News @ M-Media
Blog
  • ကမ္ဘာ့နေရာတိုင်းကို ပစ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်ကြောင်း မြောက်ကိုရီးယား ကြေငြာ
    ကမ္ဘာ့နေရာတိုင်းကို ပစ်နိုင်သည့် တိုက်ချင်းပစ်ဒုံးကျည် အောင်မြင်ကြောင်း မြောက်ကိုရီးယား ကြေငြာ
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    – ကမ္ဘာ့ မည်သည့်နေရာကိုမဆို ပစ်ခတ်နိုင်သည့် ပထမဆုံး တိုက်ချင်းပစ်ဒုံးကျည်ကို ခေါင်းဆောင် ကင်ဂျုံအမ်၏ ကြီးကြပ်မှုအောက်တွင် အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု မြောက်ကိုရီးယားက ယနေ့တွင် ကြေငြာလိုက်သည်။
    တောင်ကိုရီးယား စစ်တပ်၏ ထုတ်ပြန်ချက်တွင် အမည်မသိ တိုက်ချင်းပစ်ဒုံးကျည်တစ်ခုကို ယနေ့မနက် ၁၂ နာရီ ၄၀ အချိန်တွင် မြောက်ကိုရီးယား အနောက်ပိုင်းမှ အရှေ့ဘက် ပင်လယ်ပြင်သို့ ပစ်လွှတ်ခဲ့ပြီး ကီလိုမီတာ ၉၃၀ အထိ ရောက်ရှိခဲ့သည်ဟု ဖော်ပြထားသည်။
    မြောက်ကိုရီးယား နိုင်ငံပိုင် သတင်းဌာနကမူ Hwasong-14 ဟု အမည်ပေးထားသည့် အဆိုပါဒုံးကျည်မှာ အမြင့်ကီလိုမီတာ ၂၈၀၂ အထိ ရောက်ရှိခဲ့ပြီး ၃၉ မိနစ်တာ ပျံသန်းပြီးနောက် ပစ်မှတ်ကို တိကျစွာ ထိမှန်ခဲ့သည်ဟု ဆိုသည်။
    တောင်ကိုရီးယား မွန်ဂျဲအင်က အဆိုပါဒုံးကျည်မှာ တိုက်ချင်းပစ် ဒုံးကျည် ဟုတ်၊ မဟုတ်ကို စစ်တပ်က ဆန်းစစ်ခဲ့ကြောင်း၊ ဂျပန်ကတ်ဘိနတ် အတွင်းရေးမှူး ယိုရှီဟီဒီ ဆူဂါက ဒုံးကျည်မှာ မိနစ် ၄၀ ကြာ ပျံသန်းခဲ့ပြီး ပုံမှန်ထက် ကြာရှည်သော ပျံသန်းမှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
    အမေရိကန်၏ ပစိဖိတ်စစ်ဌာနချုပ်က မြောက်ကိုရီးယားမှာ မြေပြင်အခြေပြု တာလတ် တိုက်ချင်းပစ်ဒုံးကျည်ကို ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    မြောက်ကိုရီးယားမှာ ဇွန်လအစောပိုင်းမှစ၍ ခရုဇ်ဒုံးကျည်များကို တောက်လျှောက်ပစ်ခတ်ခဲ့ပြီး အမေရိကန်၊ ကုလ၊ တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ဇူလိုင် ၇ ရက်နေ့နှင့် ၈ ရက်နေ့များတွင် ပြုလုပ်မည့် G20 ထိပ်သီးအစည်းဝေးတွင် ထိုကိစ္စကို ဆွေးနွေးရန် ရှိနေစဉ် ယခု တိုက်ချင်းပစ်ဒုံးကျည် ပစ်လွှတ်မှု ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။
    Ref : Aljazeera
  • မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ဘာတွေပြောခဲ့သလဲ
    မြန်မာအမျိုးသားလုံခြုံရေးအကြံပေး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးကို ဘာတွေပြောခဲ့သလဲ
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတို့ ဆွေ့ဆုံဆွေးနွေးစဉ်
    – ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ အိမ်ပြန်နိုင်ရေး နှစ်နိုင်ငံ ဆွေးနွေးမှုတွေ စတင်ဖို့ အရေးကြီးတယ်ဆိုတာကို မြန်မာနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးအကြံပေးက ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် အလီနဲ့ တွေ့ဆုံစဉ်မှာ သဘောတူခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတစ်ခုဖြစ်တဲ့ bdnews24 က မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    လက်ရှိ ဦးသောင်းထွန်းဟာ ရိုဟင်ဂျာပြဿနာအပါအ၀င် နှစ်နိုင်ငံကိစ္စတွေကို ဆွေးနွေးဖို့ ဒါကာမြို့ကို ရောက်ရှိနေတာပါ။
    မနေ့က တွေ့ဆုံမှုမှာ အလီက မြန်မာဒုက္ခသည်တွေ ရခိုင်ကို ပြန်ပို့ရေး အရင်ကလည်း နှစ်နိုင်ငံ ဆောင်ရွက်မှုတွေရှိခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရပြီး ဆယ်စုနှစ်များစွာ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေရတဲ့ ရိုဟင်ဂျာတွေကိစ္စဟာ နှစ်နိုင်ငံ ဆက်ဆံရေးမှာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ပြဿနာ ဖြစ်ပါတယ်။
    နှစ်နိုင်ငံခေါင်းဆောင်တွေ တွေဆုံဆွေးနွေးမှုအတွင်း အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက ဘင်္ဂလားဒေ့ရှ်နဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်အောင် မြန်မာအစိုးရမှာ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
    နောက်ပြီး နှစ်နိုင်ငံအကြား ရှိနေတဲ့ ခြားနားချက်တွေကို နွေးနွေးညှိနှိုင်းမှုကနေ ဖြေရှင်းဖို့အတွက် မြန်မာနိုင်ငံကစိတ်ဝင်စားကြောင်း၊ လုံခြုံရေးဆိုင်ရာမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့အတွက် လိုအပ်ချက်ကို အဓိကထားပြောသွားကြောင်း၊ ကာကွယ်ရေးနဲ့ နယ်စပ်လုံခြုံရေးဆိုင်ရာအဖွဲ့တွေနဲ့ လတ်တလောပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေအတွက် အားရကြောင်း ဦးသောင်းထွန်းက ပြောကြားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
    စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဟာ ရခိုင်ပြည်နယ်က လူ့အဖွဲ့အစည်းတွေအကြား တင်းမာမှုတွေ လျော့ကျရေး အထောက်အကူဖြစ်စေမှာဖြစ်ပြီး၊ ပြဿနာဖြေရှင်းရေး အကူအညီဖြစ်စေမယ်လို့လည်း မြန်မာအမျိုးသားလုံခြုံရေးအကြံပေးက ပြောကြားခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ယုံကြည်မှု၊ အပြန်အလှန်အကျိုးစီးပွားကို အခြေခံတဲ့ ဆက်ဆံမှုတိုးမြှင့်ရေး မိမိတို့နိုင်ငံက ဆန္ဒရှိကြောင်း၊ ဆွေးနွေးမှုတွေ မြန်မြန်ဆောင်ရွက်ဖို့ လိုအပ်ကြောင်း၊ မိမိတို့ရဲ့ အိမ်နီးချင်းတိုင်းပြည်အပေါ် ဘယ်လိုအဖွဲ့က ပစ်မှတ်ထားတာမျိုးကိုမဆို သည်းခံသွားမှာမဟုတ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ အကျိုးစီးပွားကို ရန်ပြုဖို့အတွက် မိမိတို့ရဲ့ ပိုင်နက် အသုံးပြုတာမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ bdnews24 က ဖော်ပြထားပါတယ်။
