News @ M-Media
Blog
  • ဘာသာရေးဆိုင်ရာ ထုတ်ဝေမှု အားလုံး သာသနာရေးက စိစစ်ပြီးမှ ခွင့်ပြုမယ်
    ဘာသာရေးဆိုင်ရာ ထုတ်ဝေမှု အားလုံး သာသနာရေးက စိစစ်ပြီးမှ ခွင့်ပြုမယ်
    ဘာသာရေး ဆိုင်ရာ စာအုပ်၊ စီဒီ အပါဝင် ထုတ်ဝေမှု အားလုံးကို သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုတော့မှာ ဖြစ်ပါတယ်။
    ဘာသာရေး စာပေတွေက ပိဋကတ် ကျန်းဂန်နဲ့ မညီညွတ်ရင် အဓမ္မဝါဒ လွှမ်းမိုး လာမယ်၊ ထေရဝါဒ ပိဋကတ်တော်နဲ့ မညီတဲ့ ကိစ္စတွေက အဓမ္မ ဝါဒ တွေ ဖြစ်ပြီး အန္တရာယ် ကြီးတဲ့ အတွက် အဆိပ်အတောက် တွေကို ဖယ်ရှားနိုင်ဖို့ ဘာသာရေး စာပေတွေ အားလုံးကို စိစစ်ပြီးမှ ထုတ်ဝေခွင့် ပြုမယ်လို့ ဒုတိယ အတွင်းဝန် ဦးဇာနည်ဝင်းက ဘီဘီစီကို ပြောပါတယ်။
    ဘာသာရေးဆိုင်ရာ ထုတ်ဝေမှုတွေ ဆိုတဲ့ ထဲမှာ ဗုဒ္ဓဘာသာ တခုတည်းသာ မဟုတ်ဘဲ ကျန်တဲ့ ဘာသာ တွေပါ အကျုံးဝင်ပြီး အားလုံးကို စိစစ် သွားမယ်လို့ လည်း သူက ပြောပါတယ်။
    လက်ရှိ စာပေစိစစ်ရေး အဖွဲ့ကပဲ စိစစ်သွားမှာ ဖြစ်ပြီး တခြား ဘာသာတွေ အတွက်ကိုတော့ စိစစ်ရေး အဖွဲ့က မသဲကွဲတဲ့ အခါ သက်ဆိုင်ရာ ဘာသာ ရေးအဖွဲ့ အစည်း တွေရဲ့ သဘောထား ရယူပြီး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
    ပိဋကတ် ကျမ်းတော်နဲ့ မညီဘဲ အဓမ္မ ဆန်ဆန် ရေးသား ထုတ်ဝေတာဟာ အတွေးအခေါ်တွေကို အဆိပ် အတောက် ဖြစ်ပြီး အန္တရာယ်လည်း ရှိလာနိုင်တဲ့ အတွက် ထုတ်/တင်(ထုတ်ဝေပြီးမှ စိစစ်ရေးကိုတင်တဲ့) စနစ် ကနေ အခုလို တင်/ထုတ် စနစ်ကို ပြန်ပြောင်း ရတာလို့ ဦးဇာနည်ဝင်းက ပြောပါတယ်။
    ဘာသာရေး ဆိုင်ရာ ထုတ်ဝေမှု တွေကို ပြန်လည် ကိုင်တွယ်ဖို့ ဆိုတဲ့ အဲဒီဆုံးဖြတ်ချက်ကို ဇူလိုင်လ ၃ ရက်နေ့က ကျင်းပခဲ့တဲ့ သတ္တမအကြိမ် နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့ (မဟန) ၄၇ ပါးစုံညီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
    BBC Burmese မှ ကူးယူဖော်ပြသည်။
  • လေယာဉ်အမှတ် ၆၅၅ (သို့) အရှေ့အလယ်ပိုင်းမှ အမေရိကန်၏ ရာဇ၀တ်မှုတစ်ခု
    လေယာဉ်အမှတ် ၆၅၅ (သို့) အရှေ့အလယ်ပိုင်းမှ အမေရိကန်၏ ရာဇ၀တ်မှုတစ်ခု
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    ဖြစ်ရပ်ဆိုးအတွက် ကြေကွဲဝမ်းနည်းစွာ ငိုကြွေးနေသည့် မိသားစုဝင်တစ်ဦး
    – မနေ့က ဇူလိုင်လ ၃ ရက်နေ့မှာ အီရန်ပြည်သူတွေဟာ နှစ်ပေါင်း ၃၀ နီးပါး ကြာမြင်ခဲ့ပြီဖြစ်တဲ့ ဖြစ်ရပ်ဆိုးတစ်ခုအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
    ဒါကတော့ အီရန်လေကြောင်းလိုင်းက Airbus A300B2 လေယာဉ်အမျိုးအစား လေယာဉ်အမှတ် ၆၅၅ နဲ့အတူ ခရီးသည် ၂၇၄ ဦး၊ လေယာဉ်အမှူးထမ်း ၁၆ ဦးတို့ အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ပါပဲ။
