News @ M-Media
Blog
  • မြိတ်တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးကွန်ရက် ဖွဲ့စည်းမည်
    မြိတ်တွင် ဘာသာပေါင်းစုံ ပါဝင်သည့် ပဋိပက္ခ ကာကွယ် တားဆီးရေးကွန်ရက် ဖွဲ့စည်းမည်
    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ Grand Jade ဟိုတယ်၌ မေလ ၁၅ရက်မှ ၁၉ရက်နေ့အထိ ပြုလုပ်လျှက်ရှိသည့် ဘာသာ ပေါင်းစုံ ဘာသာရေးခေါင်းဆောင်များ ပါဝင်သော ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရေးဖိုရမ်တွင် ဒေသအတွင်း ပဋိပက္ခ ကာကွယ်တား ဆီးရေးကွန်ရက်တစ်ခု ဖွဲ့စည်းသွားမည်ဟု ယင်းဖိုရမ်ဖြစ်မြောက်ရေး တာဝန်ရှိသူထံမှ သိရသည်။
    ဖိုရမ်ဖြစ်မြောက်ရေးကော်မတီ ဦးဆောင်သူ ကိုအာကာဦးက “မတူညီတဲ့ ယုံကြည်မှုတွေ၊ ဓလေ့စရိုက် အယူဝါဒတွေကြားထဲမှာ တစ်ဦးနဲ့တစ်ဦး သဟဇာတရှိရှိနဲ့ နေထိုင်နိုင်တဲ့ နည်းစနစ် အသိပညာတွေ သိလာအောင် ပြုလုပ်တာ ဖြစ်တယ်ပေါ့နော်။ ဘာသာရေးပဋိပက္ခနှင့် ငြိမ်းချမ်းရေးကိစ္စ ထိခိုက်လာနိုင်မယ့် ကိစ္စတွေကို နယ်ပယ်အသီးသီးက မတူညီတဲ့ ဘာသာခြားတွေစုပြီး ကွန်ရက်တစ်ခု ဖွဲ့စည်းသွားမယ်”ဟု ယနေ့ (မေ ၁၆ရက်)တွင် ကေအိုင်စီသို့ ပြောသည်။
    မိမိတို့ဒေသအနေဖြင့် ၂၀၁၂-၂၀၁၃ခုနှစ်တွင် ဘာသာရေး ပဋိပက္ခ အသွင်ဆောင်သည့် လုပ်ရပ်တစ်ခုဖြစ်ပွားခဲ့ပြီး အရပ်ဖက် အဖွဲ့အစည်းများက အချိန်မီ ထိန်းသိမ်းခဲ့ရကြောင်း၊ ၅နှစ်တစ်ကြိမ် ကျင်းပသည့် ပရိယာယ်များသော နိုင်ငံရေး (အထွေထွေ ရွေး ကောက်ပွဲ)အတွင်း ဘာသာရေးကို ခုတုံးလုပ် အသုံးချသွားမည်ကို စိုးရိမ်သည့်အတွက် ကြိုတင်ပြီး ကာကွယ်ပြုလုပ်ရခြင်းဖြစ် သည်ဟု ကိုအာကာဦးက ဆက်ပြောသည်။
    ငါးရက်တာ ပြုလုပ်မည့် အဆိုပါဖိုရမ်အတွင်း မတူညီသည့် ဘာသာခြားအချင်းချင်း ယုံကြည်မှု၊ အယူဝါဒ၊ ဓလေ့စရိုက် အပြန်အ လှန် ဆွေးနွေးခြင်း၊ ဘာသာပေါင်းစုံအသီးသီးမှ အဆောက်အဦးများ သွားရောက်လေ့လာခြင်း၊ နိုင်ငံရေး၊ ဘာသာရေး၊ လူ့အခွင့် အရေး၊ အသိပညာပေးမှုများ လုပ်ဆောင်ပြီးနောက် နယ်ပယ်အသီးသီးမှ မတူညီသည့် ဘာသာအချင်းချင်းကြား စုစည်းပြီး ပဋိ ပက္ခ ကာကွယ်တားဆီးရေးကွန်ရက်တစ်ခုကို ဖွဲ့စည်းတည်ဆောက်သွားမည်ဟု တာဝန်ရှိများထံမှ သိရသည်။
    ၎င်းဖိုရမ်သို့ တက်ရောက်လာသူ မြိတ်မြို့နယ်ရှိ မောင်ငံရွာသား ကိုချစ်ထွေးက “ဗုဒ္ဓ၊ ခရစ်ယာန်၊ ဟိန္ဒူ၊  အစ္စလမ်ဘာသာခြား တွေနဲ့ ရင်းနှီးမှုတွေ ပိုရအောင် လာပြီးတက်တာပါ။ မတူကွဲပြားတဲ့ ဘာသာခြား သူငယ်ချင်းတွေနဲ့ သူတို့ ယုံကြည်မှု၊ ခံယူချက်၊ ဆောင်ရွက်မှုတွေ သိလာရတယ်။ အချင်းချင်းကြားမှာ ရင်းနှီးမှု တည်ဆောက်လာနိုင်အောင် ဒီလိုပွဲမျိုး မကြာမကြာ ပြုလုပ်ပေး စေချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
    အဆိုပါဖိုရမ်သို့ ဘာသာပေါင်းစုံမှ ခေါင်းဆောင်ကြီးများ၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်၊ အစိုးရ ဌာန ဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ တနင်္သာရီ၊ ကျွန်းစု၊ မြိတ်နှင့် ပုလောမြို့နယ်မှ ဒေသခံ ကိုယ်စားလှယ် ၁၅၀နီးပါး တက်ရောက်သည်ဟု သိရသည်။
    ကေအိုင်စီ သတင်းဌာမှ ကူးယူဖော်ပြသည်။
  • ရုရှားကို ထိပ်တန်းလျှို့ဝှက်ချက် အသိပေးမှုအတွက် ထရမ့်က ကာကွယ်ပြောဆို
    ရုရှားကို ထိပ်တန်းလျှို့ဝှက်ချက် အသိပေးမှုအတွက် ထရမ့်က ကာကွယ်ပြောဆို
    မေ ၁၆၊ ၂၀၁၇
