News @ M-Media

Blog

  • စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

    စစ်တွေပဋိပက္ခ လူသေဆုံးမှု တရားခံများ ဖမ်းဆီးနိုင်ခြင်း မရှိသေး

    ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဲတပ်သားသစ်များ သင်တန်းတက်နေစဉ် / Reuters

    အင်္ဂါနေ့က မွတ်ဆလင်တဦးသေဆုံးစေသော မှုခင်းဖြစ်ပွားသည့် နေရာတွင် လိုက်ပါစောင့်ကြပ်သည့် ရဲတပ်ဖွဲ့ဝင်များ ရှိစေကာမူ တိုက်ခိုက်မှုအတွက် သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ဒုရဲမှူကြီး ဝင်းနိုင်က ပြောသည်။

    ရဲအရာရှိများက ရခိုင်ဗုဒ္ဓဘာသာဝင် အများစုရှိသော ရွာကြီးမြောက်ရပ်ကွက်ရှိ ဒါးပိုင် ပြည်တွင်းနေရပ်စွန့်ခွာရသူများ စခန်းမှ မွတ်ဆလင် ၇ ဦးကို စောင့်ကြပ်လိုက်ပါသည့် ရဲတပ်ဖွဲ့ဝင်၏ပြောဆိုချက်များကို ထုတ်ပြန်ရန် ငြင်းဆိုသည်။ အစောပိုင်းကမူ ထိုမွတ်ဆလင်အုပ်စုသည် တိုက်ခိုက်မှု ဖြစ်ပွားရာ မြို့နယ်တရားရုံးတွင် သက်သေခံရန် လာသည်ဟု ဆို သည်။

    အမှတ် ၂ ရဲစခန်းမှ တာဝန်ပေးထားသော ရဲတပ်သားသည် လက်နက်တပ်ဆင်ထားခြင်း မရှိဘဲ လူအုပ်က တိုက်ခိုက် သောအခါ ထွက်ပြေးသည်ဟု ဝန်ခံပြီး ထိုရဲတပ်သားသည် တိုက်ခိုက်မှုကို မည်သို့မျှ မဟန့်တားနိုင်ခဲ့ဟုလည်း ဆိုသည်။

    “ကျနော်တို့်က ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး ကြေညာချက်ကို နောက်တော့ ထုတ်ပြန်ပါမယ်”ဟု သူက ဆက်ပြော သည်။

    တိုက်ခိုက်မှုဖြစ်ပွားစဉ်က အခင်းဖြစ်ရာနေရာတွင် ရှိနေသော ရဲတပ်ဖွဲ့ဝင်ကို စစ်ဆေးပြီးဖြစ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဗိုလ်မှူးကြီးမျိုးသူစိုးက ဗုဒ္ဓဟူးနေ့က ရိုက်တာသတင်းဌာနသို့ ပြောသည်။ သူသည် တိုက်ခိုက်မှုကို ဟန့်တား ရန် ကြိုးစားခဲ့သော်လည်း သူ့တွင် လက်နက်မပါဝင်သောကြောင့် မအောင်မြင်ဘဲ ရဲစခန်းသို့ ပြန်ပြေးခဲ့ရသည်ဟု အထက်ပါ ပြောခွင့်ရသူက ဆိုသည်။

    ၎င်းတို့သည် ထုံးစံအားဖြင့် ပြည်တွင်းရွှေ့ပြောင်းအခြေချများကို စစ်တွေမြို့လယ် သို့မဟုတ် ဈေးသို့ လက်နက်ကိုင် အစောင့်အရှောက် ပေးသည်ဟု ဧရာဝတီသတင်းဌာနသို့ ဖုန်းဖြင့် ပြောသည်။

