News @ M-Media

Blog

  • ကမ္ဘာကြီးက ဂရုဏာသက်ခဲ့တဲ့ ဆီးရီးယားကလေးငယ်ရဲ့ ဓာတ်ပုံသစ် ထွက်ပေါ်

    ကမ္ဘာကြီးက ဂရုဏာသက်ခဲ့တဲ့ ဆီးရီးယားကလေးငယ်ရဲ့ ဓာတ်ပုံသစ် ထွက်ပေါ်

    ဇွန် ၈၊ ၂၀၁၇
    M-Media

    – ၂၀၁၆ ခုနှစ် သြဂုတ်လက ဆီးရီးယားနိုင်ငံ အလက်ပိုမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုနောက်ပိုင်း ဆီးရီးယားကလေးငယ်တွေရဲ့ နာကျင်စရာအခြေအနေကို ဖော်ကျူးနေတဲ့ အသက် ၅ နှစ်အရွယ် အွမ်ရန် ဒက်နစ်ရှ်ရဲ့ ဓာတ်ပုံသစ်တစ်ခု တနင်္လာနေ့မှာ ပေါ်ထွက်လာခဲ့ပါတယ်။ ဒါကတော့ ဆီးရီးယားအစိုးရလိုလားတဲ့ Al Mayadeen TV နဲ့ အင်တာဗျူးမှာ မိဘတွေနဲ့အတူ တွေ့ခဲ့ရတာပါ။

    သူပုန်တွေ သိမ်းပိုက်ထားတဲ့ အလက်ပိုမြို့ရဲ့ ကာတာဂျီရပ်ကွက်မှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးနေတဲ့ အဆောက်အဦးတစ်ခုကနေ ကယ်ထုတ်လာခဲ့ပြီးတဲ့နောက် လူနာတင်ယာဉ်ပေါ်က ခုံမှာ သွေအလိမ်းလိမ်း၊ ဖုန်အလိမ်းလိမ်းနဲ့ ထိုင်နေတဲ့ အွမ်ရန်လေးရဲ့ပုံကို ကြည့်ပြီး ကမ္ဘာကြီးက ဂရုဏာသက်ခဲ့ကြပါတယ်။

    တိုက်ခိုက်မှုပြီးတဲ့နောက်ပိုင်းမှာ အွမ်ရမ်တို့မိသားစုဟာ မြို့ကို စွန့်ခွာမသွားခဲ့ဘဲ အခုအချိန်အထိ သမ္မတအာဆတ်ကို ထောက်ခံနေဆဲပဲလို့ ABC သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    Al Mayadeen TV နဲ့ အင်တာဗျူးမှာတော့ အွမ်ရန်ရဲ့ဖခင်က သူပုန်တွေနဲ့ နိုင်ငံတကာမီဒီယာတွေဟာ ဆီးရီးယားအစိုးရကို တိုက်ခိုက်ဖို့အတွက်ပဲ သူ့သားရဲ့ပုံကို အသုံးချတယ်လို့ မေးမြန်းသူ ကီနာနာ အလူချီကို ပြောကြားခဲ့ပါတယ်။

    “သူတို့ဟာ ကျွန်တော့်သားရဲ့သွေးကို လဲအထပ်လုပ်ချင်တာ။ ပုံတွေကို ဖြန့်ချင်တာဗျ”

    အွမ်ရန်လေး ဒဏ်ရာရခဲ့တဲ့ အဲဒီတိုက်ခိုက်မှုအတွင်းမှာ သူ့ရဲ့ အသက် ၁၀ နှစ်အရွယ်အစ်ကို အလီက သေဆုံးသွားတယ်လို့လည်း ဖခင်ဖြစ်သူက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် တိုက်ခိုက်မူပြီးတဲ့နောက် အွမ်ရမ် ကိုကုသပေးခဲ့တဲ့ ဆရာဝန်က အွမ်ရန်လေးဟာ ဖုန်အလိမ်းလိမ်းဖြစ်နေပြီး ခေါင်းကနေ သွေးတွေထွက်နေတယ်လို့ ဆိုပါတယ်။

