News @ M-Media

Blog

  • အမုန်စကားများ မဖျက်သည့် ဆိုရှယ်မီဒီယာကို ဂျာမနီက ဒဏ်ငွေပြင်းပြင်းရိုက်မည်

    အမုန်စကားများ မဖျက်သည့် ဆိုရှယ်မီဒီယာကို ဂျာမနီက ဒဏ်ငွေပြင်းပြင်းရိုက်မည်

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    – အမုန်းစကားများ၊ ဥပဒေနှင့် ဆန့်ကျင်သည့်အကြောင်းအရာများ ပါဝင်သော ပို့စ်များအား အချိန်မီ ဖယ်ရှားမပစ်ပါက ဆိုရှယ်မီဒီယာကုမ္ပဏီများကို ယူရို သန်း ၅၀ (ကန်ဒေါ်လာ ၅၇.၁သန်း) အထိ ဒဏ်ရိုက်နိုင်မည့် ဥပဒေတစ်ခုကို ဂျာမနီက ပြဌာန်းလိုက်သည်ဟု သိရသည်။

    Netzwerkdurchsetzungsgesetz (NetzDG) ဟု အမည်ပေးထားသည့် အဆိုပါဥပဒေကို ဂျာမနီလွှတ်တော်အမတ်များက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အတည်ပြုလိုက်ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာနှင့်ပတ်သက်၍ အပြင်းထန်ဆုံး ပြစ်ဒဏ်လည်းဖြစ်သည်။

    ဥပဒေအရ Facebook၊ YouTube နှင့် အခြားသော ဆိုရှယ်မီဒီယာများမှာ စက်တင်ဘာတွင် စတင်မည့် ဂျာမနီ ပြည်ထောင်စု ရွေးကောက်ပွဲမှစ၍ အမုန်းစကားနှင့် အခြားသော ရာဇ၀တ်မှုဆိုင်ရာ အကြောင်းအရာများ ပါဝင်သည့် ပို့စ်များကို ၂၄ နာရီအတွင်း ဖယ်ရှားရမည်ဖြစ်ပြီး၊ ဥပဒေနှင့် သွယ်ဝိုက်ဆန့်ကျင်နေသည်များကို ၇
    ရက်အတွင်း ဆန်းစစ်ရမည်ဖြစ်သည်။

    ထိုဥပဒေကို ချိုးဖောက်သူ ဆိုရှယ်မီဒီယာ ကုမ္ပဏီများအနေဖြင့် ကျုးလွန်မှု အတိုင်းအတာအလိုက် ယူရို ၅ သန်းမှ သန်း ၅၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

    Facebook မှ ထုတ်ပြန်သော ကြေငြာချက်တွင် အမုန်းစကားများ တိုက်ဖျက်ရေး ဂျာမနီအစိုးရ၏ ရည်ရွယ်ချက်ကို ထောက်ခံသော်လည်း အစိုးရ၊ အရပ်အဖက်နှင့် ဆိုရှယ်မီဒီယာကဏ္ဍတို့က အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ အကောင်းဆုံးအဖြေ ထွက်မည်ဖြစ်ကြောင်း၊ လက်ရှိဥပဒေမှာ အရေးကြီးသော လူမှုပြဿနာများကို တိုက်ဖျက်ရာတွင် တိုးတက်မှု ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များနှင့် ဆိုရှယ်မီဒီယာလုပ်ငန်းမှ တာဝန်ရှိသူတစ်ချို့ကလည်း ဂျာမနီ၏ ယခုဥပဒေကို ရှုတ်ချခဲ့ပြီး ဥပဒေ၏ အချိန်သတ်မှတ်ချက်မှာ လက်တွေ့မကျကြောင်း၊ ဆင်ဆာသတ်မှတ်သကဲ့သို့ ဖြစ်လာနိုင်ကြောင်း ဝေဖန်ခဲ့ကြသည်။

    Ref: BBC

  • မူဆိုးလ်ရှိ လက်ကျန် IS များကို ၀ိုင်းထားနိုင်ပြီဟု အီရတ်ပြော

    မူဆိုးလ်ရှိ လက်ကျန် IS များကို ၀ိုင်းထားနိုင်ပြီဟု အီရတ်ပြော

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    – မူဆိုးလ်မြို့တွင် ကျန်ရှိနေသည့် IS အကြမ်းဖက်သမားများကို မိမိတို့က ၀ိုင်းရံထားလိုက်ပြီး မြို့ပြန်သိမ်းနိုင်ရေး ထိုးစစ်၏ နောက်ဆုံးအဆင့်ကို ဆက်လက်ဆောင်ရွက်နေသည်ဟု အီရတ်စစ်တပ်က ယနေ့တွင် ပြောကြားလိုက်သည်။

