News @ M-Media
Blog
  • ကမ္ဘာ့ဖလားပြိုင်ပွဲကို ဈေးကြီးပေးသူအား မရောင်းသင့်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပြော
    ကမ္ဘာ့ဖလားပြိုင်ပွဲကို ဈေးကြီးပေးသူအား မရောင်းသင့်ဟု ယူအီးအက်ဖ်အေ ဥက္ကဌ ပြော
    ဇွန် ၃၊ ၂၀၁၇
    M-Media
    ၁၉၆၆ ခုနှစ် အင်္ဂလန်အသင်း ကမ္ဘာ့ဖလား ရရှိစဉ်က
    – ၂၀၃၀ ခုနှစ် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေးအတွက် ဗြိတိန်၏ လျှောက်ထားမှုကို အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ပြီး ပြိုင်ပွဲအား ဈေးအများဆုံးပေးသူကို မရောင်းချသင့်သည်ဟု ဥရောပဘောလုံးအဖွဲ့ချုပ် ယူအီးအက်ဖ်အေ ဥက္ကဌ အလက်ဇန်းဒါး စီဖီရင်က ပြောကြားလိုက်သည်။
    ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို ဖီဖာ၏ အလှည့်ကျပေါ်လစီမှ ဖောက်ထွက်ကာ ကာတာနိုင်ငံအား ကျင်းပခွင့်ပေးခဲ့ပြီး၊ ယခုတစ်ပတ်တွင်လည်း တရုတ်မိုဘိုင်းဖုန်းထုတ်လုပ်ရေးကုမ္ပဏီ Vivo က ဖီဖာ၏ တတိယမြောက် တရုတ်စပွန်ဆာဖြစ်လာက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအား တရုတ်နိုင်ငံ၌ ကျင်းပခွင့်ရရေး အကြံပြုထားသည်။
    စီဖီရင်ကမူ စပွန်ဆာကြီးများကြောင့် စည်းမျဉ်းစည်းကမ်းများကို ပြောင်းလဲ၍မရဟု ဆိုသည်။
    “၂၀၃၀ ကမ္ဘာ့ဖလားဟာ ကျွန်တော်တို့ (ဥရောပက) ကျင်းပရမယ့်အချိန်ပါ။ ဥရောပ ဘယ်နိုင်ငံက လျှောက်ထားမလဲဆိုတာ ပြောလို့မရသေးပါဘူး။ ဒါပေမယ့် ပိုက်ဆံအများကြီးပေးတဲ့သူကို ကမ္ဘာ့လားပြိုင်ပွဲ ရောင်းလို့ မရပါဘူး” ဟု စီဖီရင်က ပြောကြားခဲ့သည်။
    ဖီဖာအား ငွေကြေးနှင့် တရုတ်က ချုပ်ကိုင်ထားမှုအကြောင်း မေးမြန်းရာတွင် မိမိအနေဖြင့် တရုတ်အကြောင်း မပြောလိုကြောင်း၊ အကောင်းဆုံး စီစဉ်ပေးနိုင်သူကို ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ပေးသင့်ကြောင်း၊ အင်္ဂလန် သို့မဟုတ် ဗြိတိန်အနေဖြင့် လျှောက်ထားမည်ဆိုလျှင် မိမိတို့က ကြိုဆိုသွားမည်ဖြစ်ကြောင်း ယူအီး
    အက်ဖ်အေ ဥက္ကဌက ထည့်သွင်းပြောဆိုခဲ့သည်။
    အင်္ဂလန်မှာ ၁၉၆၆ ခုနှစ်တွင် တစ်ကြိမ်သာ ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့် ရရှိခဲ့ပြီး ထိုပြိုင်ပွဲတွင် ၎င်းတို့၏ တစ်ခုတည်းသော ကမ္ဘာ့ဖလားကို ရရှိခဲ့သည်။
    Ref: BBC
  • ရီးယဲလ်မှာ သမိုင်း၏ အချိန်းအချက်ကာလကို ရောက်နေသည်ဟု ရာမို့စ်ပြော
    ရီးယဲလ်မှာ သမိုင်း၏ အချိန်းအချက်ကာလကို ရောက်နေသည်ဟု ရာမို့စ်ပြော
    ဇွန် ၃၊ ၂၀၁၇
