News @ M-Media

Blog

  • မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ

    မိတ္ထီလာတွင် အမျိုးသားတစ်ဦး ရိုက်နှက်ခံရ

    ဖြိုးသီဟချို/Myanmar Now

    ရန်ကုန် (Myanmar Now) – မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၊ ပြည်သာယာ (မြောက်) ရပ်ကွက်တွင် နေထိုင်သော ဦးလှအောင်သည် ဇူလိုင် ၁ဝ ရက်နေ့ညသန်းခေါင်က နေအိမ်သို့ ရောက်လာသော လူတစ်စု၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာ အပြင်းအထန် ရရှိသွားကြောင်း သိရသည်။

    ၎င်းတို့၏ တူတော်စပ်သည့် လူငယ်တစ်ဦးကို လာရောက် ရှာဖွေရာမှ ရိုက်နှက်မှု ဖြစ်ပွားခဲ့သည်ဟု ဦးလှအောင်၏ ဇနီးသည် ဒေါ်သူဇာဝင်းက Myanmar Now ကို နောက်တစ်နေ့တွင် ပြောပြသည်။

    “သူတို့က ကျွန်မအမျိုးသားရဲ့တူကို ဖွက်ထားတယ်ဆိုပြီး ထုတ်ပေးဖို့ပြောတာ။ ကျွန်မအမျိုးသားက ဖွက်ထားတာ မဟုတ်ဘူး။ မယုံရင်ဝင်ကြည့်ပါဆိုပြီး ပြောတာ။ မရှိရင်၊ ရှိတဲ့လူကို လုပ်သွားမယ်ဆိုပြီး ကျွန်မ အမျိုးသားကို ဓားနဲ့ခုတ်တာ” ဟု ဒေါ်သူဇာဝင်းက ပြောသည်။

    “လုပ်တဲ့သူတွေကိုတော့ ဖမ်းစေချင်ပါတယ်။ သူများတွေလည်း ကျွန်မတို့လို အနိုင်ကျင်ခံရမှာ စိုးရိမ်ပါတယ်”

    နေအိမ်သို့ ရောက်လာပြီး ဝင်ရောက်ရိုက်နှက်သူများထဲမှ တစ်ဦးကို ရပ်ကွက်အတွင်း နေထိုင်သူများက သိရှိကြောင်း၊ ရိုက်နှက်ခံရမှုအတွက် ယခုအချိန်ထိ အမှုဖွင့်ခြင်း မရှိသေးကြောင်း ဒေါ်သူဇာဝင်းက ပြောသည်။

    ဦးလှအောင်သည် ဦးခေါင်း၊ နားရွက်၊ မျက်စေ့တို့တွင် ဒဏ်ရာ အများအပြား ရရှိခဲ့ပြီး မိတ္ထီလာဆေးရုံကြီးတွင် ကုသမှု ခံယူနေကြောင်း သူက ဆက်ပြောသည်။

    မိတ္ထီလာမြို့ မြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်သောအခါတွင် တာဝန်ကျ ရဲအရာရှိက ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး သူ့အထက်အရာရှိသာ ဖြေကြားနိုင်မည်ဟု ပြောသည်။

    ထိုဖြစ်ရပ် ပေါ်ပေါက်ခဲ့သော်လည်း မြို့ပေါ်တွင် အခြေအနေ တည်ငြိမ်နေပြီး ဒေသခံများ အေးချမ်းစွာ သွားလာနေလျက်ရှိသည်ဟု ဒေသခံတစ်ဦးဖြစ်သည့် ဦးစန်းဝင်းရှိန်က ပြောသည်။
    —————-
    ဒဏ်ရာ ရသွားသူ ဦးလှအောင်

