News @ M-Media

Blog

  • ဗဟိုအာဖရိကရှိ ကုလအခြေစိုက်စခန်းကို ခရစ်ယာန်ပြည်သူ့စစ်များ တိုက်ခိုက်

    ဗဟိုအာဖရိကရှိ ကုလအခြေစိုက်စခန်းကို ခရစ်ယာန်ပြည်သူ့စစ်များ တိုက်ခိုက်

    မေ ၁၄၊ ၂၀၁၇
    M-Media

    – ဗဟိုအာဖရိကနိုင်ငံရှိ ခရစ်ယာန်ပြည်သူ့စစ်များက ကုလအခြေစိုက်စခန်းကို ပြီးခဲ့သည့် ၂ ရက်ဆက်တိုက် တိုက်ခိုက်ခဲ့သည်ဟု ကုလ တာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်ပြီး၊ သီတင်းတစ်ပတ်ကျော်အတွင်း တိုက်ပွဲများ အရှိန်မြင့်လာခြင်းလည်း ဖြစ်သည်။

    ကွန်ဂိုနိုင်ငံနှင့် ကပ်နေသည့် ဘန်ဂါဆူမြို့တွင်းနှင့် မြို့တစ်ဝိုက်တွင် ယခုတစ်ပတ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အရပ်သား အများအပြား သေဆုံးခဲ့သည်။ ထို့ပြင် ဒဏ်ရာရသူများ၊ သေဆုံးသူများကို သယ်ဆောင်ရန် ကုလတပ်ဖွဲ့များ မြို့တွင်းသို့ ၀င်ရောက်သည့်အခါတွင်လည်း ပိတ်ဆို့ တိုက်ခိုက်ခံခဲ့ရသည်။

    တနင်္လာနေ့က တိုက်ခိုက်မှုတစ်ခုတွင် ကုလ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည်။

    ယခုတစ်ပတ်အတွင်း ပြုလုပ်သည့် တိုက်ခိုက်မှုများတွင် တိုက်ခိုက်ရေးသမား ရာနှင့်ချီ ပါဝင်ခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့ကာ၊ သေဆုံးသူအရေအတွက် အတိအကျ မရရှိသေးဟု Radio France International က ဒေသတွင်း ရင်းမြစ်တစ်ခုကို ကိုးကား၍ ပြောကြားခဲ့သည်။

    “မနေ့က စခန်းကို သူတို့ တိုက်ခိုက်ခဲ့ပြီး ကျွန်တော်တို့လည်း ပြန်ပစ်ခဲ့ပါတယ်။ ပြီးအုံးမယ်လို့ ကျွန်တော်တို့ မထင်ပါဘူး။ တိုက်ခိုက်သူတွေ ပြန်လာနိုင်ဖွယ် ရှိနေပါတယ်” ဟု ကုလတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဟာဗီး ဗာရ်ဟူဆဲလ်က ပြောကြားခဲ့သည်။

    ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အင်အား ၁၃၀၀၀ ရှိသည့် တပ်ဖွဲ့ကို တိုက်ခိုက်မှုများအတွက် ဒေါသထွက်မိသည်ဟု ပြောကြားခဲ့သည်။ ဗဟိုအာဖရိက၀န်ကြီးချုပ် ဆင်မလိစ် ဆာရန်ဂျီက တိုက်ခိုက်မှုများကို ရှုတ်ခဲ့ပြီး တာဝန်ရှိသူများကို တရားဥပဒေရှေ့မှောက်သို့ ခေါ်ဆောင်သွားမည်ဟု ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    ဗဟိုအာဖရိကနိုင်ငံတွင် မွတ်စလင် ဆီလီကာ တိုက်ခိုက်ရေးသမားများက သမ္မတ ဖရန်ကိုအစ် ဘူဇီဇီကို ဖြုတ်ချခဲ့သည့် ၂၀၁၃ ခုနှစ်ကတည်းက ဘာသာမတူ အုပ်စုများအကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး လူနည်းစု ခရစ်ယာန်များမှ အန်တီ-ဘာလာကာ ပြည်သူ့စစ်အဖွဲ့က လက်စားချေမှုများ ပြုလုပ်ခဲ့သည်။

