News @ M-Media

Blog

  • SHE (သို့မဟုတ်) သုံးရောင်စဉ် မှတ်တမ်း ရုပ်ရှင်ကား Gender Equality Award ဆုရရှိ

    SHE (သို့မဟုတ်) သုံးရောင်စဉ် မှတ်တမ်း ရုပ်ရှင်ကား Gender Equality Award ဆုရရှိ

    ဇွန် ၁၉၊ ၂၀၁၇
    M-Media
    မိုးစက်

    ဘာသာတရားသုံးခုက အမျိုးသမီးသုံးယောက်ပါဝင် ပုံဖော်သရုပ်ဆောင်ထားတဲ့  မှတ်တမ်းရုပ်ရှင်ကားတစ်ကားဖြစ်သည့် SHE (သို့) သုံးရောင်စဉ် documentary သည် ၂၀၁၇ ခုနှစ် လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် Gender Equality Award ဆုကို ရရှိခဲ့ပါတယ်။

    အဆိုပါ SHE ဇာတ်ကားကို ဒါရိုက်တာ ကြယ်ရီလင်းစစ်က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားဟာ မတူညီတဲ့ အရောင်ကိုယ်စီ ဝတ်ဆင်ထားတဲ့ ဘာသာတရားသုံးခုက အမျိုးသမီး သုံးယောက်ကို ဦးတည်ထားတဲ့ ကားဖြစ်ပါတယ်။

    ထိုဇာတ်ကားမှာ Burma Nun လို့ ရေးသားဖော်ပြခံထားရသူဖြစ်တဲ့ Damma’ school founder ဆရာလေး ကေတုမာလာ၊ Early Childcare Development ကိုပျိုးထောင်ပေးနေတဲ့ သူတစ်ဦးဖြစ်တဲ့ sister ချစ်ပုံ၊ ခေါင်းဆောင်းပုဝါခြုံပြီးသရုပ်ဆောင်ထားတဲ့ သူကတော့ အမျိုးသား အမျိုးသမီး sexual reproductive health ဆိုင်ရာတွေကို ပညာပေး သင်ကြားဝေမျှနေတဲ့သူဖြစ်ပြီး အစ္စလာမ်လူငယ် အဖွဲ့အစည်းတစ်ခုရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါက်တာ သက်ဆုထွေး တို့ ပါဝင်ပါတယ်။

    SHE ဇာတ်ကားမှာတဲ့ မတူညီတဲ့ အမျိုးသမီးသုံးယောက်ရဲ့ ရဲရင့်ပြတ်သားတဲ့ အသံတွေ၊ သူတို့ကြုံတွေ့နေရတဲ့ အကြောင်းအရာတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။

    မြန်မာနိုင်ငံမှာ ငါးကြိမ်မြောက်အဖြစ် ကျင်းပတဲ့ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ကို ဇွန်လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့ထိ ကျင်းပခဲ့တာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ပွဲတော်သည် မြန်မာနိုင်ငံ၏ ပထမဆုံး နိုင်ငံတကာရုပ်ရှင်ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

    မြန်မာနဲ့ နိုင်ငံတကာက ရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို ၆၄ ကားထဲကနေ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာကို အပီပြင်ဆုံး ဖော်ကျူးနိုင်တဲ့ ရုပ်ရှင်ကို ရွေးချယ်ဆုပေးတဲ့အခါ အောင်ဆန်းစုကြည်ဆု၊ မင်းကိုနိုင်ဆု၊ ဟံသာဝတီ ဦးဝင်းတင်ဆု တွေအပြင် ဆု (၉) ခုကို ချီးမြှင့်ပေးသွားမှာဖြစ်ပြီး သုံးရောင်စဉ် မှတ်တမ်းရုပ်ရှင်ကားမှာ Gender Equality Award ဆုကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

  • ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တွေ့ဆုံမည်

    ရခိုင်ကော်မရှင်အဖွဲ့ ကိုဖီအာနန် နဲ့ တွေ့ဆုံမည်

    ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ရဲ့ ကြားဖြတ်အစီရင်ခံစာကို ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်မှာ မတ်လ ၁၆ ရက်နေ့ က သတင်းစာရှင်းလင်းစဉ် Photo: Htet Arkar/RFA

    ရခိုင်အကြံပေးကော်မရှင်အဖွဲ့ဝင်တွေဟာ လာမယ့် ဇူလိုင်လလယ်မှာ ကော်မရှင်ခေါင်းဆောင်ဖြစ်တဲ့ ကိုဖီအာနန်နဲ့ တွေ့ဆုံဖို့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို သွားရောက်မှာဖြစ်တယ်လို့ သိရပါတယ်။

    အဲဒီခရီးစဉ်မှာ ကော်မရှင် အဖွဲ့ဝင်အားလုံး ပါဝင်မှာဖြစ်ပြီး အပြီးသတ် အစီရင်ခံစာတင်သွင်းဖို့ ဆွေးနွေးမှာဖြစ်တယ် လို့ ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင် က ပြောပါတယ်။

    “ဂျနီဗာမှာ သွားတွေ့မယ်ခင်ဗျာ။ ဇူလိုင်လ လယ်ပိုင်းမှာ သွားမယ်ခင်ဗျ။ ကျနော်တို့ နောက်ဆုံး အကြံပြုချက်ကို တင်ဖို့ အတွက်ပါ။ တော်တော် ပြီးပြည့်စုံနေပါပြီ။ သြဂုတ်လ မကုန်ခင်မှာ တင်ရမယ်။ ကျနော်တို့က ကျနော်တို့ သက်တမ်း ပြည့်ပြီလေ”

    ကော်မရှင်ရဲ့ အပြီးသတ် အစီရင်ခံစာကို သြဂုတ်လ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းရမှာဖြစ်ပါတယ်။

    ရခိုင်အကြံပေးကော်မရှင်ရဲ့ ကြားဖြတ် အစီရင်ခံစာကို ပြီးခဲ့တဲ့ မတ်လအတွင်းက ထုတ်ပြန်ထားပြီး အဲဒီအစီရင်ခံစာ မှာ သတင်းမီဒီယာတွေနဲ့ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို ရခိုင်ပြည် နယ်က ပဋိပက္ခဒေသတွေကို သွားရောက်ခွင့်ပြုဖို့နဲ့ ဒုက္ခသည်တွေကို နေရာပြန်လည် ချထားပေးဖို့ စတာတွေ ပါဝင်ပါတယ်။

    ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ကို ၂၀၁၆ ခုနှစ် သြဂုတ်လ အတွင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး လာမယ့် သြဂုတ်လမှာ သက်တမ်းကုန်ဆုံးမှာ ဖြစ်ပါတယ်။

    RFA မှ ကူးယူဖော်ပြပါသည်

  • “ယနေ့ကျောင်းသားလူငယ်များ အရေး ရတက်မအေးဖြစ်မိ”

    “ယနေ့ကျောင်းသားလူငယ်များ အရေး ရတက်မအေးဖြစ်မိ”