    ၁၉၈၈ ခုနှစ် ဇူလိုင်လ ၃ ရက်နေ့မှာ အီရန်နိုင်ငံ ဘန်ဒါအဘတ်စ်မြို့ကနေ ဒူဘိုင်းကို ပျံသန်းလာတဲ့ လေယာဉ်အမှတ် ၆၅၅ ဟာ ဟော်မုဇ်ရေလက်ကြားက အီရန်လေပိုင်နက်မှာ ဖြတ်ပျံနေရင်း အမေရိကန်ရေတပ်က ပဲ့ထိန်းဒုံးကျည်တပ် စစ်သင်္ဘော USS Vincennes ရဲ့ ပစ်ချခြင်းကို ခံလိုက်ရပါတယ်။
    မြေပြင်ကဝေဟစ်ပစ် SM-2MR ဒုံးကျည် ၂ လုံးနဲ့ ပစ်ချမှုမှာ ဒုံးကျည်တစ်လုံးက လေယာဉ်ကို ထိမှန်ခဲ့တာဖြစ်ပြီး ပါရှန်ပင်လယ်ကွေ့မှာ အဆိုးဝါးဆုံး လေကြောင်းဖြစ်ရပ်ဆိုး၊ ကမ္ဘာ့ ၁၀ ခုမြောက် အဆိုးဝါးဆုံး လေကြောင်းဖြစ်ရပ်ဆိုးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
    USS Vincennes သင်္ဘောဟာ အီရန်ရေပိုင်နက်ထဲအထိ ၀င်ရောက်ကာ ပစ်ခတ်ခဲ့တာဖြစ်ပြီး အမေရိကန်က ဒီခရီးသည်တင်လေယာဉ်ကို အီရန်လေတပ်က တိုက်လေယာဉ်နဲ့ မှားခဲ့တာဖြစ်ကြောင်း၊ သင်္ဘောတာဝန်ရှိသူတွေက ဆက်သွယ်ဖို့ ၁၀ ကြိမ်တိုင်တိုင် ကြိုးစားခဲ့ပေမယ့် ပြန်လည်တုန့်ပြန်မှု မရှိခဲ့ကြောင်း အကြောင်းပြခဲ့ပါတယ်။
    အီရန်ဘက်ကတော့ ဒီလေယာဉ်ဟာ ရေဒါကို တုန့်ပြန်အချက်ပြတဲ့ IFF squawks စနစ်မှာ အရပ်ဖက်သုံး လေယာဉ်ဖြစ်တယ်ဆိုတာ သိရှိနိုင်အောင် Mode III ကို ထားခဲ့ကြောင်း၊ ရေဒါစနစ်အပါအ၀င် ခေတ်မီကိရိယာတွေ တပ်ဆင်ထားတဲ့ USS Vincennes သင်္ဘောအနေနဲ့ လေယာဉ်အမှတ် ၆၅၅ ဟာ ခရီးသည်တင် လေ
    ယာဉ်ဆိုတာ အလွယ်တကူသိနိုင်ပေမယ့် တမင်သတ်သတ်ပစ်ချခဲ့တာသာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    နိုင်ငံတကာလေ့လာစောင့်ကြည့်သူတွေက USS Vincennes ရေယာဉ်မှူးရဲ့ ပေါ့ဆမှု၊ အတင့်ရဲမှုတွေကို အပြစ်တင်ခဲ့ပါတယ်။
    ဒီလိုပစ်ချခံရမှုမှာ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုတွေအတွက် နစ်နာကြေး ကန်ဒေါ်လာ ၆၁ သန်းပေးအပ်ဖို့ အမေရိကန်က ၁၉၉၆ ခုနှစ်မှာ အီရန်နဲ့ သဘောတူညီချက်တစ်ခု ရခဲ့ပြီး ဒီဖြစ်ရပ်ဟာ ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း၊ အသက်တွေဆုံးရှုံးရတဲ့အတွက် ကြေကွဲဝမ်းနည်းရပါကြောင်း အမေရိကန်က ပြောကြားခဲ့ပေမယ့် ဥပဒေကြောင်းအရ သူတို့မှာတာဝန်ရှိတယ်လို့ မပြောခဲ့သလို တောင်းပန်တာမျိုးလည်း မလုပ်ခဲ့ပါဘူး။
    လေယာဉ်အမှတ် ၆၅၅ ပစ်ချခံရမှုကို သရုပ်ဖော်ထားသည့် ကားချပ်
    အီရန်က ဒါဟာ အမေရိကန်ရဲ့ ရာဇ၀တ်မှုတစ်ခုဖြစ်တယ်လို့ သတ်မှတ်ခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ဇူလိုင် ၃ ရက်နေ့ရောက်တိုင်း ဒီအဖြစ်အပျက်မှာ သေဆုံးသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားကို ကျင်းပခဲ့ကြပါတယ်။