    M-Media
    – ရုရှားနိုင်ငံခြားရေးဝန်ကြီးအား တိုင်းပြည်၏ ထိပ်တန်းလျှို့ဝှက်ချက်ကို အသိပေးခဲ့သည့် ကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ပြောဆိုလိုက်ပြီး မိမိ၏လုပ်ရပ်မှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။
    ပြီးခဲ့သည်တစ်ပတ် အိမ်ဖြူတော်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့နှင့် တွေ့ဆုံစဉ်အတွင်း ထရမ့်မှာ IS အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်​၍ လျှို့ဝှက်ချက်တစ်ခုကို အသိပေးခဲ့သည်ဟု ၀ါရှန်ပို့စ်သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    လေယာဉ်ပေါ်တွင် အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုခြင်းနှင့်ပတ်သက်သည့် ကိစ္စဖြစ်ပြီး ထရမ့်မှာ ပြောပိုင်ခွင့်မရှိသူ တစ်ဦးထံမှ တစ်ဆင့်စကားဖြင့် ထိုကိစ္စကို သိထားခြင်းဖြစ်သည်။
    အင်္ဂါနေ့မနက်ပိုင်းက ထရမ့်မှာ Twitter စာမျက်နှာတွင် “သမ္မတစ်ယောက်အနေနဲ့ (တရားဝင်စီစဉ်ထားတဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ) အကြမ်းဖက်ဝါဒ၊ လေယာဉ်ပျံသန်းမှု ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရုရှားကို မျှဝေချင်ခဲ့ပြီး အဲဒီလို လုပ်ပိုင်ခွင့်လည်း ကျွန်တော်မှာ လုံးဝ ရှိပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရင်းကြောင့်ဖြစ်ပြီး၊ (IS) နဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးမှာ ရုရှားကို ကျွန်တော် အရှိန်မြှင့်စေချင်တာလည်း ပါပါတယ်” ဟု ၎င်း၏ လုပ်ရပ်ကို ကာကွယ်ရေးသားခဲ့သည်။
    အမေရိကန်သမ္မတစ်ယောက်အနေဖြင့် နိုင်ငံတော် ထိပ်တန်း လျှို့ဝှက် အချက်အလက်များကို ထုတ်ဖော် ပြောဆိုခြင်းမှာ တရားဝင်သော်လည်း ထရမ့်၏ ယခုလုပ်ရပ်ကို ဒီမိုကရက်များက ဝေဖန်ခဲ့ကာ ၎င်း၏ ရီပက်ဘလစ်ကန် ပါတီကလည်း ဖြေရှင်းချက်ပေးရန် တောင်းဆိုထားသည်။
    Ref: BBC
  • “ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ ဖက်ဒရယ်ခရီးကို လှမ်းလိုလျှင်”
    “ပြည်တွင်းငြိမ်းချမ်းရေးနှင့်ဒီမိုကရေစီ ဖက်ဒရယ်ခရီးကို လှမ်းလိုလျှင်”
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်) ရေးသည်။
    မြန်မာနိုင်ငံတွင် ပြည်သူလူထု မထင်တာတွေ၊ အမှန်တကယ်ဖြစ်ခဲ့သလို ကမ္ဘာပေါ်မှာမရှိ ရှားပါး ဖြစ်ရပ်တွေလည်း ဧကန်အမှန်ဖြစ်လျက်ရှိနေသည်ကို သတင်းမီဒီယာများတွင်လည်းကောင်း ၊ လူမှု့ရေးကွန်ယက် Facebook တွင်လည်း ထူးထူးဆန်းဆန်းတွေ့နေရပါသည်။
    ဦးသိန်းစိန်အစိုးရလက်ထက်၊ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ ဥာဏ်တော်အမြင့် ၃၂၆ပေရှိတဲ့ ရွှေတိဂုံစေတီပေါ် လင်းတ ၆ကောင်နားသွားခဲ့သည့်ဖြစ်ရပ်သည် စိတ်ဝင်စားဖွယ် ကောင်းလှသည်။ စာရေးသူက ထိုစဉ်ကယူခဲ့သော အတိတ်နိမိတ်ကို ပြန်ပြောပြရလျှင် ၁။ “ ဆွမ်းဆန်ထဲ ကြွက်ချေးများ လာရောက်မည်။” ၂။ “ နိုင်ငံ၏ပုံရိပ်ကျဆင်းမည်။” ၃။ “ မင်္ဂလာရှိသော နေရာများ အမင်္ဂလာများဖြစ်သွားမည်။” ၄။ “နိုင်ငံ၏အထွဋ်အထိပ် ဦးဆောင်နေရာများတွင် ပြည်သူလူထု၏အော့နှလုံးနာ၊ မလိုလား၊ မနှစ်သက်သူများနေရာဝင်ယူလာမည်။” စသည်ဖြင့် ယူဆခဲ့သောအတွေးများသည် ၂၀၁၅ခု နိုဝင်ဘာလ ၈ရက် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီး  တွင် လုံးဝဥသုန် မှန်ကန်ခဲ့ပေသည်။ စေ့စေ့တွေးလျှင် ရေးရေးပေါ်ပါသည်။ ရွှေတိဂုံစေတီတော်ကြီး သည် မြန်မာလူမျိုး ဗုဒ္ဓဘာသာဝင်များ၏ ဂုဏ်ယူစရာနေရာတစ်ခု၊ နားခဲ့သည့် ငှက်သည် သင်္ချိုင်းသုသာန်များတွင် လူသေကောင်များကို စားသုံးသည့် မြန်မာတို့မနှစ်မြို့သော လင်းငှက်ဖြစ်သည်။
