News @ M-Media

Blog

  • ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ရော်နယ်ဒို၏ အနာဂတ်အတွက် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖွင့်ဟ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – တိုက်စစ်မှူး ခရစ္စတီယာနို၏ အနာဂတ်အတွက် ကာယကံရှင်နှင့် မဆွေးနွေးရသေးဟု ရီးယဲလ်ဥက္ကဌ ဖလော်ရန်တီနို ပီရက်ဇ်က ပြောကြားလိုက်ပြီး ကွန်ဖက်ဒရေးရှင်းဖလား ပြိုင်ပွဲအပြီးတွင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်အတွင်းက အခွန်ရှောင်သည်ဆိုသည့် သတင်းများ ထွက်ပေါ်လာပြီးနောက် အသက် ၃၂ နှစ်အရွယ် ရော်နယ်ဒိုမှာ ရီးယဲလ်မှ ထွက်ခွာရန် ပြင်ဆင်နေကာ မန်ယူသို့ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    ပေါ်တူဂီလက်ရွေးစင်အသင်းနှင့် ကွန်ဖက်ဒရေးရှင်းဖလား သွားရောက်ယှဉ်ပြိုင်နေသည့် ရော်နယ်ဒိုမှာ ၂၀၁၆ ခုနှစ် နိုဝင်ဘာကမှ ရီးယဲလ်နှင့် ၅ နှစ်သက်တမ်းတိုးထားခြင်း ဖြစ်သည်။

    “ကျွန်တော်ပြောနိုင်တာတစ်ခုကတော့ ရော်နယ်ဒိုဟာ ရီးယဲလ်ကစားသမားအဖြစ် ရှိနေဆဲပါ။ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိသာတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတာမျိုးပေါ့။ သူကျွန်တော်တို့ကို ထုတ်ပြောမှာပါ။ ကျွန်တော်တို့လည်း ကြည့်ရမှာပေါ့လေ” ဟု တနင်္လာနေ့တွင် ရီးယဲလ်ဥက္ကဌအဖြစ် ပြန်လည် ရွေးချယ်ခံရသည့် ပီရက်ဇ်က ပြောကြားခဲ့သည်။

    ရော်နယ်ဒိုမှာ အခွန်ငွေအဖြစ် ယူရိုသန်းနှင့်ချီ လိမ်လည်ရှောင်ရှားခဲ့သည်ဟု စပိန်အစိုးရရှေ့နေများက စွပ်စွဲခဲ့ပြီး ရော်နယ်ဒိုက ငြင်းဆန်ခဲ့သည်။

    ပီရက်ဇ်ကမူ ရော်နယ်ဒိုမှာ လူကောင်းတစ်ယောက်ဖြစ်ပြီး ယခုကဲ့သို့ သတင်းများထွက်လာသည်မှာ ထူးဆန်းကြောင်း၊ ရော်နယ်ဒိုနှင့် မကြာခင် ဆွေးနွေးကာ ၎င်းအား အပြည့်အ၀ ကာကွယ်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    Ref: BBC

  • သက်ရှိများ နေထိုင်နိုင်မည်ဟု ယူဆရသည့် ဂြိုဟ်သစ် ၁၀ လုံးတွေ့ရှိဟု နာဆာ ကြေငြာ

    သက်ရှိများ နေထိုင်နိုင်မည်ဟု ယူဆရသည့် ဂြိုဟ်သစ် ၁၀ လုံးတွေ့ရှိဟု နာဆာ ကြေငြာ

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ကမ္ဘာကြီးတည်ရှိနေတဲ့ နဂါးငွေ့တန်း ဂလက်ဆီအတွင်းမှာ ကမ္ဘာ့အရွယ်အစားရှိပြီး ရေရှိကာ သက်ရှိတွေ နေထိုင်လို့ရနိုင်တဲ့ ဂြိုဟ်ပေါင်း ၁၀ လုံးကို တွေ့ရှိရတယ်လို့ နာဆာက မနေ့မှာ ကြေငြာလိုက်ပါတယ်။

