News @ M-Media

Blog

  • Apple ၏ ထိပ်တန်းဆုတစ်ခုကို စင်ကာပူဆော့ဖ်ဝဲကုမ္ပဏီ ရရှိ

    Apple ၏ ထိပ်တန်းဆုတစ်ခုကို စင်ကာပူဆော့ဖ်ဝဲကုမ္ပဏီ ရရှိ

    ဇွန် ၈၊ ၂၀၁၇
    M-Media

    Clean Shaven Apps ကို တည်ထောင်သူများမှ တစ်ဦးဖြစ်သူ Muh Hon Cheng

    – iOS သုံး အက်ပလီကေးရှင်းများအတွက် Apple က ချီးမြှင့်သော Apple Design Awards ဆုကို ရရှိသူများတွင် စင်ကာပူအခြေစိုက် Clean Shaven Apps ဆော့ဖ်ဝဲကုမ္ပဏီလည်း ပါဝင်ခဲ့ပြီး Elk ငွေလဲလှယ်မှုနှုန်း တွက်ချက်ပေးသည့် အက်ပလီ ကေးရှင်းဖြင့် ဆွတ်ခူးသွားခြင်းဖြစ်သည်။

    သြဇာကြီးမားသည့် အဆိုပါဆုကို စင်ကာပူနှင့် အရှေ့တောင်အာရှအခြေစိုက် ဆော့ဖ်ဝဲလုပ်ငန်းတစ်ခုက ပထမဆုံး ရရှိခြင်းလည်းဖြစ်သည်။

    Clean Shaven Apps မှာ ယခုနှစ် Apple Design Awards ဆုအတွက် ကမ္ဘာတစ်ဝှမ်းမှ ရွေးချယ်ခံရသော ဆော့ဖ်ဝဲကုမ္ပဏီ ၁၀ ခုတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ဆုကြေငြာမှုနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ဆန်ဂျိုးစ်ရှိ Apple’s Worldwide Developer Conference တွင် ကျင်းပခဲ့သည်။

    အဆိုပါဆုအတွက် ကုမ္ပဏီမည်မျှ ၀င်ရောက်ယှဉ်ပြိုင်သည်ကို Apple က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

    ထိုဆုကို ၁၉၉၇ ခုနှစ်ကတည်းက ချီးမြှင့်လာခဲ့ခြင်းဖြစ်ပြီး Macintosh နှင့် iOS တို့အတွက် လွတ်လပ်သော ကုမ္ပဏီများက တီထွင်ထုတ်လုပ်သည့် Software နှင့် Hardware များမှ အကောင်းဆုံးနှင့် တီထွင်ဆန်းစစ်မှုအရှိဆုံးကို ရွေးချယ်ခြင်းဖြစ်သည်။

    Clean Shaven Apps ဆော့ဖ်ဝဲကုမ္ပဏီကို မလေးရှားတွင်မွေးဖွားပြီး စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်နေသည့် အသက် ၃၆ နှစ်အရွယ် Muh Hon Cheng နှင့် စင်ကာပူနိုင်ငံသား အသက် ၃၁ နှစ်အရွယ် Lin Junjie တို့က ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

    Apple Design Awards ဆုကို မစ္စတာ Muh က လက်ခံရယူခဲ့သည်။

    “ဆုပေးပွဲတက်တိုင်း ကျွန်တော့်နာမည်များခေါ်မလားဆိုပြီး မျှော်လင့်ခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆုရရှိခဲ့သည့် Elk အက်ပလီကေးရှင်းမှာ ငွေကြေးလဲလှယ်မှုနှုန်းကို အချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးသည့် ဆော့ဖ်ဝဲဖြစ်သည်။

    Ref: Straits Times

  • အီရတ်မှ ကာ့ဒ်ဒေသခွဲထွက်ရေး နှစ်မကုန်ခင် ပြည်သူဆန္ဒခံယူမည်

    အီရတ်မှ ကာ့ဒ်ဒေသခွဲထွက်ရေး နှစ်မကုန်ခင် ပြည်သူဆန္ဒခံယူမည်

    ဇွန် ၈၊ ၂၀၁၇
    M-Media

    ကာ့ဒ်ဒေသ အစိုးရ (KRG) ၏ အကြီးအကဲဖြစ်သူ မာဆွတ် ဘာရ်ဇာနီ

    – အီရတ်နိုင်ငံရှိ ကာ့ဒ်ဒေသ လွတ်လပ်ရေးအတွက် စက်တင်ဘာ ၂၅ ရက်နေ့တွင် ပြည်သူဆန္ဒ ခံယူသွားမည်ဟု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာ့ဒ်ဒေသ အစိုးရ (KRG) ၏ အကြီးအကဲဖြစ်သူ မာဆွတ် ဘာရ်ဇာနီက ယမန်နေ့တွင် Twitter စာမျက်နှာတွင် ကြေငြာခဲ့သည်။