    ရဲအပါအဝင် လက်နက်ကိုင် စစ်သား ၁၀၀ ခန့်သည် သေဆုံးသူ အသက် ၅၅ နှစ်အရွယ် မောင်နုခေါ် မွန်နာအာမက်၏ အလောင်းကို ယူဆောင်ရန် အင်္ဂါနေ့ညက ရောက်လာသည်ဟု သူ့ကိုယ်သူ ရိုဟင်ဂျာဟု သတ်မှတ်သူ ဒါးပိုင်စခန်းမှ ဦးစောလွင်က ဧရာဝတီသတင်းဌာနသို့ ပြောပြီး ၎င်းတို့သည် အသက်ရှင်ကျန်သူ ၄ ဦးကိုလည်း စခန်းတွင် ချထားခဲ့ သည်ဟု ဆိုသည်။ နှစ်ဦးမှာ ဆေးရုံတွင် ရှိနေဆဲဖြစ်သည်။

    နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံး သတင်းထုတ်ပြန်ရေး ကော်မတီ၏အဆိုအရ တပ်ကြပ်နိုင်နိုင်နှင့် တပ်သား စိုးဝင်းတို့ သည် အင်္ဂါနေ့၌ မြို့နယ်တရားရုံးတွင် အမှုတခုအတွက် သက်သေခံရန် ရပ်ရွာအကြီးအကဲ ဦးမြင့်နိုင်ကို ဒါးပိုင်စခန်းမှ ခေါ် ဆောင်ခဲ့သည်။ သို့သော် အခြားသူ ၇ ဦးကို သယ်ဆောင်လာသော မီနီဘန်အမျိုးအစား ကားသည် မန်ဆီစခန်းရှိ လုံခြုံ ရေးအဖွဲ့များကို အကြောင်းမကြားဘဲ ရဲကားနောက်မှ လိုက်လာခဲ့သည်ဟု ဆိုသည်။

    အာဏာပိုင်များသည် မွတ်ဆလင်များကို မြို့ရှိ ရခိုင်ရပ်ကွက် သို့မဟုတ် ဆိုင်များသို့ သွားခွင့်မပြုပေ။ ဗုဒ္ဓဘာသာ ရခိုင် များလည်း ရဲအစောင့်အရှောက် မပါဘဲ မွတ်ဆလင်ရပ်ကွက်များသို့ သွားခွင့်မပေးပေ။

    အင်္ဂါနေ့က တရားခွင်အပြီး အထက်ပါ မွတ်ဆလင်၇ ဦးသည် ၎င်းတို့အပြန် လုံခြုံရေးအတွက် အကူအညီတောင်းရန် စစ်တွေအမှတ် ၂ ရဲစခန်းသို့ သွားခဲ့သည်။ စခန်းမှူးရာထူးသို့ မကြာသေးမီက တိုးမြှင့်ခံရသူ ဒုရဲအုပ် ကျော်မိုးက ရဲ တပ်သားတဦးကို ၎င်းတို့နှင့် လိုက်ပါရန် စေလွှတ်ခဲ့သည်။

    မြို့ခံများသည် ထုံးစံအားဖြင့် မြို့ပြင် မွတ်ဆလင်ရွာများသို့သွားရန် သို့မဟုတ် မြို့လယ်မှ ထွက်ရန် မေယုလမ်းမကို သုံးကြ သည်။ သို့သော် ထိုရဲသားနှင့် မွတ်ဆလင်အုပ်စုသည် ရွာကြီးမြောက် ရခိုင်ရပ်ကွက်ရှိ ဦးဥတ္တမလမ်းတွင် တိုက်ခိုက်ခံရ သည်။ ထိုနေရာသည် ၎င်းတို့အပြန်လမ်းနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်ဟု အမည်မဖော်လိုသော ရဲတပ်ဖွဲ့ဝင်တဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။