    ၂၀၀၉ ခုနှစ်က လွှတ်တင်ခဲ့တဲ့ ကက်ပလာ အာကာသတယ်လီစကုပ်ရဲ့ ပထမ ၄ နှစ်တာကလအတွင်း မိမိတို့ နေအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ တွေ့ရှိခဲ့တဲ့ ဂြိုဟ်ပေါင်း ၂၁၉ လုံးကို လေ့လာခဲ့ပြီးတဲ့နောက် နာဆာက ဒီလိုထုတ်ပြန်လိုက်တာပါ။

    အခု အသစ်တွေ့ရှိခဲ့တဲ့ ဂြိုဟ် ၁၀ လုံးက သူတို့ရဲ့ နေကို လှည့်ပတ်နေတဲ့ အကွာအဝေးဟာ မိမိတို့ကမ္ဘာက နေကို လှည့်ပတ်နေတဲ့ အကွာအဝေးနဲ့ ဆင်တူတာကြောင့် ဂြိုဟ်အပေါ် အပူချိန်ဟာ ရေရှိကာ သက်ရှိတွေ နေထိုင်နိုင်မယ့် အခြေအနေမျိုးလို့ ယူဆထားပါတယ်။

    ဒါပေမယ့် ဒီဂြိုဟ်တွေမှာ သက်ရှိ ရှိနေမယ်လို့ ဆိုလိုတာမဟုတ်ဘဲ သက်ရှိတွေ လိုအပ်တဲ့ လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ ဆိုလိုတာပါ။

    သိပ္ပံပညာရှင်တွေကတော့ ဒီတွေ့ရှိချက်ဟာ အာကာသ တစ်နေရာရာမှာ သက်ရှိတွေ တည်ရှိနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်ကို အားကောင်းစေခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကက်ပလာတယ်လီစကုပ်ကို လွှတ်တင်ခဲ့ပြီးတဲ့နောက်ပိုင်း ကမ္ဘာ့အရွယ်အစားရှိတဲ့ တစ်နည်းအားဖြင့် သက်ရှိတွေ နေထိုင်နိုင်တဲ့ သမဇုန်မှာတည်ရှိတဲ့ ဂြိုဟ်တွေကို တွေ့ရှိလာတာဖြစ်ပါတယ်။

    ကမ္ဘာတည်ရှိရာ နေအဖွဲ့အစည်းအပြင်ဘက်က ဂြိုဟ်တွေကို ကက်ပလာတယ်လီစကုပ်၊ အခြားနည်းလမ်းတွေနဲ့ ရှာဖွေမှုအတွင်း ဂြိုဟ်ပေါင်း ၃၆၀၀ ကျော်လောက် တွေ့ခဲ့ရပြီး ၆၂ လုံးကို သမဇုန်မှာရှိတဲ့ ဂြိုဟ်တွေ ဖြစ်နိုင်တယ်လို့ ယူဆထားပါတယ်။

    Ref : Aljazeera

  • အကြမ်းဖက်များ ကြီးစိုးနေသည့် မာရာဝီမြို့အား ၀ါကျွတ်အီးဒ်အမီ ပြန်သိမ်းရန် ဖိလစ်ပိုင် ထိုးစစ်ဆင်

    အကြမ်းဖက်များ ကြီးစိုးနေသည့် မာရာဝီမြို့အား ၀ါကျွတ်အီးဒ်အမီ ပြန်သိမ်းရန် ဖိလစ်ပိုင် ထိုးစစ်ဆင်

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – ယခုတစ်ပတ်နှောင်းပိုင်းတွင် ကျရောက်မည့် အီးဒ်ပွဲတော်အမီ မာရာဝီမြို့အား အကြမ်းဖက်သမားများလက်မှ သိမ်းပိုက်ရန် ထိုးစစ်ဆင်နေသည်ဟု ဖိလစ်ပိုင်စစ်တပ်က ပြောကြားလိုက်သည်။