    ဘာရ်ဇာနီ၏အကြံပေး ဟာမင် ဟော်ရာမီက အဆိုပါ ဆုံးဖြတ်ချက်ကို ကာ့ဒ်ဒေသမြို့တော် အာရ်ဘီလ်တွင် ကာ့ဒ် နိုင်ငံရေးပါတီများ တွေ့ဆုံမှုပြီးနောက် ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။

    အီရတ်နိုင်ငံမှ ခွဲထွက်ရေး ပြည်သူ့ဆန္ဒခံယူပွဲကို နယ်မြေ ၃ ခုတွင် ပြုလုပ်သွားမည်ဖြစ်သည်။ လက်ရှိတွင် အဆိုပါဒေသအတွက် ကာ့ဒ်အဖွဲ့များနှင့် အီရတ်အစိုးရတို့အကြား အငြင်းပွားမှုများ ရှိနေသော်လည်း ဒေသကိုမူ ကာ့ဒ်စစ်တပ်က ထိန်းချုပ်ထားသည်။

    အငြင်းပွားဒေသများတွင် ရေနံကြွယ်ဝသည့် ကီရ်ကွတ်ပြည်နယ် အပါအ၀င် မြောက်ပိုင်းဒေသများ ပါဝင်ကာ အဆိုပါဒေသများကိုပါ ကာ့ဒ်များက ခွဲထုတ်သွးမည်ဆိုပါက အီရတ်အစိုးရ၏ ဆန့်ကျင်မှု ပိုမိုကြီးမားလာဖွယ် ရှိနေသည်။

    လွတ်လပ်ရေး ပြည်သူ့ဆန္ဒခံယူပွဲတွင် မျှော်လင့်ထားသည့်အတိုင်း ပြည်သူများက သဘောတူပါက လွတ်လပ်ရေးကြေငြာစာတမ်းအထိ ဦးတည်သွားမည်လားဆိုသည်မှာ မရေရာသေးပေ။

    ကာ့ဒ်တို့၏ လက်ရှိကြေငြာမှုအတွက် အီရတ်အစိုးရဖက်မှ မည်သည့်တုန့်ပြန်မှုမှ မလုပ်သေးပေ။ ပြီးခဲ့သည့် ဧပြီလတွင် အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီက လွတ်လပ်ရေးအတွက် ကာ့ဒ်လူမျိုးများ၏ မဲပေးပိုင်ခွင့်ကို လေးစားသော်လည်း အချိန်မတန်သေးဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တီဟီရန်တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ပြော

    တီဟီရန်တိုက်ခိုက်မှု မိမိတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ပြော

    ဇွန် ၇၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံမြို့တော် တီဟီရန်တွင် ယနေ့မနက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုမှာ မိမိတို့၏လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်သည်။

    လွှတ်တော်အဆောက်အဦးနှင့် ခေတ်သစ်အီရန်နိုင်ငံကို တည်ထောင်သူ အယာတိုလာ ခိုမေနီ၏ ဂူဗိမာန်တွင် သေနတ်သမားများက သေနတ်ဖြင့်ပစ်ခတ်ခြင်း၊ အသေခံဗုံးခွဲခြင်းတို့ကြောင့် အနည်းဆုံး ၁၂ ဦးသေဆုံးခဲ့ကာ၊ ၄၀ နီးပါး ဒဏ်ရာရရှိခဲ့သည်။

    သေနတ်သမား ၄ ဦးကို အီရန်လုံခြုံရေးတပ်ဖွဲ့များက အသေပစ်သတ်နိုင်ခဲ့သည်။

    IS ကမူ ထိုတိုက်ခိုက်မှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု အွန်လိုင်းဖိုရမ်တစ်ခုမှတစ်ဆင့် ကြေငြာခဲ့ပြီး၊ ၎င်းတို့၏လုပ်ရပ် မှန်ကန်ပါက အီရန်တွင် IS ၏ ပထမဆုံးသော တိုက်ခိုက်မှု ဖြစ်လာမည်ဖြစ်သည်။