  • ခေါင်းဆောင် ဘဂ္ဂဒါဒီသေဆုံးကြောင်း IS က အတည်ပြုဟု သတင်းထွက်

    ခေါင်းဆောင် ဘဂ္ဂဒါဒီသေဆုံးကြောင်း IS က အတည်ပြုဟု သတင်းထွက်

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ

    – မိမိတို့ရဲ့ခေါင်းဆောင် အဘူ ဘာကာရ် အလ်-ဘဂ္ဂဒါဒီ သေဆုံးကြောင်း IS အကြမ်းဖက်အဖွဲ့က အတည်ပြုလိုက်တယ်လို့ အီရတ်နိုင်ငံ နိုင်နီဗာပြည်နယ်မှာရှိတဲ့ ဒေသခံ ရင်းမြစ်တစ်ခုကို ကိုးကားပြီး အီရန်သတင်းဌာန Press TV က ဖော်ပြခဲ့ပါတယ်။

    မူဆိုးလ်မြို့ရဲ့ အနောက်ဖက် ၆၃ ကီလိုမီတာအကွာက တာလ်အဖာရ်မြို့လယ်ကောင်မှာရှိတဲ့ IS ရဲ့ မီဒီယာဌာနတစ်ခုကနေ ထုတ်ပြန်တဲ့ ကြေငြာချက်အတိုလေးမှာ ဘဂ္ဂဒါဒီသေဆုံးကြောင်း အတည်ပြုခဲ့မှုကို ဒေသတွင်း ရင်းမြစ်တစ်ခုက al-Sumaria သတင်းဝဘ်ဆိုက်ကို မနေ့မှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

    ဒါပေမယ့် အသေးစိတ်အချက်အလက်ကိုတော့ သိရှိရခြင်းမရှိပါဘူး။ အမည်မဖော်လိုတဲ့ ဒီသတင်းရင်းမြစ်က IS ဟာ မကြာခင်မှာ ခေါင်းဆောင်သစ်ကို ကြေငြာသွားမယ်လို့လည်း ဆိုပါတယ်။

    တာလ်အဖာရ်မှာရှိတဲ့ IS အဖွဲ့က လူတွေအချင်းချင်း ရာထူးအဝေမတည့်လို့ အဖွဲ့တွင်း ပုန်ကန်မှုတွေဖြစ်နေတယ်လို့ ဒီသတင်းထွက်လာပြီးနောက်ပိုင်း အခြား အီရတ်မီဒီယာတစ်ခုက ဖော်ပြခဲ့ပါတယ်။

    ဒီသတင်းတွေကို အီရတ်အာဏာပိုင်တွေက အတည်ပြုခြင်း မရှိသေးပါဘူး။

    မေလအတွင်း ဆီးရီးယားက ရက်ကာမြို့မှာပြုလုပ်တဲ့ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုမှာ IS ခေါင်းဆောင် ဘဂ္ဂဒါဒီ သေဆုံးဖွယ်ရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာ ရုရှားက သတင်းထုတ်ပြန်ခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ IS အကြမ်းဖက်အဖွဲ့က သိမ်းပိုက်ခဲ့တဲ့ မူဆိုးလ်မြို့ကို ပြန်လည်သိမ်းယူဖို့ အီရတ်စစ်တပ်ရဲ့ ထိုးစစ်ဟာ ၉ လကျော် ကြာခဲ့ပြီး တနင်္လာနေ့မှာတော့ အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီက မူးဆိုးလ်ကို ပြန်လည်သိမ်းပိုက်နိုင်ကြောင်း ကြေငြာခဲ့ပါတယ်။

    Ref: Press TV

  • အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၁၆ ဦးသေဆုံး

    အမေရိကန်စစ်လေယာဉ်တစ်စီး ပျက်ကျပြီး လူ ၁၆ ဦးသေဆုံး

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – အမေရိကန် မရိန်းတပ်ဖွဲ့မှ လေယာဉ်တစ်စီးမှာ မစ်စစ္စပီပြည်နယ်တွင် ပျက်ကျခဲ့ပြီး အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့သည်ဟု အမေရိကန်အာဏာပိုင်များက ပြောကြားခဲ့သည်။

    KC130 ပို့ဆောင်ရေးလယာဉ်မှာ ပြည်နယ်မြို့ ဂျက်ဆန်မှ မြောက်ဘက် ၁၃၅ ကီလိုမီတာအကွာ ကျေးလက်ဒေသတွင် ယမန်နေ့နှောင်းပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်ပြီး မရိန်းတပ်ဖွဲ့ ပြောကြားဆိုခွင့်ရှိသူ ဆာရာ ဘန်းစ်က လေယာဉ်မှာ ပြဿနာတစ်ခု ကြုံတွေ့ခဲ့ရသည်ဟုသာ ပြောကြားခဲ့သည်။