    “အွမ်ရန်ဟာ အဲဒီအချိန်မှာ ကြောက်နေပြီး တွေဝေနေခဲ့ပါတယ်။ သူ လုံးဝ မငိုပါဘူး။ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ သူ အိပ်မောကျနေပုံ ရပါတယ်” လို့ ဆရာဝန် မိုဟာမက်က ABC သတင်းဌာနကို ပြောခဲ့ပါတယ်။

    အွမ်ရန်ဟာ ဦးခေါင်းမှာ ရိုးရိုးဒဏ်ရာလေးပဲ ရခဲ့တာဖြစ်ပြီ ဆေးရုံမှာ ၂နာရီကြာ ကုသပြီးတဲ့နောက် ပေးဆင်းခဲ့တယ်လို့ ဆရာဝန်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “အွမ်ရန်လိုအဖြစ်အပျက်မျိုး ရာထောင်ချီရှိပါတယ်။ အွမ်ရမ်လေး ကံကောင်းခဲ့ပါတယ်။ တခြားကလေးတွေဆိုရင် သေတာတွေ၊ ဒုက္ခိတဖြစ်တာတွေ ရှိပါတယ်။ ဒါပေမယ့် သူတို့အကြောင်းတွေကိုတော့ ကမ္ဘာက မသိကြဘူးလေ”

    အလက်ပိုမြို့တွင်းက ပြည်သူတွေရဲ့ ဒုက္ခသုက္ခတွေကို ကမ္ဘာကြီးက အာရုံစိုက်လာဖို့ ကြိုးပမ်းနေတဲ့ Aleppo Media Center က အွမ်ရန်ရဲ့ဓာတ်ပုံကို တိုက်ခိုက်မှုက အခြားသော ဓာတ်ပုံတွေနဲ့အတူ အွန်လိုင်းစာမျက်နှာမှာ လွှင့်တင်ခဲ့တာပါ။

    ယူနီဆက်ဖ်ကတော့ လက်ရှိ ဆီးရီးယားမှာ ဖြစ်ပွားနေတဲ့ ပြဿနာဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်ပိုင်း အဆိုးဝါးဆုံး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းဖြစ်ပြီး ကလေးငယ် ၈ သန်းလောက်ဟာ အန္တရာယ်ကြုံနေရတယ်လို့ ပြောကြားထားပါတယ်။

    Source – abc News

    Translated by Habib
    Edited by Yelson

  • ချယ်ဆီးက မိမိကို မလိုချင်တော့ဟု ဒီယေဂိုကော်စတာ ဖွင့်ဟ

    ချယ်ဆီးက မိမိကို မလိုချင်တော့ဟု ဒီယေဂိုကော်စတာ ဖွင့်ဟ

    ဇွန် ၈၊ ၂၀၁၇
    M-Media

    – အသင်း၏ အနာဂတ်အစီအစဉ်တွင် မိမိအား ထည့်သွင်းထားခြင်းမရှိဟု နည်းပြ အန်တိုနီယို ကွန်တီက အသိပေးထားပြီးဖြစ်ကြောင်း ချယ်ဆီးတိုက်စစ်မှူး ဒီယေဂိုကော်စတာက ပြောကြားလိုက်သည်။

    အသက် ၂၈ နှစ်အရွယ် ကော်စတာမှာ ပြီးခဲ့သည့် ပရီးမီးယားလိဂ်တွင် ၃၅ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူနိုင်ခဲ့ကာ ချယ်ဆီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ရေးတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်ခဲ့သူဖြစ်သည်။ သို့သော်လည်း လက်ရှိတွင် အသင်းမှ ထွက်ခွာရဖွယ် ရှိနေသည်။

