News @ M-Media

Blog

  • မန်ချက်စတာဗုံးခွဲမှု ၎င်းတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ကြေငြာ

    မန်ချက်စတာဗုံးခွဲမှု ၎င်းတို့လက်ချက်ဟု IS အကြမ်းဖက်အဖွဲ့ ကြေငြာ

    မေ ၂၃၊ ၂၀၁၇
    M-Media

    – ယမန်နေ့ညနှောင်းပိုင်းက မန်ချက်စတာမြို့တွင် ဖြစ်ပွားခဲ့သည့် ဗုံးခွဲမှုမှာ ၎င်းတို့လက်ချက်ဖြစ်သည်ဟု IS အကြမ်းဖက်အဖွဲ့က ပြောကြားလိုက်ပြီး ယူကေ ရဲတပ်ဖွဲ့ကလည်း ထိုအဖြစ်အပျက်နှင့် ဆက်စပ်၍ သံသယဖြစ်ဖွယ် လူတစ်ဦကို ဖမ်းဆီးထားသည်ဟု ဆိုသည်။

    မန်ချက်စတာ ဘောလုံးကွင်း၌ အမေရိကန်ပေါ့ပ်စတား အရီယာနာ ဂရန်ဒီ၏ ဂီတဖျော်ဖြေပွဲ ကျင်းပနေစဉ် ဖြစ်ပွားခဲ့သော အဆိုပါ ဗုံးကွဲမှုအတွင်း အနည်းဆုံး ၂၂ ဦး သေဆုံးခဲ့ပြီး ၅၉ ဦး ဒဏ်ရာရရှိခဲ့သည်။

    ယူကေရဲတပ်ဖွဲ့က အသေခံဗုံးခွဲတိုက်ခိုက်မှုဟု ပြောကြားခဲ့ပြီး IS အဖွဲ့က ၎င်းတို့၏ တပ်သားတစ်ဦးမှာ လူအုပ်ကြားထဲတွင် ဗုံးတစ်လုံးကို ချထားခဲ့သည်ဟု ၎င်းတို့၏ ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြေငြာခဲ့သည်။

    လက်ရှိတွင် ထိုအဖြစ်အပျက်နှင့်ဆက်စပ်၍ အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက အသေခံဗုံးခွဲသမား မည်သူမည်ဝါဖြစ်သည်ကို ရဲတပ်ဖွဲ့က သိရှိထားကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း အမည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

    Ref: Aljazeera

  • အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အီရန်မကူညီဘဲ မရနိုင်ဟု သမ္မတရူဟာနီ ဖွင့်ဟ

    အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေး အီရန်မကူညီဘဲ မရနိုင်ဟု သမ္မတရူဟာနီ ဖွင့်ဟ

    မေ ၂၃၊ ၂၀၁၇
    M-Media

    – အရှေ့အလယ်ပိုင်း တည်ငြိမ်ရေး ဆောင်ရွက်မှုဟာ အီရန်ရဲ့ အကူအညီမပါဘဲ အောင်မြင်နိုင်မှာ မဟုတ်ဘူးလို့ အီရန်သမ္မတ ဟာဆန်ရူဟာနီက ပြောကြားလိုက်ပြီး အရှေ့အလယ်ပိုင်းကို ရောက်နေတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဝေဖန်မှုကိုလည်း တုန့်ပြန်လိုက်ပါတယ်။

    ထရမ့်က မွတ်စလင်နိုင်ငံတွေအနေနဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေး အမေရိကန်နဲ့ မဟာမိတ်ပြုဖို့ တိုက်တွန်းခဲ့ပြီး၊ အီရန်ကတော့ အာရပ်ကမ္ဘာက လက်နက်ကိုင်အုပ်စုတွေကို ငွေကြေးတွေ၊ အထောက်အပံ့တွေ အဓိကပေးနေတဲ့ နိုင်ငံလို့ ပြောခဲ့တာပါ။

    လက်တွေ့ကျသူဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ် သမ္မတရွေးကောက်ပွဲမှာ ပြန်အနိုင်ရခဲ့တဲ့ ရူဟာနီကလည်း ထရမ့်ရဲ့ ဒီစကားကို တုန့်ပြန်ခဲ့ပြီး ရီယာ့ဒ်မှာလုပ်တဲ့ ထိပ်သီးအစည်းအဝေးဟာ ‘နိုင်ငံရေးတန်ဖိုး ဘာမှမပါတဲ့ ဟန်ပြပွဲသာဖြစ်ကာ ဘာရလဒ်မှ ထွက်မှာမဟုတ်ဘူး’ လို့ ဆိုပါတယ်။