    မစ်စစ္စပီ အုပ်ချုပ်ရေးမှူး ဖီလ် ဘီရ်ယန့်ကလည်း ဖြစ်ရပ်ဆိုးတစ်ခုဟု ဆိုပြီး ပျက်ကျခဲ့သည့် အသေးစိတ်အချက်အလက်ကို ထုတ်ပြန်ပြောကြားခဲ့ခြင်းမရှိချေ။

    စိုက်ခင်းတစ်ခုအလယ်တွင် မီးလောင်နေသည့် လေယာဉ်အပျက်အစီးဓာတ်ပုံများမှာ အွန်လိုင်းတွင် ပြန့်နှံ့ခဲ့သည်။ အဆိုပါလေယာဉ်မှာ လေပေါ်တွင် ဆီဖြည့်ခြင်း၊ ကုန်စည်များသယ်ဆောင်ခြင်းနှင့် ခရီးသည်များ ပို့ဆောင်ခြင်းတို့ကို ဆောင်ရွက်သည့်လေယာဉ်ဖြစ်သည်။

    Ref: Aljazeera

  • ဒီမိုကရေစီကို ကာကွယ်ဖို့ တူရကီပြည်သူများ လမ်းပေါ်ထွက်ကြပြီ

    ဒီမိုကရေစီကို ကာကွယ်ဖို့ တူရကီပြည်သူများ လမ်းပေါ်ထွက်ကြပြီ

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    – တိုင်းပြည်ရဲ့ ဒီမိုကရေစီစနစ်ကို တားဆီးထိန်းချုပ်ဖို့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို တားဆီးဖို့အတွက် တူရကီပြည်သူတွေဟာ တနင်္ဂနွေနေ့က မြို့တော်အစ္စတန်ဘူလ်မှ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

    မိုင်ပေါင်း ၂၅၀ လောက်ဝေးတဲ့ အန်ကာရာမြို့ကနေ ချီတက်လာကြတဲ့ ပြည်သူတွေဟာ ၃ ပတ်ခွဲကျော်ကြာတဲ့အချိန် တင်္ဂနွေနေ့က အစ္စတန်ဘူလ်ရဲ့ Maltepe ရင်ပြင်ကို ရောက်ရှိလာခဲ့ကြပြီး အတိုက်အခံ ရီပက်ဘလစ်ကန် ပြည်သူ့ပါတီ (CHP) ခေါင်းဆောင် ကမာလ် ကီလစ်ဒါရိုဂလူ ရင်ပြင်ထဲ ၀င်ရောက်လာတဲ့အချိန်မှာတော့ ဆန္ဒပြသူတွေက ‘အခွင့်အရေး၊ ဥပဒေ၊ တရားမျှမှု’ ဆိုပြီး ကျွေးကြော်ခဲ့ကြပါတယ်။

    “ကျွန်မတို့ တရားမျှတမှုနဲ့ ဒီမိုကရေစီကို လိုလားတယ်။ ဒါ့ကြောင့်ပဲ ကျွန်မတို့ဟာ လမ်းပေါ်မှာ ရက်တော်တော်များများ ရှိနေတာ ဖြစ်ပါတယ်။ ရင်ပြင်မှာ အံ့သြလောက်စရာပါပဲ။ ကျွန်မဆို အထဲကိုဝင်လို့တောင် မရပါဘူး။ ဒါပေမယ့် အရမ်းပျော်ပါတယ်။ တူရကီမှာ ဒီလိုအခြေအနေမျိုး တစ်ခါမှ မမြင်ဘူးပါဘူး” လို့ အသက် ၄၇ နှစ်အရွယ် ဖာဒီမီ အူဇ်ဘူဒက်က ပြောကြားခဲ့ပါတယ်။

