News @ M-Media
Blog
  • ချယ်ဆီးကွင်းလယ်လူကန်တီ FWA ၏ တစ်နှစ်တာအကောင်းဆုံးဆု ရရှိ
    ချယ်ဆီးကွင်းလယ်လူကန်တီ FWA ၏ တစ်နှစ်တာအကောင်းဆုံးဆု ရရှိ
    မေ ၈၊ ၂၀၁၇
    M-Media
    – ချယ်ဆီးအသင်း၏ ကွင်းလယ်လူ အန်ဂိုလို ကန်တီမှာ ဘောလုံးကလောင်ရှင်များအသင်း(FWA) က ရွေးချယ်သော ၂၀၁၇ ခုနှစ် ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ရရှိခဲ့သည်ဟု သိရသည်။
    ပြင်သစ်လက်ရွေးစင် ကန်တီမှာ မဲအရေအတွက် ၃၄၀ ရရှိခဲ့ပြီး အသင်းဖော် အေဒင် ဟဇာ့ဒ်က ဒုတိယ၊ စပါးကွင်းလယ်လူ ဒဲလီအလီက တတိယ အသီးသီး ရရှိခဲ့သည်။
    ကန်တီနှင့် ဟဇာ့ဒ်တို့မှာ ကလောင်ရှင်များ၏ မဲအရေအတွက် ၅၆ ရာခိုင်နှုန်းကျော်ကို ရရှိခဲ့ပြီး၊ မဲပေးခံခဲ့ရသည့် ကစားသမားအရေအတွက်မှာ စံချိန်တင် ၁၇ ဦး ရှိခဲ့သည်။
    လက်စတာအသင်းမှ ယခုနှစ်ဘောလုံးရာသီအစတွင် ချယ်ဆီးသို့ ကန်ဒေါ်လာ ၃၂ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သည့် ကန်တီမှာ အသင်း၏ အမာခံ ကွင်းလယ်ကစားသမား ဖြစ်လာခဲ့သည်။
    ချယ်ဆီးမှာ လန်ကျန် ၄ ပွဲတွင် ၂ ပွဲ အနိုင်ရပါက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လာမည်ဖြစ်ပြီး မနှစ်က လက်စတာနှင့် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သည့် ကန်တီမှာ အသင်း ၂ နှစ်သင်းဖြင့် ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်နိုင်သည့် ပထမဆုံးကစားသမား ဖြစ်လာမည်ဖြစ်သည်။
    “ဒီဆုကို ရတယ်ဆိုတာ တော်တော်လေး ဂုဏ်ယူစရာ အရာတစ်ခုပါ။ ချယ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်မှာ ကြီးကျယ်တဲ့ ကစားသမားတွေ အများကြီးရှိတဲ့အထဲ ဘောလုံးကလောင်ရှင်များအသင်းက ကျွန်တော့်ကို တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်လိုက်တာဟာ ကျွန်တော့်ရဲ့ ကစားသမားဘ၀မှာ ဂုဏ်ယူစရာ အချိန်တစ်ခု ဖြစ်ပါတယ်” ဟု ကန်တီက ပြောကြားခဲ့သည်။
    ကန်တီမှာ ပြီးခဲ့သည့်လကလည်း ပရော်ဖက်ရှင်နယ် ဘောလုံးသမားများအသင်းက ပေးအပ်ခဲ့သည့် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိခဲ့သည်။
    FWA ၏ တစ်နှစ်တာ အကောင်းဆုံး ဘောလုံးသမားဆုကို လာမည့် မေလ ၁၈ ရက်နေ့တွင် လန်ဒန်မြို့၌ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ပြီး အကြိမ် ၇၀ မြောက် ဆုပေးပွဲအခမ်းအနား ဖြစ်လာမည်ဖြစ်သည်။