    M-Media
    ရီးယဲလ်အင်း ယမန်နှစ် ချန်ပီယံလိဂ်ဖလား ရခဲ့စဉ်က
    – မိမိတို့မှာ ‘သမိုင်းနှင့် အချိန်းအချက်ကာလတစ်ခု’ ကို ရောက်ရှိနေပြီး ဂျူဗင်တပ်စ်နှင့် ယနေ့ညကစားမည့် ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် စိတ်လှုပ်ရှားနေသည်ဟု ရီးယဲလ်နောက်ခံလူ ဆာဂျီယို ရာမို့စ်က ပြောကြားလိုက်သည်။
    ဝေးလ်နိုင်ငံ ကာဒစ်ဖ်တွင် ကစားမည့် ထိုဗိုလ်လုပွဲတွင် ရီးယဲလ် အနိုင်ရပါက ချန်ပီယံလိဂ်ဟု အမည်ပြောင်းပြီးနောက်ပိုင်း ပထမဆုံး ၂ ကြိမ်ဆက်ချန်ပီယံဖြစ်သည့် အသင်းအဖြစ်လည်းကောင်း၊ ချန်ပီယံလိဂ်ကို ၁၂ ကြိမ်ရရှိသည့် အသင်းအဖြစ်လည်းကောင်း မှတ်တမ်းသစ် ရေးထိုးနိုင်မည်ဖြစ်သည်။
    “ကျွန်တော်တို့ ဒီလိုအခွင့်အလမ်းမျိုးကို ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ဒီလိုဖြစ်နေပါပြီ။ ဖလားကို အိမ်ပြန်သယ်သွားရမှာ သိပ်ကို အံ့သြဖွယ်ရာကောင်းတဲ့ အခွင့်အရေးတစ်ခုပါပဲ။ ပြီးရင်တော့ သမိုင်းက ကျွန်တော်တို့အတွက် စကားပြောပါလိမ့်မယ်။ ချန်ပီယံလိဂ်ဖလားကို ၂ ကြိမ်ဆက်ရဖို့အတွက် ကျွန်တော်တို့ တော်တော်လေး စိတ်လှုပ်ရှားနေပါတယ်” ဟု ရာမို့စ်က ပြောကြားခဲ့သည်။
    ရီးယဲလ်နည်းပြ ဇီဒန်းက ယနေ့ညပြိုင်ပွဲတွင် မည်သည့်အသင်းကမှ ရေပန်းစားခြင်းမရှိဘဲ နှစ်ဖက်စလုံး ၅၀-၅၀ သာဖြစ်ကြောင်း ပြောကြားခဲ့သည်။
    ဂျူဗီနှင့် ရီးယဲလ်တို့မှာ ၁၉၉၈ ခုနှစ် ချန်ပီယံလိဂ်ဖိုင်နယ်တွင် တွေ့ဆုံဖူးပြီး အမ်စတာဒမ်ကွင်းတွင် ရီးယဲလ်က ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
    “ကျွန်တော်တို့ပုံစံအတိုင်း ကစားသွားမှာပါ။ ကျွန်တော်တို့ဟာ ကြီးကျယ်တဲ့အသင်းတစ်သင်းကို ရင်ဆိုင်ရမှာဖြစ်ပြီး၊ ဘောလုံးကိုနှစ်သက်တဲ့ ဘယ်သူမဆို အင်မတန်ကောင်းတဲ့ ဖိုင်နယ်ပွဲကို ကြည့်ချင်ကြမှာပါပဲ။ ဒီလိုကြည့်ရမယ်လို့လည်း ကျွန်တော်ထင်ပါတယ်” ဟု ဇီဒိန်းက ပြောကြားခဲ့သည်။
    Ref : BBC
  • မြန်မာ-ဗာတီကန် ဆက်ဆံရေးက လူနည်းစုများကို အကူအညီဖြစ်မည်ဟု ကန် ကက်သလစ်ဘုန်းတော်ကြီးပြော
    မြန်မာ-ဗာတီကန် ဆက်ဆံရေးက လူနည်းစုများကို အကူအညီဖြစ်မည်ဟု ကန် ကက်သလစ်ဘုန်းတော်ကြီးပြော
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံနှင့် သံတမန်ဆက်ဆံရေးတည်ဆောက်ရန် ဗာတီကန်က ဆုံးဖြတ်လိုက်ခြင်းမှာ မြန်မာက ရိုဟင်ဂျာကဲ့သို့ နိုင်ငံအတွင်းရှိ လူနည်းစုများအပေါ် ဆက်ဆံမှုအား ပြောင်းလဲရန် အကူအညီ ဖြစ်နိုင်သည်ဟု အမေရိကန် ကက်သလစ်ဘုန်းတော်ကြီး ဖာသာ ဂျူလီယို ဂူလီယက်တီက ပြောကြားလိုက်သည်။