    “ကျွန်တော် ချယ်ဆီးကစားသမားပါ။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို မလိုချင်တော့ပါဘူး။ ချယ်ဆီးမှာ ဆက်မနေဖို့ ကွန်တီက ကျွန်တော့်ကို မက်ဆေ့ခ်ျပို့ပြီး ပြောပါတယ်။ ပြီးတော့ လာမယ့်နှစ်အတွက် ကျွန်တော့်ကို မရွေးထားဘူးလို့လည်း ပြောပါတယ်” ဟု ယမန်နေ့က စပိန်နှင့် ကိုလံဘီယာအသင်းတို့ ၂ ဂိုးစီ သရေကျခဲ့သည့်ပွဲပြီးနောက် ကော်စတာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိနှင့် နည်းပြအကြား ဆက်ဆံရေးမှာ ယခုနှစ်အတွင်း ဆိုးရွားနေနေပြီး ရှက်စရာဖြစ်ကြောင်း၊ မိမိကို အသင်းသစ်ရှာရန် ကွန်တီက ပြောကြားကြောင်း ကော်စတာက ထည့်သွင်းပြောဆိုခဲ့သည်။

    ဘရာဇီးလ်တွင်မွေးဖွားပြီး စပိန်နိုင်ငံသား ကော်စတာမှာ ၂၀၁၄ ခုနှစ်က ပေါင် ၃၂ သန်းဖြင့် အက်သလီကိုမက်ဒရစ်မှ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

    Ref: BBC

  • သံတမန်ပြဿနာ၏ အစ နိုင်ငံပိုင်သတင်းဌာန ဆိုက်ဘာတိုက်ခိုက်ခံရမှု ကနဦးတွေ့ရှိချက်ကို ကာတာ ထုတ်ပြန်

    သံတမန်ပြဿနာ၏ အစ နိုင်ငံပိုင်သတင်းဌာန ဆိုက်ဘာတိုက်ခိုက်ခံရမှု ကနဦးတွေ့ရှိချက်ကို ကာတာ ထုတ်ပြန်

    ဇွန် ၈၊ ၂၀၁၇
    M-Media

    – လက်ရှိသံတမန်အကြပ်အတည်း၏ အစဖြစ်သော နိုင်ငံပိုင် QNA သတင်းအေဂျင်စီ ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် ပတ်သက်သည့် ကနဦးတွေ့ရှိချက်များကို ကာတာနိုင်ငံက ထုတ်ပြန်လိုက်သည်။

    ယမန်နေ့မနက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် အဆိုပါ ဆိုက်ဘာတိုက်ခိုက်မှုမှာ QNA ၀ဘ်ဆိုက်ရှိ cyber-bug တစ်ခုကို အသုံးချလုပ်ဆောင်သွားခြင်းဖြစ်ပြီး တိုက်ခိုက်မှုပြုလုပ်သည့် ရင်းမြစ်များကိုလည်း သိရှိထားသည်ဟု ဖော်ပြခဲ့သည်။

    ပြီးခဲ့သည့်လအတွင်း QNA ၏ ၀ဘ်ဆိုက်တွင် ကာတာနိုင်ငံခေါင်းဆောင် ရှိခ် သာမင် ဘင် ဟာမဒ် အလ် သာနီက ပြောကြားသည်ဟုဆိုကာ အငြင်းပွားဖွက် မှတ်ချက်များ ပေါ်ထွက်လာခဲ့ပြီးနောက် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများနှင့် သံတမန်ပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ကာတာအစိုးရက ထိုမှတ်ချက်များမှာ အလ် သာနီက အမှန်တကယ် ပြောကြားခဲ့ခြင်းမရှိဘဲ ဟက်ကာများ၏ ဆိုက်ဘာတိုက်ခိုက်မှုကို ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