    Ref: Telegraph
  • တော်ဝင်မင်းသမီး အမီရာဟ် အလ် သောင်ဝီးလ် (သို့မဟုတ်) ဆော်ဒီ၏ ပရဟိတဘုရင်မ
    တော်ဝင်မင်းသမီး အမီရာဟ် အလ် သောင်ဝီးလ် (သို့မဟုတ်) ဆော်ဒီ၏ ပရဟိတဘုရင်မ
    မေ ၈၊ ၂၀၁၇
    M-Media
    – အသက် ၃၃ နှစ်အရွယ် ဆော်ဒီ တော်ဝင်မင်းသမီး အမီရာဟ် အလ် သောင်ဝီးလ်ဟာ ကမ္ဘာကြီးကို ပိုကောင်းအောင် ဖန်တီးချင်သူ တစ်ဦးပါ။
    လှပ၊ စတိုင်ကျသလို ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ သူမဟာ ရဲရင့်ပြီး ရည်မှန်းချက်ကြီးမားတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။ သူမဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာတွေအတွက် အကူအညီပေးရေးလုပ်ငန်းကို ဆော်ဒီမှာသာမက ကမ္ဘာတစ်ဝှမ်း ဖြန့်ကျက်လုပ်ဆောင်နေသူပါ။
    ကမ္ဘာကြီးမှာ ဖြစ်ပွားနေတဲ့ အဓိက ပြဿနာတွေကို နားလည်ဖြေရှင်းနိုင်ဖို့ နိုင်ငံပေါင်း ၇၀ ကျော်ကို ခရီးသွားခဲ့သူလည်း ဖြစ်ပါတယ်။
    မင်းသမီးဟာ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ သဘာဝဘေးအန္တရာယ် နောက်ဆက်တွဲ ပြဿနာတွေကို ဖြေရှင်းရေးတွေကို ဆောင်ရွက်နေသလို၊ ပရဟိတ အဖွဲ့အစည်းပေါင်း များစွာမှာလည်း ပါဝင်လှုပ်ရှားနေပါတယ်။ အနောက်အာဖရိကမှာ ကယ်ဆယ်ရေးစခန်းတစ်ခု ဖြစ်ပေါ်လာအောင် ကြိုးပမ်းပေးထားပြီး၊ ပါကစ္စတန်က ရေးဘေးဒုက္ခသည်တွေအတွက်လည်း လက်မနှေးခဲ့ပါဘူး။
    ကမ်းဘရစ်ခ်ျတက္ကသိုလ်မှာ အစ္စလာမ့်ရေးရာ လေ့လာမှုစင်တာ ပေါ်ပေါက်လာအောင် ကြိုးပမ်းပေးခဲ့တဲ့ အမီရာဟ်ဟာ ဆိုမာလီယာမှာလည်း အကူအညီပေးရေးအဖွဲ့ကို ဦးဆောင်နေပါတယ်။
    နောက်ပြီး သူမဟာ တိုင်းပြည်မှာ မျက်နှာပါအုပ်တဲ့ဝတ်ရုံကို ခြုံဖို့ ငြင်းဆန်ခဲ့တဲ့ ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီးတွေထဲက တစ်ဦးလည်း ဖြစ်ပါတယ်။ ဥရောပ အ၀တ်အစားကို စတိုင်ကျကျ ၀တ်စားပေမယ့် အိနြေ္ဒသိက္ခာရှိမှု တန်ဖိုးကိုတော့ စွန်လွှတ်ခြင်း မရှိပါဘူး။
    ဆော်ဒီရဲ့ ရိုးရာအစဉ်အလာနဲ့ မင်းသမီး အမီရာဟ်ရဲ့ ဘ၀နေထိုင်မှုကြားမှာ ကွဲပြားခြားနားနေတာက ဖက်ရှင်တစ်ခုတည်း မဟုတ်ပါဘူး။ သူမဟာ ကိုယ်တိုင်ကားမောင်းပြီး အဆင့်မြင့်ပညာကို အမေရိကန်မှာ သင်ယူခဲ့သလို စီးပွားရေး စီမံခန့်ခွဲမှုနဲ့ ဘွဲ့တစ်ခုကိုလည်း ရရှိထားပါတယ်။ မင်းသမီးက သူတို့နိုင်ငံက အမျိုးသမီးတွေနေနဲ့ ဒီကိစ္စတွေကို ရွေးချယ်ခွင့် ရှိရမယ်လို့ မှတ်ယူထားသူဖြစ်သလို၊ အမှန်တကယ်အကောင်အထည် ပေါ်လာအောင် ကြိုးစားခဲ့ပါတယ်။