    ထိုမွတ်ဆလင်အုပ်စုသည် ထိုနေရာတွင် နောက်ဆုံး၌ မည်သို့မည်ပုံဖြစ်သည်ကို မရှင်းလင်းဘဲ ၎င်းတို့သည် လှေတစင်း ဝယ်ရန် ရောင်နီဦးလှေဆိပ်သို့ သွားပြီး လူအုပ်စုက ခဲများဖြင့် ၎င်းတို့ကို ပေါက်သည်ဟု ဖော်ပြသည်။ တဦး ပွဲချင်းပြီး သေ ပြီး ကျန်သူများ ဒဏ်ရာ ရသည်ဟု ဆိုသည်။

    အစိုးရ၏ ကြေညာချက်တွင် သေဆုံးသူအမည်ကို ဖော်ပြသော်လည်း လုံခြုံရေးတာဝန်ကျ ရဲတပ်ဖွဲ့ဝင်အမည်ကို မဖော် ပြပေ။ ထိုဖြစ်ရပ်အသေးစိတ်ကို ဧရာဝတီသတင်းဌာနက အာဏာပိုင်များကို အကြိမ်ကြိမ် စုံစမ်းသော်လည်း နောက်ထပ် သတင်းအချက်အလက်မပေးပေ။

    စစ်တွေဒေသခံများနှင့် မွတ်ဆလင်များက မူလအခြေအနေပြန်ရောက်ပြီ၊ အာဏာပိုင်များက လုံခြုံရေးများ မြို့တွင် ချထားသည်ဟု ပြောသည်။

    ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။

    https://burma.irrawaddy.com/news/2017/07/06/138053.html

  • အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ဗလီသစ်တစ်လုံး တည်ဆောက်မည်

    အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ်တွင် ဗလီသစ်တစ်လုံး တည်ဆောက်မည်

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    ဆောက်လုပ်မည့် ဗလီဝတ်ကျောင်းတော် ပုံစံငယ်

    – အမေရိကန်ပြည်ထောင်စု ဗာဂျီးနီးယားပြည်နယ် ပရင့်စ်ဝီလီယံကောင်တီက အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးတာဝန်တွေ ထမ်းဆောင်ဖို့အတွက် ဗလီဝတ်ကျောင်းတော်တစ်လုံးကို မကြာခင်မှာ စတင်ဆောက်လုပ်တော့မယ်လို့ သိရပါတယ်။

    ကောင်တီအစိုးရက ခွင့်ပြုချက်ပေးခဲ့ပြီးတဲ့နောက် ၁၄ ဧကရှိတဲ့ မြေပေါ်မှာ ဆောက်လုပ်သွားမှာဖြစ်ပြီး ဂိန်းစ်ဗီလီနဲ့ ဘရစ္စတိုးတို့က အစ္စလာမ်ဘာသာဝင် ၂၀၀ အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။

    ဗလီဝတ်ကျောင်းတော် ဆောက်လုပ်ရေးအတွက် အလှူငွေကောက်ခံတာ၊ ဆောက်လုပ်ရေးပါမစ်လျှောက်တာနဲ့ လုပ်ငန်းစတင်မှာတွေကြောင့် ဆောက်လုပ်ရေး ပထမဆင့်လုပ်ငန်းတွေဟာ ၁ နှစ်ကနေ ၂ နှစ်လောက်အထိ ကြာမြင့်နိုင်ပါတယ်။

    “ဒါက ကျွန်တော်တို့မွတ်စလင်လူ့အဖွဲ့အစည်းကို အားတက်စေပါတယ်။ လူ့အဖွဲ့အစည်းမှာ ပါဝင်ခွင့်ရပြီး၊ သာတူညီမျှ ဆက်ဆံခံရတယ်လို့လည်း ခံစားရပါတယ်” လို့ ဂိန်းစ်ဗီလီ မွတ်စလင်အသင်းရဲ့ ဘုတ်အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ ဆယဒ် မူရ်တာဇာက ပြောကြားခဲ့ပါတယ်။

