News @ M-Media

Blog

  • အီရန်မြို့တော် တီဟီရန်တွင် တိုက်ခိုက်မှုများဖြစ်ပွား

    အီရန်မြို့တော် တီဟီရန်တွင် တိုက်ခိုက်မှုများဖြစ်ပွား

    ဇွန် ၇၊ ၂၀၁၇
    M-Media

    – အီရန်နိုင်ငံမြို့တော် တီဟီရန်မြို့ နေရာနှစ်ခုတွင် ယနေ့မနက်ပိုင်းက သေနတ်သမားများ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူတစ်ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ပစ္စတိုနှင့် ရိုင်ဖယ်များ ကိုင်ဆောင်ထားသော သေနတ်သမား ၄ ဦးမှာ တီဟီရန်မြို့လယ်ကောင်ရှိ လွှတ်တော်အဆောက်အဦးတွင် ၀င်ရောက်ပစ်ခတ်ခဲ့ပြီး အစောင့်တစ်ဦး သေဆုံးခဲ့သည်။ အခြားသေနတ်သမား ၃ ဦးကလည်း မြို့တောင်ဖက်ရှိ အီရန်နိုင်ငံ၏ဖခင် အယာတိုလာ ခိုမေနီ၏ ဂူဗိမာန်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ကာ၊ အမျိုးသမီး အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးခွဲခဲ့သည်။

    အီရန်လွှတ်တော် ၄ ထပ်တွင်လည်း သေနတ်သမားတစ်ဦးက အသေခံဗုံးခွဲခဲ့သည်။

    မိနစ်အနည်းငယ်ခြား၍ ဖြစ်ပွားသော အဆိုပါ တိုက်ခိုက်မှုမှာ ကြိုတင်စီစဉ်ကြံစည်သော လုပ်ရပ်ဖြစ်သည်ဟု ယူဆရပြီး အနည်းဆုံး ဒဏ်ရာရရှိသူ ၈ ဦးရှိသည်ဟု အီရန်ပြည်တွင်းမီဒီယာများက ဖော်ပြကြသည်။

    လက်ရှိတွင် လွှတ်တော်ကို ပိတ်ထားလိုက်ပြီး လွှတ်တော်အမတ် မဟ်ဒီ ကီအေးက အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု ပြောကြားခဲ့သည်။

    Tasnim သတင်းဌာနက အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်မှ ဓားစားခံ ကယ်တင်ရေးတပ်ဖွဲ့မှာ လွှတ်တော်တွင် သေနတ်သမား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တစ်ဦးကို အသေပစ်သတ်နိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ ခိုမေနီ၏ ဂူဗိမာန်တွင် သေနတ်သမားတစ်ဦးကို အီရန်လုံခြုံရေးတပ်ဖွဲ့က အသေပစ်သတ်နိုင်ခဲ့သည်။

    ထိုတိုက်ခိုက်မှုများ၏ နောက်ကွယ်မှ လှုံ့ဆော်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    Ref: Press TV, Aljazeera

  • အကြမ်းဖက်ဆန့်ကျင်ရေးအသံ ကျယ်လောင်လာသည့် ဗြိတိန်မွတ်စလင်များ

    အကြမ်းဖက်ဆန့်ကျင်ရေးအသံ ကျယ်လောင်လာသည့် ဗြိတိန်မွတ်စလင်များ

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – တနင်္ဂနွေနေ့မနက် အစောပိုင်းက လန်ဒန်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူ ၇ ဦး သေဆုံးခဲ့ပါတယ်။

    ဒီတိုက်ခိုက်မှုဟာ ၃ လအတွင်း ဗြိတိန်မှာ ၃ ကြိမ်မြောက် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကတော့ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

    ဒီတိုက်ခိုက်မှုအပြီးမှာ ဗြိတိန်မွတ်စလင်တွေရဲ့ အကြမ်းဖက်ဆန့်ကျင်ရေးအသံက ပိုမို ကျယ်လောင်လာခဲ့ပါတယ်။

    ဒီဗီဒီယိုအတိုလေးထဲမှာ ဗြိတိန်မွတ်စလင်တွေ၊ အစ္စလာမ့်ဓမ္မပညာရှင်တွေရဲ့ အကြမ်းဖက်ဝါဒအပေါ် သဘောထား၊ အကြမ်းဖက်သမားတွေကို ရှုမြင်ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

  • အကြီးစားဂြိုဟ်တု လွှတ်တင်နိုင်သည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပါဝင်လာ

    အကြီးစားဂြိုဟ်တု လွှတ်တင်နိုင်သည့် လက်တစ်ဆုပ်စာနိုင်ငံများတွင် အိန္ဒိယ ပါဝင်လာ

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – အိန္ဒိယဟာ ၃ တန်ကျော်လောက်ရှိတဲ့ ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို ကမ္ဘာပတ်လမ်းကြောင်းထဲ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး အလေးချိန်ကြီးတဲ့ ဂြိုဟ်တုတွေ လွှတ်တင်နိုင်တဲ့ လက်တစ်ဆုပ်စာ နိုင်ငံတွေထဲမှာ ပါဝင်လာခဲ့ပါတယ်။

