News @ M-Media

Blog

  • တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်

    တရုတ်၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ် အောင်မြင်စွာ ပျံသန်းနိုင်

    မေ ၅၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံ၏ ပထမဆုံး ပြည်တွင်းဖြစ် ခရီးသည်တင်လေယာဉ်၏ ပထမဆုံးခရီးစဉ်မှာ အောင်မြင်ခဲ့ပြီး ကမ္ဘာ့လေကြောင်းကဏ္ဍကို ကြီးစိုးထားသော Boeing နှင့် Airbus ကုမ္ပဏီများအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    C919 ဟု အမည်ပေးထားသည့် အဆိုပါလေယာဉ်မှာ လေကြောင်းဈေးကွက်သို့ ၀င်ရောက်ရန် တရုတ်နိုင်ငံ၏ ဆန္ဒပြင်းပြမှု အဓိက ပြယုဂ်ဖြစ်ပြီး ယနေ့တွင် မိနစ် ၉၀ ကြာ လေပေါ်တွင် ပျံဝဲခဲ့ပြီးနောက် ရှန်ဟိုင်းရှိ ပူဒေါင် လေယာဉ်ကွင်းသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့သည်။

    နိုင်ငံပိုင် Comac လေကြောင်းကုမ္ပဏီမှ ထုတ်လုပ်သည့် အဆိုပါလေယာဉ်ကို ၂၀၀၈ ခုနှစ်ကတည်းက ပျံသန်းရန် စီစဉ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နောက်ဆုတ်ခဲ့ရသည်။

    ယနေ့ ပထမဆုံး ပျံသန်းမှုတွင် လေယာဉ်မှူးနှင့် အင်ဂျင်နီယာ ၅ ဦး လိုက်ပါသွားခဲ့ပြီး ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ လေကြောင်းဆိုင်ရာ ၀န်ထမ်းများနှင့် ပြည်သူများက ပျံသန်းမှုအား ကြည့်ရှုခဲ့ကြသည်။

    အဆိုပါလေယာဉ်မှာ အမြင့်ပေ ၉၈၀၀ ၌ တစ်နာရီ ၁၈၆ မိုင်နှုန်းဖြင့် ပျံသန်းမည်ဟု ရုပ်သံက ကြေငြာခဲ့သည်။

    C919 လေယာဉ်ကို ဘိုးအင်း၏ 737၊ Airbus ၏ A320 နှင့် ယှဉ်ပြိုင်နိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး လာမည့် နှစ် ၂၀ အတွင်း ကမ္ဘာ့လေကြောင်းဈေးကွက်မှာ ကန်ဒေါ်လာ ၂ ထရီလီယံအထိ တန်ဖိုးရှိလာမည်ဟု ခန့်မှန်းထားသည်။

    ယခုလေယာဉ်မှာ ပြည်တွင်း၌ ထုတ်လုပ်ခြင်ဖြစ်သော်လည်း အဓိက နည်းပညာများတွင် နိုင်ငံခြားတိုင်းပြည်များကို မှီခိုနေရဆဲဖြစ်ကာ အင်ဂျင်များကို ပြင်သစ်-အမေရိကန်ကုမ္ပဏီ CFM International မှ ဖန်တီးပေးခြင်းဖြစ်သည်။

    တရုတ်အာဏာပိုင်များက လက်ရှိတွင် လေကြောင်းလိုင်း ၂၃ ခုက လေယာဉ်အစီးရေ ၅၀၀ ကျော် မှာယူထားပြီး အများစုမှာ တရုတ်လေကြောင်းလိုင်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: BBC

  • ဘုရင်ကို အသရေဖျက်သည်ဟု စွပ်စွဲခံရသည့် ထိုင်းရှေ့နေတစ်ဦး နှစ်ရှည်ထောင်ဒဏ် ကျခံရဖွယ်ရှိနေ

    ဘုရင်ကို အသရေဖျက်သည်ဟု စွပ်စွဲခံရသည့် ထိုင်းရှေ့နေတစ်ဦး နှစ်ရှည်ထောင်ဒဏ် ကျခံရဖွယ်ရှိနေ