    မင်းသမီး အမီရာဟ်ဟာ ပြိုင်ဘက်ကင်းအလှ၊ ပျော့ပြောင်းတဲ့ စိတ်ဓာတ်၊ နူးညံ့တဲ့နှလုံးသားတို့ ပေါင်းစပ်ထားမှုရဲ့ ခြွင်းချက်ကင်း ပြယုဂ်တစ်ခုလည်းဖြစ်ပါတယ်။ ဒီလိုလူမျိုးဟာ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာအဖြစ် ဖန်တီးမယ်ဆိုတာ မလွဲ မသွေပါပဲ။
    Ref: Bright Side
  • မလေးရှား အုပ်ချုပ်ရေးမြို့တော်တွင် နိုင်ငံတော်ဗုဒ္ဓဘာသာစင်တာနှင့် အခြား ၀တ်ပြုရာနေရာများ တည်ဆောက်မည်
    မလေးရှား အုပ်ချုပ်ရေးမြို့တော်တွင် နိုင်ငံတော်ဗုဒ္ဓဘာသာစင်တာနှင့် အခြား ၀တ်ပြုရာနေရာများ တည်ဆောက်မည်
    မေ ၈၊ ၂၀၁၇
    M-Medaia
    အုတ်မြစ်ချပွဲ အခမ်းအနားကို တက်ရောက်လာကြသည့် ဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ
    – နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်တွင် ဘာသာပေါင်းစုံတည်ရှိရန် မလေးအစိုးရ၏ အစီအစဉ်တစ်ရပ်အဖြစ် ပူထရာဂျာယာမြို့တွင် နိုင်ငံတော် ဗုဒ္ဓဘာသာစင်တာနှင့် အခြား အဓိကဘာသာတရားများ၏ ၀တ်ပြုရာနေရာများ တည်ဆောက်သွားမည်ဟု သိရသည်။
    “ဒါဟာ ကျွန်တော်တို့ အခြေခံဥပဒေမှာ ပြဌာန်းထားတဲ့ ဘာသာရေးလွတ်လပ်ခွင့်အတွက် အစိုးရရဲ့ စိတ်နှစ်မြုပ်ဆောင်ရွက်မှုကို ထင်ဟပ်ကိုယ်စားပြုစေမှာ ဖြစ်ပါတယ်” ဟု မလေးရှား နိုင်ငံတကာ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး ဒါတွတ် အွန်ကာချွမ်က ပြောကြားခဲ့သည်။
    အဆိုပါ စင်တာကို အစိုးရပိုင် ၀.၇၂ ဟက်တာရှိသည့် မြေပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ပြီး၊ ဘေးတွင် ဆောက်လုပ်ဆဲ ဟိန္ဒူဘုရားကျောင်းတစ်ခု ရှိနေသည်။
    ထိုဟိန္ဒူဘုရားကျောင်းကို Devi Sri Lalithaambigai Alayam ဟု အမည်ပေးထားပြီး အိန္ဒိယနိုင်ငံ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ဘုရားကျောင်းများမှ လက်ရာများ ထည့်သွင်းမည်ဖြစ်သည်။
    ထို့ပြင် ထိုပတ်ဝန်းကျင်၌ အစ္စလာမ်ဘာသာမဟုတ်သည့် အခြားဘာသာများဖြစ်သော ခရစ်ယာန်၊ တာအိုနှင့် ဆစ်ခ်ဘာသာတို့၏ ၀တ်ပြုရာအဆောက်အဦးများကို ဆောက်လုပ်ရန် မြေများ သတ်မှတ်ပေးထားသည်ဟုလည်း ဆိုသည်။