    Ref: CNA

  • ခေတ်သစ်ပိုးလမ်းမကြီးအတွက် တရုတ်က ဒေါ်လာ ဘီလီယံရာချီ ကူညီမည်

    ခေတ်သစ်ပိုးလမ်းမကြီးအတွက် တရုတ်က ဒေါ်လာ ဘီလီယံရာချီ ကူညီမည်

    မေ ၁၄၊ ၂၀၁၇
    M-Media

    – ခေတ်သစ် ပိုးလမ်မကြီးအတွက် တရုတ်နိုင်ငံက ကန်ဒေါ်လာ ၁၂၄ ဘီလီယံ အသုံးပြုမယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဒီနေ့မှာ ကတိပြုပြောကြားလိုက်ပြီး၊ ဒီပိုးလမ်းမကြီးအစီအစဉ်မှာ အရင်က ပုံစံဟောင်းလို ပြိုင်ဆိုင်မှု၊ သံတမန်ရေးရာ အားပြိုင်မှုတွေကို စွန့်လွှတ်ဖို့လည်း ဆော်သြခဲ့ပါတယ်။

    ကမ္ဘာ့ နိုင်ငံပေါင်း ၂၉ နိုင်ငံက ခေါင်းဆောင်တွေ၊ ထိပ်တန်း အစိုးရတာဝန်ရှိသူတွေ၊ ကုလ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ကမ္ဘာ့ဘဏ်တို့က တာဝန်ရှိသူတွေ တက်ရောက်ပြီး ဘေဂျင်းမှာ ပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ဒီလို ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒီ အစည်းအဝေးမှာ ၂ ရက်တာ ကြာမြင့်မှာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ကမ္ဘာ့ခေါင်းဆောင်ဖြစ်ရေး ရည်မှန်းချက်တွေကို အားကောင်းစေဖို့ ရည်ရွယ်တာပါ။

    ၂၀၁၃ ခုနှစ်မှာ ရှီဟာ ကမ္ဘာ့ ဖွံ့ဖြိုးတိုးတက်ရေးကို အားကောင်းစေဖို့ နည်းလမ်းသစ်အဖြစ် Belt and Road စီမံကိန်းကို စတင်ကြေငြာခဲ့ပြီး အာရှ၊ အာဖရိက၊ ဥရောပနဲ့ အခြားဒေသတွေအကြား ချိန်ဆက်နိုင်မယ့် ဒေါ်လာ ဘီလီယံပေါင်းများစွာတန် အခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံမှုကို ရည်ရွယ်တာ ဖြစ်ပါတယ်။

    ရှီက ပွင့်လင်းတဲ့ ဖွံ့ဖြိုးတိုးတက်မှု ရရှိရေး၊ မျှတဆီလျော်ပြီး ပွင့်လင်းမြင်သာတဲ့ ကမ္ဘာ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းစည်းကမ်းတွေ ပေါ်ထွက်လာရေး စနစ်တွေ တည်ဆောက်ရေးကိုလည်း တိုက်တွန်းအားပေးခဲ့ပါတယ်။

    ခေတ်သစ် ပိုးလမ်းမကြီး အားကောင်းစေရေး တရုတ်နိုင်ငံက ကတိပြုခဲ့တဲ့ ငွေပမာဏမှာ လက်ရှိ ရန်ပုံငွေအတွင်း ယွမ် ၁၀၀ ဘီလီယံ (ကန် ၁၄.၅၀ ဘီလီယံ) ထည့်သွင်းကာ၊ ပေါ်လစီ ဘဏ်နှစ်ခုက ကာလရှည်ချေးငွေ ယွမ် ၃၈၀ ဘီလီယံ၊ ပိုးလမ်းမကြီးတစ်လျှောက်မှာရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ နိုင်ငံတကာ အသင်းအဖွဲ့တွေကို ကူညီဖို့အတွက် ယွမ် ဘီလီယံ ၆၀ တို့ ပါဝင်မှာ ဖြစ်ပါတယ်။

