News @ M-Media

Blog

  • ဖိလစ်ပိုင်တွင် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးက ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်ထုတ်

    ဖိလစ်ပိုင်တွင် အစ္စလာမ့်ဓမ္မပညာရှင်တစ်ဦးက ခရစ်ယာန် ၆၀ ကျော်ကို IS လက်မှ ကယ်ထုတ်

    ဇွန် ၅၊ ၂၀၁၇
    M-Media

    ခရစ်ယာန် ၆၄ ဦးကို IS လက်မှ ကယ်ထုတ်ခဲ့သည့် အစ္စလာမ့်ဓမ္မပညာရှင် နူရ် လူစ်မန်

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းက မာရာဝီမြို့မှာ အစိုးရတပ်ဖွဲ့တွေနဲ့ IS အကြမ်းဖက်သမားတွေအကြား တိုက်ခိုက်မှုတွေအတွင်း ဒေသတွင်းက ဘာသာမတူသူတွေဟာ အချင်းချင်း ဖေးမကူညီနေကြပါတယ်။

    စနေနေ့မှာ မာရာဝီမြို့ကနေ ကလေးငယ် ၅၀ နီးပါအ၀င် လူပေါင်း ၁၆၀ ကျော်လောက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ စစ်တပ်က ပြောကြားခဲ့ပါတယ်။ တိုက်ပွဲတွေကြောင်း သေဆုံးသူဟာ အရပ်သား ၂၀၊ စစ်သား ၃၈ ဦးနဲ့ အကြမ်းဖက်သမား ၁၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာတော့ မရာဝီမြို့ဟာ တိုက်ပွဲဇုန်ဖြစ်နေပြီး အစိုးရကလည်း လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။

    အရပ်သားတွေကို ကယ်ထုတ်ဖို့ စနေနေ့က အပစ်ရပ်မှုအပြီးမှာ အစိုးရ တိုက်လေယာဉ်တွေဟာ မြို့လယ်ကောင်ကို ဗုံးတွေ ကြဲချခဲ့ပါတယ်။

    “ရဟတ်ယာဉ်က ကျွန်တော်တို့ကို ပစ်လိုက်မလား၊ ဂျီဟတ်ဝါဒီတွေက ကျွန်တော်တို့ သတ်လိုက်မလားဆိုပြီး စိုးရိမ်နေရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။

    ဒီတစ်ပတ်အတွင်း လွတ်မြောက်လာတဲ့ သူတွေထဲမှာ အစ္စလာမ့်ရေးရာ စာရေးဆရာတစ်ဦးဖြစ်ပြီး နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်တဲ့ နူရ် လူစ်မန်လည်း ပါဝင်ခဲ့ပါတယ်။ သူဟာ ဆော်ဒီမှာ အိုစမာဘင်လာဒင်နဲ့အတူ ပညာသင်ဖူးပြီး မာရာဝီမြို့က ခရစ်ယာန်တွေကို သူ့အိမ်မှာဖွက်ထားကာ၊ အကြမ်းဖက်သမားတွေကို လှည်
့ဖျားပြီး ကယ်ထုတ်လာခဲ့တဲ့ အကြောင်းကို ဖွင့်ဟခဲ့ပါတယ်။

    တိုက်ခိုက်မှုတွေမဖြစ်ပွားခင် သူ့အိမ်နားမှာ ခရစ်ယာန် ဆောက်လုပ်ရေးလုပ်သားတွေ အလုပ်လုပ်ကိုင်နေကြပြီး၊ အဲဒီလူတွေက ‘မြို့ထဲကနေ အပြင်ထွက်လို့မရတာကြောင့် သူတို့ကို ကာကွယ်ဖို့ဟာ ကျွန်တော့်တာဝန် ဖြစ်လာတယ်’ လို့ လူစ်မန်က ဆိုပါတယ်။