    ယခုစစ်ဆင်ရေးကို လေတပ်နှင့် ကြည်းတပ်တို့မှ ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး မာရာဝီမြို့အနီးရှိ ကာဂါယန် ဒီအိုရိုမြို့တွင် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ အကြီးအကဲများမှာ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မဟာဗျူဟာများကို ဆွေးနွေးခဲ့သည်။

    “ရမ်ဇာန်လကုန်ပိုင်းလောက်မှာ မာရာဝီမြို့ ရှင်းလင်းဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။ တိုက်ပွဲရဲ့ ရှုပ်ထွေးမှုကို သိတဲ့အတွက်ကြောင့် နောက်ဆုံးရက်ကိုတော့ သတ်မှတ်မထားပါဘူး။ မာရာဝီမြို့ကို အမြန်ဆုံးလွတ်မြောက်ဖို့အတွက် အကောင်းဆုံး ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ လုပ်နေပါတယ်” ဟု ဖိလစ်ပိုင်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရက်စ်တီတူတို ပါဒီလာက ပြောကြားခဲ့သည်။

    မာရာဝီမြို့တွင် IS သစ္စာခံ အကြမ်းဖက်အဖွဲ့နှင့် ဖိလစ်ပိုင်စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ သီတင်းပတ် ၅ ပတ်တာ ကြာမြင့်ခဲ့ပြီးဖြစ်ပြီး လူပေါင်း ၃၅၀ နီးပါး သေဆုံးခဲ့ကာ ဒေသခံပြည်သူများမှာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။

    မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လအကုန်တွင် ကျရောက်မည့် အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်နောက်ပိုင်းတွင် သူပုန်အဖွဲ့သို့ စစ်ကူများ ရောက်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    ပါဒီလာကမူ ရမ်ဇာန်ဥပုသ်လအပြီးနောက်ပိုင်း တိုက်ခိုက်မှုများ မြင့်တက်လာမှုမရှိစေရေး ဆောင်ရွက်ရန် စစ်တပ်က ရည်ရွယ်ထားသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNA

     

  • မြောက်ကိုရီးယားမှ လွတ်မြောက်လာသည့် အမေရိကန်ကျောင်းသား ကွယ်လွန်

    မြောက်ကိုရီးယားမှ လွတ်မြောက်လာသည့် အမေရိကန်ကျောင်းသား ကွယ်လွန်

    ဇွန် ၂၀၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံတွင် ၁ နှစ်ခွဲနီးပါးကြာ ထိန်းသိမ်းခံထားရပြီး ပြီးခဲ့သည့်ရက်ပိုင်းက အမေရိကန်သို့ သတိလစ်အနေအထားဖြင့် ပြန်ရောက်လာသည့် တက္ကသိုလ်ကျောင်းသား အော့တို ၀မ်ဘီယာမှာ ယမန်နေ့က ကွယ်လွန်သွားခဲ့ပြီးဟု သိရသည်။

    အသက် ၂၂ နှစ်အရွယ် အော့တိုကို ပြီးခဲ့သည့် တစ်ဘက်က ဆေးဘက်ဆိုင်ရာ ကယ်ဆယ်မှု ပြုလုပ်ခဲ့ပြီး စင်စင်နတီ တက္ကသိုလ်ဆေးရုံတွင် ဆေးကုသထားခြင်း ဖြစ်သည်။ ၎င်း၏ မိဘများကမူ သေဆုံးရသည့် အကြောင်းအရင်းကို ပြောကြားခဲ့ခြင်းမရှိချေ။