    မြို့တော် အန်ကာရာကနေ အစ္စတန်ဘူလ်ကို ချီတက်တဲ့ အဲဒီ လှုပ်ရှားမှုကို March for Justice (တရားမျှတမှုအတွက် ချီတက်ပွဲ) လို့ အမည်ပေးထားပြီး ကီလစ်ဒါရိုဂလူ တစ်ယောက်တည်း စတင် ချီတက်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ သမ္မတ အာဒိုဂန်ကို မနှစ်မြို့ကြတဲ့ ပြည်သူတွေရဲ့ အားတက်ဖွယ် ၀န်းရံမှုကို ရရှိခဲ့ပါတယ်။ သူ့ရဲ့ပါတီက လွှတ်တော်အမတ်တစ်ဦးကို အစိုးရက ထောင်ချပြီးတဲ့နောက်ပိုင်း ကီလစ်ဒါရိုဂလူက ဒီလှုပ်ရှားမှုကို စတင်ခဲ့တာပါ။

    လွှတ်တော်အမတ် အနစ် ဘာဘီရိုဂလူကို ထိန်းသိမ်းထားတဲ့ အကျဉ်းထောင်ရှိရာ အစ္စတန်ဘူလ်မြို့ဆင်ခြေဖုံး Maltepe ဒေသမှာ ဆန္ဒပြသူတွေ စုရုံးခဲ့ကြပြီး တူရကီအလံတွေ၊ ‘တရားမျှတမှု’ လို့ရေးသားထားတဲ့ ဆိုင်းဘုတ်တွေ၊ တူရကီနိုင်ငံကိုတည်ထောင်သူ မွတ်စတာဖာ ကမားလ်ရဲ့ ပုံတွေကို ကိုင်ဆောင် ဝှေ့ယမ်းခဲ့ကြပါတယ်။

    ဆီးရီးယားကို တူရကီက လက်နက်ပေးပို့မှုကိစ္စ ဖော်ပြတဲ့ ဗီဒီယိုကို အတိုက်အခံ ဂျာနယ်လစ်ကို ပေးအပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဘာဘီရိုဂလူဟာ ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၂၅ နှစ် ချခံခဲ့ရပါတယ်။

    “ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်ကနေ တူရကီဟာ ရပ်တန့်သွားပါပြီ။ လူတစ်ယောက်က ချုပ်ကိုင်တာမျိုး ဖြစ်လာပါပြီ။ ဒါမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး” လို့ ကီလစ်ဒါရိုဂလူက ပြောကြားခဲ့ပါတယ်။

    ဒီချီတက်ဆန္ဒပြမှုဟာ တိုင်းပြည်ရဲ့ လားရာကို ပြောင်းလဲသွားစေတဲ့ မအောင်မြင်တဲ့ အာဏာသိမ်းမှုအပြီး တစ်နှစ်နီးပါးအကြာမှာ ပေါ်ထွက်လာတာပါ။ ဒီအာဏာသိမ်းဖို့ ကြိုးစားမှုအပြီးမှာ အာဒိုဂန်နဲ့ သူ့ရဲ့အစိုးရဟာ နိုင်ငံတစ်ဝုမ်း နိုင်ငံသားဆိုင်ရာ အခွင့်အရေးတွေကို ပိတ်ပင်ခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေကို ချုပ်ကိုင်ခဲ့ပါတယ်။ မီဒီယာအခွင့်အရေးကိုလည်း တင်းတင်းကြပ်ကြပ် ကန့်သတ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေး အတိုက်အခံတွေကို အစုလိုက်အပြုံလိုက် ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။

    တိုင်းပြည်ကလည်း တစ်နှစ်နီးပါးကြာတဲ့ အခုအချိန်အထိ အရေးပေါ်အခြေအနေမှာ ရှိနေပြီး အတိုက်အခံလို့ မြင်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးထိန်းသိမ်းဖို့ အာဒိုဂန်ဦးဆောင်တဲ့အစိုးရကို ခြွင်းချက်မဲ့ပါဝါ ပေးထားသလို ဖြစ်နေပါတယ်။