    မေ ၅၊ ၂၀၁၇
    M-Media

    – ထိုင်း တော်ဝင်အသိုင်းအ၀ိုင်းကို ဂုဏ်အသရေ ညှိုးနွမ်းစေသည့် စွဲချက်များဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်း လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေတစ်ဦးမှာ အမြင့်ဆုံး ထောင်ဒဏ် နှစ် ၁၅၀ အထိ ကျခံရနိုင်သည်ဟု လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအဖွဲ့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    အသက် ၅၇ နှစ်အရွယ် ပရာဝပ်ဆိုသည့် အဆိုပါ ရှေ့နေမှာ Facebook စာမျက်နှာတွင် လွှင့်တင်ခဲ့သည့် ပို့စ်များအတွက် ဘုရင်မင်းမြတ်အား စော်ကားခြင်းဆိုင်ရာဥပဒေ (majeste law ) အရ စွဲချက်ပေါင်း ၁၀ ခုဖြင့် ဗုဒ္ဓဟူးနေ့တွင် တရားစွဲဆိုခံခဲ့ရပြီး စွဲချက်တစ်ခုစီအတွက် ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်သည်။

    ထို့ပြင် ၎င်းကို ကွန်ပျူတာရာဇ၀တ်မှု အက်ဥပဒေအရ စွဲချက် ၃ ခုလည်း တင်ထားပြီး တစ်ခုစီမှာ အမြင့်ဆုံး ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်သည်။

    “ဒါပေမယ့် ထိုင်းဥပဒေအရ တစ်ပေါင်းတည်းထောင်ဒဏ်ကို အမြင့်ဆုံး နှစ် ၅၀ အထိသာ ခွင့်ပြုထားပါတယ်။ ကျွန်တော့် ကိုယ်ပိုင်အမြင်အရဆိုရင်တော့ (ပရာဝပ်ရဲ့) ပို့စ်တွေဟာ ဘုရင်မင်းမြတ်ဆိုင်ရာ ဥပဒေကိုသာ ဝေဖန်တာဖြစ်ပြီး၊ ဘုရင်မင်းမြတ်ကို ဝေဖန်တာ မဟုတ်ပါဘူး” ဟု လူ့အခွင့်အရေးဆိုင်ရာ
    ထိုင်းရှေ့နေများအဖွဲ့မှ အေနွန် နမ်ပါက ပြောကြားခဲ့သည်။

    ပရာဝပ်အနေဖြင့် Facebook စာမျက်နှာတွင် မည်သည့်အကြောင်းအရာကို ရေးသားခဲ့သည်ဆိုသည့်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မသိရသေးဘဲ AFP သတင်းဌာနကမူ ပရာဝပ် လတ်တလောတင်ခဲ့သည့် ပို့စ်များမှ တစ်ခုမှာ majeste law ၏ သက်ရောက်သည့် နယ်ပယ်နှင့်ပတ်သက်၍ ဖိအားပေးရန် တိုက်တွန်းခဲ့သည်ဟု ဖော်ပြထားသည်။

    ထိုင်းရဲတပ်ဖွဲ့နှင့် စစ်တပ်မှာ ပရာဝပ် နောက်ဆုံးပို့စ်တင်ပြီး တစ်ရက်အကြာ ဧပြီလ ၂၉ ရက်နေ့တွင် ပရာဝပ်၏အိမ်သို့ ၀င်ရောက်စီးနင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • အာဆင်နယ်နှင့်ပွဲတွင် အဓိကကစားသမားများကို မန်ယူ အနားပေးမည်

    အာဆင်နယ်နှင့်ပွဲတွင် အဓိကကစားသမားများကို မန်ယူ အနားပေးမည်

    မေ ၅၊ ၂၀၁၇
    M-Media

    – ကစားသမားများ ပွဲပမ်းသည့်ဒဏ်ကို ရှောင်ရှားနိုင်ရန်အတွက် လာမယ့် တနင်္ဂနွေနေ့ အာဆင်နယ်အသင်းနှင့်ပွဲတွင် ကစားသမားအချို့ကို အနားပေးသွားမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် ယူရိုပါလိဂ် ဆီးမီးဖိုင်နယ် ပထမအကျော့တွင် မန်ယူမှာ ဆဲလ်တာဗီဂိုအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။ ပရီးမီးယားလိဂ်တွင် အဆင့် ၅ နေရာ၌ ရပ်တည်နေသည့် မန်ယူအတွက် လာမယ့်နှစ် ချန်ပီယံလိဂ်ဝင်ခွင့်ရရန် ယူရိုပါလိဂ်က အကောင်းဆုံး အခွင့်အရေးဖြစ်နေသည်။

    မန်ယူမှာ ဧပြီ ၁ ရက်နေ့ကတည်းက ယနေ့အထိ ၁၀ ပွဲကစားထားရပြီး မော်ရင်ဟိုကမူ အာဆင်နယ်နှင့် အဝေးကွင်းပွဲတွင် ကစားသမားများကို အနားပေးသွားမည်ဟု ဆိုသည်။

    “မိနစ်တော်တော်များများ ကစားထားရတဲ့ ကစားသမားတွေဟာ ဒီတစ်ပတ်မှာ ကစားရမှာမဟုတ်ပါဘူး” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။