    ဇွန် ၁၉ ၊ ၂၀၁၇
    M-Media

    မကြာမီရက်ပိုင်းအတွင်းက လူမှု့ရေးကွန်ယက် Facebook ပေါ်တွင် အိပွင့်ဖြူအမည်ရှိ အမျိုးသမီးတစ်ဦးရေးသားထားသော န၀မတန်း ကျောင်းသား၊ကျောင်းသူလေးများ၏ အရက် သေစာသောက်စားမူးယစ်ပုံ၊ စာရိတ္တမဏ္ဏိုင်ယိမ်းယိုင်နေပုံနှင့် ပတ်သက်၍ ဖတ်လိုက်ရသောအခါ လူငယ်များ၏ အနာဂတ်အရေး၊ ရတတ်မအေးဖြစ်မိသည်။ ပိုစ့်တင်သူက သူမ၏ရုံးအဖွဲ့သားအချို့  နှင့် ကားမောင်းလာရာတွင် အဖြူအစိမ်းကျောင်းဝတ်စုံဖြင့် ဒယိမ်းဒယိုင်လမ်းလျှောက်လာနေသော န၀မတန်းကျောင်းသား၊ကျောင်းသူအချို့ကို တွေ့မိ၍ အလွန်စိတ်ဝင်စားသွားခဲ့သည်။ ထူးခြားသည် မှာ ကျောင်းသူလေးတစ်ဦး၏ ကြယ်သီးမျာပြုတ်ထွက်နေသည်။ “ဘာဖြစ်ကြတာလဲ” ဟု လှမ်းမေး ရာ ထိုအုပ်စုထဲက ကျောင်းသားတစ်ဦးက “အစာအဆိပ်သင့်လို့” ပါဟု ခပ်လွယ်လွယ် ခပ်ပေါ့ပေါ့ ပြောပြီး ရှေ့သို့ဆက်သွားခဲ့သည်။ သိလိုစိတ်ပြင်းပြသဖြင့် နောက်ယောင်ခံလိုက်ကြည့်မိသည်။ လမ်းမလျှောက်နိုင်တဲ့ ကျောင်းသူလေးတစ်ယောက်ကို ထားခဲ့ပြီး ကျန်ကျောင်းသား၊ကျောင်းသူ များမှာ ထွက်ပြေးသွားခဲ့ကြသည်။ မျက်မြင်ကိုယ်တွေ့ပိုစ့်တင်သူ အမျိုးသမီးက အမူအရာပျက်ပြီး ရှေ့ကိုထွက်ပြေးသွားကြတဲ့ ကျောင်းသား၊ကျောင်းသူလေးများကို သားသမီးချင်းကိုယ်ချင်းစာပြီး ဟန့်တားချင်တာနဲ့ သူ၏ရုံးအဖွဲ့သားများနှင့်အတူ အနီးရှိ ရပ်ကွက်က လူကြီးအချို့ကို အကူအညီ တောင်းခဲ့ပြီးည ဟန့်တားနိုင်ခဲ့သည်။ ကျောင်းသူလေးတစ်ဦးဆိုလျှင် မတ်တပ်တောင်မရပ်နိုင်ဘဲ လမ်းပေါ်ထိုင်ချလိုက်တော့သည်။ “သမီးကို မဆွဲနဲ့၊ သမီးကို မဆွဲနဲ့၊ကိုယ့်ဘာသာကိုယ်သွားနိုင် တယ်” ဟု ဇွတ်အော်နေသောကြောင့် အသံကျယ်ကျယ်နဲ့ ငေါက်ငမ်းလိုက်တော့မှ ရှေ့ဆက်ဘာမှ မပြောဘဲငြိမ်နေခဲ့သည်။ ထိုကျောင်းသူလေး၏အနားကို တိုးကပ်ကြည့်လိုက်သောအခါ အရက်နံ့ တထောင်းထောင်းထွက်နေသည်ကို သတိပြုမိသည်။

