News @ M-Media

Blog

  • သမ္မတဖြစ်စဥ်က ယူထားခဲ့သည့် လက်ဆောင်များအတွက် ဖြေရှင်းရအုံးမည့် ထရမ့်

    သမ္မတဖြစ်စဥ်က ယူထားခဲ့သည့် လက်ဆောင်များအတွက် ဖြေရှင်းရအုံးမည့် ထရမ့်

    မတ် ၁၈၊ ၂၀၂၃

    M-Media


    -အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်ဟာ တာ၀န်ထမ်းဆောင်စဥ် နိုင်ငံခြားတိုင်းပြည်တွေက ပေးအပ်တဲ့ လက်ဆောင်တွေကို စာရင်းတင်ဖို့ ပျက်ကွက်ခဲ့ကြောင်း ဒီမိုကရက်တစ်ပါတီ လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ 

    အဲဒီအထဲမှာ ဂျပန်သမ္မတ ရှင်ဇိုအာဘေးကပေးထားတဲ့ ရွှေဂေါက်တံ၊ ဆော်ဒီတော်၀င်အသိုင်းအ၀ိုင်းက ပေးထားတဲ့ ပစ္စည်းတွေ ပါ၀င်ပါတယ်။ 

    စာရင်းတင်ဖို့ ပျက်ကွက်ခဲ့တဲ့ လက်ဆောင် ၁၀၀ ကျော်လောက်ရှိပြီး စုစုပေါင်း ဒေါ်လာ ၂၅၀၀၀၀ ကျော် တန်ကြေးရှိပါတယ််။ 

    အမေရိကန်ဥပဒေအရ သမ္မတ၊ ဒုသမ္မတနဲ့ သူတို့ရဲ့ မိသားစုတွေဟာ နိုင်ငံခြားတိုင်းပြည်က တာ၀န်ရှိသူတွေ လက်ဆောင်ပေးတဲ့အခါ ဒေါ်လာရာဂဏန်းအထက်ဆိုရင် အစိုးရ သံတမန်ရေးရာ လက်ဆောင်ဌာနကို တင်ပြစာရင်းသွင်းရပါတယ်။ 

    ဆော်ဒီတော်၀င်မိသားစုက ပေးထားတဲ့ လက်ဆောင် စုစုပေါင်း ၁၆ ခုရှိပါတယ်။ စုစုပေါင်း ဒေါ်လာ ၄၅၀၀၀ ကျော် တန်ကြေးရှိပြီး အိတ်ဆောင် ဓားတစ်ချောင်းထဲတင် ၂၄၀၀၀ လောက် တန်ပါတယ်။ 

    အိန္ဒိယအာဏာပိုင်တွေက ပေးထားတဲ့ လက်ဆောင်က ၁၇ ခုရှိပြီး ဒေါ်လာ ၄၆၀၀ တန် တာဂျ်မဟာလ် ပုံတူတစ်ခုလည်း ပါ၀င်ပါတယ်။ 

    ထိပ်တန်း ဒီမိုကရက်တစ်အမတ် ဂျာမီ ရက်စ်ကင်က ထရမ့်ဟာ ဥပဒေကို မထိလေးစားပြုခဲ့တယ်လို့ ၀ေဖန်ခဲ့ပါတယ်။

    ဒီမိုကရက်တစ် လွှတ်တော်စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလက်ဆောင်တွေ ဘယ်ရောက်နေလဲဆိုတာနဲ့ နိုင်ငံခြားရေးမူ၀ါဒမှာ သမ္မတရဲ့ လုပ်ဆောင်မှုတွေအပေါ် လက်ဆောင်တွေက လွှမ်းမိုးခဲ့လားဆိုတာ စုံစမ်းစစ်ဆေးသွားမယ်လို့ ဖော်ပြထားပါတယ်။ 

    ထရမ့်ယူထားတဲ့ လက်ဆောင်တွေထဲမှာ အလ်ဆာဗေဒိုး သမ္မတက ပေးတဲ့ ထရမ့်ရဲ့ပုံတူ ဧရာမပန်းချီကားတစ်ချပ်လည်း ပါ၀င်ပြီး အဲဒါကို ဖလော်ရီဒါက သူပိုင်တဲ့ ကမ်းခြေအပန်းဖြေအိမ်မှာ ထားရှိပါတယ်။ 