    “တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်နေ့တွေမှာ ခရစ်ယာန်အလုပ်သမားတွေက ကျွန်တော့်အိမ်မှာ လာပုန်းနေကြပါတယ်။ ၆၄ ယောက်ရှိပါတယ်။ သူတို့ကို ဘာမှမဖြစ်အောင် စောင့်ရှောက်ဖို့ ကျွန်တော် ဆုံးဖြတ်ထားတယ်” လို့ လူစ်မန်က ပြောကြားခဲ့ပြီး ဒီလူတွေကိုကယ်တင်ရေး သူ့ရဲ့အသက်ကို အသေခံဖို့အထိ တွေး
    ထားတယ်လို့ ဆိုပါတယ်။

    “IS တွေလာတဲ့အခါမှာ သူတို့ ကျွန်တော့်ကို မှတ်မိသွားတယ်။ သူတို့ကို ထွက်သွားဖို့ပြောတော့ ကျွန်တော့်ကို လေးစားတာကြောင့် ထွက်သွားကြတယ်။ ကျွန်တော် ခရစ်ယာန်တွေကို ဖွက်ထားတယ်ဆိုတာ သူတို့ မသိပါဘူး။ ခရစ်ယာန်တွေ ကျွန်တော့်အိမ်မှာ ရှိနေတယ်ဆိုတာသိရင် သူတို့ အားလုံးကို ခေါင်းဖြတ်သတ်လို
    က်ကြမှာ”

    အစားအသောက်တွေ ပြတ်လတ်လာပြီ စစ်တပ်ကလည်း တစ်မြို့လုံးကို ဗုံးကြဲတော့မယ်လို့ ကြားတဲ့အခါ လူစ်မန်က ဒီခရစ်ယာန်တွေနဲ့အတူ မြို့ထဲကနေထွက်ဖို့ ကြိုးစားခဲ့ပါတယ်။

    “ဒီလူတွေကို အိမ်ထဲကနေ ခေါ်ထုတ်မသွားဘူးဆိုရင် အစာငတ်ပြီး သေသွားလိမ့်မယ်လို့ ကျွန်တော်တွေးတယ်။ ဒါ့ကြောင့် ဘာပဲဖြစ်ဖြစ် ထွက်လာဖို့ ကြိုးစားခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ စနိုက်ပါသမားတွေလည်း အများကြီးပဲ။ ဒီလူတွေဟာ ခရစ်ယာန်လား၊ မွတ်စလင်လားဆိုပြီး သူတို့ မမေးပါစေနဲ့လို့ ကျွန်တော်တို့ ဆုတောင်းလာရပါတယ်” လို့ လူစ်မန်က ပြောကြားခဲ့ပြီး ‘ကုရ်အာန်ဖတ်ခိုင်းလို့ မဖတ်တတ်ဘူးဆိုရင် သူတို့ သတ်ပစ်မှာ’ လို့လည်း ဆိုပါတယ်။

    လက်ရှိ မာရာဝီမြို့မှာ လူပေါင်း ၂၀၀၀ ကျော်လောက် ပိတ်မိနေပြီး အကြမ်းဖက်သမား ၂၅၀ လောက်က မြို့ကို စီးထားပါတယ်။

    စစ်တပ်ကလည်း ထိုးစစ်ဆင်ဖို့အခြေအနေရှိနေပြီး အကြမ်းဖက်သမားတွေဟာ ဖိလစ်ပိုင်ဒေသခံတွေအပြင် ဆော်ဒီ၊ ပါကစ္စတန်၊ ချေချင်းညာနဲ့ မော်ရိုကိုတို့ကလူတွေလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

    Ref: RT

  • ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ စင်ကာပူမွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    ဗြိတိန်တော်ဝင်မင်းသားဟယ်ရီ စင်ကာပူမွတ်စလင်များနှင့် စုပေါင်း ၀ါဖြေ

    ဇွန် ၄၊ ၂၀၁၇
    M-Media

    စင်ကာပူ မွတ်စလင်များနှင့် စုပေါင်းဝါဖြေနေသည့် မင်းသားဟယ်ရီ

    – ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီဟာ အလည်အပတ်ခရီးစဉ်အဖြစ် ဒီနေ့မှာ စင်ကာပူနိုင်ငံကို ရောက်ရှိလာခဲ့ပြီး မလေးလူမျိုး အစ္စလာမ်ဘာသာဝင်တွေရဲ့ စုပေါင်း အစ်ဖ်သာရ် ၀ါဖြေပွဲမှာ ပါဝင်ခဲ့ပါတယ်။