    ကျောင်းဝတ်စုံဝတ်ပြီး အရက်သောက်ထားသော ကိုးတန်းကျောင်းသား၊ကျောင်းသူလေး များရဲ့ မိဘများ၏ဖုန်းနံပါတ်များကို မေးကြည့်ခဲ့သော်လည်း ဘာမျှမဖြေကြားခဲ့ပေ။ ကျောင်းသူ လေးတစ်ဦးက “အိမ်မပြန်ဖူးနော်၊ အိမ်မပြန်ဖူးနော်” ဟုပဲ ပြောနေခဲ့သည်။ ဒါကြောင့် အနီးရှိအဖော် ကျောင်းသားလေးတစ်ဦးအား ကျောင်းအမည်မေးကာ ကားတစ်စီးငှားကာ ကျောင်းသို့ကိုယ်တိုင် မရောက်ပို့ခဲ့သည်။ ကျောင်းရောက်တော့ အတန်းပိုင်ဆရာမနှင့်တွေ့ကာ သိသလောက်ဖြစ်စဉ်တွေ ကိုရှင်းပြခဲ့သည်။ ထို့အပြင် “ဒီခလေးတွေကို ဆူပူကြိမ်းမောင်း အပြင်းအထန် အပြစ်မပေးဖို့ သူတို့ မှာ ဘာစိတ်ညစ်စရာတွေ၊ဘာအခက်အခဲတွေရှိလို့ အခုလိုလုပ်တာလဲ” ဆိုတာကိုဆွေးနွေးတိုင်ပင် လမ်းညွှန်ပေးဖို့ မေတ္တာရပ်ခံပြောတဲ့အခါ ဆရာမက “ဒီ “ဘီ” တန်းက ကလေးတွေက ဆိုးကို ဆိုး ပါတယ်”ဟုသာပြန်ပြောပါသည်။

    အထက်ပါဖြစ်ရပ်ကို သုံးသပ်ကြည့်လျှင်တာဝန်အရှိဆုံးသူများမှာ (၁)ကာယကံရှင်လူငယ် လေးများ (၂) သူတို့မိဘတွေ (၃) သူတို့ကျောင်း (၄) သူငယ်ချင်းအပေါင်းအသင်းများ (၅) အရက် ရောင်းတဲ့ဆိုင်တွေ ဆိုတာတွေ့ရပါတယ်။

    စာရေးသူအနေဖြင့် အဆုံးစွန်နောက်ဆက်တွဲ ဖြစ်ရပ်လေးများကိုတွေ့ကြည့်ရာတွင် တွေ့ရှိ လိုက်သည်က “ဆရာမ ဆူမည်။ ကျောင်းအုပ်ကို အကြောင်းကြားမည်။ အလယ်အလတ် အယူအ ဆရှိသော ကျောင်းအုပ်ဆိုလျှင် ခလေးများကို ထိုက်သင့်သလို ဆိုဆုံးမမည်။ မိဘတွေကို ၀န်ခံလက်မှတ်ထိုးခိုင်းပြီး ထိုဖြစ်ရပ်ကို အဆုံးသတ်နိုင်ဖွယ်ရှိသည်။ အယူအဆပြင်းသော ကျောင်းအုပ်ဖြစ်လျှင် လူငယ်လေးများအား ကျောင်းထုတ်မည်။ ထိုခလေးများ ဘ၀ပျက်မည်။ စိတ် ကူးပေါက်ရာ ထင်ရာစိုင်းမည်။ ပညာသင်ချိန် ပညာသင်ကြားနိုင်ရေး အခွင့်အရေးကြီး လက်လွှတ်  ဆုံးရှုံးခဲ့ရသည့်အတွက် ကာယကံရှင်များနှင့် မိဘများအတွက် ဆုံးရှုံးနစ်နာသလို နိုင်ငံတော်အ တွက် လူ့စွမ်းအား အရင်းအမြစ်များ နစ်နာဆုံးရှုံးရတော့သည်။