    “အီရန်မပါဘဲနဲ့ ဒေသတွင်းတည်ငြိမ်ရေးကို ဘယ်သူက ပြန်ရအောင် လုပ်နိုင်မလဲ။ ဒေသတွင်းမှာ လုံးဝတည်ငြိမ်ရေးကို အီရန်မပါဘဲ ရမယ်လို့ ဘယ်သူပြောနိုင်လဲ” လို့ ရူဟာနီက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ထရမ့်က ရီယာ့ဒ်မှာပြုလုပ်တဲ့ ထိပ်သီးအစည်းဝေးမှာ အီရန်ဟာ အီရတ်၊ ယီမင်၊ လက်ဘနွန်က ‘အကြမ်းဖက်သမားတွေ၊ ပြည်သူ့စစ်တွေ၊နဲ့ အခြား အစွန်းရောက်အုပ်စုတွေကို’ ငွေကြေး၊ လက်နက်တွေ ထောက်ပံ့ပေးနေသလို၊ ဆီးရီးယားပြည်တွင်းစစ်မှာ သမ္မတ ဘာရှာ အလ်-အာဆတ်ကို ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

    ရူဟာနီကတော့ အမေရိကန်အစိုးရဟာ အရှေ့အလယ်ပိုင်းဒေသကို နားမလည်သေးဘူးလို့ ဆိုပါတယ်။

    “အမေရိကန်ဟာ အီရန်ကိုဆန့်ကျင်ဖို့ နည်းအမျိုးမျိုးကို အသုံးပြုခဲ့ပြီး တစ်ခုမှ အလုပ်မဖြစ်ပါဘူး။ တည်ငြိမ်ပြီး တစ်သမတ်တည်းရှိတဲ့ ပေါ်လစီကို တွေ့ရဖို့ အမေရိကန်အစိုးရသစ်ကို ကျွန်တော်တို့ စောင့်နေပါတယ်။ ပြဿနာက အမေရိကန်တွေဟာ ကျွန်တော်တို့ဒေသကို မသိတာပါ။ အမေရိကန်တာဝန်ရှိသူတွေကို အကြံပေးတဲ့သူတွေကလည်း သူတို့ကို လမ်းမှား ခေါ်သွားနေပါတယ်”

    နောက်ပြီး IS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ရာမှာ အီရန်ဟာ အရေးပါတဲ့ အင်အားတစ်ခုဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းက အကြမ်းဖက်ဝါဒကို အမေရိကန်နဲ့ ဆော်ဒီတို့က ငွေကြေး ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အီရန်ရဲ့ ရပ်တည်ချက်ကိုလည်း ရူဟာနီက ထပ်လောင်းပြောကြားခဲ့ပါတယ်။

    “ဘယ်သူတွေက အကြမ်းဖက်တွေကို တိုက်နေတာလဲဗျ။ အီရန်၊ ဆီးရီးယား၊ ဟစ်ဇ်ဘိုလာနဲ့ ရုရှားတို့ပဲလေ။ ဒါပေမယ့် ဘယ်သူက အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့နေတာလဲ။ အဲဒီလို ထောက်ပံ့နေတဲ့သူတွေက သူတို့ဟာ အကြမ်းဖက်တွေကို တိုက်နေတယ်လို့ ပြောလို့မရဘူး”

    အီရန်နဲ့ ဆော်ဒီတို့ဟာ ဆီးရီးယား၊ ယီမင်၊ အီရတ်နဲ့ လက်ဘနွန်တို့မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေကို ပံ့ပိုးပေးပြီး ဒေသတစ်ဝှမ်းက စစ်ပွဲတွေမှာ တစ်ဆင့်ခံ ပါဝင်နေကြတာ ဖြစ်ပါတယ်။

    ရူဟာနီကတော့ လက်နက်တွေထုတ်တာ၊ ၀ယ်တာတွေက တိုင်းပြည်တစ်ခုကို အားကောင်းအောင် မလုပ်နိုင်ဘူးလို့ ဆိုပါတယ်။