    စင်ကာပူ မွတ်စလင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Jamiyah Singapore ရဲ့ Guillemard Crescent ရပ်ကွက်က ရုံးချုပ်ကို လာရောက်ခဲ့တာဖြစ်ပြီး မလေးလူမျိုးတွေရဲ့ ရိုးရာ အတီးအမှုတ်တွေနဲ့ ကြိုဆိုခဲ့ပါတယ်။

    မင်းသားကို စင်ကာပူက ဆီလတ်ကိုယ်ခံပညာ ကမ္ဘာ့ချန်ပီယံဟောင်း ရှိခ် အလူဒင် ယာကွဘ်က ဦးဆောင်ကာ ခေါ်ဆောင်လာတာဖြစ်ပြီး ကြိုဆိုမှုမှာ ဆီလတ်ကိုယ်ခံပညာနဲ့ အလှပြကစားမှုလည်း ပါဝင်ခဲ့ပါတယ်။

    နေ၀င်သွားချိန်မှာတော့ မင်းသားဟာ မွတ်စလင်လူငယ် ၈၀ နဲ့ အစ်ဖ်သာရ် ၀ါဖြေပွဲမှာ ပါဝင်စားသောက်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ မွတ်စလင်ငယ်တွေနဲ့ တစ်ဝိုင်းချင်း သွားရောက်တွေ့ဆုံကာ ရမ်ဇာန်ဥပုသ်လနဲ့ပတ်သက်လို့ စကားစမြည် ပြောဆိုခဲ့ပါတယ်။

    “ရမ်ဇာန်ဥပုသ်လဟာ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ရတဲ့လပါ။ မိသားစုတွေ၊ မိတ်ဆွေတွေကို အချိန်ပေးတာမျိုး၊ ကိုယ့်ထက်နိမ့်ပါးသူတွေကို ကူညီထောက်ပံ့တာမျိုးလည်း လုပ်ရပါတယ်။ အစ်ဖ်သာရ်ဝါဖြေပွဲမှာ မင်းသားဟယ်ရီ ပါဝင်လာတဲ့အတွက်၊ Jamiyah Singapore အဖွဲ့က အစိတ်အပိုင်းတွေဖြစ်တဲ့ လူငယ်တွေနဲ့
    တွေ့ဆုံတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်” လို့ Jamiyah Singapore ဥက္ကဌ ဒေါက်တာ မိုဟာမက် ဟက်စ်ဘီ အဘူ ဘာကာရ်က ပြောကြားခဲ့ပါတယ်။

    ဒီနေ့မနက်ပိုင်းကလည်း မင်းသား Action for AIDS အခမ်းအနားကို သွားရောက်ခဲ့ပြီး စင်ကာပူနိုင်ငံက အိခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ်ပြဿနာအကြောင်းကို လေ့လာခဲ့ပါတယ်။

    Ref: CNA

  • မနီလာ ကာဆီနိုရုံတိုက်ခိုက်သူမှာ အကြမ်းဖက်သမားမဟုတ်ဟု ဖိလစ်ပိုင် ထုတ်ပြန်

    မနီလာ ကာဆီနိုရုံတိုက်ခိုက်သူမှာ အကြမ်းဖက်သမားမဟုတ်ဟု ဖိလစ်ပိုင် ထုတ်ပြန်

    ဇွန် ၄၊ ၂၀၁၇
    M-Media

    ကာဆီနိုရုံကို ၀င်ရောက်တိုက်ခိုက်ခဲ့သည့် ဂျက်ဆီ ဂျာဗီယာ ကားလို့စ်

    – သောကြာနေ့က မြို့တော် မနီလာရှိ ကာဆီနိုရုံအား ၀င်ရောက်ပစ်ခတ်မီးရှို့သူမှာ အကြမ်းဖက်သမားမဟုတ်ဘဲ အကြွေးပတ်လည်ဝိုင်းနေသည့် လောင်းကစားသမားဖြစ်သည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    ကာဆီနိုရုံ မီးလောင်မှုကြောင့် မီးခိုးမွှန်ကာ လူပေါင်း ၃၆ ဦးထက်မနည်း သေဆုံးခဲ့သည့် အဆိုပါ အဖြစ်အပျက်ကို မိမိတို့၏ တပ်ဖွဲ့ဝင်တစ်ဦးက လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ကြေငြာခဲ့သည်။

