News @ M-Media

Blog

  • အစ္စလာမ်ဘာသာဝင်တို့ရဲ့ ၂၀၁၇ ရမဿွာန် ဥပုသ် ပထမနေ့ ရန်ကုန်မြင်ကွင်း(ဓါတ်ပုံ)

    အစ္စလာမ်ဘာသာဝင်တို့ရဲ့ ၂၀၁၇ ရမဿွာန် ဥပုသ် ပထမနေ့ ရန်ကုန်မြင်ကွင်း(ဓါတ်ပုံ)

    မေလ ၂၈ ရက်နေ့တွင် ကျရောက်သော အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမဿွန် ဥပုသ်လ ပထမနေ့တွင် ရန်ကုန်မြို့မှ အစ္စလာမ်ဘာသာဝင်များ ညနေ ဥပုသ်ထွက်ချိန် (ဝါဖြေချိန်)အတွက် အစားအသောက်များ ရောင်းချ ဝယ်ယူနေကြပုံများ

    ဓာတ်ပုံ_ မိုးစက်

  • အစ္စရေးထောင်ရှိ ပါလက်စတိုင်းအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်

    အစ္စရေးထောင်ရှိ ပါလက်စတိုင်းအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်

    မေ ၂၈၊ ၂၀၁၇
    M-Media

    – အကျဉ်းထောင်အခြေအနေ တိုးတက်ရေးနှင့်ပတ်သက်၍ အစ္စရေးအာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစ္စရေးအကျဉ်းထောင်အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသားများမှာ ယမန်နေ့က အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်လိုက်သည်ဟု သိရသည်။

    နှိပ်စက်ခံရခြင်း၊ မိသားစုနှင့်တွေ့ခွင့်မရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ တရားစွဲ၍မရသော်လည်း ဆက်လက်ဖမ်းဆီးထားခြင်း စသည့် အကြောင်းအရင်းများကြောင့် အစ္စရေးအကျဉ်းထောင်အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသား ၁၅၀၀ ကျော်မှာ ဧပြီလ ၁၇ ရက်နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုကို ထောက်ခံသည့်အနေဖြင့် အစ္စရေးက သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများမှ ပါလက်စတိုင်း ပြည်သူများမှာ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

    နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အကျဉ်းသားတစ်ယောက်အတွက် တစ်လလျှင် လာရောက်တွေ့ဆုံသူနှစ်ဦး ခွင့်ပြုပေးရန် အပါအ၀င် အစ္စရေးနှင့် သဘောတူညီချက် ရရှိပြီးနောက်ပိုင်း ပါလက်စတိုင်းအကျဉ်းသား ၈၀၀ ကျော်မှာ ယမန်နေ့က အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့သည်။ သဘောတူညီချက် အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

    ဗုဒ္ဓဟူးန့က ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ်-ဟူစိန်ကလည်း ဖမ်းဆီးထားသော ပါလက်စတိုင်းများ၏ နေထိုင်မှုအခြေအနေ တိုးတက်စေရေး ဆောင်ရွက်ပေးရန် အစ္စရေးကို တိုက်တွန်းခဲ့သည်။

    အစ္စရေးအကျဉ်းထောင်များတွင် လက်ရှိ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်မှာ ၆၅၀၀ ကျော် ရှိနေပြီး မည်သည့်အပြစ်မှ မရှိသောကြောင့် တရားစွဲမှု ပြုလုပ်၍မရသော်လည်း လွှတ်မပေးသည့် အကျဉ်းသားများစွာလည်း ပါဝင်သည်။

    Ref: Aljazeera

  • မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လအတွက် ကနေဒါဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း

    မွတ်စလင်တို့၏ ရမ်ဇာန်ဥပုသ်လအတွက် ကနေဒါဝန်ကြီးချုပ် ဆုမွန်ကောင်းတောင်း

    မေ ၂၈၊ ၂၀၁၇
    M-Media

    မနေ့က စတင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမ်ဇာန်ဥပုသ်လအတွက် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် ထရူဒူက သူ့ရဲ့ Facebook စာမျက်နှာကနေတစ်ဆင့် ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