    ဖာသာ ဂျူလီယိုမှာ ရန်ကုန်ရှိ ကာဒီနယ် ချားလ်စ်မောင်ဘိုနှင့် ပူးပေါင်းကာ မြန်မာပြည်သူများအား ခေါင်းဆောင်မှု အရည်အချင်းများ သင်ကြားပို့ချနိုင်မည့် Myanmar Leadership Institute ပေါ်ပေါက်ရေး ဆောင်ရွက်နေသူလည်း ဖြစ်သည်။
    ဗာတီကန်၏ ထိုဆုံးဖြတ်ချက်က မြန်မာခေါင်းဆောင်များမှာ လူနည်းစု လူ့အဖွဲ့အစည်းများအပေါ် ပိုမိုကောင်းမွန်စွာဆက်ဆံရေး ဆောင်ရွက်ရန် ကတိပြုခဲ့မှုကို ပြသနေသည်ဟုလည်း ဖာသာ ဂျူလီယိုက မကြာသေးမီက ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။
    “Holy See နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ဆိုရင် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သူတို့ ပြောရမှာပါ။ ဒီလို ကျယ်ပြန့်တဲ့ဒေသတွေက အခြေအနေတွေ၊ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းဖို့အတွက် မြန်မာပြည်သူတွေကြားထဲမှာ တရားပြီး၊ သာတူညီမျှဖြစ်တဲ့၊ စာနာဖေးမလိုတဲ့ နားလည်မှုမျိုး ပိုပြီး ဖြစ်လာရမယ်ဆိုတဲ့ ရှင်းလင်းတဲ့ကတိမျိုး မပေးရင် ဒါမျိုးက ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ဖာသာဂျူလီယိုက ဆိုသည်။
    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှာ မေလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ရောမတွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံက သံတမန်ဆက်ဆံရေး တည်ဆောက်ရန် သဘောတူခဲ့သည်။
    ဂျပန်တွင် ၈ နှစ်၊ ဗီယက်နမ်တွင် ၆ နှစ် တာဝန်ထမ်းဆောင်ပြီး လွန်ခဲ့သည့် ၂ နှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည့် ဖာသာ ဂျူလီယိုက မြန်မာနိုင်ငံရှိ ခရစ်ယာန်ကက်သလစ်ဘာသာဝင်များမှာပင် အခြားသော လူနည်းစုများအပေါ် အမျဉ်ကျဉ်းမြောင်းမှုရှိကြောင်း၊ ကက်သလစ်ဘာသာဝင်အများစုမှာ ဘာသာတရားနှင့် ပတ်သက်၍ သင်ယူခွင့် မရရှိခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    “ဒီလို ပညာမသင်ရတာက သူတို့ရဲ့ ပျင်းရိမှုကြောင့် မဟုတ်ပါဘူး။ နှစ်ပေါင်း ၅၆ နှစ်လောက် ဘယ်သူကိုမှ တိုင်းပြည်ကနေ ထွက်ခွာခွင့် မပေးတာကြောင့်ပါ။ မြန်မာနိုင်ငံက ဘယ် ဘစ်ရှာ့မှ ဗာတီကန်ကောင်စီ အစည်းအဝေးကို မတက်ရဘူး။ စစ်တပ်က ၁၉၆၂ ခုနှစ် မတ်လမှာ အာဏာသိမ်းတယ်။ အောက်တိုဘာလမှာ
    ဗာတီကန် ဒုတိကောင်စီစတယ်။ ဘယ်သူမှ သွားခွင့်မရပါဘူး”