    လက်ရှိ ဂိန်းစ်ဗီလီက မွတ်စလင်တွေဟာ ၀တ်ပြုရာနေရာမရှိတာကြောင့် သောကြာနေ့ စုပေါင်းဝတ်ပြုမှုအတွက် ဟော်တယ် အစည်းအဝေးခန်းမကို ငှားရမ်းအသုံးပြုရသလို၊ ကလေးတွေကို အစ္စလာမ့်အခြေခံဓမ္မတွေ သင်ကြားပေးဖို့အတွက် အစိုးရစာသင်ကျောင်းကို အသုံးပြုနေရပါတယ်။

    ဗလီဝတ်ကျောင်းတော်ကို ဘေးနှစ်ဖက်မှာ အဆောက်အဦးနှစ်ခုထားပြီး အလယ်က ၀တ်ပြုဖို့ ဟောခန်းမအဖြစ် တည်ဆောက်သွားမှာပါ။ ပထမအဆင့်အနေနဲ့ လူ ၁၅၀ ကနေ ၂၀၀ ဆန့်တဲ့ ဟောခန်းမတစ်ခုနဲ့ တနင်္ဂနွေနေ သင်တန်းအတွက် စာသင်ခန်း ၁၀ ခန်းကို အရင်ဆုံး တည်ဆောက်သွားမှာဖြစ်ပြီး စီမံကိန်းပြီးစီးဖို့အတွက် ၅ နှစ်ကနေ ၈ နှစ်အထိ ကြာနိုင်တယ်လို့ မူရ်တာဇာက ပြောကြားခဲ့ပါတယ်။

    ဒီဗလီဝတ်ကျောင်းတော်ကို လှုမှုစင်တာတစ်ခုအနေနဲ့လည်း အသုံးပြုသွားမှာဖြစ်ပါတယ်။

    မူရ်တာဇာကတော့ လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်း ဗလီဝတ်ကျောင်းတော် အသင်းဝင်အရေအတွက်ဟာ တိုးတက်လာမယ်လို့ မျှော်လင့်နေပါတယ်။

    Ref: Fauquier.com

  • မြောက်ကိုရီးယားပြဿနာအတွက် လိုအပ်လျှင် စစ်အင်အားသုံးမည်ဟု အမေရိကန်ကြေငြာ

    မြောက်ကိုရီးယားပြဿနာအတွက် လိုအပ်လျှင် စစ်အင်အားသုံးမည်ဟု အမေရိကန်ကြေငြာ

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားရန်မှ မိမိတို့နိုင်ငံနှင့် မဟာမိတ်နိုင်ငံများကို ကာကွယ်ရန် လိုအပ်ပါက စစ်အင်အားကို အသုံးပြုသွားမည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားမှာ အင်္ဂါနေ့က နျူထိပ်ဖူးတပ်ဆင်နိုင်ပြီး အမေရိကန်အထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် ယမန်နေ့တွင်ပြုလုပ်သည့် ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွင် အမေရိကန်သံအမတ် နစ်ကီဟာလေးက ယခုကဲ့သို့ တင်းတင်းမာမာ ပြောကြားခဲ့ခြင်းဖြစ်သည်။

    ဟာလေးက ကမ္ဘာကြီးမှာ ပိုမိုအန္တရာယ်ရှိသော နေရာတစ်ခု ဖြစ်လာပြီး၊ ငြိမ်းချမ်းမှုမြှင့်တင်ရေးတွင် တရုတ်က အဓိကနေရာတွင် ရှိနေသည်ဟုလည်း ဆိုသည်။

    မြောက်ကိုရီးယား၏ ကုန်သွယ်ရေး ၉၀ ရာခိုင်နှုန်းမှာ တရုတ်နှင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး ဟာလေးက မြောက်ကိုရီးယားနှင့် တရုတ်၏ စီးပွားရေးဆက်ဆံမှုမှာ ကုလ၏ ပိတ်ဆို့မှုစည်းမျဉ်းများကို ချိုးဖောက်နေပါက အမေရိကန်နှင့်ကုန်သွယ်ရေးတွင် တရုတ်အတွက် အန္တရာယ်ရှိသည်ဟုလည်း သတိပေးခဲ့သည်။