    မထင်မှတ်နောက်ဖြစ်ရပ်တစ်ခုမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရလက်ထက်က လူမှု့ရေးအသင်းကြီးတစ်ခု အနေဖြင့် ဆောင်ရွက်သွားမည်ဟု ဖွဲ့စည်းခဲ့သော “ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး” သည် နိုင်ငံပိုင် ပြည်သူ့ ဘဏ္ဍာတော်ငွေများဖြင့် တည်ထောင်ထားသည့် အဖွဲ့အစည်းတစ်ခုအနေဖြင့် ကမ္ဘာသိဖြစ်ခဲ့သည်။ အခြေခံပညာ ကျောင်းဆရာ၊ဆရာမများ၊တက္ကသိုလ်ကောလိပ်ဆရာ၊ဆရာမများ၊ အစိုးရဝန်ထမ်း များပါ၊ ဝန်ထမ်းမိသားစုများပါ၊ ထိုပြည်ခိုင်ဖြိုး အသင်းကြီးတွင် အဖွဲ့ဝင်အနေဖြင့်ပါဝင်ရသည်။ ၂၀၁၀ခု ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မှတ်ပုံတင်သောအခါ ပါတီအဖြင့် အသွင်ပြောင်းကာ “ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ” ဖြစ်သွားခဲ့ပါသည်။ ပြည်သူပိုင်ပစ္စည်းများ၊ ပါတီပိုင်ဖြစ်သွားခဲ့ပါသည်။ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးဋ္ဌာနချုပ်ကြီးကို စာရေးသူ မြင်သောအခါ ထင်ရှားသော သက်သေအထောက်အထားတစ်ခုရခဲ့ပြန်သည်။ ၂၀၁၀ခု ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၌ အနိုင်ရခဲ့ပြီး အစိုးရဖွဲံ့ခဲ့သောအခါ ဗိုလ်ချုပ်၊ဗိုလ်ချုပ်ကြီးများ တစ်ချိန်က ဖြစ်ခဲ့သူများသည် အစိုးရအဖွဲ့တွင် နာမည်အရှေ့၌ “ဦး”-တတ်ကာ ဝန်ကြီးများဖြစ်လာကြတော့သည်။
    ပြည်နယ်တိုင်းဒေသများရှိ ယခင်ကတိုင်းမှူး ဗိုလ်ချုပ်များသည် ပြည်နယ်၊ တိုင်းဒေသများရှိ နာမည်အရှေ့၌ “ဦး” တက်ကာ ဝန်ကြီးချုပ်များဖြစ်လာကြပြီး၊ အပိုင်စားမင်းများ ဖြစ်လာကြတော့သည်။ နိုင်ငံပိုင် မြေပေါ် မြေအောက်၊ ရေပေါ်၊ရေအောက်တွင်းထွက် သယံဇာတများကို မိမိအနီးအနားရှိ ဝေစား။မျှစား၊ ပေါင်းစား၊ချစား၊စီးပွားရေးမုဆိုး ခရိုနီများနှင် ဖက်လှဲတကင်း အလုပ်ဖြစ်ခဲ့သောကြောင့် ရရှိလိုက် သော ဆိုးကျိုးရလာဒ်တစ်ခုမှာ “စားစရာမရှိသော လူတန်းစားနှင့် ထားစရာမရှိသော လူတန်းစား (၂) ရပ်” ပေါ်ထွန်းလာခဲ့ခြင်းပင်ဖြစ်သည်။
    ဝန်ကြီးချုပ်တာဝန်များ ထမ်းဆောင်ခဲ့သည့် သက်တမ် ၅ နှစ်ကာလ ပြီးဆုံးသောအခါ နောက်တက်လာသည့် ပြည်နယ်တိုင်း ဒေသကြီးအစိုးရထံ အပ်နှံရမည့် ပြည်သူ့ဘဏ္ဍာများ (ငွေ၊ အဆောက်အဦး၊ လယ်ယာမြေ၊ မော်တော်ကား)စသည်တို့ကို ပြည်သူရွေးချယ်သည့် အစိုးရထံ လုံးဝမအပ်ဘဲ မိမိတို့၏ မိခင်ရင်းပါတီ စစ်ဗိုလ်ချုပ်များဖြင့် ဖွဲ့စည်းထူထောင်ထားသည့် “ပြည်ခိုင်ဖြိုး” ပါတီသို့လွှဲအပ်ပေးခဲ့ခြင်းသည် မရိုးသားသော ပြယုဂ် အနေနဲ့ မြန်မာ့သမိုင်းတွင် ကျန်ရစ်နေမည်မှာ သေချာသည်။ ဥပမာပြရလျှင် မကွေးတိုင်းဝန်ကြီးချုပ်ဟောင်း ဦးဘုန်းမော်ရွှေ နှင့် ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင်တို့သည် မိမိတို့တိုင်းဒေသကြီးရှိ အစိုးရများထံ ဘီလျှံချီရှိငွေကျပ် ကို သိန်းပေါင်းများစွာသည် ထင်ရှားသော သက်သေလက္ခဏာတစ်ရပ်ဖြစ်ခဲ့ သည်။