    အကယ်၍ မန်ယူမှာ မေလ ၂၄ ရက်နေ့ စတော့ဟုမ်းတွင် ကစားမည့် ယူရိုပါလိဂ် ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပါက ထိုပွဲမှာ ၎င်းတို့အတွက် ယခုနှစ်ဘောလုံးရာသီ ၆၄ ပွဲမြောက် ဖြစ်လာမည်ဖြစ်သည်။

    Ref: BBC

  • ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသူ ဆော်ဒီတစ်ဦး အပြေးသမားဖြစ်ရန် ကြိုးစား

    ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသူ ဆော်ဒီတစ်ဦး အပြေးသမားဖြစ်ရန် ကြိုးစား

    မေ ၅၊ ၂၀၁၇
    M-Media

    – မဂျစ် အလ် အိုတိုင်ဘီဟာ သူရဲ့ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားတဲ့ ကြေကွဲစရာ မနက်ခင်းတစ်ခုကို မှတ်မိနေတုန်းပါပဲ။ သူ စာသင်ပေးမယ့် ကျောင်းကို ရောက်ဖို့အတွက် ထိုင်ခုံခါးပတ် မပတ်ထားတဲ့ အိုတိုင်ဘီတစ်ယောက် ကားကို အရှိန်ပြင်းပြင်းမောင်းလာစဉ်မှာ ခြံစည်းရိုးတစ်ခုကို ၀င်တိုက်မိခဲ့တာပါ။

    နှစ်အနည်းငယ်အကြာ ခြေတုရရှိတဲ့အချိန်မှာတော့ ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးသွားမှုကြောင့် စိတ်ဓာတ်ကျဆင်းမှုကို ကျော်ဖြတ်နိုင်ဖို့ သူက စိုင်းပြင်းလာပါတယ်။

    “တစ်နေ့မှာ အပြေးသမားတစ်ယောက်ဖြစ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ့် ကျွန်တော့်လိုမျိုး အရှိန်တင်မောင်းတာ၊ ထိုင်ခုံခါးပတ်မပတ်ထားတာမျိုး တစ်ခြားသူတွေကို တကယ်ကို မဖြစ်စေချင်ပါဘူး” လို့ သူက ဆိုပါတယ်။

    ခြေထောက်တွေ ဆုံးရှုံးသွားတဲ့နောက်ပိုင်း ဘ၀ကြီးက အဆုံးသတ်သွားပြီလို့ ထင်သွားခဲ့ကာ တစ်နေ့မှာ သူနဲ့ ကံကြမ္မာတူသူတွေအတွက် အားကျစရာ၊ ရှေ့ဆောင်လမ်းပြတစ်ယောက် ဖြစ်လာမယ်ဆိုတာကို စဉ်တောင်မစဉ်းစားမိတဲ့ အကြောင်းကိုလည်း အိုတိုင်ဘီက Al Arabiya သတင်းဌာနကို ဖွင့်ဟခဲ့ပါတယ်။

    “လက်ထပ်ပြီး ၅ လလောက်အကြာမှာပဲ ဒီလို မတော်တဆဖြစ်သွားတဲ့အတွက် ကျွန်တော် တော်တော်လး နာကျင်ကြေကွဲရပါတယ်။ ဒါပေမယ့် မိသားစုနဲ့ ဇနီးဖြစ်သူရဲ့ ပံ့ပိုးမှုတွေကြောင်း ဒီလို ကြောက်မက်ဖွယ် ရလဒ်ကြီးကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်” လို့ အိုတိုင်ဘီက ဆိုပါတယ်။

    အခုအချိန်မှာတော့ သူဟာ ဆရာအလုပ်ကို စွန့်လွှတ်ပြီး ခြေတုနဲ့ လမ်းလျှောက်နိုင်အောင် လေ့ကျင်ပေးခဲ့တဲ့ ဆေးခန်းမှာ အလုပ်လုပ်နေပါတယ်။

    “ခြေတုအသုံးပြုတဲ့နယ်ပယ်မှာ ကျွန်တော့်ရဲ့အတွေ့အကြုံတွေကို ပြန်လည်မျှဝေဖို့၊ မသန်စွမ်းသူတွေကို လှုံ့ဆော်ပေးဖို့၊ သူတို့ရဲ့ စိတ်ဓာတ်တွေကို မြှင့်တင်ပေးဖို့ ကျွန်တော်ဟာ ဒီဆေးခန်းမှာပဲ အလုပ်လုပ်ပါတယ်”