    ပြည်ထောင်စုရဲတပ်ဖွဲ့မှာ တီဂရစ်မြစ်ပေါ်ရှိ နောက်ဆုံး တံတားကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီး IS တို့၏ တစ်ခုတည်းကျန်ရှိနေသော ထွက်ပြေးရာလမ်းကြောင်းကို ထိထိရောက်ရောက် ဖြတ်တောက်ထားလိုက်နိုင်ခြင်ညလ်းဖြစ်သည်။

    ထို့ပြင် အမေရိကန်ဦးဆောင်သည့် အီရတ်စစ်တပ်ကလည်း မြို့ဟောင်းရှိ ရပ်ကွက်အများအပြားကို ပြန်လည်သိမ်းပိုက်ခဲ့သည်။

    “IS ဟာ လက်ရှိအချိန်မှာ လူနေဒေသ နည်းနည်းလေးကိုပဲ ထိန်းချုပ်ထားနိုင်ပါတော့တယ်။ အီရတ်တပ်ဖွဲ့တွေဟာ မြို့ဟောင်းကို ၀င်နေပါတယ်” ဟု အီရတ်ကြည်းရေလေ တပ်ပေါင်းစုမှ ပြောရေးဆိုခွင့်ရှိသူ ယာဟီယာ ရဆူလ်က ပြောကြားခဲ့သည်။

    ထို့ပြင် မြို့ အနောက်ပိုင်းကို သိမ်းပိုက်နိုင်ကြောင်း မကြာခင် ကြေငြာနိုင်တော့မည်ဟုလည်း ၎င်းက ဆိုသည်။

    မူဆိုးလ်းမြို့ ပြန်လည်သိမ်းပိုက်ရေး ထိုးစစ်မှာ ၈ လတာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အလ်-နူရီ ဗလီကို သိမ်းပိုင်နိုင်ခဲ့ပြီးနောက် IS အကြမ်းဖက်အဖွဲ့ ကျရှုံးသွားပြီဟု ပြီးခဲ့သည့် ၂ ရက်တွင် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက ကြေငြာခဲ့သည်။

    Ref : Aljazeera

  • ခဏခဏ နှုတ်ကျွံတဲ့ သာ/ယဉ် ဝန်ကြီး

    ခဏခဏ နှုတ်ကျွံတဲ့ သာ/ယဉ် ဝန်ကြီး

    ဇူလိုင် ၂ ၊ ၂၀၁၇
    ဘသန်းထက် ရေးသည်။

    နှုတ်ကျွံ မှု ဖြစ်စဉ်-၁
    ————————
    “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပုဒ်မ ၅၉(စ)ကို ယာယီ ဆိုင်းငံ့ စေမည့် အဆိုတစ်ရပ်ကို လာမယ့် လွှတ်တော်မှာ တင်သွင်းလို့ လွှတ်တော်အမတ် ၅၀ ရာခိုင်နှုန်းအထက်၏ ထောက်ခံမဲ ရရှိခဲ့ရင် အတည်ပြုနိုင်ပါတယ်”

    ၂၀၁၅ ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရပြီးနောက် သူရဦးအောင်ကို မှ The Myanmar Times သို့ ၂၀၁၅ ဒီဇင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။ ပုဒ်မ ၅၉(စ)ကို ယာယီ ဆိုင်းငံ့ နိုင်ကြောင်း ပထမဆုံးပြောကြားခဲ့သူမှာ သူရဦးအောင်ကိုဖြစ်သည်။

    ref: http://www.mmtimes.com/index.php/national-news/18070-new-idea-floated-to-allow-nld-leader-to-assume-presidency.html

    အဆိုပါ မှတ်ချက်စကားကြောင့် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်စေလိုသည့် ပြည်သူလူထုမှာ မျှော်လင့်ချက် များစွာ ဖြင့် စောင့်မျှော်ခဲ့ပေမယ့် လက်တွေ့တွင် ဖြစ်မလာခဲ့ပေ။ လူထုကို မျှော်လင့်ချက် အမှား သတင်းစကား စပေးခဲ့သူမှာ သူရဦးအောင်ကို ဖြစ်သည်။