    “လက်နက်တွေဝယ်တာ၊ ထုတ်လုပ်တာဟာ နိုင်ငံတစ်နိုင်ငံကို အားကောင်းအောင် မလုပ်နိုင်ပါဘူး။ စစ်တပ်ဟာ တိုင်းပြည်အင်အားရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး၊ ကျွန်တော်တို့ ဒါကို ကောင်းကောင်းသိပါတယ်။ ဒါပေမယ့် ဒီအင်အားရဲ့ အခြေခံအုပ်မြစ်က အမျိုးသားအင်အားဖြစ်ပြီး ဒါက ရွေးကောက်ပွဲကနေတစ်ဆင့် လာတာဖြစ်ပါတယ်။ ဆော်ဒီခေါင်းဆောင်တွေနေနဲ့ တိုင်းပြည်ရဲ့ ကံကြမ္မာကို မဲပေးခွင့်ကနေ ပြည်သူတွေကို ဆုံးဖြတ်ခွင့်ပေးမယ်ဆိုရင်တော့ ဒါက သူတို့ကို ပိုပြီး ခိုင်မာတောင့်တင်းစေမှာပါ”

    ဒေသတွင်း အိမ်နီးချင်းနိုင်ငံတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးကို အီရန်က ကြိုဆိုပြီး အီရန်ကို ကမ္ဘာကြီးမှာ ၀င်ဆံ့စေမယ်၊ ပြည်သူတွေကို လွတ်လပ်ခွင့်ပေးမယ် ဆိုတဲ့ မဲဆွယ်ပွဲ ကတိကို ပြည့်ဆည်းပေးသွားမယ်လို့လည်း ရူဟာနီက ကတိပြုခဲ့ပါတယ်။

    အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည် အစီအစဉ်အတွက် အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ စီးပွားရေး ပိတ်ဆို့မှု ပြုလုပ်ခဲ့ပြီး ရူဟာနီက မိမိတို့ရဲ့ ဒုံးကျည်ထုတ်လုပ်မှုဟာ ငြိမ်းချမ်းရေးနဲ့ ကာကွယ်ရေးအတွက်ဖြစ်ကြောင်း၊ နည်းပညာပိုင်းဆိုင်ရာ ဒုံးကျည်စမ်းသပ်မှုလုပ်ဖို့ လိုလာပြီဆိုရင် သူတို့ရဲ့ ခွင့်ပြုချက်ကို စောင့်မနေဘဲ အီရန်က လုပ်ဆောင်သွားမယ်ဆိုတာ အမေရိကန်က သိဖို့လိုကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ‘အီရန်ရဲ့ ဒုံးကျည်အစီအစဉ် အဆုံးသတ်သွားဖို့ဆိုတဲ့ အမေရိကန်ရဲ့ စိက်ကူးယဉ်အိပ်မက်ဟာ ဘယ်တော့မှ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး’

    Ref: Aljazeera

  • မန်ချက်စတာ ဂီတဖျော်ဖြေပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

    မန်ချက်စတာ ဂီတဖျော်ဖြေပွဲတစ်ခုတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

    မေ ၂၃၊ ၂၀၁၇
    M-Media

    – အင်္ဂလန်မြောက်ပိုင်း မန်ချက်စတာမြို့တွင် ယမန်နေ့ညပိုင်းက ကျင်းပပြုလုပ်သည့် အမေရိကန် နာမည်ကြီး ပေါ့ပ်အဆိုတော် အရီယာနာ ဂရန်ဒီ၏ ဂီတဖျော်ဖြေပွဲတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးကာ ၅၀ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ရဲတပ်ဖွဲ့ကမူ အဆိုပါ တိုက်ခိုက်မှုကို အကြမ်းဖက်လုပ်ရပ်အဖြစ် ပြောဆိုထားပြီး၊ အချက်အလက်များကို စုဆောင်းနေဆဲဖြစ်ကြောင်း၊ ဂီတဖျော်ဖြေပွဲ သွားရောက်ကြည့်သူများ၏ ဆွေမျိုးများကို အကူအညီပေးရန် ဖုန်းလိုင်းများကို ဖန်တီးပေးထားကြောင်း ပြောကြားခဲ့သည်။

    “လက်ရှိအချိန်အထိ ၁၉ ဦး သေဆုံခဲ့ပြီး ၅၀ ၀န်းကျင်လောက် ဒဏ်ရာရှိခဲ့ပါတယ်။ နောက်ထပ် ထပ်ပြီး မသိရှိရခင်အထိ ဒါကို အကြမ်းဖက်လုပ်ရပ်အဖြစ် လက်ရှိမှာ သတ်မှတ်ဆောင်ရွက်နေပါတယ်” ဟု ဂရိတ်တား မန်ချက်စတာ ရဲတပ်ဖွဲ့က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ပေါက်ကွဲမှု မည်သို့ဖြစ်သည်ဆိုသည့် အသေးစိတ် အချက်အလက်များကို မသိရသေးသော်လည်း မျက်မြင်သက်သေအချို့က ဒေသစံတော်ချိန် ၁၀ နာရီခွဲခန့်တွင် ဖျော်ဖြေပွဲကျင်းပရာ ရုံအတွင်းရှိ အရက်ဘားအနီးမှ ပေါက်ကွဲသံ ကြားရသည်ဟု ပြောကြားခဲ့သည်။