    ဦးသောင်းထွန်းနဲ့ မိုဟာမက်အလီတို့ဟာ နှစ်နိုင်ငံ စွမ်းအင်နဲ့ ပို့ဆောင်ရေးကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့ကြပါတယ်။
    ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က အကူအညီပေးမယ်လို့ ကတိပြုထားသလို ရခိုင်ပြည်နယ်က ပြည်သူတွေအတွက် ဘင်္ဂလားဒေ့ရှ်က ဆိုက်ကလုံးဒဏ်ခံ ယာယီတဲတွေ၊ လူနာတင်ယာဉ်တွေ ထောက်ပံ့ပေးအပ်မှုအတွက်လည်း နှစ်ဦးစလုံးက ၀မ်းသာကြောင်း ပြောကြားခဲ့ပါတယ်။
    မြန်မာ အမျိုးသားလုံခြုံရေးအကြံပေးဟာ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီး မိုဟာမက် အဆာဒူဇာမန်၊ ဘင်္ဂလာဒေ့ရှ်ဝန်ကြီးချုပ် ရှိခ် ဟာဆီနာတို့နဲ့လည်း တွေ့ဆုံဖို့ရှိနေပြီး ဇူလိုင်လ ၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ထွက်ခွာမှာဖြစ်ပါတယ်။
    Ref: bdnews24
  • NLD အစိုးရလက်ထက် စာနယ်ဇင်းလွတ်လပ်ခွင့် ချိုးဖောက်ခံရမှု မြင့်တက်လာခြင်းကို ဥရောပသမဂ္ဂ ဝေဖန်
    NLD အစိုးရလက်ထက် စာနယ်ဇင်းလွတ်လပ်ခွင့် ချိုးဖောက်ခံရမှု မြင့်တက်လာခြင်းကို ဥရောပသမဂ္ဂ ဝေဖန်
    ဇူလိုင် ၄၊ ၂၀၁၇
    M-Media
    – ခြိမ်းခြောက်ခံရခြင်း၊ ဖမ်းဆီးခံရခြင်းနှင့် တရားစွဲဆို ခံရခြင်းတို့မှ ဂျာနယ်လစ်များအား ကာကွယ်ပေးရန်အတွက် ဥရောပသမဂ္ဂက မြန်မာနိုင်ငံကို ယမန်နေ့တွင် တိုက်တွန်းလိုက်ပြီး ပြီးခဲ့သည့်တစ်ပတ် စစ်တပ်က ဂျာနယ်လစ် ၃ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
    အဆိုပါ သတင်းသမား ၃ ဦမှာ နိုင်ငံတကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် တအန်းလွတ်မြောက်ရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးများ မီးရှို့မှုကို သတင်းသွားရောက်ယူခဲ့ပြီးနောက် ကိုလိုနီခေတ်ဥပဒေဖြစ်သော တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုပုဒ်မဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရခြင်း ဖြစ်သည်။
    ဂျာနယ်လစ်များနှင့် လူ့အခွင့်အရေး အုပ်စုများက စစ်အာဏာရှင်အဆုံးသတ်ပြီးနောက် ဖြေလျော့ပေးခဲ့သည့် စာနယ်ဇင်း လွတ်လပ်ခွင့်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD ပါတီ အာဏာရပြီးနောက် တစ်နှစ်ကျော်ကာလအတွင်း စိုးရိမ်စရာဖြစ်နေပြီဟု ထောက်ပြခဲ့ကြသည်။
