး တစ်ခါမှ မမြင်ဘူးပါဘူး” လို့ အသက် ၄၇ နှစ်အရွယ် ဖာဒီမီ အူဇ်ဘူဒက်က ပြောကြားခဲ့ပါတယ်။

    မြို့တော် အန်ကာရာကနေ အစ္စတန်ဘူလ်ကို ချီတက်တဲ့ အဲဒီ လှုပ်ရှားမှုကို March for Justice (တရားမျှတမှုအတွက် ချီတက်ပွဲ) လို့ အမည်ပေးထားပြီး ကီလစ်ဒါရိုဂလူ တစ်ယောက်တည်း စတင် ချီတက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သမ္မတ အာဒိုဂန်ကို မနှစ်မြို့ကြတဲ့ ပြည်သူတွေရဲ့ အားတက်ဖွယ် ၀န်းရံမှုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ပါတီက လွှတ်တော်အမတ်တစ်ဦးကို အစိုးရက ထောင်ချပြီးတဲ့နောက်ပိုင်း ကီလစ်ဒါရိုဂလူက ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။

    လွှတ်တော်အမတ် အနစ် ဘာဘီရိုဂလူကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ရှိရာ အစ္စတန်ဘူလ်မြို့ဆင်ခြေဖုံး Maltepe ဒေသမှာ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး တူရကီအလံတွေ၊ ‘တရားမျှတမှု’ လို့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ၊ တူရကီနိုင်ငံကိုတည်ထောင်သူ မွတ်စတာဖာ ကမားလ်ရဲ့ ပုံတွေကို ကိုင်ဆောင် ဝှေ့ယမ်းခဲ့ကြပါတယ်။

    ဆီးရီးယားကို တူရကီက လက်နက်ပေးပို့မှုကိစ္စ ဖော်ပြတဲ့ ဗီဒီယိုကို အတိုက်အခံ ဂျာနယ်လစ်ကို ပေးအပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဘာဘီရိုဂလူဟာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၅ နှစ် ချခံခဲ့ရပါတယ်။

    “ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်ကနေ တူရကီဟာ ရပ်တန့်သွားပါပြီ။ လူတစ်ယောက်က ချုပ်ကိုင်တာမျိုး ဖြစ်လာပါပြီ။ ဒါမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” လို့ ကီလစ်ဒါရိုဂလူက ပြောကြားခဲ့ပါတယ်။

    ဒီချီတက်ဆန္ဒပြမှုဟာ တိုင်းပြည်ရဲ့ လားရာကို ပြောင်းလဲသွားစေတဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီး တစ်နှစ်နီးပါးအကြာမှာ ပေါ်ထွက်လာတာပါ။ ဒီအာဏာသိမ်းဖို့ ကြိုးစားမှုအပြီးမှာ အာဒိုဂန်နဲ့ သူ့ရဲ့အစိုးရဟာ နိုင်ငံတစ်ဝုမ်း နိုင်ငံသားဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်ခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေကို ချုပ်ကိုင်ခဲ့ပါတယ်။ မီဒီယာအခွင့်အရေးကိုလည်း တင်းတင်းကြပ်ကြပ် ကန့်သတ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေး အတိုက်အခံတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။

    တိုင်းပြည်ကလည်း တစ်နှစ်နီးပါးကြာတဲ့ အခုအချိန်အထိ အရေးပေါ်အခြေအနေမှာ ရှိနေပြီး အတိုက်အခံလို့ မြင်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်းဖို့ အာဒိုဂန်ဦးဆောင်တဲ့အစိုးရကို ခြွင်းချက်မဲ့ပါဝါ ပေးထားသလို ဖြစ်နေပါတယ်။

    ဒီလို နှိပ်ကွပ်မှုတွေကို ဆန့်ကျင်ဖို့အတွက် တနင်္ဂနွေနေ့က စုရုံးမှုမှာ တူရကီပြည်သူ သိန်းနဲ့ချီ ပါဝင်ခဲ့ပါတယ်။