    “အဆင့်မြင့်နည်းပညာ၊ နောက်ဆုံးပေါ် နည်းလမ်းတွေနဲ့ QNA ရဲ့ cyber-bug ကို အသုံးချပြီး တိုက်ခိုက်မှု ပြုလုပ်သွားတယ်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က အတည်ပြုခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုပြုလုပ်တဲ့ ရင်းမြစ်ကိုလည်း အဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လုပ်ဆောင်တဲ့သူတွေကို ဥပဒေအရ၊ တရားရေးအရ အရေးယူမှုတွေ ပြုလုပ်ဖို့အတွက် အထောက်အထားတွေကို ကျွန်တော်တို့ ဆန်းစစ်နေပါတယ်။ တိုက်ခိုက်မှုလုပ်မယ့်ဖိုင်ကို ဧပြီလမှာ ထည့်သွင်းခဲ့ပြီး ၂၀၁၇ ခုနှစ် မလေ ၂၄ ရက်နေ့ မနက် ၁၂ နာရီ ၁၃ မိနစ်မှာ သတင်းအမှားတွေ ဖြန့်ခဲ့တယ်လို့ အဖွဲ့က အတည်ပြုခဲ့ပါတယ်” ဟု ကာတာပြည်ထဲရေးဝန်ကြီးဌာန၏ အဆိုပါကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုဆိုက်ဘာတိုက်ခိုက်မှုကို စုံစမ်းဖော်ထုတ်ရန်အတွက် အမေရိကန် FBI မှ အဖွဲ့တစ်ခုလည်း ဒိုဟာကို ရောက်ရှိကာ ကာတာအစိုးရကို ကူညီနေသည်။

    စုံစမ်းစစ်ဆေးမှုပြီးဆုံးပါက ရလဒ် အပြည့်အစုံကို ကြေငြာမည်ဟု ပြောကြားခဲ့သော်လည်း အချိန်အတိအကျကို ၀န်ကြီးဌာနက ထုတ်ဖော်ပြောဆိုခြင်း မရှိချေ။

    Ref: Aljazeera

  • ယူကေရွေးကောက်ပွဲ မကြာခင်စမည်

    ယူကေရွေးကောက်ပွဲ မကြာခင်စမည်

    ဇွန် ၈၊ ၂၀၁၇
    M-Media

    – ယူကေမှာ ဇွန်လ ၈ ရက်နေ့ ဗြိတိသျှစံတော်ချိန် မနက် ၇ နာရီမှာ အထွေထွေရွေးကောက်ပွဲကြီး စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။

    နိုင်ငံတစ်ဝှမ်း မဲရုံပေါင်း ၄ သောင်းမှာ လွှတ်တော်အမတ် ၆၅၀ အတွက် မဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၆.၉ သန်းလောက်က မဲပေးကြမှာ ဖြစ်ပါတယ်။ လက်ရှိမှာ စာတိုက်ကနေတစ်ဆင့် ကြိုတင်မဲတွေလည်း ရောက်ရှိနေပြီဖြစ်ပါတယ်။

    ၂၀၁၅ ခုနှစ် အထွေထွေရေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူပေါင်း ၄၆.၄ သန်းရှိခဲ့ပြီး ကြိုတင်မဲက စုစုပေါင်း မဲအရေအတွက်ရဲ့ ၁၆.၄ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ လွှတ်တော်အမတ် ၆၅၀ မှာ ကွန်ဆာဗေးတစ်က ၃၃၁ နေရာ ၆၆.၄ ရာခိုင်နှုန်း ရရှိခဲ့ကာ ၂၀၁၀ ထက် မြင့်လာတာပါ။

    လတ်တလော အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ထားတာကြောင့် ရွေးကောက်ပွဲကျင်းပနေချိန်အတွင်း လုံခြုံရေးကို တိုးမြှင့်ထားပါတယ်။

    မဲရုံပိတ်ချိန်က ည ၁၀ နာရီဖြစ်ပြီး သောကြာနေ့ နေ့လယ်ပိုင်းလောက်မှာ ရလဒ်ကို အပြည့်အ၀ ကြေငြာနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

    အောက်လွတ်တော်မှာ ပါတီတစ်ခုတည်း ကြီးစိုးနိုင်ဖို့အတွက် ၃၂၆ နေရာ အနိုင်ရဖို့လိုပါတယ်။

    လက်ရှိအချိန် စစ်တမ်းကောက်ယူမှုတွေရ လက်ရှိဝန်ကြီးချုပ် ထရီဇာမေရဲ့ ကွန်ဆာဗေးတစ်ပါတီနဲ့ အတိုက်အခံ လေဘာပါတီတို့ဟာ မတိမ်းမယိမ်းရှိနေပါတယ်။