    ဒီလို နှိပ်ကွပ်မှုတွေကို ဆန့်ကျင်ဖို့အတွက် တနင်္ဂနွေနေ့က စုရုံးမှုမှာ တူရကီပြည်သူ သိန်းနဲ့ချီ ပါဝင်ခဲ့ပါတယ်။

    “ကျွန်မတို့ အခွင့်အရေး၊ ဥပဒေနဲ့ တရားမျှတမှုတွေအတွက် ကျွန်မ ချီတက်လမ်းလျှောက်တာရှင့်။ အကြောင်းအရာတစ်ခုအပေါ်မှာ ယုံကြည်မှုပြင်းပြနေပြီဆိုရင် ဒီလို ခက်ခက်ခဲခဲနဲ့ အချိန်ကြာကြာလမ်းလျှောက်တာမျိုးကို လုပ်နိုင်လာမှာပါ” လို့ ၁၀ ရက်ဆက်တိုက် လမ်းလျှောက်ချီတက်ခဲ့တဲ့ အသက် ၆၂ နှစ်အတွက် စည်ပင်ဝန်ထမ်းဟောင်း ရီဖီကာ အော့ဇ်တာ့က်က ပြောကြားခဲ့ပါတယ်။

    မောပမ်းနွမ်းလျမှုတွေ ရှိနေပေမယ့် အစ္စတန်ဘူလ်ကို ရောက်လာတဲ့ နောက်ဆုံးအခြေအနေကတော့ အားရစရာကောင်းခဲ့ပြီး ဘင်ခရာတီးဝိုင်းတွေကလည်း လမ်းတစ်လျှောက် တီးမှုတ်လာခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်း တူရကီပြည်သူတွေရဲ့ ဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိခဲ့ပေမယ့် အခု ချီတက်မှုကတော့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေက ပြင်ပအန္တရာယ်တွေကနေ ဆန္ဒပြသူတွေကို ကာကွယ်ပေးခဲ့ပါတယ်။

    တူရကီလွတ်မြောက်ရေး အမှတ်သညာမြို့တစ်ခုဖြစ်တဲ့ အစ္စတန်ဘူလ်က ဒီလှုပ်ရှားမှုဟာ ဘယ်လောက်အထိ တာသွားမလဲဆိုတာကိုတော့ မပြောနိုသေးပါဘူး။

    ဆန္ဒပြသူတွေက အစိုးရအနေနဲ့ ဆန္ဒပြသူတွေရဲ့ တောင်းဆိုမှုတွေကို နားထောင်မလား၊ ဒါမှမဟုတ် ဆန္ဒပြမှု ပြီးဆုံးသွားတာနဲ့ အကြမ်းဖက်သမား ခေါင်းစဉ်တပ်ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးမလားဆိုတာကို စောင့်ကြည့်ရမယ်လို့ ဆိုပါတယ်။

    ချီတက်မှုအတွင်းမှာ နှလုံးဖောက်တဲ့သူ ၂ ဦး ရှိခဲ့ပြီး တစ်ဦးက နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ အပူဒဏ်ကို မခံနိုင်လို့ အရိပ်ရတဲ့နေရာတွေကို ရှာဖွေရတဲ့သူတွေ၊ မိုးထဲရေထဲ အန်တုချီတက်ခဲ့ကြတဲ့သူတွေလည်း ဒုနဲ့ဒေးပါတယ်။

    ဒီချီတက်မှုအတွက် တူရကီပြည်သူတွေထဲမှာ သဘောထားကွဲလွဲမှုတွေလည်း ရှိနေပါတယ်။ လမ်းတစ်လျှောက် ကြိုဆိုသူတွေက ဒီဆန္ဒပြမှုကို ချီးကျူးခဲ့ကြပေမယ့်၊ အာဒိုဂန်ကို ထောက်ခံသူတွေကတော့ အာဒိုဂန်ရဲ့အမည်ကို ဟစ်အော်ပြီး ဆန္ဒပြမှုကို တုန့်ပြန်ခဲ့ကြပါတယ်။