    သူ ပြန်လည်လမ်းလျှောက်နိုင်အောင် ကူညီပေးခဲ့တဲ့ ဆေးခန်းက ဆရာဝန်တွေအားလုံးကို အိုတိုင်ဘီက ကျေးဇူးတင်နေပြီး၊ သူကျေးဇူးအထူးတင်ရမယ့် နိုင်ငံခြားသားတစ်ယောက် ရှိနေတယ်လို့လည်းဆိုပါတယ်။

    “ကျွန်တော်ဟာ ဖိလစ်ပိုင် ဆရာဝန်တစ်ယောက်အပေါ်မှာ အကြွေးတွေ တင်နေပါတယ်။ သူဟာ ကျွန်တော်တို့ ဒီဒုက္ခထဲကလွတ်ပြီး လမ်းပြန်လျှောက်လာနိုင်အောင် စိတ်အားထက်သန်စွာ ကူညီပေးခဲ့ပါတယ်။ သူ့ကို ကျွန်တော် အရမ်းကျေးဇူတင်ပါတယ်”

    Ref: Alarabiya

  • ထရမ့်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဘာသာကြီး ၃ ခု၏ အထွဋ်အမြတ် ဒေသများ ဖြစ်မည်

    ထရမ့်၏ ပထမဆုံး နိုင်ငံခြားခရီးစဉ် ဘာသာကြီး ၃ ခု၏ အထွဋ်အမြတ် ဒေသများ ဖြစ်မည်

    ဧပြီ ၅၊ ၂၀၁၇
    M-Media

    – သမ္မတတာဝန် ရယူပြီးနောက် ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် ဆော်ဒီ၊ အစ္စရေးနှင့် ဗာတီကန်သို့ သွားရောက်မည်ဟု ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “သည်းခံမှုဟာ ငြိမ်းချမ်းရေးရဲ့ အခြေခံအုပ်မြစ် ဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ ဒီနေ့မနက်မှာ ဒီလို အဓိကကျပြီး သမိုင်းဝင်ကြေငြာချက်ကို ဂုဏ်ယူစွာနဲ့ ကြေငြာလိုက်ပါတယ်” ဟု အိမ်ဖြူတော် နှင်းဆီပန်းခြံတွင် ပြုလုပ်သည့် ဘာသာရေးနွယ်သော ဥပဒေနှစ်ခုကို လက်မှတ်ရေးထိုးသည့် အခမ်းအနား၌ ထရမ့်က ပြောကြားခဲ့သည်။

    အဆိုပါခရီးစဉ်မှာ ယခုလနှောင်းပိုင်း ဘရပ်ဆဲလ်တွင် ကျင်းပပြုလုပ်မည့် နေတိုးအဖွဲ့ ထိပ်သီးအစည်းအဝေး၊ အီတလီနိုင်ငံ စစ္စလီမြို့တွင် ကျင်းပပြုလုပ်မည့် G7 အစည်းဝေး မတိုင်ခင် ဖြစ်လာဖွယ် ရှိနေသည်။

    ဆော်ဒီတွင် ထရမ့်မှာ မွတ်စလင်ကမ္ဘာမှ ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး ထရမ့်က ထိုတွေ့ဆုံမှုတွင် အစွန်းရောက်ဝါဒ၊ အကြမ်းဖက်ဝါဒနှင့် အကြမ်းဖက်မှုများကို တိုက်ဖျက်ရေး၊ မွတ်စလင်တိုင်းပြည်များရှိ လူငယ်များ ပိုမိုတရားမျှတပြီး မျှော်လင့်ချက်သော အနာဂတ် ဖြစ်ပေါ်လာရေးအတွက် ပူးပေါင်းဆောင်ရွက်မှု မူဘောင်အသစ်ကို ချမှတ်သွားမည်ဖြစ်ကာ မွတ်စလင်မဟာမိတ်တပ်ပေါင်းစုကို ပံ့ပိုးကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    အိမ်ဖြူတော်က ဆော်ဒီသို့ သွားရောက်မှုမှာ ဆော်ဒီဘုရင် ဆလ်မန်၏ ဖိတ်ကြားချက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။ ဆော်ဒီ၌ ရှိနေစဉ် ထရမ့်မှာ ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်မှု ကောင်စီ၏ ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်သွားမည်ဖြစ်သည်။

    ထရမ့်မှာ အစ္စရေးတွင် အစ္စရေးခေါင်းဆောင်များ၊ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်တို့နှင့် တွေ့ဆုံမည်ဖြစ်ပြီး၊ ရောမတွင်မူ ပုပ်ရဟန်းမင်းကြီးနှင့် တွေ့ဆုံရန် စီစဉ်ထားသည်။

    Ref: RT