    ယခုဖြစ်ရပ်ကို အကြမ်းဖက်တိုက်ခိုက်မှုအဖြစ် အတည်ပြုနိုင်ပါက ၂၀၀၅ ခုနှစ် ဇူလိုင်လတွင် လန်ဒန်ဘူတာရုံ၌ လူ ၅၂ ဦး သေဆုံးခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုနောက်ပိုင်း ဗြိတိန်တွင် အဆိုးဝါးဆုံး တိုက်ခိုက်မှု ဖြစ်လာမည်ဖြစ်သည်။

    Ref: Aljazeera

  • မျက်ရည်တွေနဲ့ ပြန်ခဲ့တယ်

    မျက်ရည်တွေနဲ့ ပြန်ခဲ့တယ်

    မေ ၂၃ ၊ ၂၀၁၇
    သာလွန်ဇောင်းထက် ရေးသည်။

    လူမှုဝန်ထမ်းဦးစီးဌာနလက်အောက် နတ်မောက်လမ်းသွယ် ၁ မှာရှိတဲ့ အမျိုးသမီး အသက်မွေးပညာအတတ်သင်ကျောင်းမှာ မနေ့က ကျနော်တို့ Noble Friends အဖွဲ့လေး သွားပြီး အလှူလုပ်ဖြစ်ခဲ့ပါတယ်။ အဲဒီကျောင်းကို အလွယ်ခေါ်ကြတာကတော့ နတ်မောက်ကျောင်းလို့ ခေါ်တဲ့ နေရာလေးကို သွားလှူဖြစ်ပါတယ်။

    နတ်မောက်လမ်းသွယ် ၁ လမ်းရှိတဲ့ ဒီကျောင်းလေးက ရန်ကုန်မြို့လယ်ခေါင် အင်မတန်မှ အချက်အချာကျတဲ့နေရာမှာ ရှိပေမယ့် ဒီကျောင်းလေးအကြောင်း လူတွေ သိပ်မသိကြဘူး။

    သာမန်အားဖြင့် ပြင်ပက ကြည့်လိုက်မယ်ဆိုရင် အမျိုးသမီးအသက်မွေး ပညာအတတ်သင်ကျောင်းလို့ နာမည်တပ်ထားတာမို့ ကျောင်းတစ်ခုလိုသာ ထင်စရာရှိတယ်။ ဒါပေမယ့်လည်း တကယ်တော့ အဲဒီနေရာလေးက ကျောင်းတစ်ခု ဆိုတာထက် ပိုပါတယ်။

    ဒီကျောင်းလေးမှာ အားငယ်မှုတွေ ရှိတယ်၊ ဒီကျောင်းလေးမှာ ဘ၀မှာ အဖြစ်ဆိုးနဲ့ ကြုံခဲ့ရတဲ့ ဖြစ်ရပ်တွေ ရှိနေတယ်၊ ဒီကျောင်းလေးမှာ မျှော်လင့်ချက်မဲ့နေတဲ့ ဘ၀တွေ ရှိနေတယ်။ ဒီကျောင်းလေးမှာ အရွယ်နဲ့မလိုက်အောင် ကြမ်းတမ်းခက်ထန်တဲ့ လောကဓံကို ခံလိုက်ရတဲ့ ရိုက်ချိုးခံလိုက်ရတဲ့ ဘ၀တွေလည်း ရှိနေတဲ့ နေရာလေး။


    နတ်မောက်ကျောင်းဆိုတာ
    ================

    အမျိုးသမီး အသက်မွေးပညာ အတတ်သင်ကျောင်း(နတ်မောက်ကျောင်း) ဆိုတာက အသက် ၁၈နှစ်အောက် အမျိုးသမီးငယ်လေး ခိုလှုံနေတဲ့ နေရာလေးပါ။

