News @ M-Media

Blog

  • အီဂျစ်အနုပညာရှင်တစ်ဦး ၎င်း၏ ကုရ်အာန်လက်ရေးမူကို ဂင်းနစ်မှတ်တမ်းဝင်ရန် မျှော်လင့်

    အီဂျစ်အနုပညာရှင်တစ်ဦး ၎င်း၏ ကုရ်အာန်လက်ရေးမူကို ဂင်းနစ်မှတ်တမ်းဝင်ရန် မျှော်လင့်

    မေ ၄၊ ၂၀၁၇
    M-Media

    မီတာ ၇၀၀ အရှည် စက္ကူလိပ်တွင် စအဒ်ရေးသားထားသည့် ကုရ်အာန်

    – အီဂျစ်နိုင်ငံက အနုပညာသမားတစ်ဦးဖြစ်တဲ့ စအဒ်မိုဟာမက်ဆိုသူဟာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ၃ နှစ်အတွင်း လက်ရေးနဲ့ ရေးသားချယ်မှုန်းခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ကုရ်အာန်ကျမ်းစာအုပ်အဖြစ် မှတ်တမ်းဝင်ဖို့လည်း မျှော်လင့်နေပါတယ်။

    ကိုင်ရိုမြို့မြောက်ဖက် ဘဲလ်ကီနာမှာ နေထိုင်တဲ့ စအဒ်ဟာ သူ့အိမ်ရဲ့ နံရံတွေနဲ့ မျက်နှာကျက်တွေမှာလည်း ကုရ်အာန်ကျမ်းက ပါဒတော်တွေကို စာပန်းချီ ချယ်မှုန်း အလှဆင်ထားပြီး၊ အခုတစ်ကြိမ်မှာတော့ မီတာ ၇၀၀ ရှည်တဲ့ စာရွက်လိပ်မှာ ကုရ်အန်တစ်အုပ်လုံးကို လက်ရေးနဲ့ ရေးသားခဲ့တာပါ။

    စာလုံးတိုင်းကို အနုစိတ်ကအစ အလှပဆုံး ချယ်မှုန်းထားတာဖြစ်ပြီး ဒီစာရွက်လိပ်ကြီးကို သစ်သားသေတ္တာထဲမှာ ရိုလာနဲ့ အလွယ်တကူ ဖတ်ရှုနိုင်အောင်လည်း သူက စီစဉ်ထားပါတယ်။

    “ဒီကုရ်အာန်ဟာ မီတာ ၇၀၀ ရှည်လျားပြီး၊ ဒါဟာ တ်ာတော်များတဲ့ စက္ကူပမာဏပါ။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဒီလုပ်ငန်းအတွက် ကိုယ်တိုင် ငွေကြေးစိုက်ထုတ်ခဲ့တာပါ။ ကျွန်တော်ဟာ သာမန်လူတန်းစားဖြစ်ပြီး ဘယ်လိုထာက်ပံ့မှုမျိုးမှ မရှိပါဘူး” လို့ စအဒ်က Reuters Television ကို ပြောကြားခဲ့ပါတယ်။

    စအဒ်က သူ့ရဲ့ ဒီ ကုရ်အာန်ကျမ်းတော်မြတ်ကို ဂင်းနစ်မှတ်တမ်းဝင်ဖို့ အလိုရှိနေပါတယ်။

    ဂင်းနစ်မှတ်တမ်းစာအုပ် တာဝန်ရှိသူတွေကတော့ သူတို့ရဲ့မှတ်တမ်းမှာ ကမ္ဘာ့အကြီးဆုံး ပုံနှိပ်ကုရ်အာန်စာအုပ်သာရှိနေပြီး၊ လက်ရေးနဲ့ ရေးထားတဲ့ မှတ်တမ်းတော့ မရှိဘူးလို့ ဆိုပါတယ်။

    ဒီလို ဂင်းနစ်မှတ်တမ်းဝင်နိုင်ဖို့ ကုန်ကျမယ့် ငွေကြေးအတွက် အစိုးရ၊ ဒါမှမဟုတ် အခြားသော စိတ်ဝင်စားသူတွေက ကူညီဖို့ စအဒ်က မျှော်လင့်နေပါတယ်။

    Ref: middle east eye

    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
    စအဒ်က လက်ရေးဖြင့် ရေးသားထားသည့် ကုရ်အာန်ကျမ်းစာ လက်ရာတစ်ခု
  • ယူအီးအက်ဖ်အေက ပင်နယ်တီကန်သွင်းမှုစနစ် ပြောင်းလဲမည်