    ဥရောပသမဂ္ဂက ထုတ်ပြန်သော ကြေငြာချက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်မှာ လူသားအားလုံးအတွက် အာမခံထားသည့် လူ့အခွင့်အရေးအဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    “ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတစ်ခုရဲ့ မရှိမဖြစ် အခြေခံအုတ်မြစ်တွေမှာ ဒီဟာကလည်း တစ်ခုအပါအ၀င် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဂျာနယ်လစ်တွေ လွတ်လွတ်လပ်လပ် အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ ဥပဒေရေးရာ ကာကွယ်မှုတွေ ပြုလုပ်ပေးဖို့၊ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုနဲ့ တရားစွဲဆိုမှုကင်းတဲ့ အသိုက်အ၀န်း ဖန်တီးပေးဖို့ ကျွန်တော်တို့အနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းပါတယ်” ဟု ကြေငြာချက်က ဆိုသည်။
    ပြီးခဲ့သည့်တစ်ပတ်က စစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည့် သတင်းသမား ၃ ဦးမှာ DVB မှ နှစ်ဦးနှင့် ဧရာဝတီမှ တစ်ဦးတို့ဖြစ်ကြပြီး လက်ရှိတွင် ရှမ်းပြည်နယ် သီပေါမြို့ထောင်အတွင်း ထိန်းသိမ်းခံထားရသည်။ ၎င်းတို့ကို ဇူလိုင်လ ၁၁ ရက်နေ့တွင် ပထမဆုံး ရုံးထုတ်မည်ဖြစ်သည်။
    နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ပြောရေးဆိုခွင့်ရှိ ဦးဇော်ဌေးက လူတိုင်းကို ဥပေဒအရသာ ဆောင်ရွက်သင့်သည်ဟု ဆိုသည်။ ဒေါ်အောင်ဆန်းစုကြည်မှာ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
    ဥရောပသမဂ္ဂက ပြီးခဲ့သည့်လများအတွင်း ဂျာနယ်လစ်များ ဖမ်းဆီး၊ တရားစွဲဆိုခံရသည့် အရေအတွက်မှာ စိုးရိမ်စရာအနေအထားသို့ ရောက်ရှိနေကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    ဂျာနယ်လစ်အများစု တရားစွဲဆိုခံရသည့် ပုဒ်မမှာ လွတ်လပ်စွာပြောဆိုခွင့်ကို ချိုးဖောက်သည်ဟု လူ့အခွင့်အရေးလှုပ်ရှားသူများက ဆန့်ကျင်ရှုတ်ချထားသည့် ဆက်သွယ်ရေးပုဒ်မ ဖြစ်နေသည်။
    Ref: Reuters
  • 7 July ကျောင်းသားအရေးတော်ပုံကြီးကို ပြည်သူတွေ ယနေ့တိုင် မမေ့နိုင်ဖြစ်ရသည်မှာ
    7 July ကျောင်းသားအရေးတော်ပုံကြီးကို ပြည်သူတွေ ယနေ့တိုင် မမေ့နိုင်ဖြစ်ရသည်မှာ
    မြန်မာ့လွတ်လပ်ရေးအတွက် သန္ဓေတည်ခဲ့သော လွတ်လပ်ရေးမော်ကွန်းဝင်များ၊ ခေါင်း ဆောင်ကောင်းများ မွေးထုတ်ပေးခဲ့သော ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အဦး ကြီးကို ဗြိတိသျှနယ်ချဲ့လက်အောက်ကျရောက်စဉ် ၅-၁၂-၁၉၂၇ နေ့တွင် အုတ်မြစ်ချခွင့်ပြုခဲ့သည်။ သူဋ္ဌေးကြီး ဒေါက်တာဦးညိုက ကျောင်းသားသမဂ္ဂအဆောက်အဦးကြီးကို ဆောက်လုပ်လှူဒါန်းခဲ့ သည်။ ထိုအဆောက်အဦးကြီးသည် ရန်ကုန်တက္ကသိုလ် ပင်မအဓိပတိလမ်းမကြီးကို မျက်နှာမူလျက်တည်ရှိပြီး မန္တလေးဆောင်နှင့် မျက်နှာချင်းဆိုင်ဖြစ်သည်။