    Ref: Reuters 

  • သြစတေးလျမှာ ငါးသန်းချီးသေဆုံးပြီး ကမ်းပေါ်လာတင်နေတာ ဘာနမိတ်လဲ

    သြစတေးလျမှာ ငါးသန်းချီးသေဆုံးပြီး ကမ်းပေါ်လာတင်နေတာ ဘာနမိတ်လဲ

    မတ် ၁၈၊ ၂၀၂၃

    M-Media


    – သြစတေးလျနိုင်ငံ နယူးဆောက်သ်၀ေးလ် ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာ ငါးသန်းချီ သေဆုံးပြီး ကမ်းပေါ်လာတင်နေတာကို မနေ့က တွေ့ခဲ့ရပါတယ်။ 

    မီနင်ဒီဆိုတဲ့မြို့က ဒီအဖြစ်အပျက်ဟာ ဒါလင်ဘာကာ မြစ်မှာဖြစ်ပေါ်နေတဲ့ အပူလှိုင်းကြောင့်ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

    ဒီမြို့မှာ လွန်ခဲ့တဲ့ ၃ နှစ်လောက်က ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားခဲ့ပြီး အခုတစ်ကြိမ် ထပ်ကြုံရတာပါ။ ကမ္ဘာကြီးပူးနွေးလာမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးလည်း ဖြစ်ပါတယ်။ 

    စက်မှုထွန်ကားတဲ့ ခေတ်ကကာလနောက်ပိုင်း ကမ္ဘာကြီးရဲ့အပူချိန်ဟာ ၁.၁ စင်တီဂရိတ် တိုးလာပြီး၊ ကာဘွန်ထုတ်လွှတ်မှုကို မလျှော့ချနိုင်ရင် ဒီထက်ဆက်ပြီး တိုးဖို့ ရှိနေပါတယ်။

    ဒါလင်ဘာကာမြစ်ဟာ သြစတေးလျက ရေအရင်းအမြစ်ကွန်ယက်တွေထဲမှာ အရေးပါပြီး မီနင်ဒီမြို့ခံတွေကလည်း ဒီမြစ်ကို အမှီပြုရပ်တည်နေရတာ ဖြစ်ပါတယ်။

    ပြည်နယ်အာဏာပိုင်တွေကတော့ ငါးတွေ အခုလို သန်းနဲ့ချီ သေဆုံးမှုရဲ့ အကြောင်းအရင်းအသေးစိတ်ကို ဗဟိုအစိုးရရဲ့ အကူအညီနဲ့ အဖြေရှာသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: BBC 

  • အနာဂတ်မရှိတော့သည့် မြန်မာနိုင်ငံဟု ကုလကိုယ်စားလှယ် သုံးသပ်

    အနာဂတ်မရှိတော့သည့် မြန်မာနိုင်ငံဟု ကုလကိုယ်စားလှယ် သုံးသပ်

    မတ် ၁၆၊ ၂၀၂၃

    M-Media 


    -မြန်မာနိုင်ငံမှာ အခြေအနေတွေက တစ်ဖြည်းဖြည်း ဆိုးရွားလာပြီး ကျရှုံးနိုင်ငံဖြစ်လာပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် တွမ်အန်ဒရူးက Guardian သတင်းစာနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။ 

    ယူကရိန်းအရေးဖြေရှင်းရေး ကမ္ဘာက စုစုစည်းစည်း ဆောင်ရွက်ကြသလို မြန်မာကိစ္စကိုလည်း အဲဒီလိုပုံစံ တုန့်ပြန်ဆောင်ရွက်ကြဖို့ အန်ဒရူးက တိုက်တွန်းခဲ့ပါတယ်။ 

    “ယူကရိန်းပြည်သူတွေကို သတ်ဖြတ်နေတဲ့ (ရုရှားရဲ့) လက်နက်တွေဟာ မြန်မာပြည်သူတွေကိုလည်း သတ်ဖြတ်နေတာပါ”

    မြန်မာစစ်အာဏာရှင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို တစ်ချို့နိုင်ငံတွေက အခုအချိန်အထိ ကူညီပေးနေပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တုန့်ပြန်ဆောင်ရွက်မှု အားနည်းနေသေးတယ်လို့ အထူးကိုယ်စားလှယ်က ထောက်ပြပါတယ်။ 