    ဒီနေရာလေးမှာ နိုင်ငံတော်က ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မိဘမဲ့ သမီးငယ်လေးတွေနေတယ်။ ပြစ်မှုတစ်ခုခု ကျူးလွန်လို့ ပြစ်ဒဏ်ကျနေတဲ့ အသက် ၁၈ နှစ်အောက် သမီးငယ်လေးတွေ ယာယီ ခိုလှုံကြတယ်။ လူကုန်ကူးမှုကြောင့် ပြည့်တန်ဆာဖြစ် အခိုင်းခံရပြီး HIV/AIDS ကူးစက်ခံနေရတဲ့ သမီးငယ်လေးတွေ ရှိနေတယ်။ တရုတ်နိုင်ငံကို မယားအဖြစ် လူကုန်ကူးခံရပြီး ပြန်လည် ရောက်ရှိလာတဲ့ အမျိုးသမီးငယ်လေးတွေ ရှိနေတယ်။ သိပ်မကြာသေးခင်က အင်းဝအပ်ချုပ်ဆိုင်မှာ အနှိပ်စက်ခံခဲ့ရတဲ့ အိမ်ဖော် သမီးငယ်လေး ၁ ဦးလည်းရှိနေတယ်။

    စိတ်ကျန်းမာရေး မကောင်းလို့ ကျန်းမာရေး မကောင်းလို့ ၂ ပေ ၊ ၆ ပေ ကုတင်လေးပေါ်မှာ ဘ၀ကို ကုန်လွန်နေကြတဲ့ ကျန်းမာရေးမကောင်းတဲ့ အမျိုးသမီးကြီး ၇ ဦး လည်းရှိနေတယ်။ တွေ့တဲ့လူတိုင်းကို ရယ်ပြပြီး ခြေဟန် လက်ဟန်နဲ့ ဆက်သွယ်နေတဲ့ မသန်စွမ်း အမျိုးသမီးငယ် ၁ ဦးလည်းရှိနေတယ်။ စုစုပေါင်း ကံဆိုးကြတဲ့ အမျိုးသမီးငယ် ၅၇ ဦး ခိုလှုံရာ နေရာလေး။

    နတ်မောက်ကျောင်းဆိုတာ တကယ်တော့ လောကဓံက မျက်နှာမပေးလို့ အဖြစ်ဆိုးကြတဲ့ သမီးငယ်တွေ ခိုလှုံရာနေရာလေး။

    ဒီကျောင်းမှာ ပြစ်ဒဏ်ကျ သမီးငယ်တွေက အလုပ်လုပ်ရင်း ကုန်ဆုံးကြသလို အခြားသမီးငယ်တွေလည်း တွယ်တာမဲ့ ဘ၀တွေနဲ့ မျှော်လင့်ချက်မဲ့ နေထိုင်နေကြတယ်။

    ဒီကျောင်းမှာ ရှိနေကြတဲ့ သမီးငယ်တွေနဲ့ အမျိုးသမီးတွေရဲ့ ဘ၀တွေက သူ့ထက်သူ ပိုဆိုးကြတာမို့ အဆိုးပြိုင်နေကြသလားလို့တောင် တွေးထင်ရတယ်။

    အငိုမျက်လုံး၊ အပြုံးမျက်ရည်
    =================

    Noble Friends အဖွဲ့ မေလ ၂၁ ရက်နေ့ နတ်မောက်ကျောင်းမှာ ရှိနေကြတဲ့ အမျိုးသမီးနဲ့ သမီးငယ် ၅၇ ဦးကို မနက်စာ မုန့်ဟင်းခါး၊ နေ့လယ်စာ ၀က်သား၊ ကြက်သားဟင်း၊ ညနေစာ ငါးဟင်းနဲ့ ကြက်သား ၃ နပ်စာ ထမင်းကျွေးဖြစ်ခဲ့တယ်။

    နေ့လယ်စာ စားပြီးတော့ သူတို့လေးတွေနဲ့ ကျနော်တို့ အဖွဲ့က အဖွဲ့ဝင်တွေ ဂိမ်းဆော့ကြ၊ ကျန်းမာရေးဆိုင်ရာ ဟောပြောပွဲလေးတွေလုပ်ဖြစ်တယ်။

    သူတို့အားလုံးမှာ သတိထားမိတာက တူညီတဲ့ မျက်ဝန်းတစုံ ရှိနေကြတာပဲ။ သူတို့အားလုံး မျက်ဝန်းတွေက ဖျော့တော့တယ်။ သူတို့အားလုံးရဲ့ မျက်ဝန်းတွေမှာ အားငယ်မှုတွေ တွေ့နေရတယ်။ သူတို့အားလုံးမျက်ဝန်းတွေမှာ ကိုယ့်ကိုယ်ကိုယ် မယုံကြည်မှုတွေ ရှိနေတယ်။ သူတို့အားလုံးမျက်ဝန်းတွေမှာ အနာဂတ်မဲ့နေတာ မြင်ခဲ့ရတယ်။ သူတို့အားလုံး မျက်ဝန်းတွေမှာ ဆောက်တည်ရာမရတွေ မြင်ခဲ့ရတယ်။