    ယူအီးအက်ဖ်အေက ပင်နယ်တီကန်သွင်းမှုစနစ် ပြောင်းလဲမည်

    ဧပြီ ၄၊ ၂၀၁၇
    M-Media

    ၂၀၀၈ ခုနှစ် ချန်ပီယံလိဂ် ဖိုင်နယ် မန်ယူနှင့် ချယ်ဆီးတို့ပွဲတွင် ချယ်ဆီးနောက်ခံလူ ဂျွန်တယ်ရီ ပင်နယ်တီ ကန်သွင်းယူနေစဉ်

    – ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA) က ၎င်းတို့လက်အောက်ရှိ ပြိုင်ပွဲများတွင် ပင်နယ်တီ ကန်သွင်းမှုစနစ်ကို ပြောင်းလဲရန် စီစဉ်နေသည်ဟု သိရသည်။

    ပွဲချိန်အတွင်း အနိုင်အရှုံး အဖြေမထွက်သည့် ပွဲများတွင် ပင်နယ်တီအဆုံးဖြတ် ခံယူရာ၌ အသင်း A နှင့် အသင်း B တို့မှာ ပင်နယ်တီကို အလှည့်ကျ ကန်သွင်းရသည့် ABAB စနစ်ကို လက်ရှိတွင် ကျင့်သုံးနေသည်။

    သို့သော်လည်း ယူအီးအက်ဖ်အေ၏ စနစ်သစ်မှာ အသင်း A နှင့် အသင်း B တို့ ပထမတစ်လုံးစီ ကန်သွင်းပြီးနောက် ဒုတိယအလုံးတွင် အသင်း B က စတင်ကန်သွင်းရသည့် ABBA စနစ်ဖြစ်သည်။ ထိုစနစ်အတွက် ပထမဆုံး ကန်သွင်းရမည့် အသင်းကို ခေါင်းပန်းလှန်၍ ဆုံးဖြတ်မည်ဖြစ်သည်။

    စနစ်သစ်ကို ဗုဒ္ဓဟူးနေ့က ခရိုးအေးရှားနိုင်ငံတွင် စတင်ကျင်းပခဲ့သည့် ဥရောပ အမျိုးသား ယူ-၁၇ ချန်ပီယံရှစ်ပြိုင်ပွဲ၊ အင်္ဂါနေ့က ချက်နိုင်ငံတွင် စတင်ကျင်းပခဲ့သည့် ဥရောပ ယူ ၁၇ အမျိုးသမီး ချန်ပီယံရှစ် ပြိုင်ပွဲတို့တွင် စမ်းသပ်ကျင့်သုံးနေသည်။

    လက်ရှိ ABAB စနစ်မှာ ပထမဆုံး ကန်သွင်းခွင့်ရသည့် အသင်းကို ၆၀ ရာခိုင်နှုန်း အသာရရှိစေပြီး ဒုတိယကန်သွင်းရသည့် အသင်းမှာ ဖိအားများ ပိုမိုခံစားရကြောင်း ယူအီးအက်ဖ်အေက ပြောကြားခဲ့သည်။

    Ref : BBC

  • မဒီနာက တမန်တော်မြတ်ဗလီ အကြမ်းဖက်ခံရမှု ကြိုးကိုင်သူများကို ဆော်ဒီဖော်ထုတ်

    မဒီနာက တမန်တော်မြတ်ဗလီ အကြမ်းဖက်ခံရမှု ကြိုးကိုင်သူများကို ဆော်ဒီဖော်ထုတ်

    မေ ၄၊ ၂၀၁၇
    M-Media

    ခါလစ် အလ်-ဆာရာဝါနီ၊ နာဒီ အလ်-အန်ဇီနဲ့ ဟူဆမ် အလ်-ဂျူဟာနီ

    – ပြီးခဲ့တဲ့နှစ် မဒီနာက တမန်တော်မြတ်ဗလီကို တိုက်ခိုက်ခဲ့တဲ့ ဟာရာဇတ် အကြမ်းဖက်အဖွဲ့က အဓိကအဖွဲ့ဝင် ၃ ဦးကို ဧပြီလ ၃၀ ရက်နေ့မှာ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ဖော်ထုတ်လိုက်ပါတယ်။

    ခါလစ် အလ်-ဆာရာဝါနီ၊ နာဒီ အလ်-အန်ဇီနဲ့ ဟူဆမ် အလ်-ဂျူဟာနီတို့ဖြစ်ကြပြီး ဂျစ်ဒါမှာ ဖော်ထုတ်နိုင်ခဲ့တဲ့ ဒီအကြမ်းဖက်အဖွဲ့မှာ အရေးပါတဲ့ အဖွဲ့ဝင်တွေဖြစ်ပါတယ်။ ခါလစ် အလ်-ဆာရာဝါနီကို ၂၀၀၈ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်သမားတွေကို နေရာထိုင်းခင်းပေးမှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