    “ဖြစ်နေတာတွေက ပြောလို့တောင်မကောင်းတဲ့ ကိစ္စတွေပါ။ ကမ္ဘာ့နိုင်ငံအများစုကသာ အရေးတယူလုပ်ရင် ဒါမျိုးတွေ ဖြစ်လာစရာ အကြောင်းမရှိပါဘူး။ အခုတော့ ၀ရုန်းသုန်းကားအခြေအနေတွေကို ကမ္ဘာက ထိုင်ကြည့်နေတယ်။ ကျွန်တော်တို့ ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေတဲ့အတွက်ကြောင့် မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံဖြစ်နေပြီ”

    မြန်မာကိစ္စနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ အန်ဒရူးက လာမယ့်တစ်ပတ် တင်ပြဖို့ ရှိနေပါတယ်။ 

    စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာ၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာတွေကို မြန်မာစစ်တပ်က ပိုမိုလုပ်ဆောင်လာပြီး မြေပြင်မှာ အမှန်တကယ် ထိခိုက်ခံစားရသူတွေနဲ့ စကားပြောဆို မေးမြန်းတာတွေ ရှိခဲ့တယ်လို့လည်း အန်ဒရူးက အင်တာဗျူးမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ပြည်သူကိုသတ်ဖြတ်နေတဲ့ စစ်အာဏာရှင်ကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရေး စိတ်စေတနာ မှန်ကန်တဲ့ တိုင်းပြည်တွေက တတ်နိုင်တဲ့ နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်ကြဖို့ အန်ဒရူးက တိုက်တွန်းခဲ့ပါတယ်။ 

    ဒီလိုဆောင်ရွက်တာဟာ နိုင်ငံတကာအသိုင်းအ၀ိုင်း အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားလည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။ 

    “မြန်မာနိုင်ငံဟာ အလွန်ထူးခြားတဲ့နိုင်ငံပါ။ လူဦးရေ ၅၄ သန်းရှိတယ်။အိန္ဒိယနဲ့ တရုတ်ကြားက အရမ်းအရေးပါတဲ့ နေရာမှာ တည်ရှိပါတယ်။ မတည်ငြိမ်မှုရဲ့ ရိုက်ခတ်မှုတွေကို အခု ကျွန်တော်တို့ တွေ့နေရပါတယ်။ လစဥ် လူထောင်သောင်းချီ နယ်စပ်ဖြတ်ကျော်ပြီး ဒေသတွင်းကို ထွက်ပြေးနေရပါတယ်”

    Ref: The Guardian 

  • မတ်လ ၁၅ ရက်နေ့ကို အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် ကုလက သတ်မှတ်

    မတ်လ ၁၅ ရက်နေ့ကို အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် ကုလက သတ်မှတ်

    မတ် ၁၆၊ ၂၀၂၃

    M-Media 


    -နှစ်စဥ် မတ်လ ၁၅ ရက်နေ့ကို အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် ကုလသမဂ္ဂက သတ်မှတ်လိုက်ပါတယ်။ 

    အစ္စလာမ်ဘာသာ၀င်တွေအပေါ် မုန်းတီးတာတွေ၊ ခွဲခြားဆက်ဆံတာတွေနဲ့ အကြမ်းဖက်တာတွေကို ထိထိရောက်ရောက် ဖြေရှင်းရေးအတွက် ရည်ရွယ်တာလို့ ကုလရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က မွတ်စလင်မုန်းတီးရေးသဘောထားတွေကို တိုက်ဖျက်ဖို့အတွက် ဒီလိုနေ့မျိုး သတ်မှတ်ခဲ့တာလို့ ဆိုပါတယ်။ 

    “ခွဲခြားဆက်ဆံမှုတွေက ကျွန်တော်တို့အားလုံးကို ဆွဲချသွားမှာပါ။ ဒါကို ကျွန်တော်တို့ မဖြစ်မနေ ဆန့်ကျင်တိုက်ဖျက်ဖို့ လိုပါတယ်။ ဒီနေ့ကစပြီး နေ့စဥ်နေ့တိုင်း လူ့အဖွဲ့အစည်းကို သွေးကွဲစေတဲ့ အင်အားစုတွေကို တိုက်ဖျက်ကာ လူသား၀ါဒကို ပိုမို ခိုင်မာစေရမှာ ဖြစ်ပါတယ်” လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    မတ်လ ၁၅ ရက်နေ့ကို အစ္စလာမ်ကြောက်ရောဂါ တိုက်ဖျက်ရေးနေ့အဖြစ် သတ်မှတ်ဖို့ ပါကစ္စတန်နဲ့ OIC အဖွဲ့က ပြီးခဲ့တဲ့နှစ် ကုလအထွေထွေညီလာခံမှာ တင်ပြခဲ့တာပါ။