  • ရောဂါ

    ရောဂါ

    မေ ၂၈၊ ၂၀၁၇

    M-Media

    – ဦးဝီရသူကနေ ဝန်ကြီးဦးအောင်ကိုကို ‘နကောင်ကြီး’ လို့ ခေါ်ဝေါ်သုံးစွဲတဲ့ ဗွီဒီယိုကို တွေ့လိုက်ရပါတယ်။ နကောင်ကြီး ဆိုတာ ‘နကန်းကြီး’ လို့ ဆိုလိုချင်တာ ဖြစ်ပါလိမ့်မယ်၊ မြန်မာစကားဝေါဟာရတွေကို မေ့ပြီး ရောထွေးကာ သုံးနေတာနဲ့ တူပါတယ်။

    သို့သော် ဗွီဒီယိုထဲမှာ ဦးဝီရသူကို ကျနော် ထူးထူးခြားခြား သတိပြုမိတာက ပုဂ္ဂိုလ်၏ မျက်တောင်ခတ်ခြင်းပါ။ ၄င်းဟာ စကားအပြတ်အတောက်နေရာ တခုရောက်တိုင်း ဥပမာ “သည်ကောင်ကြီးဟာ နကောင်ကြီး။” မျက်တောင်ကို လေးငါးဆယ်ချက် ဆက်တိုက်ခတ်တာကို တွေ့ရပါတယ်။ လူတယောက် မျက်တောင်ခတ်နုန်းဟာ ပုံမှန်အားဖြင့် တမိနစ်ကို ၁၅ ကြိမ်မှ ၁၈ ကြိမ်ထိသာ ရှိပါတယ်၊ သည်တော့ သုံးလေးစက္ကန့်အတွင်းတွင် မျက်တောင် လေးငါးဆယ်ချက် ခတ်တယ်ဆိုတာ အရမ်းကို လွန်ကဲနေတဲ့ မျက်တောင်ခတ်နုန်းပါပဲ။

    မျက်တောင်ခတ်နုန်း ဘာလို့ မြင့်သလဲဆိုတာ FBI ဒါရိုက်တာဟောင်း ကိုမီကို သွားမေးရင် လိမ်ပြောတာကို သူ့စုံထောက်တွေ ဖမ်းလို့ရတယ်လို့ ဖြေလိမ့်မယ်။ လိမ်ပြောခြင်းနှင့် မျက်တောင်ခတ်ခြင်း ဆက်စပ်မှုကို သေချာတိုင်းတာ လေ့လာထားတဲ့ သုတေသန တခု ရှိပါလေရောလား။ လိမ်ပြောတဲ့သူဟာ လိမ်ပြောနေတဲ့ အချိန်အခါတွင်းမှာ ပုံမှန်မျက်တောင်ခတ်နုန်းထက် များစွာ နှေးကွေးသွားပြီး လိမ်ပြောပြီးတဲ့ အခါမှာ မျက်တောင်ခတ်နုန်းဟာ ပုံမှန်ထက် အလွန်တရာမြန်ဆန်လာတယ်လို့ ဆိုပါတယ်။

    ဦးဝီရသူရဲ့ မျက်တောင်ခတ်နုန်း ပုံမှန်မဟုတ်ဘဲ မြန်ဆန်နေခြင်း ကတော့ လိမ်ပြောခြင်း (ဝါ) လိမ်ပြောတာကို သိနေခြင်းကြောင့်တော့ ဟုတ်ဟန်မတူပါဘူး။ သည်မှာ ကျနော်တို့ ဇီဝကမ္မဗေဒ ရူဒေါင့်ကနေ တချက် စဉ်းစားကြည့်ပါမယ်။ ဗဟိုအာရုံကြောစနစ်မှာ မျက်တောင်ခတ်နုန်းကို မြန်ဆန်စေတဲ့ အာရုံပေါင်းကူးဓာတုဒြပ်ပေါင်း (neurotransmitters) နှစ်မျိုးဟာ ဒိုပါမင်း(dopamine) နဲ့ နစ်ကိုတင်း (nicotine) တို့ ဖြစ်ပါတယ်။