    လွတ်လပ်ရေး ဗိသုကာလည်းဖြစ် တပ်မတော်ဖခင်လည်းဖြစ်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်း သည် ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဖွဲ့အစည်းကြီး၏ ဥက္ကဋ္ဌတာဝန်ကို ယူခဲ့ဖူးသူတစ်ဦး ဖြစ်သည်။
    7 July ကျောင်းသားအရေးတော်ပုံကြီး  ဖြစ်ပေါ်လာစေရန်စေ့ဆော်ဖန်တီးခဲ့သည့် သမိုင်း နောက်ခံ အကြောင်းရင်းများ အမှန်တကယ်ရှိခဲ့ပါသည်။ ဝန်ကြီးချုပ်ဦးနုခေါင်းဆောင်သော သန့်ရှင်း ဖဆပလအစိုးရသည် ၁၉၅၈ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းဦးဆောင်သော စစ်အစိုးရတစ်ရပ်အား တရားဝင် ခေတ္တအာဏာလွှဲပြောင်းပေးခဲ့သည့် လုပ်ရပ်သည် “အရူးအမဲသားကျွေးသည့် လုပ်ရပ်ဖြစ်ခဲ့ သည့်အတွက် ဝန်ကြီးချုပ်ဦးနုတွင် တာဝန် အပြည့်အဝရှိသည်ဟု ကျောင်းသားထုက ဝေဖန်ထောက်ပြခဲ့ကြသည်။ သမိုင်း သုတေသီများကလည်း ဤအချက်ကိုထောက်ခံခဲ့သည်။
    ၁၉၆၀ခု ဇန်နဝါရီလ ၈ရက်နေ့တွင် ပြည်ထောင်စုဘဏ်က ဦးကောင်းလက်မှတ်ပါ ဒေါင်းတံ ဆိပ် တစ်ရာတန်ငွေစက္ကူများကို တရားမဝင်ငွေများအဖြစ် ကြေညာခဲ့ပြီး ဦးစံလင်း လက်မှတ်ပါ ဒေါင်းတံဆိပ် တစ်ရာတန် ငွေစက္ကူများကိုမူ ဆက်လက်သုံးစွဲခွင့်ပြုခဲ့သည်။ အာဏာ အရသာတွင် ယစ်မူးသွားခဲ့သော ဗိုလ်ချုပ်နေဝင်းဦးဆောင်သော (၁၇)ဦးပါ စစ်ခေါင်းဆောင်များသည် ပြည်သူလူ ထု၏ ရွေးကောက်ခံ သမ္မတကြီးစပ်ရွှေသိုက်နှင့် ဝန်ကြီးချုပ်ဦးနုတို့ထံမှာ ၁၉၆၂ခု မတ်လ ၂ရက် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သောအခါ သမ္မတကြီး၏ သားတစ်ဦး သေနတ်မှန်ကာ သေဆုံးခဲ့ သည်။
    နောက်ဆက်တွဲရလာဒ်အနေဖြင့် ဗိုလ်ချုပ်နေဝင်း၏ စစ်အစိုးရသစ်ကို ရန်ကုန်၊မန္တလေး၊ မော်လမြိုင်၊ပုသိမ်မြို့ရှိ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၁၉၆၂ ခုဇူလိုင်လ (၅) ရက်နေ့တွင် တန်းမြင့်စာမေးပွဲ မေးခွန်းပေါက်ကြားသည့်ကိစ္စနှင့်ပတ်သက်၍ စစ်အစိုးရ၏ အရေးယူကိုင်တွယ်ခဲ့ပုံကို ကျောင်းသားများက မကျေနပ်ခဲ့ကြပေ။ ထို့ကြောင့် ၁၉၆၂ ခု ဇူလိုင်လ ၅ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကမာရွတ်ရဲစခန်းအနီးတွင် တက္ကသိုလ်ကျောင်းသား များ ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒပြရာတွင် ရဲတပ်ဖွဲ့၏ပစ်ခတ်ဖြိုခွင်းမှု့ကြောင့် ကျောင်းသား တစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။
    ထို့အပြင် အာဏာပိုင်များသည် တက္ကသိုလ်နယ်မြေကို ပုဒ်မ ၁၄၄ နေဝင်မီးငြိမ်း ညမထွက်ရ အမိန့်ထုတ်ပြန်ခဲ့သည်။ ထိုလုပ်ရပ်ကို ကျောင်းသားများက မကျေနပ် ဆန့်ကျင် ကန့်ကွက်ဆန္ဒပြ ရာမှ တက္ကသိုလ်ကျောင်းသားပေါင်း ၁၀၀ကျော် သွေးစွန်းခဲ့သည့် 7 July ကျောင်းသားအရေးတော်ပုံ ကြီး စတင်ခဲ့သည်။ ထိုနေ့ စနေနေ့ နေ့လည် ၁နာရီခန့်က အသက်ပေးစွန့်လှူသွားခဲ့သော တက္က သိုလ်ကျောင်းသား၊သူများသည် “တကသ” အဆောက်အဦးရှေ့မှ အဓိပတိလမ်းမတစ်လျှောက်လုံး တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးအထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်ရာတွင်