    နှုတ်ကျွံ မှု ဖြစ်စဉ်-၂
    ——————-
    ၂၀၁၆ ခုနှစ် ဧပြီလ ၁ ရက်နေ့ညပိုင်း VOA နှင့် ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် ယခင် အစိုးရများ အုပ်ချူပ်စဉ် ကာလ အချိန်တွင် မြန်မာနိုင်ငံအတွင်း အခြားဘာသာဝင်များကို ဖိနှိပ်ခြင်း ခွဲခြားဆက်ဆံမှုများနှင့် ပတ်သက်ပြီး မေးမြန်းရာတွင် သူရဦးအောင်ကိုမှ “ဧည့်နိုင်ငံသား အများစုကိုးကွယ်သော အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာ အပါအဝင် အခြားဘာသာဝင်တွေအပေါ်မှာတော့ ထူးပြီးတော့ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” လို့ ပြောဆိုခဲ့သည်။

    အဆိုပါ ပြောကြားချက်အပေါ် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး၊ မွတ်စလင်မ် CSO များ၊ UNC ပါတီ နှင့် နိုင်ငံသား အစ္စလာမ်ဘာသာဝင်များမှ ပြင်းထန်စွာ ကန့်ကွက်ခဲ့သလို ထိပ်တန်း NLD တာဝန်ရှိသူများမှ ယင်းသို့ သုံးနှုန်းပြောကြားမှုကို စိုးရိမ်မှုများ ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

    ပြန်လည်ပြင်ဆင်ချက်
    ——————–
    မြန်မာနိုင်ငံအတွင်းရှိ အစ္စလာမ်ဘာသာဝင်များ၊ ဟိန္ဒူဘာသာဝင်များနှင့်ပတ်သက်၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီး သူရဦးအောင်ကို၏ အငြင်းပွားဖွယ်မှတ်ချက်အား သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနမှ ၂၀၁၆ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် ၎င်းတို့၏ ၀ဘ်ဆိုက်မှနေ၍ ပြန်လည် ဖြည့်စွက်ပြင်ဆင်ခဲ့သည်။

    ပြင်ဆင်ချက်တွင်

    ထိုပို့စ်တွင် သူရဦးအောင်ကို၏ “ဧည့်နိုင်ငံသားတွေ အများစုကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟုသော ပြောကြားချက်အစား

    “နိုင်ငံသားအချို့နှင့် ဧည့်နိုင်ငံသားများကိုးကွယ်တဲ့ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာအပါအ၀င် အခြား ဘာသာငယ်တွေအပေါ်မှာတော့ဖြင့် ထူးပြီးတော့မှ ဖိနှိပ်ချုပ်ချယ်တာမျိုး မရှိခဲ့ပါဘူး” ဟု ထပ်မံဖြည့်စွက်ကြောင်း ဖော်ပြခဲ့သည်။
    ref: http://www.mora.gov.mm/newsview.ASPX?nid=141

    နှုတ်ကျွံ မှု ဖြစ်စဉ် -၃
    ———–
    ၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ဝင်တွေက သူရဦးအောင်ကို နှုတ်ထွက်ဖို့ ဆန္ဒပြခဲ့ကြပါတယ်။ အဆိုပါ နေပြည်တော်ဆန္ဒပြပွဲနဲ့ ပတ်သက်လို့ မေလ ၂၄ ရက်နေ့မှာ သာသနာရေး ဝန်ကြီး သူရဦးအောင်ကိုက

    “အဲဒီ ၂၀၁၆ တုန်းကလည်း ဒီငွေတွေ ဘယ်ကရလဲ ကျနော်တို့ တွေးပါတယ်။ တွေးလို့မို့ ကျနော့် လက်လှမ်းမှီသလောက် ကိုယ်ပိုင်အတွေးလေးနဲ့ပဲ ကျနော် စာရေးပါတယ်။

    ဗဟိုဘဏ် အပါအဝင် ပုဂ္ဂလိကဘဏ်တွေမှာ အပ်နှံထားတဲ့ ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းတွေ အပ်နှံထားတဲ့ အပ်နှံငွေစာရင်းကို ဆောလျင်စွာ စိစစ်ပြီး ပြန်ကြားပေးရန် မေတ္တာရပ်ခံပါသည် ဆိုပြီး ဗဟိုဘဏ်ကို တောင်းခဲ့ပါတယ်။ တောင်းတဲ့အခါမှာ ဗဟိုဘဏ် အချိန်နောက်ကျမှ ပြန်ပါတယ်။