    ဒီလို သဘောထားကွဲလွဲမှုက အချိန်တစ်ခုကြာ ရှိနေမယ့် အနေအထားပါပဲ။ လွှတ်တော်ကအာဏာကို သမ္မတက ပိုမိုရယူနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဧပြီလ ဆန္ဒခံယူပွဲမှာ ကွဟာချက်နည်းနည်းနဲ့ အာဒိုဂန်က အနိုင်ရခဲ့ပါတယ်။

    တူရကီနိုင်ငံက သမ္မတရာထူးဟာ အမှတ်သညာတစ်ခုသာ ဖြစ်ပေမယ့် အာဒိုဂန်ကတော့ နိုင်ငံခေါင်းဆောင်၊ အစိုးရအကြီးအကဲဖြစ်ဖို့ ဆောင်ရွက်လာခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ပြည်သူ့ဆန္ဒခံယူပွဲအတွက် နိုင်ငံတကာက စောင့်ကြည့်လေ့လာသူတွေက ဝေဖန်ခဲ့ကြပါတယ်။

    Ref: CNN

  • ရခိုင်နှင့် ကချင်ကိစ္စ ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်ပေးရန် မြန်မာကို ကန်ဖိအားပေး

    ရခိုင်နှင့် ကချင်ကိစ္စ ကုလ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်ပေးရန် မြန်မာကို ကန်ဖိအားပေး

    ဇူလိုင် ၁၁၊ ၂၀၁၇
    M-Media

    မောင်တောမြို့မှ ရိုဟင်ဂျာများ

    – ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက သတ်ဖြတ်မှုတွေ၊ အဓမ္မကျင့်မှုတွေ၊ ညှင်းပမ်းနှိပ်စက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ အပါအ၀င် နိုင်ငံတစ်ဝှမ်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့အတွက် ကုလရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ခွင့်ပြုဖို့ အမေရိကန်က မြန်မာနိုင်ငံကို မနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

    ကုလရဲ့ လူ့အခွင့်အရေးကောင်စီက ဒီစုံစမ်းရေးအဖွဲ့ကို မတ်လမှာ ဖွဲ့စည်းလိုက်တာဖြစ်ပေမယ့် နိုင်ငံတော်အတိုင်ပင်ခံနဲ့ နိုင်ငံခြားဝန်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး အချက်အလက်ရှာဖွေရေအဖွဲ့ကိုလည်း ငြင်းဆန်ထားပါတယ်။

    နိုင်ငံခြားရေး ထိပ်တန်းတာဝန်ရှိသူတစ်ယောက်က ဒီအဖွဲ့ကို ပြည်ဝင်ခွင့်ပေးမှာမဟုတ်ဘူးလို့ ဇွန်လ ၃၀ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟာလေးက မြန်မာအစိုးရအနေနဲ့ ဒီ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ၀င်ရောက်ခွင့်ပြုပြီး အလုပ်လုပ်ခွင့်ပေးဖို့ အရေးကြီးတယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    “မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းက မမြင်ချင်ယောင်ဆောင်နေလို့ မရပါဘူး။ ကျွန်မတို့ အတူတကွ ရပ်တည်ရမှာဖြစ်ပြီး ဒီ အချက်အလက်ရှာဖွေရေးအဖွဲ့နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ မြန်မာအစိုးရကို တိုက်တွန်းရပါမယ်”

    ၂၀၁၆ ခုနှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ နယ်ခြားစောင့်စခန်းတွေ အကြမ်းဖက်တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၅၀၀၀ လောက်ဟာ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရပါတယ်။

    ရိုဟင်ဂျာဒုက္ခသည်တွေကို တွေ့ဆုံမေးမြန်းပြီး ဖေဖော်ဝါရီမှာ ကုလက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အုပ်စုဖွဲ့ အဓမ္မကျင့်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု၊ လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု မြောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

    “လူမျိုးကြောင့်၊ ဘာသာအယူ ယုံကြည်သက်ဝင်မှုကြောင့် ဘယ်သူ့ကိုမှ ခွဲခြားဆက်ဆံလို့ မရပါဘူး” လို့ ကန်သံအမတ်က ပြောကြားခဲ့ပါတယ်။

    Ref: Reuters