    နောက်ပြီး ဘဏ္ဍာရေးအဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရပ်ခြားမှာ ယွမ်ငွေအခြေပြု စီးပွားရေးတွေ ယွမ် ဘီလီယံ ၃၀၀ အထိ ချဲ့ထွင်ဖို့အတွက် တရုတ်နိုင်ငံက အားပေးသွားမယ်လို့လည်း ရှီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    ဒါပေမယ့် ဒီ နှစ်ရှည်ချေးငွေ၊ အကူအညီနဲ့ ရန်ပုံငွေအတွက် အချိန် အတိအကျကိုတော့ မပြောခဲ့ပါဘူး။

    ဗြိတိန် ဘဏ္ဍာရေးဝန်ကြီးက တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ် စီမံကိန်းမှာ မိမိတို့က ကြားနေ မိတ်ဖက်အဖြစ် ရှိနေမှာဖြစ်ပြီး တရုတ်ရဲ့ အနီးကပ်မဟာမိတ်ဖြစ်တဲ့ ပါကစ္စတန်သမ္မတ နာဝဇ် ရှရစ်ဖ်ကတော့ တရုတ်နိုင်ငံရဲ့ “ရည်မှန်းချက်နဲ့ စွမ်းရည်” တွေကို ချီးကျူးခဲ့ပါတယ်။

    အမေရိကန် အိမ်ဖြူတော်အကြံပေး မတ် ပိုတင်ဂါက Belt and Road စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး တရုတ်နိုင်ငံက ဆောင်ရွက်မှုကို ကြိုဆိုပြီး အမေရိကန်ကုမ္ပဏီတွေကလည်း ထိပ်တန်းဝန်ဆောင်မှုတွေကို ပေးနိုင်မယ်လို့ ပြောခဲ့ပါတယ်။

    Ref: Reuters

  • ပါလက်စတိုင်းအကျဉ်းသားများကို စော်ကားသည့် ကြော်ငြာအတွက် Pizza Hut တောင်းပန်

    ပါလက်စတိုင်းအကျဉ်းသားများကို စော်ကားသည့် ကြော်ငြာအတွက် Pizza Hut တောင်းပန်

    မေ ၁၄၊ ၂၀၁၇
    M-Media

    Pizza Hut က ပါလက်စတိုင်း အကျဉ်းသားကို လှောင်ပြောင်ထားသည့် ကြော်ငြာ

    – အစ္စရေးအကျဉ်းထောင်တွင် အစာငတ်ခံ ဆန္ဒပြနေသည့် ပါလက်စတိုင်း အကျဉ်းသားခေါင်းဆောင်အား လှောင်ပြောင်သရော်သည့် ကြော်ငြာအတွက် Pizza Hut က တောင်းပန်လိုက်ပြီး၊ တာဝန်ရှိသည့် ကြော်ငြာလုပ်ငန်းနှင့်လည်း လမ်းခွဲခဲ့သည်။

    အစာငတ်ခံ ဆန္ဒပြနေသည့် ပါလက်စတိုင်းအကျဉ်းသားများမှ ခေါင်းဆောင် မာရ်ဝမ် ဘာဂူတီမှာ ၎င်း၏ အကျဉ်းခန်းတွင် မုန့်ခိုးစားနေသည်ဆိုသည့် ဓာတ်ပုံတစ်ပုံကို အစ္စရေး အကျဉ်းဌာနက ယခုသီတင်းပတ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း အစ္စရေးရှိ Pizza Hut က ၎င်းတို့၏ Facebook စာမျက်နှာတွင် ထိုဓာတ်ပုံ၌ ပီဇာဘူးကို ထည့်သွင်းကာ ‘ဘာဂူတီ – ခင်ဗျား အစာငတ်ခံဆန္ဒပြမှုကို ဖျက်မယ်ဆိုရင် ပီဇာက ပိုမကောင်းဘူးလား’ ဆိုသည့် ဟီဘရူးစာတမ်းဖြင့် ပို့စ်တင်ခဲ့သည်။