    ထို့နောက် ထင်ရှားထောက်ပြစရာ အချက်တစ်ခုမှာ ၂၀၀၈ခု ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်သည်။ ကမ္ဘာပေါ်တွင် နိုင်ငံတိုင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၊ ဥပဒေ၊ နည်းဥပဒေ စသည်တို့သည် ဘုရားဟောကျမ်းဂန်၊ထာဝရမှန် စည်းမျဉ်းဥပဒေများမဟုတ်ကြပေ။ သိပ္ပံပညာရှင်များ စဉ်းစား၊တွေးခေါ်၊လက်တွေ့၊သုတေသနပြုမှုမြောက်များစွာထဲမှ ထုတ်ဖော်ခဲ့ သည့် Law များ၊ Principals၊ ဥပဒေသများ၊ နိယာမများသည်ပင်လျှင် ခေတ်ကာလနှင့် အံ့ဝင်ခွင်ကျ မဖြစ်တော့၍ ပြင်ဆင်ပယ်ဖျက် အသုံးပြုနေရသည်များရှိသည်။
    ကမ္ဘာကြီး၏ အချိန်တိုင်း၊သိပ္ပံနှင့် နည်းပညာများတိုးတက်ပြောင်းလဲနေခြင်း၊လူသားတို့၏  အသိဥာဏ်ပညာများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး၏ လူ့အခွင့်အရေးပါ ပြ ဋ္ဌာန်းချက်များကို မဖြစ်မနေလေးစားလိုက်နာရခြင်း၊ စသည့်အခြေအနေ အကြောင်းတရားများ အောက်တွင် နိုင်ငံတစ်နိုင်ငံသည် မိမိတို့၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို မိမိတို့ အစိုးရအဖွဲ့ အတွင်း လွှတ်တော်များအတွင်း ခေတ်ကာလ လိုအပ်ချက်နှင့်အညီ နိုင်ငံအကျိုး ပြည်သူလူထု အကျိုးအတွက် ပြင်ဆင်ဖြည့်စွက်ရေးဆွဲ နေရသည်ကိုကမ္ဘာ့စံပြ ဒီမိုကရေစီနိုင်ငံများဖြစ်သည့် အမေရိကန်နိုင်ငံနှင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံတို့၏ နိုင်ငံရေး သမိုင်းများကိုလေ့လာပါက သိနိုင်ပါသည်။
    သို့သော် ကမ္ဘာ့အံဖွယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ တစ်ခုမြန်မာပြည်မှာရှိနေပါသည်။ မြန်မာ့ အရေးကျွမ်းကျင်နှံ့စပ်သည့် ဘာတင်းလစ်တနာဆိုသူက “ မြန်မာပြည်၏ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားသူကြီးချုပ် ဦးအောင်တိုးက အာဏာရှင်ကြီး ဦးသန်းရွှေ အလိုကျ မြန်မာပြည် တည်သရွေ့ စစ်တပ်က အမြဲတမ်းအာဏာရှိစေရေး ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေး” စသည့် အခြေခံမူများပေါ်အခြေခံကာ ရေးဆွဲခဲ့ကြောင်း ဘန်ကောက်ပို့စ်တွင်ရေးသားခဲ့ ဖူးပါသည်။
    ၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့တွင် ပါဝင်ခဲ့သော “နဝတ” စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က နိုင်ငံတကာ မီဒီယာများအား ပြောကြားခဲ့သော စကားများသည် စစ် သားကြီး ပီသကြောင်း ခေါင်းဆောင်ကောင်းပီသကြောင်းကို သမိုင်းသက်သေထူခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးက “ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ပါတီကို အာဏာအပ်မယ်။ တပ်မတော်က စစ်တန်းလျား ပြန်မယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲတဲ့ အလုပ်ဟာ တပ်မတော်အလုပ်မဟုတ်ဖူး။ ရွေးကောက်ပွဲ အနိုင်ရပါတီရဲ့အလုပ်သာဖြစ်တယ်” ဟု သမိုင်းမှတ်တမ်း ရေးထိုးခဲ့ဖူးပါသည်။
    လက်ရှိမြန်မာနိုင်ငံတွင် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်နေသည်မှာ ၇ နှစ်ကြာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၂၅ မြို့ရှိသည့်အနက်၊ ၂၇၈ မြို့နယ်တွင် ဆ န္ဒမဲပေးခွင့် ရှိသူ ဦးရေ ၂၂၄၉၆၆၆၀ ဦးအနက်၊ ၂၀၇၈၆၅၉၆ ဦးတို့က ထောက်ခံသည့်အတွက် ထောက်ခံသည့်ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်တိုးက ၂၀၀၈ခုနှစ်မေလ ၁၀ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ပေသည်။ ထိုစဉ်က ကော်မရှင် ဥက္ကဋ္ဌက မြန်မာပြည်၏လူဦးရေသည် ၅၇၅၀၄၃၆၈ ဖြစ်သည် ဟု ဖော်ပြခဲ့သည်။ ၂၀၁၄ သန်းခေါင်စာရင်း အရ လက်ရှိ မြန်မာပြည်၏ လူဦးရေနှင့် ၆သန်းကျော်ကာ ဟ နေသည်။