    မနေ့က ၂၉ နှစ်မြောက် နှစ်ပတ်လည်နေ့မှာ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ဒါဟာ အမေရိကန်ရဲ့ ရာဇ၀တ်မှုဆိုတာ သေချာကြောင်း၊ အမေရိကန်ဟာ ကမ္ဘာတစ်ဝှမ်းမှာ အပြစ်မဲ့သူတွေကို သတ်ဖြတ်နေတဲ့ လူမဆန်တဲ့လုပ်ရပ်တွေထဲက တစ်ခုဖြစ်ကြောင်း၊ အမေရိကန်သမ္မတအဆက်ဆက်ဟာ သူတို့ရဲ့ ရည်ရွယ်ချက်အတွက် ဘာကိုမှ ဂရုမစိုက်ဘူးဆိုတာကို ဒီလုပ်ရပ်က ပြသနေကြောင်း ဖော်ပြခဲ့ပါတယ်။
    နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ်ဇာရစ်က ဒီအဖြစ်အပျက်ဖြစ်ပွားပြီး ၁ နှစ်အကြာမှာ USS Vincennes ရဲ့ ရေယာဉ်မှူး ၀ီလီယံ စီ ရော်ဂျာ သူရဲကောင်းတံဆိပ်ရခဲ့တာကို ထောက်ပြပြီး ဒါဟာ အပြစ်မဲ့သူတွေကို သတ်ဖြတ်မှုအတွက် ရခဲ့တာကြောင်း မိမိတို့အနေနဲ့ ဒါကို ဘယ်တော့မှ မေ့မှာမဟုတ်ကြောင်း Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
    အီရန်ပြည်သူတွေဟာ လေယာဉ်အမှတ် ၆၅၅ ပျက်ကျခဲ့တဲ့ ပယ်လယ်ပြင်မှာ နှစ်စဉ်နှစ်တိုင်း ပန်းခြင်းတွေ၊ ဆီမီးတွေကို မျှောပြီး ကွယ်လွန်သူတွေအတွက် ဆုတောင်းပေးကြပါတယ်။
    Press TV, Wiki
  • လက်ဘနွန်နိုင်ငံမှာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးပြယုဂ်ဟု ခရစ်ယာန်နှင့် မွတ်စလင်ခေါင်းဆောင်များ ချီးကျူး
    လက်ဘနွန်နိုင်ငံမှာ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးပြယုဂ်ဟု ခရစ်ယာန်နှင့် မွတ်စလင်ခေါင်းဆောင်များ ချီးကျူး
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    ဘေရွတ်ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဘာသာရေး ခေါင်းဆောင်များ
    – လက်ဘနွန်နိုင်ငံဟာ အရှေ့နဲ့ အနောက်ကမ္ဘာအတွက် လွတ်လပ်မှု၊ ဗဟုဝါဒတို့ရဲ့ ဥပမာတစ်ခုဖြစ်ပြီး အာရပ်ဒေသနဲ့ ကမ္ဘာတစ်ဝှမ်းလုံးအတွက် မျှော်လင့်ချက် သတင်းစကားတစ်ခုကို ပေးနေတယ်လို့ ခရစ်ယာန်နဲ့ မွတ်စလင်ခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။
    အီဂျစ်နိုင်ငံက အစ္စလာမ့်ရေးရာ အမြင့်ဆုံး ဓမ္မတက္ကသိုလ်ဖြစ်တဲ့ အလ်-အဇ်ဟာရ် တက္ကသိုလ်မှာ ပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံးဆွေးနွေးမှုနှစ်ခုရဲ့ နောက်ဆက်တွဲအဖြစ် ဇူလိုင်လ ၁ ရက်နေ့က ဘေရွတ်မြို့ Notre Dame တက္ကသိုလ်မှာ တွေ့ဆုံစဉ် ဒီလို ပြောကြားလိုက်တာပါ။
    ဒီတွေဆုံပွဲကို လက်ဘနွန်ကာဒီနယ် ဘက်ချရာရိုင်း၊ လက်ဘနွန်ဆိုင်ရာ ဘာတီကန် သံတမန် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဂါဘရီယဲလ်လီ ကက်စီယာ၊ အလ်-အဇ်ဟာရ်တက္ကသိုလ် လက်ထောက်အီမာမ်ကြီး ရှိခ်အဘတ်စ်ရှူးမန်းတို့ အပါအ၀င် ဆွန်နီ၊ ရှီအာ ခေါင်းဆောင်တွေ၊ လက်ဘနွန်က ဒရူဇီလူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ၊ အစ္စလာမ်နဲ့ ခရစ်ယာန်ရေးရာ ကျွမ်းကျင်သူတွေ၊ လက်ဘနွန်အစိုးရက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