    ရန်ကုန်ရှိ ကက်သလစ်ဘုန်းတော်ကြီး ဆရာတော် ချားလ်စ်မောင်ဘိုအား ၂၀၁၅ ခုနှစ်တွင် ကာဒီနယ်အဖြစ် ပုပ်ရဟန်းမင်းကြီးက ခန့်အပ်မှုမှာ မြန်မာနိုင်ငံမှ ကက်သလစ်အသင်းတော်ကို ပို၍ ထင်ရှားသွားစေကြောင်းလည်း ဖာသာ ဂျူလီယိုက ပြောကြားခဲ့သည်။
    Ref: National Catholic Reporter
  • ဆော်ဒီမှ ကင်ဆာတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ် ကွယ်လွန်
    ဆော်ဒီမှ ကင်ဆာတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးငယ် ကွယ်လွန်
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – ဆော်ဒီအာရေဗျနိုင်ငံမှ ကင်ဆာရောဂါတိုက်ဖျက်ရေး တက်ကြွလှုပ်ရှားသူ ဟန်နာ အစ္စကန်ဒါမှာ ကြာသာပတေးနေ့က ဘုရင်အဘ်ဒူလ် အဇစ်တက္ကသိုလ် ဆေးရုံတွင် ကွယ်လွန်ခဲ့သည်ဟု သိရသည်။
    အသက် ၂၄ နှစ်အရွယ် ဟန်နာမှာ ကင်ဆာရောဂါသည်တစ်ဦးဖြစ်ပြီး နေမကောင်းသည့်ကြားမှ နိုင်ငံအတွင်း ကင်ဆာရောဂါတိုက်ဖျက်ရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူဖြစ်သည်။ သူမအား ဆုံးရှုံးမှုအတွက် ဆော်ဒီပြည်သူများက ဆိုရှယ်မီဒီယာတွင် ၀မ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြသည်။
    ဟန်နာမှာ ကင်ဆာရောဂါသည် အစ်ကိုဖြစ်သူ ဟမ်ဇာ အစ္စကန်ဒါ၏ ကင်ဆာတိုက်ဖျက်ရေး လှုပ်ရှားမှုကို ဆက်ခံခဲ့သူလည်းဖြစ်သည်။ ဟမ်ဇာမှာ လွန်ခဲ့သည့် ၄ လခန့်က ကွယ်လွန်သွားခဲ့သည်။ ဟမ်ဇာဆောင်ရွက်ခဲ့သည့် ကင်ဆာရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုများထဲမှ လူကြိုက်အများဆုံးမှာ I Fight Cancer With
    My Smile (ကျွန်တော့်ရဲ့အပြုံးနဲ့ ကင်ဆာကိုတိုက်ဖျက်မယ်) ဆိုသည့် အစီအစဉ်ဖြစ်သည်။
    အစ်ကိုဖြစ်သူ၏ ကင်ဆာရောဂါတိုက်ဖျက်ရေး လှုပ်ရှားမှုကို ဦးဆောင်ကာ ဆက်လက်ဆောင်ရွက်ခြင်းမှာ အစ်ကိုက ၎င်း၏ စံနမူနာယူစရာလူတစ်ဦး ဖြသည့်အတွက် ဖြစ်ကြောင်း၊ မိမိအနေဖြင့် ကင်ဆာရောဂါကို ကိုယ်စွမ်းကိုယ်စဖြင့် ကြံ့ကြံ့ခံနေသကဲ့သို့ အခြားသော ကင်ဆာဝေဒနာရှင်များကို ထိုသတ္တိမျိုးရရှိလာရေး တိုက်တွန်းအားပေးရန်ဖြစ်ကြောင်း ဟန်နာက ပြောကြားခဲ့ဖူးသည်။
    ဟန်နာမှာ ၎င်း၏အစ်ကို ဟမ်ဇာ၏ စိတ်ကူးဖြစ်သော ကင်ဆာရောဂါသည်များအား ကူညီပံ့ပိုးပေးသည့် စင်တာတစ်ခု ဖြစ်ပေါ်လာရေး ကြိုးပမ်းနေသူလည်းဖြစ်သည်။
    “ဒီစင်တာဟာ ကင်ဆာရောဂါသည်တွေအတွက် ဆေးရုံတစ်ခုထက်ပိုတဲ့ အရာမျိုး ဖြစ်မှာပါ။ အဓိက ရည်ရွယ်ချက်ကတော့ လူနာတွေအနေနဲ့ ဒီရောဂါကိုလက်ခံပြီး၊ ဆက်လက်အသက်ရှင်ရပ်တည်သွားနိုင်ရေးအကူညီအညီဖြစ်စေဖို့၊ တွန်းအားဖြစ်စေဖို့ ဖြစ်ပါတယ်” ဟု ဟန်နာက စင်တာနှင့်ပတ်သက်၍ အင်တာဗျူး