    ၂ ထပ်အဆောက်အဦးဖြစ်ပြီး အမိုးပေါ်တွင် ဥယျာဉ်တစ်ခု ပါဝင်မည့် ယခုစင်တာ ဆောက်လုပ်ရန်အတွက် မလေးရှား ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့ (BMSM) အဖွဲ့ ရင်းဂစ် ၈ သန်း မတည်ပေးမည်ဖြစ်သည်။
    BMSM ဥက္ကဌ လိုပိုင်လင်းက ထိုအဆောက်အဦးမှာ အရင်းအမြစ်စင်တာ၊ လေ့ကျင်ရေးကျောင်းနှင့် ပညာရေးစင်တာ ဖြစ်လာမည်ဟု ပြောကြားခဲ့သည်။
    “ခေတ်သစ်ကာလမှာ ဗုဒ္ဓရဲ့ ပညာဉာဏ်နဲ့ မေတ္တတရားတွေကို ထင်ဟပ်စေမယ့် ထူးခြားတဲ့ အထိမ်းအမှတ်လက်ရာတွေနဲ့ ခေတ်ပေါ်ဒီဇိုင်းကို ပေါင်းစပ် ပုံဖော်သွားမှာပါ”
    အဆိုပါ ဗုဒ္ဓဘာသာ စင်တာကို BMSM ၏ နိုင်ငံလုံးဆိုင်ရာ ဌာချုပ်အဖြစ် အသုံးပြုသွားမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ဆောက်လုပ်ပြီးစီးရန် ရည်မှန်းထားသည်။
    လိုကမူ ပူထရာဂျာယာတွင် နေထိုင်ကြသူများ၊ အလုပ်လုပ်သူများ စုစုပေါင်း ၂၀၀၀ ခန့်အတွက် သက်တောင့်သက်သာ ဘုရှားရှစ်ခိုးနိုင်မည့်နေရာ ဖြစ်လာမည်ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    အုတ်မြစ်ချမှု မြင်ကွင်း
    ပူထရာဂျာယာရှိ BMSM ဌာနခွဲက ဘာသာပေါင်းစုံ သဟဇာတဖြစ်ရေး၊ မလေးရှားရှိ ဘာသာတရား များအကြား နားလည်းမှု ပိုမိုဖြစ်ထွန်းလာနိုင်ရေးကို အားပေးသော လှုပ်ရှားမှုများကို ပြုလုပ်သွားမည်ဖြစ်သည်။
    မလေးရှားတရုတ်အသင်း (MCA) ဥက္ကဌ ဒါတွတ် ဆရီ ဒေါက်တာ ၀ီ ကာ ဆွန်က ၎င်းတို့အဖွဲ့အနေဖြင့် စင်တာဆောက်လုပ်ရေးအတွက် ရင်းဂစ် ၁ သိန်း လှူဒါန်းသွားမည်ဟု ပြောကြားခဲ့သည်။
    BMSM ကို ၁၉၆၂ ခုနှစ်တွင် ဘုန်းတော်ကြီး ဒေါက်တာ ကေ ဆရီ ဓမ္မနန္ဒက ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် နိုင်ငံတစ်ဝှမ်း အသင်းဝင်ပေါင်း ၁၁၀၀၀ ခန့် ရှိနေသည်။
    ထိုအဖွဲ့မှာ မလေးရှား ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဆစ်ခ်နှင့် တာအို ဘာသာများဆိုင်ရာ အကြံပေးကာင်စီကို ပူးတွဲတည်ထောင်အသည့် အဖွဲ့လည်းဖြစ်ပြီး အခြားသော ဘာသာပေါင်းစုံအဖွဲ့များတွင်လည်း ပါဝင်သည်။
    နိုင်ငံတော် ဗုဒ္ဓဘာသာစင်တာ အုတ်မြစ်ချပွဲ အခမ်းအနားသို့ BMSM မှ ဘာသာရေးဆိုင်ရာ အကြံပေးဘုန်းတော်ကြီး မာဟင်ဒါ၊ အဖွဲ့အကြံပေး ဒါတွတ် အန်ချိုဟွန်း၊ မလေးရှား သံဃမဟာနာယက ဆရာတော်ကြီး ဒါတွတ် ကေ ဆရီ ဓမ္မ ရတ္တနာ၊ မလေးရှားနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး၊ မလေးရှားနိုင်ငံဆိုင်ရာ သီရိလင်္ကာ သံအမတ်ကြီးတို့ တက်ရောက်ခဲ့ကြသည်။