    အဲဒီကာလအတွင်းမှာ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်လုံးလုံး အရပ်သတင်းတွေ ထွက်လာပါတယ်။ အမရဘဏ်မှာအပ်ထားတဲ့ ငွေတွေကို နေ့ရော ညရော စနေရော တနင်္ဂနွေရော ထုတ်ပြီး ဖြန့်ခွဲ လိုက်ကြ တယ်တဲ့။

    အမရဘဏ်မှာ အပ်တဲ့ငွေတွေကို ပြောပါတယ်။ အမရဘဏ်ကို ဘယ်သူတည်ထောင်လဲဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ ကျနော် အထူးမပြောလိုပါဘူး”

    လို့ မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

    ဦးအောင်သောင်းသား ပိုင်တဲ့ အမရဘဏ်ကို တောင်းပန်ရ

    ဝန်ကြီး သူရဦးအောင်ကို ရဲ့ ပြောကြားချက်တွေဟာ လုံးဝ မှန်ကန်မှု မရှိကြောင်း အမရဘဏ်က ချက်ခြင်းပဲ ကြေညာချက်ထုတ်ပြီး တုံ့ပြန်ခဲ့ပါတယ်။ နောက်နေ့မှာပဲ အမရဘဏ်ကို အဆိုပါကိစ္စ နဲ့ပတ်သက်ပြိး တောင်းပန်ပြီးဖြစ်ကြောင်း သာသနာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ရပြန်ပါတယ်။ အမရဘဏ်ဟာ ယခင် စစ်အစိုးရခေတ်မှာ သြဇာကြီးတဲ့ ဝန်ကြီး ဦးအောင်သောင်းရဲ့ သားပိုင်ဆိုင်တဲ့ ဘဏ်ဖြစ်ပါတယ်။ အမရဘဏ်ကို တောင်းပန်တဲ့ စာမှာတော့ အောက်ပါအတိုင်းရေးသားထားပါတယ်။

    ၂၀၁၇ ခုနှစ်၊ မေလ ၂၀ ရက်နေ့၊ ဆန္ဒပြပွဲနှင့်ပတ်သက်၍ သတင်းထောက်များက ဆန္ဒပြပွဲ ဖြစ်မြောက်အောင် စီစဉ်သူများထံသို့ ငွေကြေးထောက်ပံ့မှု အကြောင်းအရာအား မေးမြန်းရာတွင် အမရဘဏ်ကို ဥပမာပြု၍ ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဤဝန်ကြီးဌာနအနေဖြင့်

    ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များ၏ ဘဏ်အသီးသီးတွင် အပ်နှံငွေများနှင့်စပ်လျဉ်း၍ ဗဟိုဘဏ်သို့ မေလ ၂ ရက်နေ့တွင် မေးမြန်းခဲ့ရာ ယနေ့အချိန်ထိ သတင်းအချက်အလက်ပြန်ကြားမှု မရရှိသေးပါ။

    သတင်းထောက်များအား ဖြေကြားရာတွင် စိတ်ဆန္ဒစောစွာဖြင့် အမရဘဏ်အမည်ကို ဥပမာပေး ပြောကြားခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်၍ ဘဏ်တာဝန်ရှိသူများထံသို့ ၂၅-၅-၂၀၁၇ ရက်နေ့တွင် တောင်းပန် ခဲ့ပြီးဖြစ်ကြောင်း ရှင်းလင်းဖော်ပြအပ်ပါသည်။