    ထိုကြော်ငြာက ပါလက်စတိုင်းပြည်သူများကို ဒေါ်သထွက်စေခဲ့ပြီးနောက် Pizza Hut မိခင်ကုမ္ပဏီက အဆိုပါ Facebook စာမျက်နှာက်ကို ဖျက်သိမ်းခဲ့ပြီး အင်္ဂါနေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ထိုပို့စ်မှာ ‘လုံးဝ သင့်လျော်ခြင်းမရှိသည့်’ ပို့စ်ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ထို့ပြင် အစ္စရေး၌ Pizza Hut ကြော်ငြာအတွက် တာဝန်ယူထားသည့် Grass Pink လုပ်ငန်းကိုလည်း တာဝန်မှ ရပ်စဲခဲ့သည်။ ထိုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးကမူ ကြော်ငြာမှာ ‘မည်သူ့ကိုမှ ထိခိုက် နစ်နာစေလိုသည့် ရည်ရွယ်ချက်မရှိ’ ဟု တုန့်ပြန်ခဲ့သည်။

    Ref: Alarabiya

  • ဘဏ်စာရင်းထဲ ဒ်ါလာ သန်း ၂၀၀ ကျော် ၀င်လာသောကြောင့် ကူဝိတ်အမျိုးသားတစ်ဦး အစိုးရကို တိုင်ကြား

    ဘဏ်စာရင်းထဲ ဒ်ါလာ သန်း ၂၀၀ ကျော် ၀င်လာသောကြောင့် ကူဝိတ်အမျိုးသားတစ်ဦး အစိုးရကို တိုင်ကြား

    မေ ၁၄၊ ၂၀၁၇
    M-Media

    – ကူဝိတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ သူ့ရဲ့ ဘဏ်စာရင်းထဲမှာ ဘယ်ကမှန်းမသိတဲ့ ကန်ဒေါ်လာ သန်း ၂၀၀ ကျော် ငွေကြေးတွေ ၀င်ရောက်နေတာကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ ရှေ့နေချုပ်ကို သတင်းပေးပို့ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

    အဲဒီအမျိုးသားဟာ ATM မှာ ငွေထုတ်ဖို့ သွားတဲ့အချိန် ဘဏ်စာရင်းထဲမှာ ကူဝိတ်ဒီနာရ် ၆၃ သန်း ၁ သိန်း (ကန်ဒေါ်လာ ၂၀၆ သန်းကျော်) ကို တွေ့ရှိခဲ့တာကြောင့် တုန်လှုပ်သွားခဲ့ပါတယ်။ ဘယ်က ပို့လဲဆိုတာလည်း ဖော်ပြမထားပါဘူး။

    အဲဒီနောက်မှာ သူ့ရဲ့ ဘဏ်စာရင်းကို ဓာတ်ပုံရိုက်ပြီး ရှေ့နေချုပ်ရုံးကို တိုင်ကြားခဲ့ကာ၊ မိမိအနေနဲ့ သံသယတွေ ပေါ်ပေါက်မလာဖို့၊ ဘယ်သူက ပို့လိုက်တယ်ဆိုတာကို သိရှိဖို့ စုံစမ်းစစ်ဆေး စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ၅ မိနစ်သွင်းရုံနဲ့ အားပြည့်မယ့် ဖုန်းများ လာမည့်နှစ်တွင် ထွက်လာမည်