    သို့သော်လည်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က တိုက်ခိုက်သူမှာ လောင်းကစားကြွေး အမြောက်အများရှိနေသည့် ဂျက်ဆီ ဂျာဗီယာ ကားလို့စ်ဆိုသူဖြစ်ပြီး အကြမ်းဖက်သမားမဟုတ်ကြောင်း၊ ၎င်းမှာ တစ်ဦးတည်း တိုက်ခိုက်ခြင်းဖြစ်သည်ဟု ယုံကြည်ရကြောင်း ယနေ့တွင် ထုတ်ပြန်ခဲ့သည်။

    တိုက်ခိုက်မှုဖြစ်ပွားအပြီး နာရီအနည်းငယ်အကြာတွင် ကားလို့စ်ကို သေဆုံးလျက် တွေ့ရှိခဲ့ရသည်။

    “သူ့မိသားစုက သူဟာ ကာဆီနိုလောက်ကစားကို စွဲလွန်းတာကြောင့် အကြွေးပတ်လည်ဝိုင်းနေတယ်လို့ ပြောပါတယ်” ဟု ရဲတပ်ဖွဲ့ အကြီးအကဲ မစ္စတာ အလ်ဘာယာလ်ဒီက ပြောကြားခဲ့သည်။

    ကားလို့စ်မှာ Resorts World Casino ရုံသို့ ၀င်ရောက်ကာ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီးနောက်ပိုင်းမှာ ကာဆီနိုစက်များအား မီးရှို့ခဲ့သည်။

    ထို့နောက် ကန်ဒေါ်လာ ၂.၃ သန်း တန်ဖိုးရှိ ကာဆီနိုအ၀ိုင်းပြားများကို ကျောပိုးအိတ်ထဲ ထည့်ကာ အဆောက်အဦး၏ ဟိုတယ်ဇုန်ထဲသို့ သွားကာ အခန်းတစ်ခုထဲ ၀င်ရောက်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ကားလို့စ်မှာ ၎င်းကိုယ်ကို မီးရှို့သတ်သေခဲ့သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်စဉ် လူအုပ်တိုးမှုကြောင့် အီတလီတွင် လူ ၁၀၀၀ ခန့် ဒဏ်ရာရ

    ချန်ပီယံလိဂ်ဗိုလ်လုပွဲကြည့်စဉ် လူအုပ်တိုးမှုကြောင့် အီတလီတွင် လူ ၁၀၀၀ ခန့် ဒဏ်ရာရ

    ဇွန် ၄၊ ၂၀၁၇
    M-Media

    – ဂျူဗင်တပ်စ်အသင်း အခြေစိုက်ရာ တူရင်မြို့တွင် ဘောလုံးပွဲကြည့်သည့် လူအုပ်ကြီး ကြောက်လန့်တကြား တိုးဝှေ့မှုကြာင့် လူ ၁၀၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    ယနေ့မနက် ရီးယဲလ်မက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့၏ ချန်ပီယံလိဂ်ပွဲစဉ်ကို ဂျူဗင်တပ်စ် ပရိတ်သတ်များက Piazza San Carlo ရင်ပြင်တွင် စုပေါင်းကြည့်ရှုနေစဉ် ဒုတိယပိုင်း ပြီးကာနီး ၁၀ မိနစ်အလို၌ မီးရှူးမီးပန်း ဖောက်သည်ကို ဗုံးကွဲသည်ဆိုသည့် ကောလဟာလသတင်းကြောင့် လူများ အော်ဟစ်ကာ တိုးဝှေ့ထွက်ရာမှ ထိုကဲ့သို့ ထိခိုက်နာကျင်ခဲ့ခြင်းဖြစ်သည်။