    ref: http://www.mora.gov.mm/newsview.ASPX?nid=251

    နှုတ်ကျွံ မှု ဖြစ်စဉ်-၎
    ———————-

    “တမန်တော်နေ့အခမ်းအနားတွေကို သာသနာရေးဝန်ကြီးဌာနနဲ့ ခွင့်ပြုခဲ့တာ မဟုတ်ကြောင်း သက်ဆိုင်ရာ ဒေသ အာဏာပိုင် အဖွဲ့အစည်းတွေက ခွင့်ပြုခဲ့တာဖြစ်ကြောင်း၊ တမန်တော်နေ့ အခမ်းအနားတွေ ကျင်းပတဲ့အချိန် မ.ဘ.သ နဲ့ ဆက်နွယ်တဲ့ အဖွဲ့တွေရောက်လာပြီး ပိတ်သိမ်းဖို့ တောင်းဆိုကြောင်း၊ ဒါကြောင့် တမန်တော်နေ့ ကျင်းပတဲ့ အစ္စလာမ်ဘာသာရေး အဖွဲ့အစည်းတွေ၊ မျိုးချစ်ဆိုသူတွေ၊ သက်ဆိုင်ရာ ဒေသအုပ်ချူပ်ရေးအာဏာပိုင်အဖွဲ့အစည်းတွေ တကျိတ်ထဲ တဥာဏ်ထဲဖြစ်ပြီး နိုင်ငံေ၇းတိုက်ကွက်ဖော်တာဖြစ်နိုင်ကြောင်း တမန်တော်တော်နေ့ အခမ်းအနားတွေ ကျင်းပလွန်းအားကြီးလွန်းလို့ သာ/ယဉ် ဝန်ကြီးဌာနကနေပြီးမှ နိုင်ငံတော်သမ္မတရုံးကို စာတင်ပြီးတော့ ဒါတွေကိုလုံးဝခွင့်ပြုရန်မသင့် ကြောင်း၊ ပိတ်သိမ်းသင့်ကြောင်း စာတင်ခဲ့ပါတယ်။ စာတွေလည်းရှိတယ်။ ဒီစာကိုလည်းပဲ သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနကိုလည်း ပဲ မိတ္တူပေးခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တ်ာတို့ပေါ်မှာစွပ်စွဲတဲ့ တမန်တော်နေ့ အခမ်း အနားတွေကျင်းပတယ်ဆိုတာကတော့ သူတို့အချင်းချင်းညှိနှိုင်းထားတဲ့နိုင်ငံရေးတိုက် ကွက်တစ်ခုသာဖြစ်ကြောင်း ပြောကြားလိုပါ တယ်”

    သာသနာရေးဝန်ကြီး သူရဦးအောင်ကိုအား ရာထူးမှနုတ်ထွက်ပေးရန်အတွက် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အမျိုးသားရေး လှုပ်ရှားသူများပြုလုပ်နေသည့် ဆန္ဒထုတ်ဖော်မှုများနှင့်ပတ်သက်ပြီး ဇွန် ၂၇ရက်နေ့က နေပြည် တော်တွင် ကျင်းပပြုလုပ်သည့် ပြည်သူ့လွှတ်တော်အပြီး ဝန်ကြီးသူရဦးအောင်ကိုက အထက်ပါအတိုင်း မီဒီယာကို ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

    ref: https://www.facebook.com/mcntv/videos/1218064834986724/

    ရှေ့ပြောနောက်လွဲ ပြောကြားမှုအပေါ်သုံးသပ်ချက်
    ——————————————————-
    ၁။ ဗလီဝတ်ကျောင်းများ၊ ချာခ်ျများ ပြုပြင်ဖို့ ပိတ်ထားတာတွေ ပြန်ဖွင့်ဖို့ ကိစ္စ ဗဟိုအစိုးရက ချူပ်ကိုင်ထားမှု မလုပ်ဘဲ ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရတွေကို လုပ်ပိုင်ခွင့်တွေ ဖြေလျော့ပေးဖို့ ၂၀၁၂ ခုနှစ် အချိန်က လွှတ်တော်အမတ်ဖြစ်နေတဲ့ မိမိကိုယ်တိုင် လွှတ်တော်မှာ အဆိုတင်ပြီး ဗဟိုအစိုးရက ထိန်းချူပ်ထားခြင်း မရှိကြောင်း ၉-၇-၂၀၁၆ နေ့တွင် ရန်ကုန်မြို့မှာ ကျင်းပပြုလုပ်တဲ့ အီးဒ်မိတ်ဆုံစားပွဲတွင် သူရဦးအောင်ကိုမှ မီဒီယာများကို ဖြေကြားခဲ့သည်။
    ref: https://www.youtube.com/watch?v=Ug_46D7cyM0

    ၂။ သာသနာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၂ ခုနှစ်မှစ၍ ဘာသာရေး၊ သာသနာရေးဆိုင်ရာလုပ်ထုံးလုပ်နည်း များကို ဒေသအုပ်ချူပ်ရေး အဖွဲ့အစည်းအဆင့်ဆင့်သို့ ဖြေလျော့ဆောင်ရွက်ခွင့်ပြုထားပြီးဖြစ်ပါသည်။
    ref: http://www.mora.gov.mm/newsview.ASPX?nid=257