    ဗဟိုအာရုံကြောစနစ်မှာ ပါဝင်တဲ့ ဦးနှောက်ကနေ ဒိုပါမင်းတွေရဲ့ ထွက်ရှိလှုပ်ရှားသက်ရောက်မှု လွန်ကဲရင် လူတယောက်ဟာ မျက်တောင်ခတ်နုန်း သာမန်ထက် ထူးကဲမြန်ဆန်မယ်၊ ဦးနှောက်ကနေ ဒိုပါမင်းထွက်တာ ကျဆင်းရင် မျက်တောင်ခတ်နုန်း သာမန်ထက် လေးလံနှေးကွေးမယ်။ ဥပမာ မိုဟာမက်အလီမှာ စွဲကပ်ကျရောက်တဲ့ ပါကင်ဆန်ရောဂါ (Parkinson’s disease) လိုမျိုးမှာဆို ဒိုပါမင်းထုတ်တဲ့ (ဦးနှောက်ရဲ့) substantia nigra အစိတ်အပိုင်းက ဆဲလ်တွေဟာ ပျက်သုန်းသွားတဲ့ အတွက် ဝေဒနာရှင်ရဲ့ မျက်တောင်ခတ်နုန်းဟာ အဆမတန် လေးကွေးသွားတယ်။

    ကိုကင်းစတဲ့ မူးယစ်ဆေးဝါးတွေကို သုံးစွဲရင်လည်း ဆေးသမားရဲ့ ခန္ဓာကိုယ်ထဲက သွေးလှည့်ပတ်မှုမှာ ဒိုပါမင်းတွေ များနေတယ်။ အဲသလို ခန္ဓာကိုယ်ထဲမှာ ဒိုပါမင်းတွေများနေရင် ကျနော်တို့ ဆေးပညာ အခေါ်အဝေါ်အရတော့ down-regulation ဆိုတာ ဖြစ်တယ်၊ ဦးနှောက်ဆဲလ်တွေရဲ့ ဒိုပါမင်းကို လက်ခံတဲ့ receptor (ပရိုတိန်းတံခါးပေါက်) တွေဟာ ဗီဇပြောင်းလဲပြီး “ထုံ”သွားတာပေါ့၊ ခန္ဓာကိုယ်ထဲမှာ သိပ်ကိုများနေတဲ့ ဒိုပါမင်းကို လက်မခံချင်တော့ဘူးလေ။ အဲသည်အခါမှာလည်း မျက်တောင်ခတ်မှု ကျဆင်းနိုင်ပါတယ်။ ယျေဘုယျအားဖြင့် ကိုကင်းသမားတွေရဲ့ မျက်တောင်ခတ်နုန်းဟာ တမိနစ်ကို ခုနှစ်ကြိမ်မှ ကိုးကြိမ်ခန့်သာ ရှိတဲ့အတွက် သိသိသာသာ (သာမန်ထက် ၅၀%) ပိုနှေးကွေးပါတယ်။ သည်တော့ ဦးဝီရသူရဲ့ ပုံမှန်မဟုတ်သော လက္ခဏာဟာ ကိုကင်းစတဲ့ မူးယစ်ဆေးဝါးကြောင့်တော့လည်း ဟုတ်ဟန်မတူပါဘူး။

    သို့ဆိုလျှင် စဉ်းစားစရာ အဓိကတခုတော့ ရှိပါတယ်။ စိတ်ရောဂါကုဆေး၊ အထူးသဖြင့် စိတ်ကျရောဂါကုဆေးတွေဟာ ဦးနှောက်ရဲ့ ဒိုပါမင်းထုတ်လုပ်မှုကို သွယ်ဝိုက်ပြီး တိုးမြှင့်သက်ရောက်နိုင်ပါတယ်။ ဘယ်လို သက်ရောက်သလဲဆို စိတ်ကျရောဂါကုဆေးတွေဟာ လူနာတိုင်းတော့ မဟုတ်ပေမယ့် တချို့သော လူနာတွေမှာ sleep-deprivation (အိပ်စက်လို့ မရခြင်း) ကို ဖြစ်ပေါ်စေတတ်တယ်။ အဲသလို မအိပ်ဘဲနေတဲ့ လူနာတွေမှာ ဒိုပါမင်းတွေ အများကြီး ပိုမိုထုတ်လုပ် ထွက်ရှိလာခြင်းကြောင့် ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကို တင်ပြထားတဲ့ ဆေးသုတေသန စာတမ်းတခု ရှိပါတယ်။