    ထို့ပြင် အမေရိကန်က ပြဿနာကို မရှာဖွေဘဲ၊ ရှောင်ရှားရန်သာ ဆောင်ရွက်နေကြောင်း၊ သို့သော်လည်း တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှုမှာ စစ်ရေးအရ တိုးမြှင့်ဆောင်ရွက်မှု၏ ရှင်းလင်းသော လက္ခဏာဖြစ်ကြောင်း မိမိနိုင်ငံနှင့် မဟာမိတ်နိုင်များကို ကာကွယ်ရန် စစ်အင်အား အသုံးပြုရေး အမေရိကန်က ပြင်ဆင်ထားကြောင်း သံအမတ်က ထည့်သွင်းပြောကြားခဲ့သည်။

    သို့သော်လည်း သမ္မတထရမ့်အနေဖြင့် ထိုပြဿနာကို ကုန်သွယ်ရေး ဖိအားပေးမှုနှင့်သာ ဖြေရှင်းရာ အားသန်နေသည်ဟုလည်း သူမက ဆိုသည်။

    Ref: Aljazeera

  • နျူထိပ်ဖူးတပ်နိုင်သည့် တာတိုပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    နျူထိပ်ဖူးတပ်နိုင်သည့် တာတိုပစ်ဒုံးကျည်ကို ပါကစ္စတန် စမ်းသပ်အောင်မြင်

    ဇူလိုင် ၆၊ ၂၀၁၇
    M-Media

    – နျူထိပ်ဖူးတပ်ဆင်ကာ ပစ်ခတ်နိုင်သည့် တာတို တိုက်ချင်းပစ်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ပါကစ္စတန်က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    NASR အမည်ရှိ ဒုံးကျည်ဖြစ်ပြီး ကီလိုမီတာ ၇၀ အကွာအဝေးအထိ ရောက်ရှိနိုင်သည်ဟု စစ်တပ်မှထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အဆိုပါဒုံးကျည်မှာ လျင်မြန်စွာ တပ်ဖြန့်ချထားနိုင်ပြီး ပစ်မှတ်ကို တိတိကျကျပစ်နိုင်သည့် စနစ်လည်းပါဝင်ကာ နိုင်ငံ၏ ကာကွယ်ရေးစွမ်းအားကို တိုးတက်စေမည်ဟုလည်း ကြေငြာချက်က ဆိုသည်။

    စမ်းသပ်ပစ်လွှတ်မှုကို ပါကစ္စတန် စစ်တပ်အကြီးအကဲ ကွာမာရ် ဂျာဗဒ် ဘဂ်ျဝါကိုယ်တိုင် ကြည့်ရှုခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် ပါကစ္စတန်က မည်သည့်အနေအထားမျိုးမဆို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စစ်ပွဲမှာ ရွေးချယ်စရာတစ်ခုမဟုတ်သည်ကို ဒုံးကျည်များက မီးမောင်းထိုးပြရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

    ပါကစ္စတန်၏ မဟာဗျူဟာမြောက် စစ်အင်အားမှာ စစ်တပ်ကို အလွန်အမင်းပြင်ဆင်လာကာ စစ်မက်လိုလားသည့် အိမ်နီးချင်းနိုင်ငံကြောင့် ငြိမ်းချမ်းရေးကို အာမခံနိုင်ရန် ဖြစ်သည်ဟုလည်း ဘဂ်ျဝါက ပြောကြားခဲ့ပြီး ပြိုင်ဘက် အိန္ဒိယကို ရည်ညွှန်းခြင်းဖြစ်သည်။