    တွေဆုံမှုနောက်ပိုင်း ခရစ်ယာန်နဲ့ မွတ်စလင်ခေါင်းဆောင်တွေက ပူးတွဲထုတ်ပြန်တဲ့ ကြေငြာချက်မှာ လက်ဘနွန်နိုင်ငံဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုအတွက် အတုယူစရာနိုင်ငံတစ်နိုင်ငံ ဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြရမှာဖြစ်ကြောင်း၊ လက်ဘနွန်မှာ အမြစ်တွယ်နေပြီဖြစ်တဲ့ ဒီမိုကရေစီဟာ အာရပ်ဒေသနဲ့ ကမ္ဘာကြီးအတွက် မျှော်လင့်ချက် သတင်းစကားဖြစ်ကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။
    ငြိမ်းချမ်းရေးအတွက်လည်း ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပြီး၊ ပါလက်စတိုင်းပြည်သူတွေနဲ့ သူတို့ရဲ့ အမျိုးသားအခွင့်အရေး၊ မြင့်မြတ်ရာဒေသမှာ ခရစ်ယာန်တွေ ဆက်လက်ရှိနေစေရေး ထောက်ပံ့ကူညီကြဖို့ ဆော်သြခဲ့ကြပါတယ်။
    ဧပြီလက အလ်-အဇ်ဟာရ်တက္ကသိုလ်မှာ ကျင်းပပြုလုပ်တဲ့ ငြိမ်းချမ်းရေးညီလာခံမှာ ပုပ်ရဟန်းမင်းကြီးက ဘာသာတရားဆိုတာ ‘ပြဿနာမဟုတ်ဘဲ လူပီသတဲ့ လူ့အဖွဲ့အစည်းတစ်ခု တည်ဆောက်ရေးကို သင်ကြားပေးဖို့ လူသားတွေရဲ့ နှလုံးသားကို ဘုရားသခင်နဲ့ နီးစပ်စေတာကြောင့် ဘာသာတရားဟာ အဖြေတစ်ခုရဲ့ အစိတ်အပိုင်းဖြစ်ကြောင်း’ ပြောကြားခဲ့ပါတယ်။
    အခု ဘေရွတ်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ ဘာသာရေးခေါင်းဆောင်တွေက ဗာတီကန်၊ ခရစ်ယာန်နဲ့ အစ္စလာမ်အသင်းအဖွဲ့တွေနဲ့ ရှေ့ဆက် လက်တွဲကာ ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်း ကြေငြာခဲ့သလို၊ ဘာသာတရားတွေ၊ ယဉ်ကျေးမှုတွေနဲ့ လူ့အဖွဲ့အစည်းတွေအကြား ချစ်ကြည်ရေး ကမ္ဘာလုံးဆိုင်ရာ စင်တာတစ်ခုအနေနဲ့ လက်ဘနွန်နိုင်ငံကို ဖန်တီးဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
    ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ ရဲ့ ကြေငြာချက်ဖြစ်တဲ့ “လက်ဘနွန်ဟာ နိုင်ငံတစ်ခုထက်ပိုပြီး အရှေ့နဲ့ အနောက်တို့အတွက် ဗဟုဝါဒနဲ့ပတ်သက်ရင် နမူနာယူစရာဖြစ်တယ်” ဆိုတဲ့ ကြေငြာချက်ကိုလည်း မွတ်စလင်၊ ခရစ်ယာန် ဘာသာရေးခေါင်းဆောင်တွေက ရည်ညွန်းခဲ့ပြီး၊ မွတ်စလင်-ခရစ်ယာန် ပူးပေါင်းဆောင်ရွက်ကြဖို့
    တိုက်တွန်းခဲ့ကြပါတယ်။
    Ref: Cruxnow
  • ကမ္ဘာ့နေရာတိုင်းကို ပစ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်ကြောင်း မြောက်ကိုရီးယား ကြေငြာ
    ကမ္ဘာ့နေရာတိုင်းကို ပစ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်ကြောင်း မြောက်ကိုရီးယား ကြေငြာ
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    – ကမ္ဘာ့ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို ခေါင်းဆောင် ကင်ဂျုံအမ်၏ ကြီးကြပ်မှုအောက်တွင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ယနေ့တွင် ကြေငြာလိုက်သည်။