    ကုလအထူးကိုယ်စားလှယ်ရဲ့ မကြာသေးခင်က ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မွတ်စလင်တွေအပေါ် သံသယဖြစ်မှု၊ ခွဲခြားမှုနဲ့ အသားလွတ်မုန်းတီးမှုတွေဟာ ကပ်ရောဂါအနေအထားသဖွယ် ဖြစ်လာတယ်လို့ ဖော်ပြထားပါတယ်။ 

    အစ္စလာမ်ဘာသာ၀င် လူနည်းစုရှိတဲ့ နိုင်ငံတွေမှာဆိုရင် အလုပ်ရရှိရေး၊ ပညာရေးကနေ ၀န်ဆောင်မှုနဲ့ ကုန်ပစ္စည်း၀ယ်ယူရေးအထိပါ ခွဲခြားဆက်ဆံခံနေရပြီး တစ်ချို့နိုင်ငံတွေမှာ နိုင်ငံသားဖြစ်ခွင့်၊ အမှတ်သညာတစ်ခု သတ်မှတ်ပိုင်ခွင့်တွေပါ ဆုံးရှုံးနေတယ်ဆိုတာ တွေ့ရကြောင်း အစီရင်ခံစာက ဆိုပါတယ်။ 

    Ref: Aljazeera 

  • ရန်ဘက်ဟောင်း အီရန်တွင် ရင်းနှီးမြှုပ်နှံမှု မြန်မြန်ဆန်ဆန် ပြုလုပ်ရန် ဆော်ဒီက စိတ်၀င်စားနေ

    ရန်ဘက်ဟောင်း အီရန်တွင် ရင်းနှီးမြှုပ်နှံမှု မြန်မြန်ဆန်ဆန် ပြုလုပ်ရန် ဆော်ဒီက စိတ်၀င်စားနေ

    မတ် ၁၆၊ ၂၀၂၃

    M-Media  


    -အီရန်နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မြန်ဆန်ဆန် ပြုလုပ်ဖို့ ဆန္ဒရှိတယ်လို့ ဆော်ဒီအာရေဗျ ဘဏ္ဏာရေး၀န်ကြီး မိုဟာမက် အလ်-ဂျာဒန်က ပြောကြားလိုက်ပါတယ်။ 

    အရှေ့အလယ်ပိုင်း ရန်ဖက်နှစ်နိုင်ငံဖြစ်တဲ့ ဆော်ဒီနဲ့ အီရန်တို့ဟာ ဆယ်စုနှစ်ချီပြတ်တောက်နေတဲ့ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ သောကြာနေ့မှာ သဘောတူညီမှု ရခဲ့ပါတယ်။ ဒီကိစ္စအတွက် တရုတ်က ကြား၀င်စေ့စပ်ပေးတာ ဖြစ်ပါတယ်။ 

    လက်ရှိမှာ သံရုံးတွေပြန်ဖွင့်ရေး၊ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ရေး မြန်မြန်ဆန်ဆန် ပြန်လုပ်ဖို့ နှစ်နိုင်ငံစလုံးက စီစဥ်နေကြပါတယ်။ 

    မနေ့က ရီယာ့ဒ်မှာပြုလုပ်တဲ့ အစည်းအ၀ေးတစ်ခုမှာ သတင်းထောက်တွေက ဆော်ဒီအနေနဲ့ အီရန်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့ ရှိလားလို့ မေးမြန်းခဲ့ပါတယ်။ 

    “မြန်မြန်ဆန်ဆန် လုပ်သွားမယ်လို့ ကျွန်တော် ပြောလိုတယ်။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဒေသတွင်းတည်ငြိမ်ရေး၊ ပြည်သူတွေ သာယာ၀ပြောစေရေး ဖြစ်ပါတယ်။ ဒါမျိုး မဖြစ်စရာ ဘာအကြောင်းမှ မရှိပါဘူး။ အီရန်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပြီး နောက်နှစ်ပေါင်းများစွာ ဒီလိုပဲ ရှိနေမှာပါ” လို့ ဘဏ္ဏာရေး၀န်ကြီး အလ်-ဂျာဒန်က ဖြေကြားခဲ့ပါတယ်။ 

    အီရန်မှာ အခွင့်အလမ်းများစွာရှိပြီး ဆော်ဒီကလည်း နောက်ထပ်အခွင့်အလမ်းတွေ ဖန်တီးပေးမယ်လို့ သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

    Ref: Arab News