    အထူးစိတ်ဝင်စားဖွယ်ကောင်းသည်မှာ ၂၀၁၄ ခုနှစ် မတ်လ ၃၀ရက်နေ့ ကမ္ဘာ့ကုလသမ္မဂ အဖွဲ့ကြီးနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၏ အကူအညီဖြင့် ကောက်ခံခဲ့သော သန်းခေါင်းစာရင်း မှတ်တမ်းများအရ မြန်မာတစ်နိုင်ငံလုံး၏ လူဦးရေသည် ၅၁ ဒသမ ၄ သန်းသာရှိကြောင်းသိရသည်။ နှစ်ကာလကြာလေလေ လူဦးရေများလေလေ ဖြစ်သည်မှာ ငြင်းချက်မထုတ်နိုင်သော သက်သေ တစ်ခုဖြစ်သည်။ သို့သော် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုစဉ်က ၅၇ သန်းကျော် ရှိပြီး ၂၀၁၄ခု သန်းခေါင်စာရင်းကောက်ရလာဒ်တွင် ၅၁ သန်းကျော် ရှိနေခြင်းသည် မြန်မာပြည်၏လူဦးရေ နှစ် ကာလ ကြာလေလေ လျော့သွားလေလေ ဖြစ်စဉ်တစ်ခုကို ပြသည့်အညွှန်းကိန်း ရလာဒ်ကို ဖော်ဆောင်နေခြင်းသည် ကမ္ဘာ့အံဖွယ်တစ်ခုလား? ဒါမှမဟုတ်ရင် “ငါ့စကားနားရ၊ ငါပြောတာ အမှန် ငါလုပ်တာအမှန်” ငါတကောကောပြီး ထင်ရာစိုင်းခဲ့ ရာဇဝင်ရိုင်းခဲ့သည့်ဖြစ်စဉ်တစ်ခုလား ဆိုတာ ကမ္ဘာက ထောက်ပြစရာဖြစ်နေပေသည်။ ထို့ကြောင့် ထိုဖွဲ့စည်းပုံကို မပြင်သရွေ့ပြည်တွင်း ငြိမ်းချမ်းရေး လုံးဝမရနိုင်သလို  တိုင်းရင်းသားများ တောင်းဆိုနေသည့် ဒီမိုကရေစီ ဖက်ဒရယ်ခရီး ကိုလည်း  လျှောက်လှမ်းနိုင်မည်မဟုတ်ပေ။
    ဂျက်ဖရီတင်အုန်း (R.I.T ရန်ကုန်စက်မှုတက္ကသိုလ်)
  • အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်
    အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်
    မေ ၁၆၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်က အသက် ၁၈ နှစ်အရွယ် ကျောင်းသားလေး ရီဖသ် ရှာရွတ်ဟာ ကမ္ဘာ့အသေးငယ်ဆုံး ဂြိုဟ်တုလေးကို တီထွင်ခဲ့ပြီး အာကာသနယ်ပယ်မှာ ကမ္ဘာ့စံချိန်သစ်တစ်ခုကို တင်လိုက်နိုင်ပါတယ်။
    KalamSat လိုအမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုလေးဟာ ၆၄ ဂရမ်သာ အလေးချိန်ရှိပြီး Wallops ကျွန်းက နာဆာ ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ ဇွန်လ ၂၁ ရက်နေ့မှာ လွှတ်တင်မှာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယကျောင်းသားတစ်ယောက်ရဲ့ စမ်းသပ်မှုကို နာဆာက ပထမဆုံး လွှတ်တင်တာလည်း ဖြစ်ပါတယ်။
    ပါလာပတ္တီဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်တဲ့ ရီဖသ်က Times of India ကို ပြောကြားရာမှာ မိနစ်ပေါင်း ၂၄၀ ကြာမြင့်မယ့် ဒီခရီးစဉ်မှာ ဂြိုဟ်တုလေးဟာ ကမ္ဘာ့ဆွဲအားမရှိတဲ့ ဟင်းလင်းပြင်မှာ လှည့်ပတ်မှုက ၁၂ မိနစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    “ဂြိုဟ်တုလေးရဲ့ အဓိကအခန်းကဏ္ဍက 3-D ပရင့်ထုတ်ထားတဲ့ ကာဘွန်ကြိုးမျှင်ရဲ့ စွမ်းဆောင်ရည်ကို သိရှိဖို့ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
    ဒီ ဂြိုဟ်တုလေးကို နာဆာနဲ့ I Doodle Learning အဖွဲ့တို့က ပူးပေါင်းကျင်းပတဲ့ Cubes in Space ပြိုင်ပွဲကနေ ရွေးချယ်တာဖြစ်ပါတယ်။
    ဒီပြိုင်ပွဲက ၄ မီတာရှည်တဲ့ ပြွန်လေးထဲမှာ ထည့်လို့ရပြီး အလေးချိန် ၆၄ ဂရမ် အတိအကျရှိမယ့် ဂြိုတုတစ်ခု စမ်းသပ်တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