    တိုးဝှေ့ထွက်စဉ် ရင်ပြင်ကို ကာထားသည့် အဆီးအတားများတွင် ညပ်မိခြင်း၊ လူအုပ်ကြားထဲတွင် ညပ်မိခြင်းကြောင့် လူ ၁၀၀၀ ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် ၂ ဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရသည်။

    ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက်ပိုင်း ရင်ပြင်တွင် ဖိနပ်များ၊ အိတ်များ ပုံနေသည်ကို တွေ့ရသည်။

    ဂျူဗင်တပ်စ်အသင်းသမိုင်းတွင် ၁၉၈၅ ခုနှစ်က ဟေဆယ်ကွင်း၌ ဥရောပဖလား ဗိုလ်လုပွဲအဖြစ် လီဗာပူးလ်အသင်းနှင့် မကစားမီ နံရံပြိုကျမှုကြောင့် အီတလီပရိတ်သတ် အများစုအပါအ၀င် လူပေါင်း ၃၉ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ်ဆိုးတစ်ခု ရှိနေသည်။

    Ref: BBC

  • အရှေ့တောင်အာရှက IS ရဲ့ သားကောင်အသစ် (သို့မဟုတ်) ဖိလစ်ပိုင်မွတ်စလင်များ

    အရှေ့တောင်အာရှက IS ရဲ့ သားကောင်အသစ် (သို့မဟုတ်) ဖိလစ်ပိုင်မွတ်စလင်များ

    ဇွန် ၄၊ ၂၀၁၇
    M-Media

    IS ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဖိလစ်ပိုင် မွတ်စလင်များ

     

    – ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း မြို့တစ်မြို့မှာ ပြင်းထန်တဲ့ တိုက်ပွဲတွေကြား ပိတ်မိနေခဲ့တဲ့ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေဟာ စနေနေ့က အစိုးရစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ တိုက်ခိုက်ရေးသမားတွေရဲ့ရန်ကနေ လွတ်အောင်ရှောင်ပြီး ဘေးကင်းရာနေရာကို ရောက်သွားခဲ့ပါတယ်။ ဒါပေမယ့် လူ ၂၀၀၀ လော
    က်တော့ ဆိုးရွားတဲ့ အခြေအနေမျိုးမှာ ဆက်လက် ပိတ်မိနေဆဲပါ။

    IS အကြမ်းဖက်အဖွဲ့နဲ့ အဆက်အသွယ်ရှိတဲ့ တိုက်ခိုက်ရေးသမားတွေ ထိန်းချုပ်ထားတဲ့ မာရာဝီမြို့ရဲ့ တစ်နေရာမှာ ပုန်းအောင်ပြီး ထွက်ပြေးလာရတဲ့ လူ ၃၈ ယောက်က အရပ်သားတွေ အန္တရာယ်ကင်းစွာ ဖြတ်သန်းဖို့အတွက် စစ်တပ်ဟာ အဓိက တံတားတစ်ခုကို သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    မင်ဒါနာအိုကျွန်းက မာရာဝီမြိုမှာဖြစ်ပွားနေတဲ့ တိုက်ပွဲဟာ လွန်ခဲ့တဲ့ ၂ ပတ်နီးပါးလောက် စတင်ခဲ့တာဖြစ်ပြီး၊ သမ္မတ ဒူတာတေးက နိုင်ငံတောင်ပိုင်းတစ်ခုလုံးကို စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ခဲ့ပါတယ်။

    “သေနတ်သံတွေ၊ ပေါက်ကွဲသံတွေ ကြားရင် ညတိုင်း မှောင်မှောင်မဲမဲထဲ ကြမ်းပြင်မှာ ၀ပ်နေရပါတယ်။ တံခါးတွေကို ပရိဘောဂတွေ၊ ရေခဲသေတ္တာတွေနဲ့ ပိတ်ထားရတယ်” လို့ အသက် ၂၇ နှစ်အရွယ် အထက်တန်းပြဆရာမ ဂျီရိုနာ ဆီဒရုမ်းက ပြောကြားခဲ့ပါတယ်။