    သို့သော်လည်း ၎င်းတို့မှ ထုတ်ပြန်သော ကြေငြာချက်တွင် ယခုဖြစ်ပျက်ခဲ့သည်များအတွက် မြောက်ကိုရီးယားကို အပြစ်တင်ခဲ့သည်။ အော့တိုမှာ မြောက်ကိုရီးယားသို့ အလည်အပတ် သွားရောက်ခဲ့ပြီးနောက် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

    “ကျွန်တော်တို့ ဒီနေ့ ဒီလို ၀မ်းနည်းဖွယ်အဖြစ်အပျက်မျိုး ကြုံတွေ့ရတာဟာ မြောက်ကိုရီးယားတွေရဲ့လက်ထဲမှာ ကျွန်တော်တို့သားလေး ခံစားခဲ့ရတဲ့ လူမဆန်တဲ့ ညှင်းပမ်းမှုတွေကလွဲလို့ တစ်ခြားအကြောင်းအရင်း မရှိနိုင်ဘူးဆိုတာ အသေချာပါပဲ” ဟု မိသားစု၏ ကြေငြချက်တွင် ဖော်ပြထားသည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အရွယ်ကောင်းရောက်နေသည့် သားသမီးတစ်ဦးကို ဆုံးရှုံးရသည့် မိဘထက် အခြား ကြေကွဲဆို့နင့်စရာ မရှိကြောင်း၊ အော့တို၏ မိသားစု၊ သူငယ်ချင်းများ၊ ၎င်းအား ချစ်ခင်ကြသူများနှင့်အတူ ၀မ်းနည်းကြေကွဲရပါကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    Ref: Washington Post

  • ဆရာ မင်းယုဝေရဲ့ အိုမာခယမ်အတ္ထုပတ္ထိ ဘာသာပြန် လုံးချင်း ၀တ္ထုအညွှန်း

    ဆရာ မင်းယုဝေရဲ့ အိုမာခယမ်အတ္ထုပတ္ထိ ဘာသာပြန် လုံးချင်း ၀တ္ထုအညွှန်း


    စည်သူမောင် ရေးသည်။

    မြန်မာစာပေလောကမှာ ဆူဖီဒသနတွေကို ကဗျာတွေအနေနဲ့တွေ့ရလေ့ရှိပါတယ် ။

    အထူးသဖြင့်တော့ ပါရှန်ပြည် (ယခု အီရန်နယ် ) က ဆူဖီသူတော်စင်ကြီး ရူမီရဲ့ ကဗျာတွေကို ဆရာမောင်သာနိုးမှ ရူမီရဲ့ကဗျာများ အမည်နဲ့ စာအုပ်ဆိုင်အတော်များများပေါ် ရောက်ရှိလာခဲ့ ပါတယ် ။ ယခု စာရေးသူညွန်းမယ့် စာအုပ်ကလည်း ဆူဖီ ဒသနတွေကို ကဗျာစာပေနဲ့ ပုံဖော်ခဲ့တဲ့ အိုမာခယမ်ရဲ့အတ္ထုပတ္ထိစာအုပ်လေး တစ်အုပ်အကြောင်းပဲဖြစ်ပါတယ် ။

    အင်္ဂလိပ်ကဗျာဆရာ Edward Fitzgerald ၁၈၀၉ – ၈၃ ခုနှစ်က အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့တဲ့ (Rubiayat of Omar Khayyam) အိုမာခယမ် ၏ ရူဘိယတ် ကဗျာများ လို့ ကဗျာစာပေလောကမှာ လူသိများတဲ့ ကဗျာစာဆိုရှင် အိုမာခယမ် အကြောင်း အတ္ထုပတ္ထိကို တစ်ခေတ်တစ်ခါက ပါရာမောင့်ရုပ်ရှင်ကုမ္ပဏီက ရိုက်ကူးခဲ့ဖူး ပါတယ်။ အဲ့ဒီ အိုမာခယမ် ရုပ်ရှင်ကားဇာတ်ညွန်းကို နာမည်ကျော် အမေရိကန် စာရေးဆရာ Manuel Komroff က၀တ္ထုအဖြစ် ပြန်ရေးထားပြီး ဆရာမင်းယုဝေက ဘာသာပြန်ထားခဲ့တဲ့ စာအုပ်အကြောင်းပါ ။