    “ကမ္ဘာတစ်ဝှမ်းက ကွဲပြားတဲ့ ပြွန်ပုံစံ ဂြိုဟ်တုတွေကို ကျွန်တော်တို့ အများကြီး သုတေသနလုပ်ခဲ့ပြီး ကျွန်တော်တို့ဟာက အပေါ့ဆုံးဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်” လို့ ရီဖသ်က ပြောကြားခဲ့ကာ ဂြိုဟ်တုကို အဓိကအားဖြင့် သံအမျှင်ထည့်ထားတဲ့ ကာဘွန်ဖိုက်ဘာ ပေါ်လီမာနဲ့ လုပ်တာဖြစ်ပြီး ပစ္စည်းတစ်ချို့ကို နိုင်ငံ
    ခြားနဲ့ တစ်ချို့ကို ပြည်တွင်းကနေ ရရှိတယ်လို့ ဆိုပါတယ်။
    Ref: Times of India
  • ‘အီရန်က ဂျူးတွေရဲ့ဘ၀ဟာ ဥရောပက ဂျူးတွေထက် ပိုသာပါတယ်’ (အင်တာဗျူး)
    ‘အီရန်က ဂျူးတွေရဲ့ဘ၀ဟာ ဥရောပက ဂျူးတွေထက် ပိုသာပါတယ်’ (အင်တာဗျူး)
    မေး ၁၆၊ ၂၀၁၇
    M-Media
    တီဟီရန်ရှိ ဂျူးဘုရားကျောင်းတွင် ၀တ်ပြုဆုတောင်းနေသည့် ဂျူးများ
    – အရှေ့အလယ်ပိုင်းမှာ ဒုတိယအကြီးဆုံး ဂျူးလူ့အဖွဲ့အစည်းရှိတဲ့ အီရန်နိုင်ငံဟာ အစ္စရေးနဲ့ မကြာခဏ ပြဿနာတက်လေ့ ရှိပါတယ်။
    အီရန်နိုင်ငံက ဂျူးတွေရဲ့ အသက်ရှင်သန်နေထိုင်မှု အခြေအနေ ဘယ်လိုရှိလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြင်သစ်သတင်းဌာန DW က တီဟီရန် ဂျူးကော်မတီ ဒါရိုက်တာ ဆီယာမက် မိုဆာဒဂ်နဲ့ တွေ့ဆုံမေးမြန်းမှုကို ဖော်ပြပေးလိုက်ပါတယ်။
    မေး။ ။ အစ္စလာမ့်သမ္မတနိုင်ငံမှာ ဂျူးတစ်ယောက်ဖြစ်ရတဲ့ဘ၀က ဘယ်လိုရှိလဲ။
    ဖြေ။ ။ လူတော်တော်များများ တွေးထင်ထားတာထက်ကို ပိုကောင်းပါတယ်။ ဂျူးတွေဟာ လူနည်းစု တိုင်းရင်းသားတွေအဖြစ် အသိအမှတ်ပြုခံရတယ်။ ကျွန်တော်တို့ရဲ့ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ် ကျင့်သုံးခွင့်ရတယ်။ တီဟီရန်မှာတင် အသုံးပြုနေတဲ့ ဂျူးဘုရားကျောင်းပေါင်း ၂၀ ကျော်၊ ခိုရှာသားသတ်ရုံ အနည်းဆုံး ၅ ခုလောက် ရှိပါတယ်။ အချို့ ဥရောပနိုင်ငံတွေမှာဆိုရင် တိရိစ္ဆာန်အခွင့်အရေးကြောင့် ဒီ သားသတ်ရုံတွေကို ခွင့်မပြုပါဘူး။ အီရန်မှာတော့ ဒီလိုမဟုတ်ပါဘူး။
    ယေဘူယျအားဖြင့်ပြောရရင် အီရန်က ဂျူးတွေနဲ့ အခြေအနေဟာ ဥရောပကထက် အမြဲတမ်းကို ပိုကောင်းပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ အီရန်ပြည်သူအားလုံးဟာ ဘာသာတစ်ခုတည်း၊ လူမျိုးတစ်မျိုးတည်း၊ ဘာသာစကားတစ်ခုတည်းဆိုတာ ဘယ်တုန်းကမှ မရှိပါဘူး။ ဒါ့ကြောင့် သည်းခံမှု ဒီဂရီက မြင့်တယ်။ ဂျူးနဲ့ မွတ်စလင်တွေဟာ တစ်ယောက်ကိုတစ်ယောက် လေးစားတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ မတူညီမှုတွေရှိတယ်တာကိုလည်း ကျွန်တော်တို့ သိကြပါတယ်။ ဒါ့ကြောင့် ဂျူးနဲ့ အခြားအုပ်စုတွေအကြား ဘာသာမတူ လက်ထပ်မှုမှာ အီရန်က ကမ္ဘာ့အနိမ့်ဆုံးဖြစ်ပြီး ၀.၁ ရာခိုင်နှုန်းအောက်ပဲ ရှိပါတယ်။
    မေး။ ။ ဂျူးတွေဟာ တစ်နေရာတည်းမှာ နေနေပေမယ့် အခြားသော ဘာသာရေးအုပ်စုတွေနဲ့ သီးခြားဖြစ်နေတယ်လို့ ဆိုလိုချင်တာလား။
    ဖြေ။ ။ လုံးဝမဟုတ်ပါဘူး။ မွတ်စလင်တွေနဲ့ ကျွန်တော်တို့ဟာ စီးပွားရေးအရ ဆက်ဆံမှုရှိတယ်။ ကျွန်တော်ရဲ့ အနီးကပ်ဆုံး မိတ်ဆွေတွေက မွတ်စလင်တွေပါ။ ကျွန်တော် အလုပ်လုပ်တဲ့ ဆေးရုံးဆိုရင် ဂျူးဆေးရုံပါ။ ဒါပေမယ့် ကျွန်တော်တို့ဝန်းထမ်းတွေနဲ့ လူနာတွေရဲ့ ၉၅ ရာခိုင်နှုန်းလောက်က မွတ်စလင်တွေ ဖြစ်ပါတယ်။ လူတစ်ယောက်ကို ဘာသာတရားမေးတာကို ပြင်းပြင်းထန်ထန် တားမြစ်ထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတတော့ တိုရာကျမ်းရဲ့ အရေးပါတဲ့ ကျမ်းချက် “ကိုယ့်ကို ဆက်ဆံစေချင်သလို အခြားသူတွေကို ဆက်ဆံပါ” ဆိုတာမျိုး ရှိနေတာကြောင့်ဖြစ်ပြီး ဆေးရုံရဲ့ အ၀င်အ၀မှာလည်း ရေးထားပါတယ်။ ဒီကျမ်းချက်က ‘ဂျူးလူမျိုးတွေ’ လို့ မရေးထားပဲ ‘အခြားလူတွေ’ လို့ ရေးထားတာပါ။ ဒါက ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးရှိနေပြီး ကမ္ဘာကြီးကို ပိုကောင်းတဲ့အနေ
