News @ M-Media

Blog

  • နျူလက်နက်ပေးပြီး ဘယ်လာရုဇ်ကို ဓားစားခံလုပ်တော့မည့် ပူတင်

    နျူလက်နက်ပေးပြီး ဘယ်လာရုဇ်ကို ဓားစားခံလုပ်တော့မည့် ပူတင်

    မတ် ၂၆၊ ၂၀၂၃

    M-Media

    -အိမ်နီးချင်း ဘယ်လာရုဇ်နိုင်ငံမှာ နျူလက်နက်တွေ ချထားဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်က ပြောပါတယ်။ 

    Tactical Nuclear Weapon လို့ခေါ်တဲ့ အသေးစား နျူလက်နက်တွေ ရုရှားက ပေးပို့မှာပါ။ ယူကရိန်းစစ်ပွဲမှာ ပူတင်ဟာ နျူလက်နက်သုံးဖို့ စီစဥ်နေတယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေတဲ့အချိန် ဒီသတင်း ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ 

    အမေရိကန်ဟာ ဥရောပမဟာမိတ်နိုင်ငံတွေမှာ အရင်ကတည်းက နျူလက်နက်ချထားတဲ့အတွက် သူ့ရဲ့ အခုလုပ်ဆောင်မှုဟာ နျူလက်နက်မပြန့်ပွားရေး သဘောတူညီချက်ကို မချိုးဖောက်ဘူးလို့ ပူတင်က ဆိုပါတယ်။ 

    ဘယ်လာရုဇ်ဟာ နေတိုးအဖွဲ့၀င် ပိုလန်နိုင်ငံနဲ့ နယ်နမိတ်ချင်း ထိစပ်နေပြီး အရင်ကတည်းက ရုရှားထံကနေ နျူလက်နက်တွေ ချထားဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ 

    နျူလက်နက်တွေထားဖို့ ခိုင်မာတဲ့အဆောက်အဦးတွေကို ဇူလိုင် ၁ ရက်နေ့ မတိုင်ခင် အပြီးဆောက်လုပ်ဖို့ရှိတယ်လို့ ပူတင်ကဆိုပါတယ်။ 

    ရုရှားဟာ နျူလက်နက် တပ်ဆင်နိုင်တဲ့ တိုက်လေယာဥ် ၁၀ စီး၊ နျူးဒုံး ထည့်ပစ်နိုင်တဲ့ Iskander ဒုံးကျည်စနစ်တွေကိုလည်း ဘယ်လာရုဇ်မှာ ချထားပါတယ်။

    ယူကရိန်းကတော့ ရုရှားဟာ ဘယ်လာရုဇ်ကို နျူဓားစားခံ လုပ်လိုက်ပြီလို့ တုန့်ပြန်ပြောဆိုထားပါတယ်။ 

    Ref: Reuters 

  • ၀ီဂါများ ဥပုသ်စောင့်မှုကို တရုတ်အစိုးရက တားမြစ်

    ၀ီဂါများ ဥပုသ်စောင့်မှုကို တရုတ်အစိုးရက တားမြစ်

    မတ် ၂၆၊ ၂၀၂၃

    M-Media 


    -တရုတ်နိုင်ငံအနောက်ပိုင်း ရှင်ကျန်းပြည်နယ်က ၀ီဂါမွတ်စလင်တွေကို ဥပုသ်သီလ မဆောက်တည်ဖို့ တရုတ်အာဏာပိုင်တွေက အမိန့်ထုတ်ထားပြီး စောင့်ကြည့် အရေးယူမှုတွေလည်း ပြုလုပ်နေပါတယ်။ 

    တရုတ်ကွန်မြူနစ်အစိုးရဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ၀ီဂါလူမျိုးတွေအပေါ် ဖိနှိပ်ညှင်းပမ်းတာ၊ တရုတ်ဇာတ်သွင်းတာတွေ ပိုမို လုပ်ဆောင်လာပြီး ရှင်ကျန်းမှာ ၀ီဂါနဲ့ အခြားလူမျိုးစု နှစ်သန်းလောက်ကိုလည်း အကျဥ်းစခန်းတွေထဲမှာ ပိတ်လှောင်ထားပါတယ်။ 

    အစ္စလာမ်ဘာသာ၀င်တွေရဲ့ ရမ်ဇာန် ဥပုသ်လဟာ မတ်လ ၂၃ ရက်နေ့မှာ စတင်ခဲ့ပြီး တရုတ်အစိုးရက ၀ီဂါတွေ ဥပုသ်မစောင့်ဖို့ အမိန့်ထုတ်ထားပါတယ်။ 

    ကမ္ဘာ၀ီဂါကွန်ဂရက်ရဲ့ ဥက္က ဌDilshat Rushit က တရုတ်အာဏာပိုင်တွေဟာ ရှင်ကျန်းမှာ ၀ီဂါတွေကို ၂၄ နာရီ ပတ်လုံး စောင့်ကြည်ကာ နေအိမ်တွေကို ၀င်ရောက်စစ်ဆေးတာတွေ လုပ်ဆောင်တယ်လို့ ပြောပါတယ်။