    Ref: BBC

  • Apple ၏ ထိပ်တန်းဆုတစ်ခုကို စင်ကာပူဆော့ဖ်ဝဲကုမ္ပဏီ ရရှိ

    Apple ၏ ထိပ်တန်းဆုတစ်ခုကို စင်ကာပူဆော့ဖ်ဝဲကုမ္ပဏီ ရရှိ

    ဇွန် ၈၊ ၂၀၁၇
    M-Media

    Clean Shaven Apps ကို တည်ထောင်သူများမှ တစ်ဦးဖြစ်သူ Muh Hon Cheng

    – iOS သုံး အက်ပလီကေးရှင်းများအတွက် Apple က ချီးမြှင့်သော Apple Design Awards ဆုကို ရရှိသူများတွင် စင်ကာပူအခြေစိုက် Clean Shaven Apps ဆော့ဖ်ဝဲကုမ္ပဏီလည်း ပါဝင်ခဲ့ပြီး Elk ငွေလဲလှယ်မှုနှုန်း တွက်ချက်ပေးသည့် အက်ပလီ ကေးရှင်းဖြင့် ဆွတ်ခူးသွားခြင်းဖြစ်သည်။

    သြဇာကြီးမားသည့် အဆိုပါဆုကို စင်ကာပူနှင့် အရှေ့တောင်အာရှအခြေစိုက် ဆော့ဖ်ဝဲလုပ်ငန်းတစ်ခုက ပထမဆုံး ရရှိခြင်းလည်းဖြစ်သည်။

    Clean Shaven Apps မှာ ယခုနှစ် Apple Design Awards ဆုအတွက် ကမ္ဘာတစ်ဝှမ်းမှ ရွေးချယ်ခံရသော ဆော့ဖ်ဝဲကုမ္ပဏီ ၁၀ ခုတွင် တစ်ခုအပါအ၀င် ဖြစ်သည်။ ဆုကြေငြာမှုနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ဆန်ဂျိုးစ်ရှိ Apple’s Worldwide Developer Conference တွင် ကျင်းပခဲ့သည်။

    အဆိုပါဆုအတွက် ကုမ္ပဏီမည်မျှ ၀င်ရောက်ယှဉ်ပြိုင်သည်ကို Apple က ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

    ထိုဆုကို ၁၉၉၇ ခုနှစ်ကတည်းက ချီးမြှင့်လာခဲ့ခြင်းဖြစ်ပြီး Macintosh နှင့် iOS တို့အတွက် လွတ်လပ်သော ကုမ္ပဏီများက တီထွင်ထုတ်လုပ်သည့် Software နှင့် Hardware များမှ အကောင်းဆုံးနှင့် တီထွင်ဆန်းစစ်မှုအရှိဆုံးကို ရွေးချယ်ခြင်းဖြစ်သည်။

    Clean Shaven Apps ဆော့ဖ်ဝဲကုမ္ပဏီကို မလေးရှားတွင်မွေးဖွားပြီး စင်ကာပူတွင် အမြဲတမ်းနေထိုင်ခွင့်ဖြင့် နေထိုင်နေသည့် အသက် ၃၆ နှစ်အရွယ် Muh Hon Cheng နှင့် စင်ကာပူနိုင်ငံသား အသက် ၃၁ နှစ်အရွယ် Lin Junjie တို့က ၂၀၁၅ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

    Apple Design Awards ဆုကို မစ္စတာ Muh က လက်ခံရယူခဲ့သည်။

    “ဆုပေးပွဲတက်တိုင်း ကျွန်တော့်နာမည်များခေါ်မလားဆိုပြီး မျှော်လင့်ခဲ့တာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆုရရှိခဲ့သည့် Elk အက်ပလီကေးရှင်းမှာ ငွေကြေးလဲလှယ်မှုနှုန်းကို အချိန်နှင့်တစ်ပြေးညီ တွက်ချက်ပေးသည့် ဆော့ဖ်ဝဲဖြစ်သည်။

    Ref: Straits Times