    ရာအဖြစ် ပြုလုပ်ဖို့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာ ပြသနေပါတယ်။
    မေး။ ။ ဥပဒေအရ ဂျူးတွေဟာ တန်းတူအခွင့်အရေး မရဘူး။ ရှင်တို့ဟာ တရားသူကြီးတွေ ဖြစ်လို့မရဘူး။ နိုင်ငံရေးဖက်မှာ ရာထူးကြီးကြီးမရဘူး။ ဒါဟာ ရှင်တို့အတွက် အနှောက်အယှက် မဖြစ်ဘူးလား။
    ဖြေ။ ။ တကယ်တော့ ဘာသာရေးလူနည်းစုဖြစ်ရတာ ပြဿနာအချို့ကိုတော့ ကြုံရတာပေါ့လေ။ စီးပွားရေး ပြဿနာကြောင့် ဒီမှာ အီရန်ပြည်သူအများစုဟာ အလုပ်ရှာရာမှာ ပြဿနာကြုံရတယ်။ ဥပဒေမှာ ကန့်သတ်ချက်တစ်ချို့ ရှိတာကြောင့် ကျွန်တော်တို့အတွက်ဆိုရင်တော့ ပိုပြိးတော့ ခက်တာပေါ့။ ဥပမာအားဖြင့် ကျွန်တော်တို့ဟာ စစ်တပ်မှာ အရာရှိ မဖြစ်နိုင်ဘူး။ သာမန်စစ်သားတစ်ယောက်ပဲ ဖြစ်နိုင်တယ်။ ဒါကို ပြောင်းလဲဖို့အတွက် ကျွန်တော်တို့ အကောင်းဆုံး ဆောင်ရွက်နေပါတယ်။ ဒါဟာ ဖြည်းဖြည်းချင်း သွားရမယ့် လုပ်ငန်းဖြစ်ပြီး တစ်ညတည်းနဲ့တော့ ဖြစ်မလာနိုင်ပါဘူး။ ဒါပေမယ့် တိုးတက်မှုတွေတော့ ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ကျွန်တော်တို့ရဲ့ အကြီးမားဆုံး အောင်မြင်မှုတွေထဲက တစ်ခုက အစိုးရကျောင်းတွေ တက်နေတဲ့ ဂျူးကလေးတွေဟာ စနနေ့မှာ ဥပုသ်စောင့်ချင်ရင် အိမ်မှာနေဖို့ အခွင့်အရေး ရခဲ့တာ ဖြစ်ပါတယ်။ အီရန်က ဂျူးအများစုဟာ အော်သိုဒေါ့စ်တွေဖြစ်တာကြောင့် တော်တော်များများကလည်း ဥပုသ်စောင့်ကြပါတယ်။
    မေး။ ။ ၁၉၇၉ ခုနှစ် အစ္စလာမ့်မစ်တော်လှန်ရေး ပြီးတဲ့နောက်ပိုင်းမှာ အီရန်က ဂျူးတော်တော်များများဟာ တိုင်းပြည်ကနေ ထွက်သွားကြတယ်။ ရှင်က ဘာ့ကြောင့် မသွားတာလဲ။
    ဖြေ။ ။ အဲဒီတုန်းက လူတော်တော်များများဟာ တိုင်းပြည်က ထွက်သွားကြပြီး မွတ်စလင်တွေတောင် ပါဝင်ပါတယ်။ ဂျူးတွေအတွက် ပြောင်းရွှေ့အခြေချတာဟာ ပိုလွယ်တယ်။ ဒါ့ကြောင့် သူတို့ တော်တော်များများက သွားလိုက်ကြတယ်။ ဒါပေမယ့် ကျွန်တော်က အီရန်နိုင်သားတစ်ယောက်ဗျ၊ ကျွန်တော် ဟီဘရူးလို ၀တ်ပြုဆုတောင်းတယ်၊ အင်္ဂလိပ်လိုလည်း ပြောနိုင်တယ်။ ဒါပေမယ့် ကျွန်တော့်အတွေးကတော့ ပါရှန်လိုပဲ ထွက်ပါတယ်။ ကျွန်တော့် အမြင်အရတော့ နိုင်ငံသားဆိုတာနဲ့ ဘာသာတရားကြားမှာ ကြီမားတဲ့ ကွာခြားချက် ရှိပါတယ်။ ဒါပေမယ့် သူတို့နှစ်ခုစလုံးဟာ ဆန့်ကျင်မှုတော့ မရှိပါဘူး။ နိုင်ငံရပ်ခြား – အထူးသဖြင့် အစ္စရေးကို သွားတာဟာ ကျွန်တော့်အတွက် ရွေးချယ်မှုတစ်ခု မဟုတ်ပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ ကမ္ဘာပေါ်က သီးသန့်နေရာတစ်ခုမှာ ဂျူးတွေ နေရမယ်ဆိုတဲ့ ကိစ္စက ကျွန်တော်တို့ဟာ သူများနဲ့ မတူဘူးဆိုတဲ့ အယူအဆပေါ်မှာ အခြေတည်ပါတယ်။ ဒါပေမယ့် ကျွန်တော်က လူတိုင်းဟာ အတူတူပဲလို ယူဆပါတယ်။
    မေး။ ။ အီရန်မှာ အစ္စရေးနဲ့ ဘယ်လို ဆက်သွယ်မှုကိုမှ ခွင့်မပြုထားဘူး။ ဂျူးတစ်ယောက်ဖြစ်တဲ့ ရှင့်အနေနဲ့ ဒါက အခက်အခဲ မဖြစ်ဘူးလား။