    မူရင်းစာအုပ် အမည်က The Life , The Loves , The Adventures of Omar Khayyam (အိုမာခယမ်၏ ဘ၀ အချစ် နှင့် စွန့်စားခန်းများ ) ဟူ၍ဖြစ်ပါတယ် ။ စာအုပ်အကြောင်းမညွန်းခင် အိုမာခယမ်ရဲ့အကြောင်း အနည်းငယ်မိတ်ဆက်ဖော်ပြခွင့်ပြုပါ ။

    အိုမာခယမ်ဟာ (၁၁)ရာစုမှာ ပေါ်ထွန်းသော ပါရှန်းကဗျာဆရာ တစ်ဦးပဲဖြစ်ပါတယ် ။ သူဟာကဗျာဆရာ တစ်ဦးဖြစ်သည်သာမက နက္ခတ္တဗေဒပညာ သချာင်္ပညာ စာပေ စကားပြေ ကဗျာနဲ့ ဒသနိကဗေဒမှာလဲ ထင်ရှားသူဖြစ်တာကြောင့် အထက်ပါအကြောင်းအရာတွေနဲ့ ပတ်သတ်တဲ့ ဆွေးနွေးပွဲတွေ ကွန်ဖရင့်တွေမှာ အိုမာခယမ်ရဲ့အကြောင်းကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ရည်ညွန်းကိုးကား ပြောစမှန်ပြုနေရဆဲဖြစ်တယ် ။ အီရန်နိုင်ငံရဲ့ ထိပ်တန်းကဗျာက၀ိများမှာ တစ်ဦးအပါအ၀င်ဖြစ်သလို ဆူဖီတစ်ဦးလဲ ဖြစ်တာကြောင့် ဆူဖီဒသနဆိုင်ရာ အယူအဆတွေကို သူ့ရဲ့ ရူဘာခေါ်လေးကြောင်းတွဲ ကဗျာတွေမှာ အပိုဒ်ရေ ၈၀ နဲ့ အပိုဒ်ရေ ၂၀၀ ကြားမှာ ဖန်ဆင်းမှုနဲ့ တမလွန်ရဲ့လျို့ဝှက်ချင်းရာ အကြောင်းများကို ဖော်ပြထားတယ် ။ အိုမာခယမ်ရဲ့ ကဗျာတွေနဲ့ပတ်သက်လို့ အနက် အဓိပ္ပါယ်ကို ပြန်ဆိုကြရာမှာ ဘာသာစကား ကြားခံနှစ်ဆင့် ဖြစ်တာကြောင့် စာဖတ်သူ ကဗျာချစ်သူအချို့ဟာ အမှတ်သက္ခေတဖြင့် သရုပ်ဖော်မှု (Sybolism) ကို နားမလည် သတိမပြုကြတော့ပဲ ဆူဖီတွေဟာ သေသောက်ကြူးသူတွေလို့ ထင်ကုန်ကြ နားလည်ကုန်ကြ တာဟာလည်း သတိပြုရမယ့် အချက်တစ်ခုဖြစ်ပါတယ် ။