    ၅ မိနစ်သွင်းရုံနဲ့ အားပြည့်မယ့် ဖုန်းများ လာမည့်နှစ်တွင် ထွက်လာမည်

    မေ ၁၄၊ ၂၀၁၇
    M-Media

    – ၅ မိနစ်အားသွင်းရုံနဲ့ အားပြည့်မယ့် ဘတ္ထရီကို အသုံးပြုထားတဲ့ ဖုန်းတွေကို လာမယ့်နှစ်မှာ ဈေးကွက်တင် ရောင်းချတော့မယ်လို့ သိရပါတယ်။

    အစ္စရေးက နည်းပညာလုပ်ငန်း StoreDot ဟာ Flash Battery လို့ခေါ်တဲ့ ဒီ ၅ မိနစ်နဲ့ အားသွင်းနိုင်တဲ့ ဘတ္ထရီကို ၂၀၁၅ ခုနှစ် လက်စ်ဗီးဂတ်စ်မှာ ပြုလုပ်တဲ့ နည်းပညာပြပွဲမှာ ပြသခဲ့တာပါ။

    ကုမ္ပဏီ စီအီးအို ဒိုရွန် မိုင်ယာစ်ဒေါ့ဖ်က သူတို့အနေနဲ့ ၂၀၁၈ ခုနှစ် အစောပိုင်းလောက်မှာ ဒီဖုန်းတွေကို ထုတ်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် နည်းပညာကျွမ်းကျင်သူ ဘန်ဝုဒ်က ဒီလို ထုတ်လုပ်နိုင်ပါ့မလားဆိုတဲ့ သံသယတွေ ရှိနေတယ်လို့ ဆိုပါတယ်။

    လက်ရှိမှာ ဒီနည်းပညာကို အသုံးပြုဖို့ ဘယ်ထုတ်လုပ်ရေးကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားလဲဆိုတာကိုတော့ မိုင်ယာစ်ဒေါ့့ဖ်က မပြောခဲ့ပါဘူး။

    အဲဒီဘတ္ထရီမှာ ပုံမှန်မဟုတ်တဲ့ တုန့်ပြန်မှုတွေကို ခွင့်ပြုတဲ့ ပစ္စည်းတွေ ပါဝင်ပြီး၊ ဘတ္ထရီအားသွင်းတဲ့ လုပ်ငန်းစဉ်ဖြစ်တဲ့ အိုင်းယွန်းတွေ အန်းနုတ် (anode) ကနေ ကက်သုတ် (cathode) ဆီ စီးဆင်းမှုကို မြန်မြန် ဆောင်ရွက်ပေးနိုင်မယ်လို့ ၂၀၁၅ ခုနှစ်မှာ ဒီကုမ္ပဏီက ပြောကြားခဲ့ပါတယ်။

    တည်ဆောက်ပုံ အင်မတန်သေးငယ်တဲ့ နာနိုပစ္စည်းတွေ၊ အမည်မဖော်ပြတဲ့ အော်ဂဲနစ် ဒြပ်ပေါင်းတွေလည်း ဒီ ဘတ္ထရီထဲမှာ ပါဝင်ပါတယ်။

    ၂၀၁၅ ခုနှစ် ပြသတုန်းက တစ်ချို့ ဘတ္ထရီတွေဟာ စမတ်ဖုန်းအများစုမှာ သုံးနေတဲ့ ဘတ္တရီတွေထက် ကြီိးနေပေမယ့် လက်ရှိမှာတော့ ဈေးကွက်အတွက် အဆင်သင့်ဖြစ်နေကြောင်း၊ အာရှ ဘတ္ထရီထုတ်လုပ်ရေးလုပ်ငန်း ၂ ခုနဲ့ ရှေ့ပြေး ထုတ်လုပ်မှုတွေ လုပ်နေပြီး ၂၀၁၈ ခုနှစ် ပထမ ၃ လပတ်မှာ စီးပွားဖြစ် ထုတ်လုပ်သွားမှာဖြစ်ကြောင်း မိုင်ယာစ်ဒေါ့ဖ်က ပြောကြားခဲ့ပါတယ်။

    Ref: BBC