    ၃။ တမန်တော်နေ့ အပါအဝင် ဘာသာရေး အခမ်းအနားများ ကျင်းပလို့သည့်အခါ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရထံမှ ခွင့်ပြုချက် တောင်းခံရပါတယ်။ သာသနာရေးဝန်ကြီးဌာန လက်အောက်ခံ မြို့နယ် သာသနာရေးမှူး တာဝန်ခံများရဲ့ ထောက်ခံချက်ကို ရယူရပါတယ်။

    အောက်ဖော်ပြပါ နမူနာ ခွင့်ပြုမိန့်တွင် တိုင်းဒေသကြိး ဝန်ကြီးချူပ်ကိုယ်စား လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းမှ လက်မှတ်ထိုး ခွင့်ပြုထားခြင်းဖြစ်ပါတယ်။

    အဆိုပါ ခွင့်ပြုချက်ပေးသည့် တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချူပ်၊ ဝန်ကြီးများမှာ ယခု တိုင်းပြည်ခေါင်းဆောင်ဖြစ်နေသည့် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ခန့်အပ်ထားသူများဖြစ်ပါတယ်။ (ref: ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ-၂၆၁) တနည်း ဒေါ်အောင်ဆန်းစုကြည် လက်ရွေးစင်ေ၇ွးချယ်ထားသူများဖြစ်သည်။

    ” ခွင့်ပြုမိန့်ပေးသည့် အုပ်ချူပ်ရေးအဖွဲ့များ ၊ လာရောက်နှောက်ယှက်သည့် မ.ဘ.သ လိုလားသည့် မျိုးချစ်အဖွဲ့များ၊ ကျင်းပသည့် အစ္စလာမ်ဘာသာရေး အဖွဲ့များ တကျိတ်ထဲ တဥာဏ်ထဲ လား” ဟု စွပ်စွဲချက်ကို ဝန်ကြီးသူရဦးအောင်ကိုမှ မီဒီယာသို့ မပြောခင် အရင် မိမိကို ပြည်ထောင်စု ဝန်ကြီးအဖြစ်ရွေးချယ်ခန့်အပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတ ကို ပြန်လည်ပြီး မေးမြန်းအကြောင်းကြားသင့်ပါသည်။ တမန်တော်နေ့ အခမ်းအနားကို ခွင့်ပြုခဲ့သည့် ဒေသဆိုင်ရာ အုပ်ချူပ်ရေး အာဏာပိုင်များမှာ နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်မှ ရွေးချယ် ထားခြင်းကြောင့်ဖြစ်ပါတယ်။

    တမန်တော်နေ့ အခမ်းအနား ခါတော်မီ ပေါ်လာသည်မဟုတ်
    —————————————————
    မြန်မာနိုင်ငံမှာ တမန်တော်နေ့ အခမ်းအနားတွေကို ရှေးယခင် ဘုရင်များလက်ထက်ကတည်းက ကျင်းပခဲ့သလို ပါလီမန်ဒီမိုကရေစီ ခေတ်မှာ နိုင်ငံတော် သမ္မတတွေကိုယ်တိုင် သဝဏ်လွှာများ ပေးပို့ခဲ့ပါတယ်။ အောင်ဆန်းအားကစားပြိုင်ပွဲမှာ နိုင်ငံတော်အဆင့်အနေနဲ့ ကျင်းပပြုလုပ်ပြီး ထိုစဉ်က ဝန်ကြီးချူပ် ဦးနုကိုယ်တိုင် တက်ရောက်ပြိး ချီးမြှင့်ခဲ့ပါတယ်။ မြန်မာအသံမှာ တမန်တော်နေ့ နှင့် ပတ်သက်ပြီး အသံလွှင့် အစီအစဉ်များ ခွင့်ပြုခဲ့ပါတယ်။

    ၁၉၈၈ စစ်အာဏာသိမ်း နဝတ အစိုးရ လက်ထက်မှာတောင် ကျင်းပခွင့်ပြုခဲ့ပြီး ထိုစဉ်က န.ဝ.တ စစ်ကောင်စီ အဖွဲ့ဝင် ၊ ရန်ကုန်တိုင်းစစ်ဌာနချူပ် တိုင်းမှုးဟောင်း၊ သာသနာရေးဝန်ကြီး ဒု-ဗိုလ်ချူပ်ကြီး မျိုးညွှန့် တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