    တကယ်တော့ ၀ိုင်အရက်ဆိုတာဟာ ဆူဖီတို့ရဲ့ သွန်သင်ချက်ဟူသော အဓိပ္ပာယ်နဲ့ သုံးနှုံးထားတာကို နားလည်သတိပြုဖို့လိုပါတယ် ။ ဆရာမောင်သော်က ရဲ့ ကဗျာ ဘူကေး ကဗျာစာအုပ်မှာဆိုရင် ဆူဖီသဘောကို ရှင်းပြထားတာကိုလဲ တွေ့နိုင်ပါသေးတယ် ။ အိုမာခယမ်ကို ခရစ်နှစ် ၁၀၄၀ ခုနှစ်တွင် ခိုရာဆန်နယ် နီရှာပူရ်မြို့မှာ ဖွားမြင်ပြီး ၁၁၂၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ် ။ ပါးရှားနိုင်ငံမှာ အိုမာခယမ် ပေါ်ထွန်းနေတဲ့ အချိန်ဟာ မြန်မာနိုင်ငံမှာ ပုဂံခေတ် ထွန်းကားနေချိန်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ် ။ ခရစ်နှစ် ၁၀၄၄ ခုနှစ် ပုဂံပြည် အနော်ရထာမင်း နန်းတက်ချိန်ဖြစ်တာကြောင့် အနော်ရထာမင်း နန်းမတက်မှီ လေးနှစ်အလိုခန့် အိုမာခယမ် ဖွားမြင်တယ်လို့ ပြောလို့ရပါတယ် ။

    အိုမာခယမ်ရဲ့ ကဗျာတွေဟာ သမာရိုးကျ အတွေးအမြင်များမဟုတ်ပဲ ရဲရင့်သော လွတ်လပ်သော ထက်မြက်သောကြောင့် မြင့်မားသော အနုပညာအရည်အသွေးရှိကြောင်း ပြောလေ့ ရှိကြတယ် ။ အိုမာခယမ်ရဲ့ ကဗျာတွေ အတွေးအမြင်တွေဟာ ယနေ့ခေတ်ကာလနဲ့ ကိုက်ညီသည်အထိ ရှေ့တန်းရောက်ခဲ့သောကြောင့်  ကုရ်အန်ကျမ်းစာ နှင့် သမ္မာကျမ်းစာ ပြီးနောက် ဒုတိယစောင်ရေ အများဆုံး ထုတ်ဝေရတဲ့ စာအုပ်တွေဟာ အိုမာခယမ်ရဲ့ ကဗျာစာအုပ်ပဲဖြစ်တယ် ။ သူ့ရဲ့ကဗျာတွေကို နိုင်ငံပေါင်းများ စွာက ဘာသာစကားပေါင်း များစွာနဲ့ ပြန်ဆိုထုတ်ဝေလျှက်ရှိရာမှာ ဆိုဗီယက်ရုရှားနိုင်ငံဟာ တိုင်းရင်းသား ဘာသာစာပေ (၁၁)မျိုးနဲ့ ပြန်ဆိုထုတ်ဝေခဲ့ဖူးတယ် ။

    မြန်မာနိုင်ငံမှာ ၁၉၄၉ ခုနှစ်လောက်က သွေးသောက် မဂ္ဂဇင်း မှာ အိုမာခယမ်ရဲ့ ကဗျာများကို အခန်းဆက် လစဉ် မြန်မာပြန်ဆို ထည့်သွင်းခဲ့ဖူး တာကို သိမှီသူ တွေ မှတ်မိကြမှာပါ ။ အဲ့ဒီအပြင် အိုမာခယမ်ရဲ့ ရူဘာအီယတ်ကဗျာများ ကို စန္ဒာရုပ်စုံ မဂ္ဂဇင်းမှာလဲ ဆရာစောဝဏ္ဏက ဘာသာပြန်ဆိုထည့်သွင်းဖူးပါသေးတယ် ။ အိုမာခယမ်ဟာ ကဗျာဆရာတစ်ယောက် ဖြစ်သည်သာမက စစ်ဆင်ရေးမှာလည်း ကျွမ်းကျင်သူဖြစ်တဲ့အတွက်ကြောင့် သူ့ရဲ့မိတ်ဆွေ နန်းရင်းဝန်က လည်းကောင်း ဘုရင်ကလည်းကောင်း ရာထူးကြီးများပေးအပ်ခဲ့ပေမဲ့ သူကလက်မခံဘဲ အထောက်အပံ့ ပင်စင် ရိက္ခာသဘောမျိုးလောက်သာယူပြီး ကဗျာဖွဲ့ဆိုခြင်း သချာင်္ကျမ်းပြုစုခြင်း နက္ခတ္တဗေဒဆိုင်ရာ စာရင်းဇယားများ ပြုစုခြင်း ပြက္ခဒိန်သစ်တီထွင်ခြင်းစတဲ့ အမှုကိစ္စများတွင်သာ မွှေ့လျှော်ခဲ့သူတစ်ဦးဖြစ်၏ ။