    “IS တွေက အိမ်ထဲကနေ အတင်းဖြတ်ဖို့လုပ်တယ်။ ဒုတိယအကြိမ်မှာတော့ ကျွန်မတို့ဟာ အိမ်အောက်က လှိုဏ်ခေါင်းထဲမှာ ပုန်းနေရပါတယ်”

    တိုက်ပွဲကြောင့် သေဆုံးသူအရေအတွက်ဟာ အနည်းဆုံး ၁၇၅ ဦး ရှိလာခဲ့ပြီး အများစုက တိုက်ခိုက်ရေးသမားတွေဖြစ်ကာ၊ စစ်သားနည်းနည်း၊ ဒါဇင်နဲ့ချီတဲ့ အရပ်သားတွေ ပါဝင်ပါတယ်။

    လူပေါင်း ၂ သိန်းလောက်နေထိုင်ပြီး မွတ်စလင်အများစုရှိရာ ဒီ မာရာဝီမြို့ကို သေနတ်သမားတွေက မေလ ၂၃ ရက်နေ့မှာ ၀င်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး၊ အစိုးရတပ်ဖွဲ့က သူတို့ရဲ့ခေါင်းဆောင် အစ္စနီလွန် ဟာပီလွန်ကို ဖမ်းဆီးဖို့ ကြိုးစားခဲ့ပြီးတဲ့နောက်ပိုင်း ပေါ်ထွက်လာတာ ဖြစ်ပါတယ်။

    မာရာဝီမြို့လယ်ကောင်ကို သေနတ်သမား ၅၀ က ၂ ပတ်နီးပါးလောက် သိမ်းထားခဲ့ပြီး ခရစ်ယာန်ကသလစ်ဘုန်းတော်ကြီး တစ်ဦးအပါအ၀င် ဓားစားခံ အနည်းဆုံး ၁၅ ယောက်လောက်ကို နောက်ပိုင်းမှာ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက တစ်ချို့ကို လူသားတံတိုင်းအဖြစ် အသုံးပြုတယ်လို့ ဖိလစ်ပိုင်စစ်တပ်က
    ပြောကြားခဲ့ပါတယ်။

    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စိုးရိမ်မှုများ

    မွတ်စလင်အများစုရှိရာ မာရာဝီမြို့က ထောင်နဲ့ချီတဲ့လူတွေဟာ ထွက်ပြေးခဲ့ရပြီး အာဏာပိုင်တွေကတော့ မြို့ထဲမှာ လူ ၂၀၀၀ လောက် ပိတ်မိနေတယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ အများစုကတော့ သေနတ်သမားတွေ ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ဖြစ်ပါတယ်။ အဲဒီ ပိတ်မိသူတွေဟာ အစားအသော
    က်၊ ရေတွေ ရရှိပုံမပေါ်ဘဲ၊ အချို့တွေက ဒဏ်ရာရတာတွေ၊ နေမကောင်းဖြစ်နေတာတွေ ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေကတော့ သူတို့ရဲ့ စစ်ဆင်ရေးကို တိုးမြှင့်ပြုလုပ်နေပါတယ်။

    “အာဏာပိုင်တွေက လွတ်မြောက်လာသူ ရုတ်တရက်မြင့်တက်လာမှုကို အလျင်မီအောင်လုပ်နေရချိန် အစားအစာ၊ သန့်ရှင်းတဲ့ရေ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ တစ်ကိုယ်ရေသန့်ရှင်းရေးလိုအပ်ချက်တွေဟာ မြင့်တက်လာနေပါတယ်” လို့ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။

    “မာရာဝီ တိုက်ပွဲတွေကနေ လွတ်မြောက်အောင် ကြိုးစားကြတဲ့သူတွေမှာ သွားဖို့လာဖို့ စီးစရာ မရှိပါဘူး။ လုံခြုံရေးမြှင့်ထားတာကြောင့် အများပြည်သူသုံး ယာဉ်တွေ မြို့ထဲသွားတာကို ပိတ်ထားပါတယ်” လို့ ကြက်ခြေနီအဖွဲ့က ထည့်သွင်းပြောဆိုခဲ့ပြီး NGO တွေကို မှီခိုနေရသူတွေကတော့ မြို့ကနေ ထွက်သွားနိုင်မယ်လို့ ဆု
ိပါတယ်။