    .အလားတူ ၂၀၀၃ ခုနှစ် အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့တဲ့ တမန်တော်နေ့ အခမ်းအနားကို ထိုစဉ်က စစ်အစိုးရ န.အ.ဖ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး ခင်ညွန့် တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါတယ်။

    ခေတ်အဆက်ဆက် မြို့တိုင်းမှာ ပုံစံအမျိုးမျိုးဖြင့် အစဉ်အလာမပျက် ကျင်းပခဲ့သည့် တမန်တော်နေ့မှာ ဆိုရှယ်မီဒီယာ ခေတ်စားလာသည့်အချိန်ရောက်မှ ယခုမှ ထပြီးကျင်းပသယောင် မဟုတ်မမှန် ဝါဒဖြန့် မှုများကို သတင်းစကားအမှန် နှင့် သမိုင်းအမှန်ဖြင့် ဖြေရှင်း ချေပရမည့်အစား တာဝန်ယူမှု တာဝန်ခံမှု မရှိဘဲ ဥပဒေဘောင်အတွင်းက ကျင်းပခဲ့သည့် အစ္စလာမ်ဘာသာဝင်များကို တရားလက်လွှတ် တန်ပြန်၍ စွပ်စွဲမှုပြုလုပ်ခဲ့ပါတယ်။

    အချူပ်ဆိုသော် ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံဥပဒေပါ နိုင်ငံသား အခွင့်အရေးအရ တရားဥပဒေဘောင်အတွင်းမှနေ၍ မိမိတို့ ယုံကြည်ကိုးကွယ်မှု ဆိုင်ရာအခမ်းအနားများကို ပြုလုပ်သည့် နိုင်ငံသား အစ္စလာမ်ဘာသာဝင်များကို တရားလက်မဲ့ အနိုင်ကျင့် ပြုကျင့်မှုသူများကို ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်ရန်ပျက်ကွက်သည့်အပြင် မတရားပြုကျင့်မှု ခံရသူများကို အထောက်အထားမဲ့ စွပ်စွဲပြောဆိုသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုရဲ့ တာဝန်ယူမှု တာဝန်ခံမှုမရှိသည့် နှုတ်ကျွံသည့် ပြောဆိုမှုများအတွက် ၄င်းအား ရွေးချယ်ခန့်အပ်ထားသည့် သက်ဆိုင်ရာ နိုင်ငံတော် အကြီးအကဲများအနေဖြင့် အရေးယူ ထိန်းသိမ်းဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုက်ရပါတယ်။

  • ဟောင်ကောင်၏ ပြည်မကြီးမခွဲထွက်ရန် ကြိုးစားမှုကို တရုတ်သမ္မတ ပြင်းပြင်းထန်ထန် သတိပေး

    ဟောင်ကောင်၏ ပြည်မကြီးမခွဲထွက်ရန် ကြိုးစားမှုကို တရုတ်သမ္မတ ပြင်းပြင်းထန်ထန် သတိပေး

    ဇူလိုင် ၁၊ ၂၀၁၇
    M-Media

    – တရုတ်ပြည်မကြီးမှ ခွဲထွက်ရေး မည်သည့်လှုပ်ရှားမှုကိုမှ သည်းခံမည်မဟုတ်ဘဲ ထိုသို့ ဆောင်ရွက်ခြင်းမှာ စည်းဖောက်ခြင်းဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ဟောင်ကောင်အား ယနေ့တွင် သတိပေးလိုက်သည်။

    ဟောင်ကောင်ကို ဗြိတိန်က တရုတ်လက်ထဲသို့ ပြန်လည်အပ်နှံသည့် နှစ် ၂၀ ပြည့်အထိမ်းအမှတ်အဖြစ် ဟောင်ကောင်ခေါင်းဆောင်သစ် ကာရီလမ် ကျမ်းသစ္စာကျိန်ဆိုသော အခမ်းအနားတွင် ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ‘ဟောင်ကောင်လွတ်လပ်ရေး’ ကြိုးပမ်းမှုများကို ဟောင်ကောင်အစိုးရက နှိမ်နှင်းသင့်သည်ဟုလည်း ဆိုသည်။