    ကျေန်ာတို့နဲ့ ကစားနေကြချိန်မှာတော့ သူတို့ ခေတ္တ ခဏလေး ဘ၀ရဲ့ ကြမ်းတမ်းမှုတွေ ကို မေ့ပြီး သူတို့ ပျော်ရွှင်ကြတယ်။ သူတို့ ရယ်မောကြတယ်။ သူတို့ ပြုံးကြတယ်။ သူတို့နဲ့အတူ ကျနော်တို့ လည်း ဘ၀ရဲ့ အမောတွေ ခဏလေး လျစ်လျူရှုပြီး ပီတီဖြစ်ခဲ့ကြတယ်။

    သူတို့ အငိုမျက်လုံးတွေမှာ အပြုံးတွေ ရှိလာဖို့ ကျနော်တို့ ယာယီ အလှဆင်နိုင်ခဲ့တယ်။ အားလုံးကို ကျနော်တို့ နှုတ်ဆက်တော့ သူတို့က ထွက်မသွားကြဘဲ ကျနော်တို့ကို စိုက်ကြည့်နေတယ်။ သူတို့ ပျော်နေတဲ့အချိန်လေးကို စွန့်ခွာရမှာ သူတို့ ကြောက်နေပုံပါပဲ။ သူတို့ ရယ်မောနေခဲ့ကြတဲ့အချိန်လေးကို လွတ်သွားမှာ သူတို့ ၀မ်းနည်းနေပုံပါပဲ။

    နတ်မောက်ကျောင်းက ပြန်တော့ သူတို့ဘ၀တွေကို တွေးရင်း ကျနော် မျက်ရည်ဝဲမိတယ်။ သူတို့ပျော်ရွှင်တာကို ကြည့်ရင်း ကျနော် ပြုံးမိတယ်။ ကျနော်တို့တွေလည်း သူတို့လိုပဲ အငိုမျက်လုံး အပြုံးမျက်ရည်တွေနဲ့ပါ။ နတ်မောက်ကျောင်းက ကျနော်တို့တွေ အငိုမျက်လုံး အပြုံးမျက်ရည်တွေနဲ့ ပြန်ခဲ့ကြတယ်။

  • ဘာသာရေးမစွက်သော နိုင်ငံဖြစ်လာရန် အင်ဒိုနီးရှား၏ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ တိုက်တွန်း

    ဘာသာရေးမစွက်သော နိုင်ငံဖြစ်လာရန် အင်ဒိုနီးရှား၏ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့ တိုက်တွန်း

    မေ ၂၂၊ ၂၀၁၇
    M-Media

    နဒ်လာသွလ် အိုလမာရဲ့ ခေါင်းဆောင် ကေ အိခ်ျ စအစ် အကီလ် ဆီရဂ်ျ (ယာ)

    – အင်ဒိုနီးရှားနိုင်ငံရဲ့ ဘာသာရေးမနွယ်တဲ့ အုပ်ချုပ်ရေး တန်ဖိုးတွေကို အားကောင်းအောင် ဆောင်ရွက်ဖို့ နိုင်ငံနဲ့ ကမ္ဘာ့ရဲ့ အကြီးဆုံး အစ္စလာမ့်အဖွဲ့အစည်း နဒ်လာသွလ် အိုလမာရဲ့ ခေါင်းဆောင် ကေ အိခ်ျ စအစ် အကီလ် ဆီရဂ်ျက တိုက်တွန်းလိုက်ပါတယ်။

    ဂျကာတာ အုပ်ချုပ်ရေးမှူးအသစ်က အစ္စလာမ့်သွန်သင်မှုတွေကို နိုင်ငံရေးနဲ့ လူ့အဖွဲ့အစည်းမှာ လွှမ်းမိုးရေး တိုက်တွန်းဆော်သြပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ဒီစကားမျိုး ပေါ်ထွက်လာတာပါ။

    နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ဆူရာဘာယာမှာ ကြာသာပတေးနေ့က ပြုလုပ်တဲ့ Alliance of Arek Suroboyo ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို တက်ရောက်လာကြတဲ့ ဘာသာပေါင်းစုံက ပရိတ်သတ်တွေကို ဆီရဂ်ျက အခုလို ပြောကြားလိုက်တာဖြစ်ပြီး၊ နိုင်ငံရဲ့ တရားဝင် စည်းတံဆိပ်အဖြစ် အသုံးပြုနေတဲ့ ‘မတူကွဲပြားစွာ စုစည်းညီညွတ်ခြင်း’ ဆိုတဲ့ တိုင်းပြည်ထူထောင်တဲ့ အခြေခံစည်းမျဉ်းဘက်ကို ပြန်လှည့်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။

    နောက်ပြီး ဘုရားသခင်ကို ယုံကြည်ခြင်း၊ တရားမျှတပြီး ယဉ်ကျေးသော လူသားဝါဒ၊ စည်းလုံးညီညွတ်မှု၊ ဒီမိုကရေစီနဲ့ လူထုတရားမျှတရေးဆိုတဲ့ အခြေခံဥပဒေရဲ့ အုတ်မြစ် ‘ပန်ကျာဆီလာ’ အယူအဆကို ထိန်းသိမ်းဖို့ တောင်းဆိုခဲ့ပြီး အခြားသော ဘာသာရေးခေါင်းဆောင်တွေကလည်း ဒီလို မှတ်ချက်မျိုးတွေ ပေးခဲ့ကြပါတ
    ယ်။

    ဘာသာရေးမစွက်တဲ့ အမျိုးသားရေးဝါဒ၊ တိုင်းချစ်ပြည်ချစ်ဝါဒတွေကို အားကောင်းစေဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တဲ့ ဘာသာပေါင်းစုံ ချစ်ကျည်ရေးအခမ်းအနားမှာ ဆီရဂ်ျရဲ့ ဒီမှတ်ချက်ဟာ နိုင်ငံရဲ့ အုပ်ချုပ်ပုံကို လူများစု ကိုးကွယ်တဲ့ အစ္စလာမ်ဘာသာရဲ့ ဥပဒေအတိုင်း ပြောင်းလဲဖို့ လှုပ်ရှားမှုတွေ မြင့်တက်လာတာကို တန်ပြန်လိုက်တာလည်း ဖြစ်ပါတယ်။

    နဒ်လာသွလ် အိုလမာအဖွဲ့ကို ၁၉၂၆ ခုနှစ်က ဆူရာဘာယာမှာ တည်ထောင်ခဲ့တာဖြစ်ပြီး ဆော်ဒီက တင်သွင်းတဲ့ ၀ဟာဘီဝါဒကို တိုက်ဖျက်ဖို့ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အဖွဲ့ဝင် သန်း ၄၀ ကျော်လောက် ရှိနေပါပြီ။

    ၁၉၈၀ ပြည့်နှစ်လောက်ကတည်းက ဆော်ဒီဟာ သူ့ရဲ့ ၀ဟာဘီဝါဒကို ဖြန့်ခဲ့ပြီး ဒီရဲ့ ရိုက်ခတ်မှုကို ဧပြီလ ၁၉ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဂျကာတာ မြို့တော်ဝန် ရွေးကောက်ပွဲမှာ အထင်အရှား တွေ့ခဲ့ရပါတယ်။

    ရွေးကောက်ပွဲအနိုင်ရရှိခဲ့တဲ့ အနီးစ် ဘက်စ်ဝီဒန်ဟာ ဘာသာရေး သဘောထားတင်းမာသူတွေ ထောက်ခံမှုရအောင် ဆောင်ရွက်ခဲ့ပြီး၊ ပြိုင်ဘက် ဂျကာတာမြို့တော်ဝန်ဟောင်း ခရစ်ယာန်ဘာသာဝင် အဟော့ကတော့ သဘောထားတင်းမာသူတွေရဲ့ ဖိအားကြောင့် အစ္စလာမ်ဘာသာကို စော်ကားမှုနဲ့ တရားရင်ဆိုင်ခဲ့ရကာ ဒီလအတွင်းမှာပဲ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရပါတယ်။

    ဆီရဂ်ျကတော့ အစွန်းရောက်သဘောထားတွေဟာ သောကြာနေ့ တရားဟောကြားမှုတွေကနေ ပြန့်နှံ့နေတယ်လို့ ဆိုပါတယ်။