    Ref: The Star
  • အစ္စလာမ်နှင့်ပတ်သက်၍ ကမ္ဘာကျော်များ၏ မှတ်ချက် ၁၀ ခု
    အစ္စလာမ်နှင့်ပတ်သက်၍ ကမ္ဘာကျော်များ၏ မှတ်ချက် ၁၀ ခု
    မေ ၈၊ ၂၀၁၇
    M-Media
    ၁။ မဟတ္တမ ဂန္ဒီ – အိန္ဒိယလွတ်လပ်ရေးဖခင်ကြီး
    – ဒီနေ့အထိ သန်းပေါင်များစွာသော လူသားတွေရဲ့ နှလုံးသားတွေကို ခြွင်းချက်မရှိ ညှို့ယူဖမ်းထားနိုင်တဲ့ လူတစ်ဦး(တမန်တော်မုဟမ္မဒ်) ရဲ့ ဘ၀အသက်တာကို ကျွန်တော် သိချင်မိခဲ့တယ်…. အတိတ်ကာလ နေ့ရက်တွေက လူဘ၀တည်ဆောက်မှုမှာ အစ္စလာမ်သာသနာ နေရာတစ်ခု ရလာတာဟာ ဓားကြောင့်မဟုတ်ဘဲ၊ တမန်တော်ရဲ့ ရိုးရှင်းမှု၊ အနေအထိုင်ရိုးသားမှု၊ ကတိက၀တ်တွေနဲ့ပတ်သက်ပြီး ပြည့်ပြည်၀၀ ဖြည့်ဆည်းမှု၊ မိတ်ဆွေတွေ၊ နောက်လိုက်တွေအပေါ်မှာ သစ္စာရှိမှု၊ ကြံ့ကြံ့ခံနိုင်မှု၊ ကြောက်ရွံ့စိတ်ကင်းမှု၊ ဘုရားသခင်နဲ့ မိမိရဲ့ သာသနာပြုလုပ်ငန်းအပေါ် ခြွင်းချက်မဲ့ ယုံကြည်ချက်ထားရှိမှုတွေကြောင့် ဖြစ်တယ်ဆိုတာကို ကျွန်တော် ပိုပြီး ယုံကြည်လာပါတယ်။ ဒီလူတွေရဲ့ ရှေ့မှောက်ကို ရောက်လာတဲ့ အောင်မြင်မှုတိုင်းကို ဓားက သယ်ဆောင်လာတာမဟုတ်သလို၊ အခက်အခဲတိုင်းကိုလည်း ဓားနဲ့ ကျော်ဖြတ်ခဲ့တာ မဟုတ်ပါဘူး။ (တမန်တော်မုဟမ္မဒ်၏ ထေရုပ္ပတ္တိကို) ဒုတိယတွဲကို ဖတ်ပြီးသွားတဲ့အခါမှာ ဒီလို ကြီးကျယ်တဲ့ ထေရုပ္ပတ္တိမျိုး နောက်ထပ် ဖတ်စရာမရှိတော့ဘူးဆိုတာက ကျွန်တော့်ကို ၀မ်းနည်းစေခဲ့ပါတယ်။
    ၂။ အိခ်ျ ဂျီ ၀ဲလ်စ် – အင်္ဂလိပ် နာမည်ကျော် စာရေးဆရာ 
    အစ္စလာမ့်ရဲ့ သင်ကြားမှုတွေဟာ တန်းတူညီမျှပြီး၊ နူးညံ့သိမ်မွေ့တဲ့ ပေါင်းသင်းဆက်ဆံရေးနဲ့ အမူအကျင့်ဆိုတဲ့ ကြီးကျယ်တဲ့ ဓလေ့ထုံးစံတွေကို ကျန်ရစ်စေခဲ့သလို၊ လူတွေကို မြင့်မြင့်ကြံဖို့၊ ခန္တီတရားထားရှိဖို့ တွန်းအားလည်း ဖြစ်စေခဲ့ပါတယ်။ ဒါတွေဟာ လူသားအတွက် အဆင့်အမြင့်ဆုံး သင်ကြားမှုတွေဖြစ်ပြီး လက်တွေ့လည်း လိုက်နာကျင့်သုံးနိုင်ပါတယ်။ ပြီးတော့ ဒီ သင်ကြားမှုတွေဟာ အရင်က ရှိခဲ့တဲ့ အခြားလူ့အဖွဲ့အစည်းတွေနဲ့ ယှဉ်ရင် စိတ်ဓာတ်မာကျောမှု၊ စုပေါင်းပြီး ဖိနှိပ်မှု၊ တရား မမျှတမှုတွေ အနည်းဆုံး လူ့အဖွဲ့အစည်းတစ်ခုကို ဆောင်ကျဉ်းလာခဲ့ပါတယ်။ အစ္စလာမ်သာသနာဟာ နူးညံ့သိမ်မွေ့မှု၊ ယဉ်ကျေးမှုနဲ့ ညီရင်းအစ်ဝါဒ ပြည့်နှက်နေတဲ့ သာသနာပါ။