    ဖိလစ်ပိုင်စစ်တပ်က လေကြောင်းကနေ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာ၊ ဗုံးချတာတွေ လုပ်နေတယ်လို့ ဆိုပြီး၊ မြေပြင်တပ်ဖွဲ့တွေကလည်း စနိုက်ပါတွေ၊ လက်လုပ်ဗုံးတွေ၊ တင့်ဖျက်ဒုံးကျည်တွေကို ရှောင်ရှားကာ ရှင်းလင်းရေးတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

    တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အချိန် စနေနေ့က အနည်းဆုံး လူ ၇၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အဲဒီအထဲမှာ Dansalan ကောလိပ်က ဆရာ၊ ဆရာမှ ၂၃ ယောက်၊ အသက် ၁ နှစ်အရွယ် ကလေးငယ်တစ်ယောက်၊ အခြား ကလေးငယ် ၇ ယောက်နဲ့ အရွယ်ရောက်ပြီးသူ ၇ ယောက်တို့ ပါဝင်ပါတယ်။

    တိုက်ပွဲပထမနေ့မှာပဲ သေနတ်သမားတွေဟာ ကောလိပ်ကို မီးရှို့ခဲ့ပြီး၊ သူတို့ပုန်းနေတဲ့ အိမ်တစ်ဝိုက်က အိမ်တော်တော်များများကို ဗုံးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်ဖျက်ဆီးခဲ့တယ်လို့ ဆရာတွေက ပြောကြားခဲ့ပါတယ်။

    အဲဒီကောလိပ်ဟာ ခရစ်ယာန် ကက်သလစ်အသင်းတော်ရဲ့ ကြီးကြပ်မှုနဲ့ ကက်သလစ်ဘုန်းကြီးတစ်ပါးက အုပ်ချုပ်နေတာဖြစ်ပြီး ဆရာ၊ ဆရာမတွေအားလုံးက ခရစ်ယာန်တွေဖြစ်ပါတယ်။

    အဲဒီ ဆရာ၊ ဆရာမတွေဟာ အစိုးရ ကယ်ဆယ်ရေးသမားတွေနဲ့ ဖုန်းမက်ဆေ့ခ်ျ လျှို့ဝှက်ဆက်သွယ်မှုကနေ လွတ်မြောက်လာတာဖြစ်ပါတယ်။

    ရေခဲမုန့်စက်ရုံ အလုပ်သမား အသက် ၂၈ နှစ်အရွယ် အာနိုး ဘာလိုက သူ့အနေနဲ့ တစ်ဖက်မှာ ကလေးငယ်ကိုချီပြီး တစ်ဖက်မှာ မီတာဝက်လောက်ရှည်တဲ့ ဓားတစ်ချောင်းကို ကိုင်ကာ ပြေးလာခဲ့ရတယ်လို့ဆိုပါတယ်။

    အဲဒီအချိန်မှာ အဆောက်အဦးတစ်ခုပေါ်က သေနတ်သမားတစ်ယောက်ဟာ သူ့ထံကို စနိုက်ပါချိန်ပြီး ဓားချဖို့ အမိန့်ပေးခဲ့ပါတယ်။

    “ခင်ဗျားခိုင်းတဲ့အတိုင်း လုပ်ပါ့မယ်ဗျာ။ ကျွန်တော်တို့ကို မသတ်ပါနဲ့” လို့ ဘာလိုက သေနတ်သမားကို ပြောကြားခဲ့ပါတယ်။ အဲဒီနောက် သူဟာ ဓားရှည်ကို အောက်ချလိုက်ပြီး သေနတ်သမားကလည်း သူတို့အုပ်စုကို သွားခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

    IS ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဖိလစ်ပိုင် မွတ်စလင်များ
    IS ရန်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသည့် ဖိလစ်ပိုင် မွတ်စလင်များ

    Ref : Aljazeera