    ကျနော့်လောလောဆယ် ကောက်ချက်ကတော့ ဦးဝီရသူဟာ ‘ဆေးသောက်နေရတဲ့ လူလား’ ပေါ့။ သည်ကောက်ချက်ကို အားဖြည့်ပေးနိုင်တဲ့ တချက်ကလည်း ဟိုတလောက ကိုယ်တော်ဟာ Facebook မှာ ဘယ်သူနဲ့မဆို စကားပြောဆွေးနွေးမယ်ဆိုပြီး live လွှင့်ပါလေရောလား၊ ည (၂) နာရီထိ ပြောလို့ရတယ်လို့ သူကပြောတယ်လေ။ မအိပ်နိုင်တာကို ပြတာပေါ့။ ဒိုပါမင်းတွေ အများကြီး ထွက်နေတာပေါ့။ ဆေးသောက်ပြီး စိတ်တွေ တအားတက်ကြွ၊ လောကကြီးတခုလုံး ခါးစောင်းတင်ပြမယ်လို့ သည်ကိုယ်တော် ဖြစ်နေသလားပေါ့။

    (Nyo Tun ၏ Facebook စာမျက်နှာမှ ကူးယူဖော်ပြသည်)

  • မွတ်စလင်အမျိုးသမီးများကို ကာကွယ်ပေးရင်း အမေရိကန်တွင် လူနှစ်ဦး အသတ်ခံရ

    မွတ်စလင်အမျိုးသမီးများကို ကာကွယ်ပေးရင်း အမေရိကန်တွင် လူနှစ်ဦး အသတ်ခံရ

    မေ ၂၇၊ ၂၀၁၇
    M-Media

    – အမေရိကန်ပြည်ထောင်စု အော်ရီဂွန်ပြည်နယ် ပေါ့တ်လန်းမြို့တွင် မွတ်စလင်ဟု ယူဆရသည့် သမီးနှစ်ဦးအား နှောက်ယှက်မှုကို တားဆီးရန် ကြိုးစားခဲ့သည့် အမျိုးသားနှစ်ဦးမှာ ဓားဖြင့် ထိုးသတ်ခြင်းခံခဲ့ရ သည်ဟု သိရသည်။

    Hollywood Transit ဘူတာရုံရှိ ရထားတွဲပေါ်တွင် ယနေ့ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အသက် ၃၅ နှစ်အရွယ် ဂျယ်ရီမီ ဂျိုးဆက်ပ် ခရစ်ရှန်ဆိုသူက မွတ်စလင်ဟု ယူဆရသူ အမျိုးသမီးနှစ်ဦးအား အော်ဟစ်ဆဲဆိုခြင်း၊ လူမျိုးရေးခွဲခြားသည့် အမုန်းစကားများ ပြောဆို ခြိမ်းခြောက်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ထိုအဖြစ်အပျက်ကို ဖြန်ဖျေပေးရန် လူတစ်ချို့က ကြိုးစားကြသည့်အခါတွင် ဂျိုးဆက်ပ်မှာ ဓားဖြင့်တိုက်ခိုက်ခဲ့ပြီး လူ ၂ ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ရဲတပ်ကြပ် ပီတီ ဆင်ပဆင်က ပြောကြားခဲ့သည်။

    ဂျိုးဆက်ပ်ကို ရထားပေါ်မှအဆင်းတွင် ဖမ်းဆီးရမိခဲ့ပြီး ဆိုးဆိုးဝါးဝါး လူသတ်မှု၊ လူသတ်ရန်ကြိုးစားမှု၊ နှောက်ယှက်မှု၊ တာမြစ်ထားသည့် လက်နက်အား ပိုင်ဆိုင်မှု စသည့် စွဲချက်များဖြင့် တရားစွဲဆိုထားသည်။

    မျက်မြင်သက်သေများကမူ ဂျိုးဆပ်က် နှောက်ယှက်ခဲ့သည့် အမျိုးသမီးနှစ်ဦးအနက် တစ်ဦးမှာ ပ၀ါဆောင်းထားကြောင်း၊ တိုက်ခိုက်သူမှာ ‘မွတ်စလင်တွေဟာ သေသင့်တယ်။ သူတို့တွေဟာ ခရစ်ယာန်တွေကို နှစ်ပေါင်းများစွာ သတ်လာတာ’ ဟု အောဟစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

    နောက်ပိုင်းတွင် ထိုအမျိုးသမီးနှစ်ဦးထဲမှ တစ်ဦး၏ မိဘများက ၎င်းတို့နှစ်ဦးမှာ ဆယ်ကျော်သက်များဖြစ်ပြီး တစ်ဦးမှာ မွတ်စလင်ဖြစ်ကာ၊ တစ်ဦးမှာ လူမည်းဖြစ်သည်ဟု ဒေသတွင်း သတင်းစာတစ်စောင်သို့ ပြောကြားခဲ့သည်။

    Ref: BBC