    ၃။ ကရင် အမ်စထရောင်း – ဗြိတိသျှ  ဘာသာရေးဆိုင်ရာ စာရေးဆရာမ
    အစ္စလာမ်သာသနာ အောင်မြင်တဲ့ သာသနာတစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ဟာ မချိမဆံခံစားပြီး၊ ဂုဏ်သိက္ခာမဲ့စွာ အကူအညီမဲ့ သေဆုံးမှု ဆိုတဲ့ ထင်ရှားတဲ့ပုံရိပ်ကြီးတစ်ခု ရှိနေတဲ့ ခရစ်ယာန်နဲ့ မတူတာက မုဟမ္မဒ်ဟာ ရှုံးနိမ့်ခဲ့သူတစ်ဦး မဟုတ်တာပါ။ သူဟာ နာမ်ပိုင်းဆိုင်ရာမှာရော၊ နိုင်ငံရေးပိုင်းမှာပါ ကြီးမားတဲ့ အောင်မြင်မှုကို ရခဲ့တယ်။ ပြီးတော့ အစ္စလာမ်သာသနာဟာလည်း တစ်ဖြည်းဖြည်းနဲ့ အောင်မြင်လာခဲ့ပါတယ်။
    ၄။ ဒလိုင်းလားမား – ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် တိဘက်ဘုန်းတော်ကြီး
    စက်တင်ဘာ ၁၁ ရက်နေ့ပြီးကတည်းက ဘုန်းဘုန်းဟာ အခမ်းအနားတော်တော်များများမှာ အစ္စလာမ်ကို အမြဲတမ်း ကာကွယ်ပြောဆိုခဲ့ပါတယ်။ အစ္စလာမ်သာသနာဟာ အခြားသော ဘာသာတရားကြီး တွေလိုပါပဲ။ အလ္လာဟ်အရှင်မြတ်ကို တသ သတိရခြင်းဟာ၊ မေတ္တာ၊ အဆုံးမရှိတဲ့ ချစ်ခြင်း၊ သနားကြင်နာမှု ဒါမျိုးတွေကို ရည်ရွယ်တယ်လို့ ဘုန်းဘုန်း ထင်တယ်။ အစ္စလာမ်တွေဟာ အမြဲတမ်း စိတ်ပုတီးတွေ သယ်သွားပြီး မေတ္တာတရား ဒါမှမဟုတ် ဒီလို ကောင်းမွန်တဲ့အရာတွကို ရည်ညွှန်းထားတဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ ဂုဏ်တော် ၉၉ ပါးကို မြွက်ဟနေကြပါတယ်။
    ၅။ ဂျော့ဂ်ျ ဒဘလျူ ဘုရှ် – အမေရိကန်သမ္မတဟောင်း
    အစ္စလာမ်သာသနာဟာ ကျွန်တော့်တိုင်းပြည်က လူ သန်းချီနဲ့ ကမ္ဘာတစ်ဝှမ်းက လူသန်းထောင်ချီထံကို မျှော်လင့်ချက်နဲ့ နှစ်သိမ့်မှုကို ယူဆောင်လာတယ်။ လူသားတွေ အကျိုးဖြစ်ထွန်းစေခဲ့ ကြွယ်ဝတဲ့ သင်ခန်းစာပေးမှုမျိုးကို အစ္စလာမ်က မွေးဖွားပေးတယ်ဆိုတာ ရမ်ဇန်ဥပုသ်လက အမှတ်ရစေပါတယ်။
    ၆။ အော်ပရာ ၀င်းဖရေး – ဟောလီးဝုဒ် ရုပ်ရှင်မင်းသမီး
    ကိုယ်ရဲ့ စိတ်ဝိဉာဏ်ကို ကိုယ်က ပြန်ရှာတွေ့သွားတဲ့ ဆူဖီဝါဒကို ကျွန်မ နှစ်သက်ပါတယ်။ ကျွန်မတို့ရဲ့ စိတ်နှလုံးသားတွေထဲမှာ ဘုရားသခင်နဲ့ တိုက်ရိုက် ဆက်သွယ်မှုရှိတယ်။ ကျွန်မဟာ ဘာသာတရားအားလုံးကို လေးစားပါတယ်။ ဒါပမယ့် ကျွန်မက ဘာသာတရားအကြောင်း၊ အယူဝါဒအကြောင်း ပြောနေတာ မဟုတ်ပါဘူး။ နာမ်ပိုင်းဆိုင်ရာ အလင်းပွင့်မှုအကြောင်းကို ပြောနေတာပါ။