    ဒုံးကျည်ကို တီထွင်ခဲ့သည့် သိပ္ပံပညာရှင်များ၊ စမ်းသပ်ပစ်လွှတ်မှုတွင် ပါဝင်ခဲ့သူ အားလုံးကို ကျေးဇူးတင်သည်ဟု ပါကစ္စတန်သမ္မတ မန်နွန်ဟူစိတ်နှင့် ၀န်ကြီးချုပ် နာဝဇ်ရှရစ်ဖ်တို့က ဂုဏ်ပြုခဲ့ကြသည်။

    နျူလက်နက်များကို ပိုင်ဆိုင်ထားသည့် ပါကစ္စတန်နှင့် အိန္ဒိယနိုင်ငံတို့မှာ ဒုံးကျည်များကို မကြာခဏ စမ်းသပ်လေ့ရှိပြီး နျူလက်နက်မပြန့်ပွားရေး မည်သည့်နိုင်ငံတကာစာချုပ်ကိုမှ လက်မှတ်ရေးထိုးထားခြင်း မရှိပေ။

    Ref: Press TV

  • စာချုပ်သက်တမ်းတိုးခဲ့သည့်မက်ဆီ ၂၀၂၁ အထိ ဘာကာတွင် ဆက်ရှိမည်

    စာချုပ်သက်တမ်းတိုးခဲ့သည့်မက်ဆီ ၂၀၂၁ အထိ ဘာကာတွင် ဆက်ရှိမည်

    ဇူလိုင် ၅၊ ၂၀၁၇
    M-Media

    – ဘာစီလိုနာအသင်း၏ နာမည်ကျော်တိုက်စစ်မှူး လီယွန်နယ်မက်ဆီမှာ အသင်းနှင့် ၃ နှစ်သက်တမ်းရှိသည့် စာချုပ်သစ်ကို ချုပ်ဆိုလိုက်ပြီး အသင်းတွင် ၂၀၂၁ အထိ ဆက်လက်ရှိနေမည်ဖြစ်သည်။

    အသက် ၃၀ အရွယ် မက်ဆီမှာ ဘာစီလိုနာသို့ အသက် ၁၃ နှစ်ကတည်းက ရောက်ရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိသက်တမ်းမှာ ၂၀၁၈ ခုနှစ် ဘောလုံးရာသီကုန်တွင် ကုန်ဆုံးမည်ဖြစ်သည်။

    ဘာစီလိုနာမှာ မေလက မက်ဆီကို သက်တမ်းတိုးရန် ကမ်းလှမ်းခဲ့သော်လည်း မက်ဆီက ပယ်ချခဲ့ပြီးနောက် ယခုကမ်းလှမ်းမှုအသစ်ကို လက်ခံခဲ့သည်။

    “သက်တမ်းတိုးတဲ့အတွက်၊ အသင်းသမိုင်းမှာ အကောင်းဆုံးဖြစ်တဲ့ မက်ဆီရဲ့ အသင်းအပေါ်နှစ်မြှုပ်ထားမှုအတွက် အသင်းက ၀မ်းသာပီတိ ဖြစ်ရပါတယ်” ဟု ဘာစီလိုနာမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    မက်ဆီမှာ လက်ရှိတွင် ငယ်ချစ် အန်တိုနီယဲလာ ရိုကူဇိုနှင့် လက်ထပ်ပြီးနောက် ဟန်းနီးမွန်းထွက်နေသည်။

    ဘာစီလိုနာတွင် ၂၀၀၄ ခုနှစ်က စတင်ပွဲထွက်ခဲ့ပြီးနောက် မက်ဆီမှာ အသင်းအတွက် ၅၈၃ ပွဲကစားကာ ၅၀၇ ဂိုး သွင်းယူထားပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး ကစားသမားဖြစ်သလို၊ လာလီဂါတွင် ၃၄၉ ဂိုးဖြင့် စံချိန်တင် ဂိုးသွင်းရှင်လည်း ဖြစ်သည်။

    Ref: BBC