    “ မတရားစည်းကမ်းတွေ အလိုမရှိ”
    “ မတရားချုပ်ချယ်မှု့တွေ အလိုမရှိ”
    “ ကျောင်းဆောင်တွေကို အကျဉ်းဆောင်မလုပ်နဲ့”
    “ ချုပ်ချပစ်မှု့တွေ အလိုမရှိ”
    “ မတရားစည်းကမ်းတွေ ဖျက်သိမ်းပစ်”
    “ ကျောင်းသားထု ညီညွတ်ကြ” ဟူ၍ ကြွေးကြော်ခဲ့ကြသည်။
    ထိုနေ့ည ဇူလိုင် ၇ ရက်နေ့တွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်းသည် မြန်မာ့ အသံရေဒီယိုမှ အသံလွင့်ပြောကြားရာ၌ “ဓား ဓားချင်း ဒုတ် ဒုတ်ချင်း ရင်ဆိုင်မယ်” ဟူ၍ လူမိုက်ဆန်ဆန် ပြောကြားခဲ့သော မိန့်ခွန်းသည် မဆလ တစ်ပါတီအာဏာရှင်ခေတ် ၈-၈-၈၈ ရှစ်လေးလုံး အရေး တော်ပုံ မတိုင်ခင် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ကျင်းပခဲ့သော ပြည်နယ်တိုင်း မဆလ ဗဟိုကော်မတီ အစည်းအဝေးတွင် တစ်ပါတီအာဏာရှင် ဥက္ကဋ္ဌ ဦးနေဝင်း၏ “စစ်တပ်ဆိုတာ ပစ်ရင် တည့်တည့်ပစ်တယ်။ မိုးပေါ်ထောင်မပစ်ဖူး” ဟု ပြောကြားခဲ့ပုံနှင့် အတော်ဆင်တူကြောင်း ရှေ့မှီ၊ နောက်မှီ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက စာရေးသူအားပြောပြခဲ့ဖူးသည်ကို အမှတ်ရမိပါသည်။
    ၁၉၆၂ ခု “ 7 July” အရေးတော်ပုံကြီးကို အဓိကဖြိုခွင်းခဲ့သည့် ရှေ့တန်းစစ်ဆင်ရေးမှူးမှာ ဒု- ဗိုလ်မှူးကြီးစိန်လွင်ဖြစ်ပြီး နောက်တန်းစစ်ဆင်ရေးမှူးများမှာ ဗိုလ်မှူးကြီး ကျော်စိုး၊ ဗိုလ်မှူး ကြီးလှဟန်၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူးကြီးစိုးမြင့်၊ ဗိုလ်မှူးကြီး တန်ယုဆိုင် တို့ဖြစ်ပါသည်။
    ဗိုလ်နေဝင်း စစ်အုပ်စု၏လက်နက်အားကိုး အကြမ်းဖက်ဖြိုခွင်းမှု့ကြောင့် ဇူလိုင်လ ၈ရက် မနက် ၄ နာရီအချိန်တွင် သမိုင်းဝင်တည်ရှိခဲ့သော ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသား သမဂ္ဂ အဆောက်အဦးကြီးသည် ဒိုင်းနမိုက်ဖြင့်ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး ထိုအဆောက်အဦးကြီး၏ အတွင်းအပြင်ကျောင်းသားအများအပြားလည်း သွေးမြေကျ အသက်စတေးခံ သွားခဲ့ကြ ရပေသည်။
    မြန်မာနိုင်ငံတွင် ဗိုလ်နေဝင်းစစ်အစိုးရ မတိုင်မှီ အစိုးရများသည် ကျောင်းသားထု၏ ဆန္ဒပြပွဲ များကို လွတ်လပ်စွာခွင့်ပြုခဲ့သည်။ တောင်းဆိုချက်များထဲမှ လိုက်လျောခွင့်ပြုတန်သည်များကို လည်း ခွင့်ပြုခဲ့သည့် အစဉ်အလာများရှိခဲ့ဖူးသည်။ မည်သည့်လက်နက်မျှမပါရှိဘဲ အနာဂတ်မျိုး ဆက်တက္ကသိုလ်ကျောင်းသားလူငယ်များနှင့် တွေ့ဆုံဆွေးနွေး