    ၇။ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် ၂ – ခရစ်ယာန် ရိုမန်ကက်သလစ် သာသနာပိုင်ဟောင်း
    ဘာသာတရားကိုင်းရှိုင်းတဲ့ မွတ်စလင်တွေဟာ လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ဥပမာအားဖြင့် ဘုရားဝတ်ပြုမှုလို ကိစ္စမျိုးကို စွဲစွဲမြဲမြဲလုပ်ကြတဲ့ သူတို့ကို မလေးစားဘဲ မနေနိုင်ပါဘူး။ အချိန်တွေ၊ နေရာတွေကို ပဓာနမထားဘဲ ဒူးထောက်ပြီး၊ ၀တ်ပြုဆုတောင်းမှုမှာ မွေ့လျော်နေကြတဲ့ အလ္လာအရှင်မြတ်ကို ယုံကြည်သူတို့ရဲ့ ပုံရိပ်ဟာ ဘုရားသခင် တစ်ဆူတည်းအပေါ် ယုံကြည်ကိုးစားကြတဲ့ လူတွေအားလုံးအတွက် စံနမူနာလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ၀တ်ပြုဆုတောင်းတာ သိပ်မလုပ်ဘဲ၊ ဒါမှမဟုတ် လုံးဝမလုပ်ဘဲ ခမ်းနာတဲ့ ဘုရားကျောင်းကြီးတွေမှာ လူသူကင်းမဲ့အောင် လုပ်ထားကြတဲ့ ခရစ်ယာန်တွေ အတွက်ပေါ့လေ။
    ၈။ ဆာရိုဂျီနီ နိုင်ဒူ – အိန္ဒိယ နိုင်ငံရေးသမားနှင့် ကဗျာဆရာမ
    ၉။ ဂျင်မီကာတာ – အမေရိကန်သမ္မတဟောင်း
    အမေရိကန်တွေ လက်ခံကျင့်သုံးနေတဲ့ လူသားဝါဒ၊ ကိုယ်ကျင့်တရားတွေဟာ အစ္စလာမ်နဲ့ သွားတူတာကို တွေ့ရတော့ ကျွန်တော် မှင်သက်သွားပါတယ်။ ပထမဆုံးပြောရရင် ကျွန်တော်တို့ဟာ တန်ခိုးတော်ရှင်ကို ယုံကြည်တယ်။ သက်ဝင်မှု၊ မေတ္တာတရားနဲ့ တရားမျှတမှုကို ဒီအရှင်ထံကနေပဲ သင်ယူရရှိတယ်။ ကျွန်တော်တို့မှာ ဥပဒေကို လေးစားလိုက်နာမှု ရှိတယ်။ ခေတ်သစ်ရဲ့ ဖိအားတွေ ရှိနေပေမယ့် ကျွန်တော်တို့ဟာ မိသားစု၊ အိမ်ဂေဟာကို အထူးအရေးပါတဲ့ နေရာမှာ ထားတယ်။ ဖော်ရွေမှုကို တန်ဖိုးတစ်ခုလို့ ကျွန်တော်တို့ မှတ်ယူပြီး နိုင်ငံတစ်နိုင်ငံဖြစ်ဖြစ်၊ လူတစ်ဦးဖြစ်ဖြစ် ဧည့်သည်အပေါ် အိမ်ရှင်က သဘောထားကြီးကြီးဆက်ဆံရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ လက်ခံထားတယ်။ ဒီလို တန်ဖိုးတွေ၊ သဘောထားတွေကို အခြေခံပြီး အစ္စလာမ်နဲ့ အမေရိကန်ကြားက အလိုအလျောက်ဖြစ်လာတဲ့ ပတ်သက်မှုက ရင်းနှီးကျွမ်းဝင်မှု ဖြစ်ပါတယ်။ တကယ့် စစ်မှန်တဲ့အရာ၊ ရည်ရွယ်ချက်အဖြစ် ကျွန်တော် ဒီ ဆက်ဆံရေးကို အတည်ပြုထောက်ခံပါတယ်။ အမေရိကန်ရဲ့ မွတ်စလင်နိုင်ငံ တော်တော်များများအကြား အရင်ကတည်းက ရှိနေပြီး တန်ဖိုးရှိတဲ့ ဒီ ရင်းနှီးကျွမ်းဝင်မှု၊ ပူးပေါင်းဆောင်ရွက်မှုတွေကို မလျော့သွားစေဘဲ၊ အားကောင်းအောင် ဆောင်ရွက်ဖို့လည်း ကျွန်တော် စိတ်ပိုင်းဖြတ်ထားပါတယ်။