    လူ့အခွင့်အရေး အဖွဲ့တွေက ၁၁.၄ သန်းသော ၀ီဂါလူမျိုးတွေဟာ တရုတ်ကွန်မြူနစ်အာဏာပိုင်တွေရဲ့ လူမျိုးတုန်းရှင်းလင်းမှု အန္တရာယ်ကို ရင်ဆိုင်ေနရတယ်လို့ မကြာသေးခင် ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    ၀ီဂါတွေကို အရက်အတင်းသောက်ခိုင်းတာ၊ ၀က်သားအတင်းစားခိုင်းတာတွေကိုလည်း တရုတ်အစိုးရက လုပ်ဆောင်ပါတယ်။ 

    Ref: OpInadia

  • အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    အမေရိကန်တရားရေးသမိုင်းတွင် မှတ်တိုင်သစ် စိုက်ထူခဲ့သည့် မွတ်စလင်အမျိုးသမီး

    မတ် ၂၅၊ ၂၀၂၃

    M-Media 


    -နာဒီယာ ခက်ဖ်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ အမေရိကန်ရဲ့ ပထမဆုံး တရားသူကြီး ဖြစ်လာပါတယ်။

    ဒါဟာ အမေရိကန်တရားရေးသမိုင်းမှာ မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့တာပါ။ 

    ဆီးရီးယားနွယ်ဖွားဖြစ်တဲ့ နာဒီယာဟာ မိသားစုနဲ့ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးဖြစ်ပြီး ကြာသာပတေးနေ့မှာ နယူးဂျာစီပြည်နယ် အထက်ခုံရုံးရဲ့ တရားသူကြီးအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ 

    နယူးဂျာစီပြည်နယ် အုပ်ချုပ်ရေးမှူးက သူမကို လွန်ခဲ့တဲ့တစ်နှစ်ကတည်းက တရားသူကြီးအဖြစ် ခန့်အပ်ဖို့ အမည်စာရင်း တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ 

    နယူးဂျာစီပြည်နယ်မှာ အခြား မွတ်စလင်အမျိုးသမီး တရားသူကြီးတွေ ရှိပေမယ့် နာဒီယာက ပု၀ါဆောင်းပြီး တာ၀န်ထမ်းဆောင်တဲ့ ပထမဆုံးတရားသူကြီး ဖြစ်ပါတယ်။ 

    နာဒီယာဟာ အမေရိကန်ရဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ CAIR ရဲ့ နယူးဂျာစီအဖွဲ့ခွဲ ဘုတ်အဖွဲ့၀င် ဖြစ်ပါတယ်။ 

    အိမ်တွင်း အကြမ်းဖက်မှု၊ အမျိုးသမီးတွေခံစားနေရတဲ့ လူမှုရေးပြဿနာတွေကို ဖြေရှင်းပေးတဲ့ အကျိုးအမြတ်မယူတဲ့ Wafa House အဖွဲ့ရဲ့ ဥပဒေရေးရာ အကြံပေးအဖြစ်လည်း နာဒီယာက တာ၀န်ယူထားပါတယ်။ 

    Ref: Daily Sabah

  • မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မိန်းမကိစ္စအတွက် အဖမ်းခံရနိုင်ချေရှိနေတဲ့ ကန်သမ္မတဟောင်း ထရမ့်

    မတ် ၂၁၊ ၂၀၂၃

    M-Media 

    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ ရာဇ၀တ်မှုတစ်ခုအတွက် အဖမ်းခံရနိုင်ချေရှိနေပြီး နောက်ဆက်တွဲ မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တာကြောင့် အမေရိကန်မြို့ကြီးတွေမှာ လုံခြုံရေးတိုးမြှင့်ထားပါတယ်။ 

    အပြာမယ် စတော်မီ ဒန်နီယဲလ်နဲ့ ၂၀၁၆ ခုနှစ်က ရှုပ်တဲ့ကိစ္စပါ။ အိမ်ထောင်ရှိထားတဲ့ ထရမ့်ဟာ သူနဲ့ရှုပ်ခဲ့တဲ့အကြောင်း ဖွင့်ချမယ်လို့ စတော်မီက မီဒီယာတွေကို ဆက်သွယ်ပြောကြားခဲ့ပြီး ထရမ့်က ဒီကိစ္စကို နှုတ်ပိတ်ဖို့ သူ့ရှေ့နေ မိုက်ကယ် ကိုဟင်ကနေတစ်ဆင့် ကန်ဒေါ်လာ ၁၃၀၀၀၀ ပေးခဲ့ပါတယ်။ 

    ဒီလိုငွေကြေးပေးတာ ပြစ်မှုမမြောက်ပေမယ့် ဥပဒေရေးရာ ကိစ္စအတွက် ပေးတာဆိုပြီး ရှေ့နေကိုဟင်ကိုပေးတဲ့ ဖြတ်ပိုင်းမှာ ဖော်ပြထားပါတယ်။ 