    ယနေ့ခေတ်စနစ်အရ စာရေးသူအနေဖြင့် ကျောင်းဆရာသက်တမ်းနှစ်၃၀ ကျော်လုပ်ခဲ့ သည့်အတွက် မိဘချင်း ကိုယ်ချင်းစာနာမိ ပါသည်။ မိဘအများစုသည် စားဝတ်နေရေးအတွက် ရုန်း ကန်လှုပ်ရှားနေချိန်များ၍ သားသမီးများ၏ အရေးကို အချိန်သိပ်မပေးနိုင်ခြင်း ကျောင်းဆရာမများ အနေနဲ့လည်း စာသင်ကြားချိန် ၉ လတာအတွင်း သင်ရိုးများကို သတ်မှတ်ချိန်အတွင်း ပြီးစီးရန် စာ သင်ရ၊စာစစ်ရ၊ ရံဖန်ရံခါ ကျောင်းလုံခြုံရေး တာဝန်ယူရစသည့် တာဝန်များကြောင့် ကျောင်းတွင် စာ ရိတ္တရေးရာ ဗဟုသုတများကို ကျောင်းသား လူငယ်ထုအတွင်း ထိထိရောက်ရောက် ပညာမပေးနိုင် ခြင်း ကျောင်းသားလူငယ်များအနေနဲ့ ကျောင်းစာသင်ချိန်၊ ကျူရှင်ချိန်၊ ဂိုက် (guide) အချိန် ရုပ်မြင် သံကြားဇာတ်လမ်းများမှ ကိုးရီးယားဇာတ်လမ်းတွဲများအတွက် ပေးရသည့်အချိန် ခေတ်စနစ်အရ ပေါ်ပေါက်နေသည့် Android ဖုန်းများသုံးပြီး လူမှု့ရေးကွန်ယက်များကို အသုံးပြုနေသည့် အချိန်တွေ အတွက် ပြင်ပမှဗဟုသုတ အလင်းပေးသည့် စာကောင်းပေမွန်များနှင့် အလှမ်းဝေးကာ သွားတော့သည်။ “အလိမ္မာ စာမှာရှိ” ဆိုသည့် ဆိုရိုးစကားနှင့် ပြဒါးတစ်လှမ်း၊သံတစ်လှမ်း ဖြစ်သွား ကြတော့သည်ကို စာရေးသူ ဆန်းစစ်မိပါသည်။

    နိုင်ငံတော်အနေနဲ့ စင်္ကာပူနိုင်ငံကဲ့သို့ တိုးတက်ချင်လျှင် လိုလျှင်ကြံဆ၊နည်းလမ်းများရနိုင် ပါသည်။ မိမိနိုင်ငံအတွင်း ဆေးလိပ်၊အရက်မျိုးစုံ၊ကွမ်းစသည့် ပြည်တွင်းထုတ်လုပ်ရောင်းချသူများ၊ ပြည်ပမှတင်သွင်းသူများကို အခွန်တိုးမြှင့်ကောက်ခံခြင်းများ၊ သုံးစွဲသူများအား အသက်အရွယ် ကန့်သတ်ကာ ရောင်းချစေခြင်းများ၊ အများပြည်သူ သွားလာနေသည့်နေရာများတွင် ဆေးလိပ်၊ အရက်၊ကွမ်း စသည်တို့ကို “မသုံးစွဲရန်” လူထုဆက်သွယ်ရေး မီဒီယာများဖြစ်သည် သတင်းစာများ၊ ဂျာနယ်များ၊ ရေဒီယို၊ ရုပ်မြင်သံကြားများ၊ နံရံကပ်ပိုစတာ ဆိုင်းဘုတ်များဖြင့် ပညာပေး၊ အသိပေး ပြီး ဖောက်ဖျက်ကျူးလွန်သူများအား ဒဏ်ငွေ (fine) ဆောင်စေခြင်းကဲ့သို့သောလုပ်ဆောင်မှု့မျိုး ကို မဆိုင်းမတွ လုပ်ဆောင်သင့်ပါသည်။

    လူငယ်ကျောင်းသားများအနေနဲ့ နိုင်ငံကို ပညာဖြင့်အလှဆင်သည့် အလင်းပေးသည့်ကြယ် တံခွန်များဖြစ်အောင် စာရိတ္တမဏ္ဏိုင်ကြံ့ခိုင်အောင် ထိန်းသိမ်းရမည်မှာ အသက်သွေးပမာ အရေးကြီးလှပါသည်။ မူးယစ်ဆေးအပေါင်းတွင် တစ်ခုအပါဝင်ဖြစ်သည့် အရက်သည် မကောင်းမှု့ ဒုစရိုက်အပေါင်းကို လက်ယပ်ခေါ်သည့် “ဓားသွားထက်က ပျားရည်စက်များ” သာဖြစ်ကြောင်း မီး မှောင်းထိုးကာ အကြံပြုလိုက်ပါသည်။