    တောင်ကိုရီးယား စစ်တပ်၏ ထုတ်ပြန်ချက်တွင် အမည်မသိ တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို ယနေ့မနက် ၁၂ နာရီ ၄၀ အချိန်တွင် မြောက်ကိုရီးယား အနောက်ပိုင်းမှ အရှေ့ဘက် ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၉၃၀ အထိ ရောက်ရှိခဲ့သည်ဟု ဖော်ပြထားသည်။
    မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနကမူ Hwasong-14 ဟု အမည်ပေးထားသည့် အဆိုပါဒုံးကျည်မှာ အမြင့်ကီလိုမီတာ ၂၈၀၂ အထိ ရောက်ရှိခဲ့ပြီး ၃၉ မိနစ်တာ ပျံသန်းပြီးနောက် ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့သည်ဟု ဆိုသည်။
    တောင်ကိုရီးယား မွန်ဂျဲအင်က အဆိုပါဒုံးကျည်မှာ တိုက်ချင်းပစ် ဒုံးကျည် ဟုတ်၊ မဟုတ်ကို စစ်တပ်က ဆန်းစစ်ခဲ့ကြောင်း၊ ဂျပန်ကတ်ဘိနတ် အတွင်းရေးမှူး ယိုရှီဟီဒီ ဆူဂါက ဒုံးကျည်မှာ မိနစ် ၄၀ ကြာ ပျံသန်းခဲ့ပြီး ပုံမှန်ထက် ကြာရှည်သော ပျံသန်းမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
    အမေရိကန်၏ ပစိဖိတ်စစ်ဌာနချုပ်က မြောက်ကိုရီးယားမှာ မြေပြင်အခြေပြု တာလတ် တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မြောက်ကိုရီးယားမှာ ဇွန်လအစောပိုင်းမှစ၍ ခရုဇ်ဒုံးကျည်များကို တောက်လျှောက်ပစ်ခတ်ခဲ့ပြီး အမေရိကန်၊ ကုလ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ဇူလိုင် ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းဝေးတွင် ထိုကိစ္စကို ဆွေးနွေးရန် ရှိနေစဉ် ယခု တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှု ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။
    Ref : Aljazeera
  • မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ဘာတွေပြောခဲ့သလဲ
    မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ဘာတွေပြောခဲ့သလဲ
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေ့ဆုံဆွေးနွေးစဉ်
    – ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ပြန်နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေးမှုတွေ စတင်ဖို့ အရေးကြီးတယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အလီနဲ့ တွေ့ဆုံစဉ်မှာ သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ bdnews24 က မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    လက်ရှိ ဦးသောင်းထွန်းဟာ ရိုဟင်ဂျာပြဿနာအပါအ၀င် နှစ်နိုင်ငံကိစ္စတွေကို ဆွေးနွေးဖို့ ဒါကာမြို့ကို ရောက်ရှိနေတာပါ။