    နယူးယောက်ပြည်နယ်ဥပဒေအရ ဒါဟာ စီးပွားရေးမှတ်တမ်း မသမာမှုဖြစ်ပြီး ရာဇ၀တ်မှု မြောက်ပါတယ်။ ဒီကိစ္စကို ပြည်သူတွေသိမှာ စိုးတဲ့အတွက် ဖုံးကွယ်ခဲ့ပြီး ဒီဟာကလည်း ရွေးကောက်ပွဲဥပဒေအရ ကြီးလေးတဲ့ ရာဇ၀တ်မှုဖြစ်ပါတယ်။

    နယူးယောက် တရားသူကြီးတွေက ဒီကိစ္စတွေအတွက် ထရမ့်ကို ဖမ်းဆီး တရားစွဲဆိုမှု လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ အခုတစ်ပတ်အတွင်း ဆုံးဖြတ်မှာပါ။

    ထရမ့်ကလည်း သူဟာ အင်္ဂါနေ့မှာ ဖမ်းဆီးခံနိုင်တယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပြီး ဆန္ဒပြကြဖို့လည်း ထောက်ခံသူတွေကို တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုဖမ်းဆီးခံရမယ်ဆိုရင် ထရမ့်ဟာ အမေရိကန်သမိုင်းမှာ ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခံရတဲ့ ပထမဆုံး သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်မှာ ဖြစ်ပါတယ်။ 

    ဒီကိစ္စနဲ့ပတ်သက်ပြီး မတည်ငြိမ်မှုတွေ ဖြစ်လာနိုင်တဲ့အတွက် ၀ါရှင်တန်ပါအ၀င် မြို့ကြီးတော်တော်များများမှာ ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ထားပါတယ်။ 

    Ref: New York Times

  • ၂၀၂၃ ခုနှစ်အတွက် ပျော်စရာအကောင်းဆုံးနိုင်ငံများ စာရင်းထွက်လာ

    ၂၀၂၃ ခုနှစ်အတွက် ပျော်စရာအကောင်းဆုံးနိုင်ငံများ စာရင်းထွက်လာ

    မတ် ၂၁၊ ၂၀၂၃

    M-Media 


    -ကမ္ဘာ့ပျော်စရာအကောင်းဆုံး နိုင်ငံများစာရင်းကို ကုလသမဂ္ဂက ထုတ်ပြန်ရာမှာ ဖင်လန်နိုင်ငံက နံပါတ် ၁ နေရာမှာ ရှိနေပါတယ်။ 

    ကုလရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကွန်ယက်က နိုင်ငံတကာ ပျော်စရာနေ့အဖြစ် သတ်မှတ်ထားတဲ့ မတ်လ ၂၀ ရက်နေ့မှာ ဒီစာရင်းကို ထုတ်ပြန်တာပါ။ 

    လူသက်တမ်းကို ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်မှု၊ တစ်ဦးချင်း GDP၊ လူမှုဖူလှုံရေးစနစ် ကောင်းမွန်မှု၊ ခြစားမှုကင်းစင်မှု၊ လူ့အဖွဲ့အစည်းအတွင်း ရက်ရောစောင့်ရှောက်မှု စတဲ့အချက်အလက်တွေကို တိုင်းတာကာ အမှတ်သတ်မှတ်တာပါ။ 

    ၂၀၂၀ ခုနှစ်ကနေ ၂၀၂၂ လေ့လာဆန်းစစ်မှုအတွင်း ဖင်လန်နိုင်ငံက ၇.၈ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။ ဖင်လန်ဟာ ဒီစာရင်းမှာ ၆ နှစ်ဆက်တိုက် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့တာပါ။

    အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဒိန်းမတ်နဲ့ အိုက်စလန်တို့က အဆင့် ၂ နဲ့ ၃၊ အစ္စရေးက အဆင့် ၄၊ နယ်သာလန်က အဆင့် ၅ အသီးသီး ရှိနေပါတယ်။ 

    ထိပ်ဆုံး အဆင့် ၂၀ အတွင်းမှာ သြစတေးလျ၊ ကနေဒါ၊ အမေရိကန်နဲ့ ယူကေတို့ ရှိနေကြပါတယ်။

    စာရင်းရဲ့ အောက်ဆုံး အဆင့် ၁၃၇ နေရာမှာ အာဖဂန်နစ္စတန်က ၁.၉ မှတ်နဲ့ ရှိနေပြီး သူ့အထက်မှာ လက်ဘနွန်၊ အာဖရိကက ဆီယာရာ လီယိုနီနဲ့ ဇင်ဘာဘွေတို့က အသီးသီး ရှိနေပါတယ်။ 

    စစ်အာဏာသိမ်းထားတာ ၂ နှစ်ကျော်ကြာပြီဖြစ်တဲ့ မြန်မာနိုင်ငံက ၄.၄ မှတ်နဲ့ အဆင့် ၁၁၇ နေရာမှာ ရှိပါတယ်။  

    Ref: CNN