    “ကျွန်မတို့ အခွင့်အရေး၊ ဥပဒေနဲ့ တရားမျှတမှုတွေအတွက် ကျွန်မ ချီတက်လမ်းလျှောက်တာရှင့်။ အကြောင်းအရာတစ်ခုအပေါ်မှာ ယုံကြည်မှုပြင်းပြနေပြီဆိုရင် ဒီလို ခက်ခက်ခဲခဲနဲ့ အချိန်ကြာကြာလမ်းလျှောက်တာမျိုးကို လုပ်နိုင်လာမှာပါ” လို့ ၁၀ ရက်ဆက်တိုက် လမ်းလျှောက်ချီတက်ခဲ့တဲ့ အသက် ၆၂ နှစ်အတွက် စည်ပင်ဝန်ထမ်းဟောင်း ရီဖီကာ အော့ဇ်တာ့က်က ပြောကြားခဲ့ပါတယ်။

    မောပမ်းနွမ်းလျမှုတွေ ရှိနေပေမယ့် အစ္စတန်ဘူလ်ကို ရောက်လာတဲ့ နောက်ဆုံးအခြေအနေကတော့ အားရစရာကောင်းခဲ့ပြီး ဘင်ခရာတီးဝိုင်းတွေကလည်း လမ်းတစ်လျှောက် တီးမှုတ်လာခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း တူရကီပြည်သူတွေရဲ့ ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် အခု ချီတက်မှုကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြင်ပအန္တရာယ်တွေကနေ ဆန္ဒပြသူတွေကို ကာကွယ်ပေးခဲ့ပါတယ်။

    တူရကီလွတ်မြောက်ရေး အမှတ်သညာမြို့တစ်ခုဖြစ်တဲ့ အစ္စတန်ဘူလ်က ဒီလှုပ်ရှားမှုဟာ ဘယ်လောက်အထိ တာသွားမလဲဆိုတာကိုတော့ မပြောနိုသေးပါဘူး။

    ဆန္ဒပြသူတွေက အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို နားထောင်မလား၊ ဒါမှမဟုတ် ဆန္ဒပြမှု ပြီးဆုံးသွားတာနဲ့ အကြမ်းဖက်သမား ခေါင်းစဉ်တပ်ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးမလားဆိုတာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

    ချီတက်မှုအတွင်းမှာ နှလုံးဖောက်တဲ့သူ ၂ ဦး ရှိခဲ့ပြီး တစ်ဦးက နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အပူဒဏ်ကို မခံနိုင်လို့ အရိပ်ရတဲ့နေရာတွေကို ရှာဖွေရတဲ့သူတွေ၊ မိုးထဲရေထဲ အန်တုချီတက်ခဲ့ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါတယ်။

    ဒီချီတက်မှုအတွက် တူရကီပြည်သူတွေထဲမှာ သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ လမ်းတစ်လျှောက် ကြိုဆိုသူတွေက ဒီဆန္ဒပြမှုကို ချီးကျူးခဲ့ကြပေမယ့်၊ အာဒိုဂန်ကို ထောက်ခံသူတွေကတော့ အာဒိုဂန်ရဲ့အမည်ကို ဟစ်အော်ပြီး ဆန္ဒပြမှုကို တုန့်ပြန်ခဲ့ကြပါတယ်။

    ဒီလို သဘောထားကွဲလွဲမှုက အချိန်တစ်ခုကြာ ရှိနေမယ့် အနေအထားပါပဲ။ လွှတ်တော်ကအာဏာကို သမ္မတက ပိုမိုရယူနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဧပြီလ ဆန္ဒခံယူပွဲမှာ ကွဟာချက်နည်းနည်းနဲ့ အာဒိုဂန်က အနိုင်ရခဲ့ပါတယ်။

    တူရကီနိုင်ငံက သမ္မတရာထူးဟာ အမှတ်သညာတစ်ခုသာ ဖြစ်ပေမယ့် အာဒိုဂန်ကတော့ နိုင်ငံခေါင်းဆောင်၊ အစိုးရအကြီးအကဲဖြစ်ဖို့ ဆောင်ရွက်လာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြည်သူ့ဆန္ဒခံယူပွဲအတွက် နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ခဲ့ကြပါတယ်။

    Ref: CNN