    GSAT-19 လို့ အမည်ပေးထားတဲ့ အဲဒီ ဂြိုဟ်တုကို မနေ့က Satish Dhawan အာကာသစင်တာကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ၀န်ကြီးချုပ် မိုဒီကတော့ ဒါဟာ တိုင်းပြည်အတွက် ဂုဏ်ယူစရာကောင်းတဲ့အချိန် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုအချိန်အထိ အမေရိကန်၊ ရုရှား၊ တရုတ်၊ ဂျပန်နဲ့ ဥရောပအာကာသအေဂျင်စီတို့ကသာ ၃ တန်အထက်ကျော်တဲ့ အာကာသယာဉ်တွေကို လွှတ်တင်နိုင်တာပါ။

    အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ ဒုံးပျံတွေထဲမှာ အားအကောင်းဆုံးဖြစ်တဲ့ GSLV Mk-III ဒုံးပျံကို အသုံးပြုကာ လွှတ်တင်ခဲ့တာဖြစ်ပြီး နိုင်ငံရဲ့ အာကာသ စီမံကိန်းအတွက် ဒီ ဒုံးပျံကို အပြောင်းအလဲအဖြစ် ယူဆထားပါတယ်။

    အရင်က ၂၃၀၀၀ ကီလိုဂရမ်ထက်ကျော်တဲ့ ဂြိုဟ်တုတွေကို လွှတ်တင်ဖို့အတွက် အိန္ဒိယဟာ ပြင်သစ်ကို ငွေကြေးပေးခဲ့ရပါတယ်။

    “အရင်တုန်းကဆိုရင် နိုင်ငံခြားကနေ ကျွန်တော်တို့ရဲ့ ဂြိုဟ်တုတွေကို လွှတ်တင်ရတာပါ။ အိန္ဒိယ အာကာသစီမံကိန်းဟာ အခုအချိန်မှာတော့တော့ လုံးဝ ပြည်ထွင်းဖြစ် ဖြစ်ပါပြီ” လို့ အိန္ဒိယ အာကာသ သုတေသနအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီပီ ကာရ်နစ်က ပြောကြားခဲ့ပါတယ်။

    GSLV Mk III ဒုံးပျံဟာ ကီလိုဂရမ် ၄ ထောင် အလေးချိန်လောက်ကို အာကာသထဲ သယ်သွားနိုင်ပြီး အရင်က အိန္ဒိယအာကာသစီမံကိန်းမှာ သယ်ဆောင်နိုင်တဲ့ ပမာဏထက် ၂ ဆလောက် မြင့်တက်သွားတာပါ။

    GSAT-19 ဂြိုဟ်တု လွှတ်တင်နိုင်မှုကြောင့် နိုင်ငံရဲ့ အင်တာနက် ချိတ်ဆက်မှုနဲ့ မြန်နှုန်းကို အားကောင်းစေမှာဖြစ်ပါတယ်။

    ၂၀၁၄ ခုနှစ်မှာ အိန္ဒိယဟာ ဟောလီးဝုဒ်ရုပ်ရှင်ကား Gravity ရိုက်ကူးစားရိတ်ထက် နည်းတဲ့ငွေကြေးနဲ့ အင်္ဂါဂြိုဟ် စူးစမ်းရေးယာဉ်ကို လွှတ်တင်နိုင်ခဲ့ပြီး၊ အခုနှစ် ဖေဖော်ဝါရီလမှာလည်း ကမ္ဘာ့စံချိန်တင် ဂြိုဟ်တု ၁၀၄ လုံးကို တစ်ကြိမ်တည်း လွှတ်တင်နိုင်ခဲ့ပါတယ်။

    အခုနောက်ဆုံး အောင်မြင်မှုကို ကမ္ဘာ့အာကာသဈေးကွက်မှာ ထိပ်တန်းနိုင်ငံဖြစ်လာရေး ကြိုးပမ်းမှုမှာ အဓိက ခြေလှမ်းတစ်လှမ်းအဖြစ် ရှုမြင် ကြပါတယ်။

    Ref: CNN

  • IS က မူဆိုးလ်တွင် တစ်ရက်တည်း အရပ်သား ၁၆၀ ကျော်ကို သတ်ပစ်ဟု ကုလ လူ့အခွင့်အရေးအဖွဲ့ ပြော

    IS က မူဆိုးလ်တွင် တစ်ရက်တည်း အရပ်သား ၁၆၀ ကျော်ကို သတ်ပစ်ဟု ကုလ လူ့အခွင့်အရေးအဖွဲ့ ပြော