    “တရုတ်နိုင်ငံရဲ့ အချုပ်အခြာနဲ့ လုံခြုံရေးကို ထိခိုက်စေတဲ့၊ ဗဟိုအစိုးရကို စိန်ခေါ်မယ့်၊ ပြည်မကြီးကို ပူးသတ်မယ့်၊ အဖျက်သဘောဆောင်တဲ့ လုပ်ရပ်တွေ ဆောင်ရွက်ဖို့ ဟောင်ကောင်ကို အသုံးချမယ့် ဘယ်လို ကြိုးပမ်းမှုမျိုးမဆို စည်းဖောက်တဲ့လုပ်ရပ်ဖြစ်ပြီး လုံးဝ ခွင့်ပြုမှာမဟုတ်ပါဘူး” ဟု ရှီကျင့်ဖျင်က ပြောကြားခဲ့သည်။

    ဟောင်ကောင်တွင် ယနေ့ပြုလုပ်ခဲ့သည့် ခေါင်းဆောင်သစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လုံခြုံရေးထူထပ်စွာဖြင့် ဆောင်ရွက်ခဲ့သော်လည်း အခမ်းအနားကျင်းပသည့် နေရာအနီးတွင် လွတ်လပ်ရေး လိုလားသူများနှင့် တရုတ်လိုလားသူ ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

    ဟောင်ကောင်ပြည်သူများမှာ ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်နိုင်ငံမှ လွတ်လပ်ရေးယူကာ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေရေး ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။

    ရှီကျင့်ဖျင်ကမူ ဟောင်ကောင်က လက်ရရှိနေသော လွတ်လပ်မှုမှာ မည်သည့်အချိန်ခါနှင့်မှ မတူကြောင်းလည်း ထည့်သွင်း ပြောဆိုခဲ့သည်။

    Ref: BBC

     

  • မွတ်စလင်ဆယ်ကျော်သက်အား ၀က်အူချောင်းနှင့် ပစ်ပေါက်သူကို ယူကေ ထောင်ချ

    မွတ်စလင်ဆယ်ကျော်သက်အား ၀က်အူချောင်းနှင့် ပစ်ပေါက်သူကို ယူကေ ထောင်ချ

    ဇူလိုင် ၁၊ ၂၀၁၇
    M-Media

    ပြစ်မှုကျူးလွန်သူ အဲလက်စ် ချီဗားစ်

    – မွတ်စလင်သားအမိနှစ်ဦးအား စော်ကားပြောဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆယ်ကျော်သက် သမီးဖြစ်သူကို ၀က်အူချောင်းနှင့် ပစ်ပေါက်ခဲ့သည့် အမျိုးသားကို ဗြိတိန်တရားရုံးက ကြာသာပတေးနေ့တွင် ထောင်ဒဏ် ၆ လချမှတ်လိုက်သည်ဟု သိရသည်။

    အသက် ၃၆ နှစ်အရွယ် အဲလက်စ် ချီဗားစ်ဆိုသူဖြစ်ပြီး ဇွန်လ ၈ ရက်နေ့က လန်ဒန်မြို့မြောက်ပိုင်းတွင် မွတ်စလင်သားအမိနှစ်ဦးထံသို့ ချဉ်းကပ်ကာ အစ္စလာမ်သာသနာအား စော်ကားသည့် စကားများ ပြောဆိုခဲ့ပြီးနောက် သမီးဖြစ်သူကို ၀က်အူချောင်းဖြင့် ပစ်ပေါက်ခဲ့သည်ဟု ရဲတပ်ဖွဲ့က သောကြာနေ့တွင် ပြောကြားခဲ့သည်။

    ချီဗားစ်ကလည်း ဘာသာရေးနှင့် လူမျိုးရေးဆိုင်ရာ စော်ကားမှု ပြုလုပ်ခဲ့သည်ဟု ၀န်ခံခဲ့ကာ လန်ဒန်တရားရုံးက လက်ရောက်မှု၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုတို့ဖြင့် ထောင်ချခဲ့သည်။

    စုံထောက်တစ်ဦးဖြစ်သည့် ဂျိမ်းစ်ပေနီက ထိုအဖြစ်အပျက် ဖြစ်ပွားစဉ် အခြားသူများလည်း ရှိနေခဲ့ပြီး တစ်ဦးက ဗီဒီယိုမှတ်တမ်းတင်ခဲ့သည်ဟု ဆိုသည်။

    ချီဗားစ်၏ ထိုတိုက်ခိုက်မှုမှာ လန်ဒန်တံတားနှင့် ဘိုရိုဈေးတို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုပြီးနောက် ၅ ရက်အကြာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    Ref: Arab News