    “ဒီတရားဒေသနာတွေက လူတွေကို ပိုပြီး ဘာသာတရားကိုင်းရှိုင်းလာအောင်၊ ကိုယ်ကျင့်တရား ပိုကောင်းလာအောင်၊ ပိုပြီး ဘာသာတရားလေးစားလာအောင် သတိပေးရမှာဗျ။ ပုတ်ခတ်တဲ့စကားတွေ ပြောရမှာ မဟုတ်ဘူး။ သူတို့ ဘယ်လောက် အတင့်ရဲနေကြပြီလဲ။ သူများဘာသာအကြောင်း မကောင်းပြောချင်ရင် အပြင်မှာ ပြောကြပေါ့။ သောကြာနေ့ တရားဒေသနာမှာ ဒါတွေထည့်ပြောတော့ ၀တ်ပြုဆုတောင်းမှုကလည်း မပိုင်တော့ဘူး (အထမမြောက်တော့ဘူး)”

    အင်ဒိုနီးရှားနိုင်ငံဟာ ကျွန်းပေါင်း ၁၇၀၀၀ ကျော်နဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံဖြစ်ပြီး လူမျိုးစုပေါင်း အနည်းဆုံး ၃၀၀၊ ဘာသာစကားနဲ့ ဒေသသုံးစကားပေါင်း ၇၄၀ လောက်ရှိပါတယ်။ လူဦးရေ သန်းပေါင်း ၂၆၀.၆ သန်းရဲ့ ၈၈ ရာခိုင်နှုန်းက အစ္စလာမ်ဘာသာဝင်တွေဖြစ်ပြီး အစိုးရကတော့ ခရစ်ယာန် ပရိုတက်စတင့်၊ ခရစ်ယာန် ကက်သလစ်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာနဲ့ ကွန်ဖြူရှပ်စ်ဘာသာတွေကို နိုင်ငံရဲ့ တရားဝင် ဘာသာတရားအဖြစ် အသိအမှတ်ပြုထားပါတယ်။

    ဆန့်ကျင်

    တာအိုဝါဒခေါင်းဆောင် ဆစ်ဟာတာ အဒ်ဟူမူလ်ယာက ‘နိုင်ငံရေးမှာ အစ္စလာမ်ကို ထည့်သွင်းလာမှုနဲ့ ရှရီအာဥပဒေကို အကောင်အထည်ဖော်မှုဟာ နိုင်ငံနဲ့ ဘိုးဘေးတွေရဲ့ မြင့်မြတ်တဲ့ တန်ဖိုးတွေနဲ့ ဆက်စပ်တဲ့ အရာအားလုံးကို ဖျောက်ဖျက်ဖို့ ကြိုးစားနေတာ’ ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး၊ အုပ်ချုပ်ရေးမှာ အပြောင်း
    အလဲလုပ်ဖို့ ကြိုးစားလာတာကို ဆန့်ကျင်ဖို့အတွက်လည်း ပြည်သူလူထုကို တိုက်တွန်းခဲ့ပါတယ်။

    နဒ်လာသွလ် အိုလမာအဖွဲ့ခေါင်းဆောင် စအစ် အကီလ် ဆီရဂ်ျက အင်ဒိုနီးရှားပြည်သူတွေအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဘက်ကို ပြန်လှည့်ကာ ‘မတူကွဲပြားစွာ စုစည်းညီညွတ်ခြင်း’ ဆိုတဲ့ စည်းကမ်း၊ ပန်ကျာစီလာ အယူအဆတွေ လက်ခံကျင့်သုံးမယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ လက်ခံထားကြတဲ့ ပန်ကျာစီလာ အယူအဆဘက်ကို ပြန်လှည့်ကြပါစို့။ လူတိုင်းက ပြဿနြာ ဖစ်စေမယ့် မိမိရဲ့ ကိုယ်ပိုင်အယူအဆကို တိုက်ဖျက်သွားမှာပါ။ မွတ်စလင်တစ်ယောက်ဖြစ်ရင်လည်း ပန်ကျာစီလာ အယူအဆမှာကိုက အစ္စလာမ့်တန်ဖိုးတွေ ပါဝင်ပြီးသားပါ။ ဘုရားသခင်အပေါ် ယုံကြည်မှု၊ ညီအစ်ကိုမောင်နှမစိတ်ဓာတ်၊ တရားမျှတမှု၊ အမျိုးသားရေး ဒါတွေအားလုံးဟာ အစ္စလာမ့်ရဲ့ စည်းမျဉ်းစည်းကမ်းတွေဘဲဗျ။ မွတ်စလင်တွေအတွက် ဘာပြဿနာရှိလို့လဲ”

    Ref: VOA