    မနေ့က တွေ့ဆုံမှုမှာ အလီက မြန်မာဒုက္ခသည်တွေ ရခိုင်ကို ပြန်ပို့ရေး အရင်ကလည်း နှစ်နိုင်ငံ ဆောင်ရွက်မှုတွေရှိခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရပြီး ဆယ်စုနှစ်များစွာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။
    နှစ်နိုင်ငံခေါင်းဆောင်တွေ တွေဆုံဆွေးနွေးမှုအတွင်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင် မြန်မာအစိုးရမှာ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    နောက်ပြီး နှစ်နိုင်ငံအကြား ရှိနေတဲ့ ခြားနားချက်တွေကို နွေးနွေးညှိနှိုင်းမှုကနေ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကစိတ်ဝင်စားကြောင်း၊ လုံခြုံရေးဆိုင်ရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် လိုအပ်ချက်ကို အဓိကထားပြောသွားကြောင်း၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာအဖွဲ့တွေနဲ့ လတ်တလောပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွက် အားရကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
    စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအကြား တင်းမာမှုတွေ လျော့ကျရေး အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ပြဿနာဖြေရှင်းရေး အကူအညီဖြစ်စေမယ်လို့လည်း မြန်မာအမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ယုံကြည်မှု၊ အပြန်အလှန်အကျိုးစီးပွားကို အခြေခံတဲ့ ဆက်ဆံမှုတိုးမြှင့်ရေး မိမိတို့နိုင်ငံက ဆန္ဒရှိကြောင်း၊ ဆွေးနွေးမှုတွေ မြန်မြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ မိမိတို့ရဲ့ အိမ်နီးချင်းတိုင်းပြည်အပေါ် ဘယ်လိုအဖွဲ့က ပစ်မှတ်ထားတာမျိုးကိုမဆို သည်းခံသွားမှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရန်ပြုဖို့အတွက် မိမိတို့ရဲ့ ပိုင်နက် အသုံးပြုတာမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ bdnews24 က ဖော်ပြထားပါတယ်။
    ဦးသောင်းထွန်းနဲ့ မိုဟာမက်အလီတို့ဟာ နှစ်နိုင်ငံ စွမ်းအင်နဲ့ ပို့ဆောင်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က အကူအညီပေးမယ်လို့ ကတိပြုထားသလို ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ဘင်္ဂလားဒေ့ရှ်က ဆိုက်ကလုံးဒဏ်ခံ ယာယီတဲတွေ၊ လူနာတင်ယာဉ်တွေ ထောက်ပံ့ပေးအပ်မှုအတွက်လည်း နှစ်ဦးစလုံးက ၀မ်းသာကြောင်း ပြောကြားခဲ့ပါတယ်။
    မြန်မာ အမျိုးသားလုံခြုံရေးအကြံပေးဟာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟာမက် အဆာဒူဇာမန်၊ ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာတို့နဲ့လည်း တွေ့ဆုံဖို့ရှိနေပြီး ဇူလိုင်လ ၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
    Ref: bdnews24