    တစ်ခုတွင် ပြောကြားခဲ့သည်။
    Ref: Alarabiya
  • အိန္ဒိယရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုက မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး
    အိန္ဒိယရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုက မွတ်စလင်များအတွက် ၀ါဖြေပွဲပြုလုပ်ပေး
    ဇွန် ၃၊ ၂၀၁၇
    M-Media
    – ပြည်နယ်အတွင်းမှာ ဘာသာရေး သဟဇာတဖြစ်မှုကို ပြသလိုတဲ့ ရည်ရွယ်ချက်နဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်က ဟိန္ဒူဘုရားကျောင်းတစ်ခုဟာ မွတ်စလင်တွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲ ကျင်းပပေးခဲ့တယ်လို့ သိရပါတယ်။
    မာလာပူရမ်မြို့က Lekshmi Narasimha Murthy Vishnu ဘုရားကျောင်းဖြစ်ပြီး လက်ရှိမှာ ပြန်လည်ပြင်ဆင်မှုတွေ ပြုလုပ်နေတာပါ။ အဲဒီလိုပြင်ဆင်တဲ့ အထိမ်းအမှတ်အနေနဲ့ မေလ ၂၉ ရက်နေ့ကနေ ဇူလိုင်လ ၄ ရက်နေ့အထိပြုလုပ်ဖို့ရှိနေတဲ့ Punaprethishta ဘာသာရေးအခမ်းအနား အစိတ်အပိုင်းအဖြစ် မွတ်စလင်တွေအတွက် အစ်ဖ်သာရ်ဝါဖြေပွဲကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
    မွတ်စလင်အများစုရှိရာ ရပ်ကွက်မှာရှိတဲ့ ဒီဘုရားကျောင်း ပြန်လည်ပြင်ဆင်ရေးအတွက် မွတ်စလင်မိသားစု ၃၀၀ လောက်က ငွေကြေးမတည်ပေးခဲ့တာ ဖြစ်ပါတယ်။
    “ကျွန်တော်တို့ဟာ ဘာသာရေးသဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာတယ်။ ကျွန်တော်တို့အတွက် အရေးကြီးတာက လူသားဝါဒပါ။ ဘာသာတရား မဟုတ်ပါဘူး။ လူတိုင်းက သူကြိုက်ရာ ဘာသာတရား၊ လမ်းစဉ်ကို လေးစားလိုက်နာခွင့်ရှိတယ်။ ဒါက အခြားဘာသာဝင်တွေနဲ့ ကျွန်တော်တို့ကြားမှာ ဆက်ဆံရေး မပြေစ်စရာ အကြောင်းအရင်းမရှိပါဘူး။ အခြားဘာသာဝင်တွေကို ကြိုဆိုမှုကနေ ကျွန်တော်တို့ရဲ့ နှလုံးသားကို ပိတ်မထားသင့်ပါဘူး” လို့ ဘုရားကျောင်းဂေါပကအဖွဲ့က အတွင်းရေးမှူး ပီတီ မိုဟာနန်က ပြောကြားခဲ့ပါတယ်။
    ဘုရားကျောင်းမှာ နေရာမလောက်တာကြောင့် အစ်ဖ်သာရ်ဝါဖြေပွဲကို အခြားအိမ်တစ်အိမ်မှာ ကျင်းပပေးခဲ့တာပါ။
    အစားအသောက်တွေက သက်သက်လွတ်ဖြစ်ပြီး ပြည်နယ်က နာမည်ကျော် ဟင်းလာတွေလည်း ပါဝင်ပါတယ်။ ၀ါဖြေပွဲအတွက် ဘုရားကျောင်းတစ်ဝိုက်မှာရှိတဲ့ မွတ်စလင်အိမ်တွေကို အသိပေးခဲ့ပြီး မွတ်စလင်တွေကလည်း တစ်ခဲနက် ပါဝင်ခဲ့ကြပါတယ်။
    “ဘယ်သူမှ ရှက်မနေကြဘူးဗျ။ ပါဝင်မှုကတော့ အံ့မခန်းဘဲ” လို့ မိုဟာနန်က ပြောကြားခဲ့ပါတယ်။
    Ref: The News Minute