    ၁၀။ လီယို တောလ်စတွိုင်း – ကမ္ဘာကျော် ရုရှား စာရေးဆရာကြီး 
    ကုရ်အာန်ရဲ့ ဥပဒေဟာ ကမ္ဘာတစ်ဝှမ်းလုံးကို ပြန့်နှံသွားပါလိမ့်မယ်။ ဘာ့ကြောင့်လည်းဆိုတာ ဒါဟာ လူသားရဲ့ စိတ်နေသဘောထား၊ အတွေးအခေါ်၊ ပညာဉာဏ်တွေနဲ့ ကိုက်ညီနေလို့ပါပဲ။
    Ref : mvslim
  • ပြင်သစ် သမ္မတရွေးကာက်ပွဲတွင် လက်ယာစွန်းသမား ရှုံးနိမ်
    ပြင်သစ် သမ္မတရွေးကာက်ပွဲတွင် လက်ယာစွန်းသမား ရှုံးနိမ်
    မေ ၈၊ ၂၀၁၇
    M-Mdia
    – ယမန်နေ့က ပြုလုပ်ခဲ့သည့် ပြင်သစ်သမ္မတ ရွေးကောက်ပွဲ ဒုတိယအကျော့တွင် ဥရောပ ပေါင်းစည်းရေးကို လိုလားသည့် အီမန်နျူယဲလ် မာခရွန်က အနိုင်ရရှိခဲ့ပြီး လက်ယာစွန်းအမျိုးသားရေးဝါဒီ အမျိုးသမီး မာရီနီ လီပန်က ရှုံးနိမ့်သွားခဲ့သည်ဟု သိရသည်။
    ပြင်သစ်၏ အဓိက ပါတီကြီးတစ်ခု လွှမ်းမိုးမှုကို ချေဖျက်နိုင်ခဲ့သည့် မာခရွန်၏ ယခုအောင်ပွဲကြောင့် ဗြိတိန် ဥရောပမှခွဲထွက်ရန် ဆုံးဖြတ်မှု၊ အမေရိကန်တွင် ထရမ့် အနိုင်ရမှုတို့ ပြီးနောက် ဥရောပတွင် နောက်ထပ် လူပြိန်းကြိုက်ဝါဒီတစ်ဦး ထပ်မံပေါ်ထွက်ခြင်းကို ကြောက်ရွံ့ခဲ့သည့် ဥရောပမဟာမိတ် နိုင်ငံများအတွက် စိတ်သက်သာရာ ရသွားစေခဲ့သည်။
    ဘဏ်လုပ်ငန်းရှင်ဟောင်းတစ်ဦးဖြစ်ပြီး ယခင်က စီးပွားရေးဝန်ကြီးအဖြစ် ၂ နှစ် တာဝန်ထမ်းဆောင်ခဲ့သည့် အသက် ၃၉ နှစ်အရွယ် မာခရွန်မှာ နပိုလီယံနောက်ပိုင်း နိုင်ငံ၏ အသက်အငယ်ဆုံး ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ၎င်းကမူ ခေတ်မမီတော့သည့် လက်ဝဲလက်ယာကွဲမှုကို ကျော်လွှားသွားမည်ဟု ကတိပြုခဲ့သည်။
    “ကျွန်တော်တို့တိုင်းပြည်ရဲ့ ရှည်လျားတဲ့သမိုင်းကြောင်းမှာ စာမျက်နှာတစ်ရွက်ကို ဒီနေ့ လှန်လိုက်ပါပြီ။ မျှော်လင့်ချက်နဲ့ ယုံကြည်မှုကို ပြန်လည်ရှာဖွေချင်ပါတယ်” ဟု မာခရွန်က မဲရလဒ် ထွက်ပေါ်လာပြီးနောက် ပြုလုပ်ခဲ့သည့် မိန့်ခွန်းအကျဉ်းတွင် ပြောကြားခဲ့သည်။
    ထို့ပြင် ‘ပြင်သစ်ကို ထိခိုက်ပျက်ဆီးစေသော သွေးကွဲမှုများ’ ကို တိုက်ဖျက်ရန်၊ ‘ဥရောပနှင့် ၎င်းတို့၏ နိုင်ငံသားများအကြား ဆက်ဆံမှုကို ပြန်လည်တည်ဆောက်ရန်’ လည်း ကတိပြုခဲ့သည်။
    လက်ယာခေါင်းဆောင် လီပန်ကလည်း သူမ ရှုံနိမ့်ကြောင်း ရလဒ်ထွက်ပေါ်ပြီးနောက် မာခရွန်အား ချီးကျူးဂုဏ်ပြုခဲ့သည်။
    Ref: Aljazeera