    ဖြေ။ ။ ဘာသာရေးသင်ကြားမှုအရ ကျွန်တော်တို့ နေထိုင်ရာတိုင်းပြည်ရဲ့ ဥပဒေကို လိုက်နာရမယ်။ ဂျူးတစ်ယောက်ဖြစ်တာနဲ့ ဇိုင်ယွန်ဝါဒီတစ်ယောက် ဖြစ်တယ်ဆိုတာ လုံးဝ မတူပါဘူး။ အစ္စရေး အစိုးရနဲ့ စစ်တပ်ရဲ့ အပြုအမူတွေကို တော်တော်လေး ဝေဖန်ကြတဲ့ ဂျူးတွေ ကမ္ဘာတစ်ဝှမ်းမှာ အရင်ကတည်းက ရှိခဲ့ပါတယ်။ ဂျူးတစ်ယောက်ဆိုတာ တိုရာနဲ့ တဲလ်မွဒ်ကျမ်းတွေကို လိုက်နာရမယ်လို့ အဓိပ္ပါယ်ရတယ်။ အခြားတိုင်းပြည်တစ်ခုကို ကျူးကျော်တာ၊ အပြစ်မဲ့တဲ့သူတွေကို သတ်ဖြတ်တာတွေဟာ မောရှေရဲ့ သင်ကြားမှု မဟုတ်ပါဘူး။ ဂျူးတစ်ယောက်အနေနဲ့ အစ္စရေးရဲ့ အပြုအမူကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါဟာ နိုင်ငံရေးဖြစ်ပြီး ဘာသာရေးလှုပ်ရှားမှု မဟုတ်ပါဘူး။ တစ်ကိုယ်ရေအရ ပြောရရင် ကမ္ဘာပေါ်က အကြီးအကျယ်ဆုံး လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ သားကောင်တွေဖြစ်ခဲ့တဲ့ ဂျူးတွေဟာ ပါလက်စတိုင်းပြည်သူတွေအပေါ်မှာ ပိုပြီးတော့ စာနာနားလည်ရမှာ ဖြစ်ပါတယ်။
    မေး။ ။ ရှင်ပြောတဲ့ ဒီ လူမျိုးတုန်းသတ်ဖြတ်မှုဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အငြင်းပွားစရာ ဖြစ်ခဲ့တယ်။ သမ္မတဟောင်း မဟ်မူးဒ် အဟ်မဒ်ဒီနီဂျဒ်ရဲ့ Holocaust ကို လူသိရှင်ကြား ငြင်းချက်ထုတ်ခဲ့တဲ့ အပေါ်မှာရော အီရန်ဂျူးတစ်ယောက်အနေနဲ့ ဘယ်လိုထင်လဲ။
    ဖြေ။ ။ သမ္မတ အဟ်မဒ်ဒီနီဂျဒ်နဲ့ ကျွန်တော်တို့ အမြင်မတူပါဘူး။ သူပြောတာကို သဘောမတူဘူးလို့လည်း သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။ သူက တိုက်ရိုက်တော့ Holocaust ကို မငြင်းပါဘူး။ သူ မေးခွန်းထုတ်တာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီ မေးခွန်းထုတ်တာမျိုးကိုတောင် လက်မခံပါဘူး။ လုံးဝ ရှင်းလင်းပြီး၊ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ ကိစ္စတွေကို မေးခွန်းထုတ်တယ်ဆိုတာ အဓိပ္ပါယ်ကို မရှိပါဘူး။
    ဒါပေမယ့် ဒါက ကျွန်တော့်တို့ရဲ့ နေ့စဉ်ဘ၀တွေမှာ အနှောက်အယှက် မဖြစ်ပါဘူး။ ဥပမာအားဖြင့် ဂျူးဆေးရုံတွေကို အစိုးရရဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေဟာ အဟ်မဒ်ဒီနီဂျဒ်ရဲ့ သမ္မတသက်တမ်းအတွင်းမှာ စတင်ခဲ့တာပါ။ သူဟာ အစ္စရေးဆန့်ကျင်ရေးသမား ဖြစ်ပေမယ့်၊ ဂျူးဆန့်ကျင်ရေးသမားတော့ မဟုတ်ပါဘူး။ အီရန်ရဲ့ အခြေခံပေါ်လစီတွေက သမ္မတပြောင်းတာနဲ့ လိုက်ပြောင်းမှာ မဟုတ်ပါဘူး။ အဓိက ပေါ်လစီချမှတ်သူဟာ ခေါင်းဆောင်ကြီး (အယာတိုလာ အလီ ခါမေနီ) ဖြစ်ပါတယ်။ အဓိက မူဘောင်က ဖွဲ့စည်းပုံဖြစ်ပါတယ်။
    မေး။ ။ သမ္မတက သြဇာလွှမ်းမိုးမှု တော်တော်များများ ရှိနေပြီး အခု သောကြာနေ့မှာလည်း သမ္မတသစ်တစ်ယောက်ကို ရွေးတော့မှာပါ။ အီရန်က ဂျူးတွေအတွက် ဘယ်လိုဖြစ်မလဲ။
    ဖြေ။ ။ အီရန်ကဂျူးတွေမှာ ဘယ်သမ္မတလောင်းကို မဲပေးရမယ်ဆိုတာမျိုး မရှိပါဘူး။ ပြည်သူတွေဟာ သူတို့ရဲ့ နိုင်ငံရေး အကျိုးစီးပွားတွေအတွက် သမ္မတလောင်းတွထဲက တစ်ယောက်ကို မဲပေးရမှာပါ။ ဒီရွေးကောက်ပွဲက စီးပွားရေးသက်သက်ပါပဲ။ ကျွန်တော်တို့တိုင်းပြည်က စီးပွားရေးပြဿနာအတွက် ဘယ် သမ္မတလောင်းက အကောင်းဆုံးအဖြေတွေကို ပေးနိုင်မလဲ၊ အဲဒီလူက နိုင်မှာပါ။ ဒါကလွဲပြီး ဘယ်သူပဲတက်တက် ဂျူးတွေအတွက် ခြားနားမှု မရှိပါဘူး။ ကျွန်တော်တို့ဟာ အီရန်နိုင်ငံသားတွေဖြစ်ပြီး၊ သမ္မတဖြစ်လာသူတိုင်းဟာ ဖွဲ့စည်းပုံရဲ့ မူဘောင်အောက်မှာ အလုပ်လုပ်ရမှာ ဖြစ်ပါတယ်။
    Ref : DW