    ဒီစာအုပ်နဲ့ ပတ်သက်လို့ ဆရာမင်းယုဝေရဲ့ အမှာစာမှာ ဆရာဟာရန်ကုန်တက္ကသိုလ် ၀ိဇ္ဖာတန်းမှာ အင်္ဂလိပ်စာပေကိုလေ့လာ ဆည်းပူးစဉ်ကာလက Edward Fitzgerald ဘာသာပြန်ထားတဲ့ အိုမာခယမ်၏ ရူဘာအီယတ် ကဗျာများကို အစအဆုံးသင်ယူ လေ့လာခဲ့ဖူးကြောင်း ၊ အိုမာခယမ်ရဲ့ ကဗျာများကို ကမ္ဘာအရပ်ရပ်က စိတ်ဝင်တစားလေ့လာ ဖတ်ရှု့လာတာနဲ့အမျှ အိုမာခယမ်ရဲ့ ဘ၀ဖြစ်စဉ်ကိုပါ လေ့လာစုဆောင်း သုတေသနပြုလာကြရာကနေ အိုမာခယမ် အတ္ထုပတ္ထိကို ကျမ်းပြုကြ ၀တ္ထုရေးကြ ရုပ်ရှင်ဇာတ်ကားများပါ ရိုက်လာကြကြောင်း ဖော်ပြထားပါတယ် ။ ဆရာမင်းယုဝေဟာ ဒီစာအုပ်ကို မြန်မာဘာသာ ပြန်ဆိုခဲ့ရာမှာ ရန်ကုန်တက္ကသိုလ် ၀ိဇ္ဇာတန်း အင်္ဂလိပ်စာပေသင်တန်းမှာ အိုမာခယမ်ရဲ့ ရူဘာအီယတ်ကဗျာများ အကြောင်းသင်ကြားပေးခဲ့ဖူးတဲ့ ပါမောက္ခဒေါက်တာထင်အောင် ရဲ့ကျေးဇူးကို အောင့်မေ့သတိရပါကြောင်းဖော်ပြထားပါတယ် ။ စာအုပ်ရဲ့ မျက်နှာဖုံးဒီဇိုင်း ကိုရေးဆွဲပေးတဲ့ ပန်ချီဆရာကြီး ဦးသောင်းဟန်ကိုလဲ ကျေးဇူးတင်ရှိကြောင်း ဖော်ပြထားပါသေးတယ် ။ ဒီစာအုပ်ဟာ ၁၉၇၂ခုနှစ်လောက်က ပုံနှိပ်ဖြန့်ချီခဲ့ဖူးပြီး ရှားပါးစာအုပ်ဖြစ်လာတဲ့ အတွက် စာရေးသူအနေနဲ့ ယခုခေတ်ကာလလို ရှေးတုန်းက ထုတ်ဝေခဲ့ဖူးတဲ့ စာကောင်းပေမွန်တွေ ပြန်လည်ထုတ်ဝေလာကြတဲ့ အချိန်မှာ ယခုစာအုပ်ကို စာပေ၀ါသနာအိုးများအတွက် ဗဟုသုတ ရသတစ်မျိုးမျိုး ပေးနိုင်မယ့် စာအုပ်တစ်အုပ် ဖြစ်မယ်လို့ ယုံကြည်ရင်း ဒီစာညွန်းလေးကိုရေးလိုက်ပါတယ် ။

    စည်သူမောင်