    Ref: Aljazeera

  • ကာတာနိုင်ငံ သံတမန်ပြဿနာ နောက်ဆုံးရသတင်းများ

    ကာတာနိုင်ငံ သံတမန်ပြဿနာ နောက်ဆုံးရသတင်းများ

    ဇွန် ၇၊ ၂၀၁၇
    M-Media

    – ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ခရစ္စတိုဖီ ကက်စ်တနာက မိမိတို့နိုင်ငံအနေနဲ့ လက်ရှိပင်လယ်ကွေ့ပြဿနာမှာ ဘယ်ဘက်မှာမှ နေမှာမဟုတ်ပေမယ့် ကာတာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေရဲ့ မေးမြန်းမှုကို ဖြေကြားရမယ်လို့ ပြောကြားခဲ့ပါတယ်။

    – ဆော်ဒီနဲ့ ယူအေအီးက ကုန်သွယ်ရးဖြတ်တောက်လိုက်တာကြောင့် အစားအသောက်နဲ့ သောက်သုံးရေ ပြတ်လတ်မှုကို မိမိတို့က ကူညီသွားမယ်လို့ တူရကီပို့ကုန်လုပ်ငန်ရှင်များအသင်း ဥက္ကဌက ပြောကြားလိုက်ပါတယ်။

    – ယူအေအီး ရေနံဆိပ်ကိမ်းအာဏာပိုင်အဖွဲ့က ပိတ်ဆို့မှုကို နည်းနည်း ဖြေလျှော့ပေးထားပြီး ကာတာကိုသွားမယ့်၊ ကတာကနေလာမယ့် ကုန်တင်သင်္ဘောတွေကို သွားလာခွင့် ပြုလိုက်ပါတယ်။ ဒါပေမယ့် ကာတာအလံလွှင့်ထားတဲ့ သင်္ဘောတွေ ကာတာပိုင်တဲ့ သင်္ဘောတွေကိုတော့ ကမ်းကပ်ခွင့် မပြုပါဘူး။

    – ယူအေအီးက မိမိတို့အနေနဲ့ ကာတာရဲ့ ပေါ်လစီကို ပြောင်းလဲစေချင်တာဖြစ်ပြီး အစိုးရကို ပြောင်းစေချင်တာမဟုတ်ဘူးလို့ ပြောထားပါတယ်။

    – ကာတာကိစ္စ ဆော်ဒီနဲ့ ဆွေးနွေးညှိနှိုင်းခဲ့တဲ့ ကူဝိတ်နိုင်ငံအကြီးအကဲဟာ ယူအေအီးနိုင်ငံ အဘူဒါဘီကို သွားရောက်ဆွေးနွေးနေပါတယ်။

    – ကာတာပြဿနာမှာ မိမိတို့ဟက်ကာတွေရဲ့လက်ချက် မပါဘူးလို့ ရုရှားက ပြောကြားထားပါတယ်။

    – ယူအေအီးနိုင်ငံက ဆိုရှယ်မီဒီယာမှာ ကာတာကို စာနာကြောင်းပြောကြားတဲ့ ဘယ်သူ့ကိုမဆို အရေးယူသွားမယ်လို့ ကြေငြာထားပါတယ်။

    – ကာတာဟာ ဟားမက်စ်အဖွဲ့နဲ့ အဆက်အသွယ်ဖြတ်ရမယ်လို့ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောကြားမှုဟာ ပါလက်စတိုင်းပြည်သူတွေ၊ အာရပ်နဲ့ အစ္စလာမ့်နိုင်ငံတွေကို တုန်လှုပ်စေတယ်လို့ ဟားမက်စ်က ဒီနေ့မနက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

    – အစိုးရက ကာတာနဲ့ သံအဆက်အသွယ်ဖြတ်တောက်တာကို ဆန့်ကျင်တဲ့အနေနဲ့ မော်ရီတေးနီးယားပြည်သူတွေက ဒီနေ့မှာ ကာတာသံရုံးရှေ့သွားပြီး ကာတာနိုင်ငံရဲ့ တစ်သားတည်းရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

    – ဆော်ဒီဦးဆောင်တဲ့ နိုင်ငံ ၈ နိုင်ငံက ကုန်သွယ်ရေးဖြတ်တောက်လိုက်ပေမယ့် ကာတာရဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုဟာ ထိခိုက်မှုမရှိပါဘူး။

    Ref : Aljazeera

  • လိုအပ်လျှင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထပ်ယူသွားမည်ဟု မလေးဝန်ကြီးချုပ်ဟောင်း ပြော