    ဂျက်ဖရီတင်အုန်း (ရန်ကုန်စက်မှုတက္ကသိုလ်)

  • လန်ဒန်တွင် မွတ်စလင်များ တိုက်ခိုက်ခံရမှု အကြမ်းဖက်မှုအဖြစ် ယူကေ ကိုင်တွယ်နေ

    လန်ဒန်တွင် မွတ်စလင်များ တိုက်ခိုက်ခံရမှု အကြမ်းဖက်မှုအဖြစ် ယူကေ ကိုင်တွယ်နေ

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – ယန်နေ့မနက်ပိုင်း လန်ဒန်မြို့တွင် မွတ်စလင်များအား ပစ်မှတ်ထားကာ ဗန်ကားဖြင့် ၀င်တိုက်မှုကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကိုင်တွယ်နေသည်ဟု ယူကေရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    မြို့မြောက်ပိုင်း ဖင်စ်ဘူရီပါ့ခ်ရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးမှ ၀တ်ပြုအပြီး ထွက်လာသော လူအုပ်ကို ဗန်ကားက ၀င်တိုက်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့သည်။

    မျက်မြင်သက်သေများကမူ ဗန်ကားမောင်းသူမှာ ‘မွတ်စလင်အားလုံးကိုသတ်ချင်တယ်’ ဟု အော်ဟစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    “ဒီကိစ္စကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် ကျွန်တော်တို့ ကိုင်တွယ်နေပါတယ်” ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူ နီးလ် ဘာဆူက သတင်းထောက်များအား ပြောကြားခဲ့ပြီး ဗန်ကားမောင်းသမားကို လူသတ်မှု သံသယရှိသူအဖြစ် ဖမ်းဆီးထားသည်ဟု ဆိုသည်။

    ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေကလည်း အဆိုပါ အဖြစ်အပျက်မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်နိုင်သည်ဟု အတည်ပြုခဲ့သည်။ သူမမှာ ထိုကိစ္စအတွက် အရေးပေါ်အစည်းအဝေးကို ဦးဆောင်မည်ဖြစ်သည်။

    ကျူးလွန်သူကို ပြည်သူများက ဖမ်းပေးခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့က ရဲရင့်သည့် ထိုလုပ်ရပ်ကို ချီးကျူးခဲ့သည်။

    “ဗန်ကားမောင်းသမားက ကားထဲကနေထွက်လာပြီး ထွက်ပြေးဖို့ကြိုးစားတဲ့အချိန် ကျွန်တော် သူ့ကို မြေပြင်ပေါ်တွန်းချပြီး ရဲတပ်ဖွဲ့လာတဲ့အချိန်အထိ ချုပ်ထားလိုက်ပါတယ်။ သူပြေးတဲ့အချိန်မှာ သူဟာ ‘လူတွေကိုသတ်ချင်တယ်။ မွတ်စလင်တွေကို ထပ်သပ်ချင်တယ်’ ဆိုပြီး အော်နေပါတယ်။ သူ့ကိုချုပ်ထားတဲ့အချိန်မှာ ကျွန်တော်က ‘မင်းဘာကြောင့် ဒီလိုလုပ်ရတာလဲ’ လို့မေးတဲ့အခါ သူက ‘မွတ်စလင်တွေကိုထပ်သပ်ချင်တယ်’ လို့ ပြောခဲ့ပါတယ်” ဟု ကျူးလွန်သူအား ဖမ်းဆီးပေးခဲ့သည့် အဘ်ဒူလ်ရဟ်မန် အစ်ဒ်ရူစ်က ပြောကြားခဲ့သည်။

    လက်ရှိတွင် ထိုအဖြစ်အပျက်ကို ယူကေ အကြမ်းဖက်တိုက်ဖျက်ရေး ဌာနချုပ်မှ ကိုယ်တွယ်နေသည်။