စားပွဲဝိုင်းထိုင်ကာ ဖြေရှင်းခဲ့လျှင် သမိုင်းဝင်တက္ကသိုလ်ကြီးနှင့် သမိုင်းဝင်ကျောင်းသားသမဂ္ဂအဆောက်အဦးကြီး သွေးစွန်းအကျည်း တန်ခဲ့မည်မဟုတ်ပေ။ အတိတ်ဟူသည် ယူတတ်လျှင်အဖိုးတန်သင်ခန်းစာများကိုပေးစွမ်းပါသည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ တောရိုင်းဝါဒ ဥပဒေသတစ်ခုဖြစ်သည့် “အင်အားကြီးသူ အနိုင်ယူ” (Might is right )မူကို လက်ကိုင်ထားကာ လက်နက်အားကိုးဖြေရှင်း လျှင် သမိုင်းဆိုးမွေ အရိပ်မဲကြီး ကမ္ဘာတည်သရွေ့နောက်က လိုက်နေမည်ကို 7 July ကျောင်းသား အရေးတော်ပုံကြီးက မီးမှောင်းထိုးပြနေပါတော့သည်။
    လေးစားလျက်
    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှု့တက္ကသိုလ်)
  • ဝါကျွတ် အီးဒ်နေ့ အထိမ်းအမှတ် ဆေးရုံ (၅) ရုံ မှ လူဦးရေ (၄၆၀၀) ကျော်ကို နေ့လည်စာလှူဒါန်း
    ဝါကျွတ် အီးဒ်နေ့ အထိမ်းအမှတ် ဆေးရုံ (၅) ရုံ မှ လူဦးရေ (၄၆၀၀) ကျော်ကို နေ့လည်စာလှူဒါန်း
    ဇူလိုင် ၃ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ
    အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လ(ရမသွာန်) ပြီးဆုံးပြီး ဝါကျွတ်အီးဒ်နေ့ အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ရှိ ဆေးရုံ (၅) ခုမှ ဆေးရုံတက်လူနာ ၊ လူနာစောင့် နှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် လူဦးရေ (၄၆၈၄) ဦး အတွက် နေ့လည်စာ ကို ဇူလိုင်လ ၁ ရက်နေ့က လှူဒါန်းခဲ့ကြောင်းသိရှိရပါတယ်။
    အဆိုပါနေ့လည်စာလှူဒါန်းမှုတွင် အထွေထွေရောဂါကုဆေးရုံကြီး(မြောက်ဥက္ကလာပမြို့နယ် ) မှ ဆေးရုံတက်လူနာ နှင့် လူနာစောင့်များ စုစုပေါင်း(၁၇၀၀) ဦး ၊ စိတ်ကျန်းမာရေးဆေးရုံ( ရန်ကုန် – ရွာသာကြီး) မှ ဆေးရုံတက်လူနာ စုစုပေါင်း(၁၅၃၉) ဦး ၊ စံပြဆေးရုံကြီး( သင်္ဃန်းကျွန်းမြို့နယ်)မှ ဆေးရုံတက်လူနာ ၊ လူနာစောင့်များ နှင့် ဆေးရုံဝန်ထမ်းများ စုစုပေါင်း(၁၀၀၀) ဦး ၊မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံ (ဘားလမ်း) မှ ဆေးရုံတက် လူနာ ၊ လူနာစောင့်များ နှင့် ဝန်ထမ်းများ စုစုပေါင်း (၄၀၀) ဦး ထမင်းဖြူ နှင့် ကြက်သားဟင်း၊အထူးကုဆေးရုံ(သာကေတ) မှ လူနာ စုစုပေါင်း (၄၅) ဦးအတွက် နံနက်စာ – နွားနို့ နှင့် ပဲပြုတ်နံပြား ၊နေ့လည်စာ – ပုဇွန်ဟင်း ၊ မုန်လာဥချဉ်ဟင်း နှင့် ကြက်မောက်သီး၊ ညနေစာ – ကြက်ဥကြော် တို့ကို လှူဒါန်းခဲ့တယ်လို့ သိရှိပါတယ်။
    ယခု လှူဒါန်းမှုကို အစ္စလာမ်ဘာသာဝင်များ၏ အလှူငွေ စုပေါင်းပါဝင်မှုဖြင့် ရန်ကုန်အခြေစိုက် မွတ်စလင်မ် ပရဟိတ အဖွဲ့တခုဖြစ်တဲ့ ဓမြန်မာအစ္စလာမ်လူငယ်ဖောင်ဒေးရှင်း” အဖွဲ့မှ ဦးဆောင်လှူဒါန်းခဲ့တာဖြစ်ကြောင်းသိရှိရပါတယ်။