    လိုအပ်လျှင် ၀န်ကြီးချုပ်အဖြစ် တာဝန်ထပ်ယူသွားမည်ဟု မလေးဝန်ကြီးချုပ်ဟောင်း ပြော

    ဇွန် ၇၊ ၂၀၁၇
    M-Media

    – ရွေးကောက်ပွဲအနိုင်ရရေး အတိုက်အခံပါတီ၌ ၀န်ကြီးချုပ်လောင်းနေရာအတွက် သင့်တော်သူ မတွေ့ပါက မိမိအနေဖြင့် ထိုရာထူးအား ရယူရန် စဉ်းစားမည်ဟု မလေးရှားဝန်ကြီးချုပ်ဟောင်း အသက် ၉၁ နှစ်အရွယ်ရှိ  မဟာသီယာ မိုဟာမက်က ပြောကြားလိုက်သည်။

    မဟာသီမှာ မလေးရှားဝန်ကြီးချုပ်အဖြစ် ၂၂ နှစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် ရာထူးမှ ဆင်းပေးခဲ့သည်။ သို့သော်လည်း မလေးရှားနိုင်ငံရေးတွင် သြဇာရှိနေဆဲဖြစ်ပြီး ပြီးခဲ့သည့် ၂ နှစ်အတွင်း မဟာသီမှာ လက်ရှိဝန်ကြီးချုပ် နာဂျစ် ရာဇတ်ကို ဆန့်ကျင်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

    နာဂျစ်မှာ မလေးရှားနိုင်ငံပိုင်လုပ်ငန်း 1Malaysia Development Berhad (1MDB) ၏ ငွေကြေးများပါဝင်သော ခြစားမှုပြဿနာနှင့် ရင်ဆိုင်နေရသည်။

    ၎င်းကမူ မည်သည့်အမှားမှမလုပ်ကြောင်း ပြောကြားထားပြီး အစိုးရအတွင်း ၎င်းအား ဝေဖန်သူများကို ထုတ်ပစ်ခြင်း၊ ခြစားမှုအတွက် စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ခြင်းတို့ ပြုလုပ်ခဲ့သည်။ သို့သော်လည်း နာဂျစ် ခြစားမှုကိစ္စနှင့် ပတ်သက်၍ အမေရိကန်နှင့် အနည်းဆုံး နောက်ထပ် ၅ နိုင်ငံတွင် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

    မနေ့က ပြုလုပ်ခဲ့သည့် စီးပွားရေးဖိုရမ်တွင် မဟာသီယာက မိမိအနေဖြင့် ၀န်ကြီးချုပ် မဖြစ်ချင်သော်လည်း၊ ဖြစ်နိုင်ချေရှိလားဟု မေးမြန်းမှု ရှိနေကြောင်း လာမည့်နှစ်လည်ပိုင်းတွင် ပြုလုပ်မည့် ရွေးကောက်ပွဲ၌ အတိုက်အခံပါ တီများအားလုံး သဘောတူပါက အတိုက်အခံများကို ဦးဆောင်ရန် စဉ်းစားသွားမည်ဖြစ်ဟု ပြောကြားခဲ့သည်။

    “အတိုက်အခံတွေနိုင်ဖို့ ၀န်ကြီးချုပ်လောင်း တကယ်မရှိဘူးဆိုရင် ခဏတော့ ကျွန်တော် ဒီရာထူးကို ရယူနိုင်ပါတယ်။ ဒါပေမယ့် ခြွက်းချက်က အားလုံးသဘောတူဖို့ လိုပါတယ်”

    မဟာသီမှာ ၀န်ကြီးချုပ်ရာထူးကို အချိန်ကြာမြင့်စွာ ထမ်းဆောင်ခဲ့သော်လည်း အာဏာရှင်မဆန်သည့်အတွက် မလေးရှားတွင် လူကြည်ညိုမှုများပြီး၊ လစ်ဘရယ်တန်ဖိုးများကို မြှင့်တင်ပေးခဲ့သူလည်း ဖြစ်သည်။

    ၎င်း၏ လက်ရင်းတပည့်ဖြစ်သူ နာဂျစ်နှင့်ပတ်သက်၍ ခြစားမှုသတင်းများ ပေါ်ထွက်လာပြီးနောက်ပိုင်းတွင် မဟာသီမှာ အာဏာရ UMNO ပါတီမှ နှုတ်ထွက်ခဲ့ပြီး၊ နာဂျစ်ကို ဖြုတ်ချရေး အတိုက်အခံများနှင့် ပူးပေါင်းနိုင်မည့် ပါတီသစ်တစ်ခုကို ထူထောင်ခဲ့သည်။

    Ref: CNA