    ဇွန် ၆၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ရှိ IS အကြမ်းဖက်အဖွဲ့မှာ ပြီးခဲ့သည့်တစ်ပတ်က တစ်ရက်တည်းတွင် အရပ်သား ၁၆၀ ကျော်ကို သတ်ပစ်ခဲ့ပြီး မြို့တွင်းမှ ထွက်ပြေးမှုကို တားဆီးရန်ဖြစ်သည်ဟု ကုလက ပြောကြားလိုက်သည်။

    “IS နဲ့ အခြားအကြမ်းဖက်အဖွဲ့တွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေဟာ ကမ်းကုန်နေပါပြီ။ မနေ့က မူဆိုးလ်မြို့အနောက်ပိုင်း အလ်ရှီရာရပ်ကွက် လမ်းတွေပေါ်မှာ အသက်ခံထားရတဲ့ အမျိုးသားတွေ၊ အမျိုးသမီးတွေ၊ ကလေးတွေရဲ့ပုံကို ကျွန်တော့် ၀န်ထမ်းက ကျွန်တော့်ကို ပြပါတယ်။ မြို့ထဲက ထွက်ပြေးတာကို တားဆီးဖို
့အတွက် IS အဖွဲ့ဟာ အနည်းဆုံး လူပေါင်း ၁၆၃ ယောက်ကို ပစ်သတ်ခဲ့တာပါ” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲ ဇိုက် ဘင် ရာအဒ် အလ်ဟူစိန်က ကုလ၏ လူ့အခွင့်အရေးဆိုင်ရာ အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    ဟူစိန်၏ ပြောရေးဆိုခွင့်ရှိသူ ရူပါ့တ် ကိုလ်ဗီလီကမူ အဆိုပါ သတ်ဖြတ်မှုမှာ ဇွန်လ ၁ ရက်နေ့က ဖြစ်ခဲ့သည်ဟု ယုံကြည်ရကြောင်း ပြောကြားခဲ့သည်။

    မူဆိုလ်းတွင် IS က ထိန်းချုပ်ထားသည့် ကျန်ရှိနေမြေများအား သိမ်းပိုက်နိုင်ရေးအတွက် မေလနှောင်းပိုင်းမှစ၍ အီရတ်စစ်တပ်မှာ ကြီးမားသည့် ထိုးစစ်ဆင်မှုတစ်ခု ပြုလုပ်ခဲ့သည်။

    အကူအညီပေးရေး အဖွဲ့များက မူဆိုးလ်မြို့တိုက်ပွဲများတွင် ပိတ်မိနေသည့် ထောင်နှင့်ချီသော အရပ်သားများအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    ယူနီဆက်ဖ်ကလည်း IS ထိန်းချုပ်ရာ ဒေသများတွင် ကလေးငယ်ပေါင်း ၁ သိန်းခန့်မှာ အလွန် အန္တရာယ်ရှိသည့် အခြေအနေတွင် နေထိုင်နေရသည်ဟု သတိပေးထားသည်။

    Ref: Aljzeera

  • မောင်သော်က (ခ) ဗိုလ်မှူးဘသော်  ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကွယ်လွန်ခြင်း (၂၆)နှစ်ပြည့်အခမ်းအနား ပြုလုပ်မည်။

    ဇူလိုင် ၆ ၊ ၂၀၁၇
    M-Media
    သတင်း-သီဟ

    စာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်သူများထဲက တစ်ဦးဖြစ်သည့် စာရေးဆရာကြီး မောင်သော်က ကွယ်လွန်ခြင်း ၂၆ နှစ်ပြည့် အမှတ်တရ အထိမ်းအမှတ် အခမ်းအနားတရပ်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်တွင်   Yangon Book Plaza၊ မှာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရပါတယ်။

    အခမ်းအနားတွင်  ဆရာ မောင်သော်ကနှင့် ပတ်သက်သည့် အမှတ်တရ အကြောင်းအရာများပြောကြားခြင်း၊ စာအုပ်များ ပြသခြင်း၊ ဆရာမောင်သော်က ကဗျာများ ရွတ်ဖတ်ခြင်းတို့နှင့် တက်ရောက်သူတိုင်းကို ဆရာမောင်သော်က အမှတ်တရ မှတ်တမ်းစာအုပ်လေးများ ကမ်းခြင်းတို့ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရပါတယ်။

    ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)  ၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ခြင်းဖြစ်ပါတယ်။

    အခမ်းအနားအစီအစဉ်
    ————————-
    နေ့စွဲ – ၁၁.၆.၁၇
    အချိန် – နေ့လယ် ၁ နာရီ
    နေ့ရာ – Yangon Book Plaza၊ ငါးလွှာ၊ သံဈေး၊ လမ်းမတော်လမ်း၊ ရန်ကုန်။ (၁၇ လမ်းရှိ သံဈေး ၀င်ပေါက်တွင် သီးသန့် ဓာတ်လှေကားရှိပါသည်)

    မောင်သော်က (ခ) ဗိုလ်မှူးဘသော်  နှင့် ပတ်သက်သည့် သတင်းဆောင်းပါးများ ဖတ်လိုလျှင်
    http://www.m-mediagroup.com/news/tag/mgthawka