    Ref: CNN, Washingtonpost

  • လေယာဉ်ပေါ်မွေးသည့် ကလေးငယ်ကို အိန္ဒိယလေကြောင်းလိုင်းက တစ်သက်တာ အခမဲ့ စီးနင်းခွင့်ပေး

    လေယာဉ်ပေါ်မွေးသည့် ကလေးငယ်ကို အိန္ဒိယလေကြောင်းလိုင်းက တစ်သက်တာ အခမဲ့ စီးနင်းခွင့်ပေး

    ဇွန် ၁၉၊ ၂၀၁၇
    M-Media

    – အိန္ဒိယက ပုဂ္ဂလိကလေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ Jet Airways ဟာ သူတို့ရဲ့ လေယာဉ်ပေါ်မှာ မွေးဖွားခဲ့တဲ့ ကလေးငယ်အတွက် တစ်သက်စာ အခမဲ့ လေယာဉ်စီးနင်းခွင့် ပေးလိုက်တယ်လို့ သိရပါတယ်။

    မနေ့က ဆော်ဒီအာရဗျကနေ အိန္ဒိယကို အပြန်ခရီးစဉ်အတွင်း ပေပေါင်း ၃၅၀၀၀ အမြင့်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ သူနာပြုတစ်ဦး အကူအညီနဲ့ သားယောက်ျားလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။

    လေယာဉ်ဟာ မွမ်ဘိုင်းကို ဆိုက်ရောက်ပြီးတဲ့အချိန် ကလေးရော၊ ကလေးအမေကိုပါ ဆေးရုံကို အလျင်အမြန် ပို့ဆောင်ပေးခဲ့ရပြီး လက်ရှိမှာတော့ သူတို့နှစ်ယောက်စလုံးဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ လေကြောင်းလိုင်းက ပြောကြားခဲ့ပါတယ်။

    သူတို့လေယာဉ်ပေါ် မွေးဖွားခဲ့တဲ့ ကလေးလေးကိုတော့ Jet Airways က တစ်သက်တာ လေယာဉ် အခမဲ့ စီးခွင့်ပေးခဲ့ပါတယ်။

    “လေကြောင်းလိုင်းရဲ့ ခရီးစဉ်အတွင်းမှာ ပထမဆုံးမွေးဖွားခဲ့တဲ့ ဒီကလေးလေးကို Jet Airways တစ်သက်တာ အခမဲ့စီးနင်းခွင့်ပေးအပ်ရတဲ့အတွက် လေကြောင်းလိုင်းအနေနဲ့ ပီတိဖြစ်ရပါတယ်” လို့ Jet Airways က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    နောက်ပြီး ကလေးငယ်ကို ကူညီမွေးဖွားပေးခဲ့တဲ့ သူနာပြု မီနီဝီလ်ဆင်ကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

    လေယာဉ်ခရီးစဉ်အတွင်း ကလေးမီးဖွားမှုဟာ အရင်တုန်းကလည်း ရှိခဲ့ဖူးပြီး အခုနှစ် ဧပြီလအတွ်းက တူရကီလေကြောင်းလိုင်းရဲ့ လေယာဉ်ခရီးစဉ်တစ်ခုအတွင်းမှာ လေယာဉ်အမှူးထမ်းတွေဟာ အမျိုးသမီးတစ်ဦးကို ကူညီပြီး ကလေးမွေးပေးခဲ့ရပါတယ်။

    လေကြောင်းလိုင်းတော်တော်များများဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကို ကိုယ်ဝန် ၃၆ ပတ်မတိုင်ခင်အထိ စီးနင်းခွင့်ပေးပေမယ့် ၂၈ ပတ်ကျော်သွားရင်တော့ မွေးဖွားမယ့်ခန့်မှန်းရက်ပါဝင်တဲ့ ဆရာဝန်ဆေးစာကို တောင်းလေ့ရှိပါတယ်။

    Ref: BBC