    ဒီ အကြမ်းဖက်အဖွဲ့ဟာ ဆာရာဝါနီကို ဟီဂျဇ်မင်းသားဆိုပြီး အမည်ပြောင်လည်း ပေးထားပါသေးတယ်။ သူဟာ အီရတ်နဲ့ အာဖဂန်မှာ ဖြစ်ပျက်နေတာတွေရဲ့ လွှမ်းမိုးမှုကိုခံရတဲ့ အစွန်းရောက်တစ်ဦး ဖြစ်ပါတယ်။ IS အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်းပိုင်းက ဟူဆမ် အလ်-ဂျူဟာနီကို သူတို့အပေါ် သစ္စာခံဖို့ စာနဲ့ပေနဲ့ တောင်းဆိုခဲ့ဖူးပါတယ်။

    ဟူဆမ် အလ်-ဂျူဟာနီဟာ အလ်-ကိုင်းဒါအဖွဲ့ကို ထောက်ခံသူဖြစ်ပြီး ၂၀၀၅ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်တွေမှာ အဖမ်းခံရဖူးပြီး ၂၀၁၇ ခုနှစ်မှာတော့ IS အကြမ်းဖက်အဖွဲ့မှာ ပါဝင်မှုနဲ့ ထပ်ပြီး အဖမ်းခံခဲ့ရပါတယ်။

    ဂျူဟာနီဟာ အီဘရာဟင် အလ်-ဇဟ်ရာနီဆိုသူရဲ့ အကူအညီနဲ့ IS အဖွဲ့ဝင် ဖြစ်လာတာဖြစ်ပြီး ဒီဆက်ဆံရေးက တိုးတက်လာခဲ့ကာ သူလွတ်မယ့်ရက်၊ ငွေရေးကြေးရေး အခြေအနေနဲ့ အခြားသာ မေးခွန်းတွေကို IS အဖွဲ့ စစ်ဆင်ရေးမှူးရဲ့ မေးမြန်းခြင်းကိုလည်း ခံခဲ့ရပါတယ်။

    နောက်ပြီး ဆီးရီးယားက စစ်ဆင်ရေးဆောင်ရွက်ပေးသူနဲ့ ဂျူဟာနီက တိုက်ရိုကအဆက်အသွယ် ရှိပါတယ်။ ဟာရာဇတ်အဖွဲ့အတွက် လက်နက်တွေ၊ အသေခံဗုံးခွဲခါးပတ်တွေကို လွှဲပြောင်းပေးရေး လုပ်ငန်းကို သူက အဓိက တာဝန်ယူ ဆောင်ရွက်ပါတယ်။

    တမန်တော်မြတ် ဗလီဝတ်ကျောင်းတော် အ၀င်အ၀ စစ်ဆေးရေးဂိတ်မှာ အသေခံဗုံးခွဲခဲ့တဲ့ မာရ်ဇူက် အလ်-အန်ဇီက ဆော်ဒီနိုင်ငံသားတွေရဲ့ Twitter အကောင့်တွေကို အလိုအလျောက် အက်ပလီကေးရှင်းတွေနဲ့ ဖောက်ထွင်းရယူရာမှာ ကူညီပေးတဲ့ Monasseroun အကောင့်ပိုင်ရှင် ဖြစ်ပါတယ်။

    ခါလစ် အလ်-ဆာရာဝါနီ၊ နာဒီ အလ်-အန်ဇီနဲ့ ဟူဆမ် အလ်-ဂျူဟာနီတို့ ၃ ဦးဟာ တမန်တော်မြတ် ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်မှု၊ ဂျစ်ဒါက Dr. Soliman Fakeeh ဆေးရုံ ကားပါကင် တိုက်ခိုက်မှု စတာတွေအအပါအ၀င် အခြားသော ဆိုးဆိုးရွားရွား ရာဇ၀တ်မှုတွေနဲ့လည်း ဆက်စက်နေပါတယ်။

    ဆော်ဒီဗိုလ်ချုပ် ဘာဆမ် အတ္တီယာကတော့ ဟာရာဇတ်အဖွဲ့က တစ်နှစ်အတွင်း အသုံးပြုတဲ့ နေရာ ၇ နေရာကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

    တမန်တော်မြတ်ဗလီကို တိုက်ခိုက်မှုဟာ ဒီအဖွဲ့ရဲ့ အဆိုးရွားဆုံး စစ်ဆင်ရေးဖြစ်ပြီး အသေခံဗုံးခွဲခါးပတ်တွေကို စတင်ဖန်တီးမှုတွေအပါအ၀င် အဆင့် ၆ ဆင့်ကို ကျော်ဖြတ်ခဲ့ရတာကြောင့် ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်က ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • စင်ကာပူမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခု ဖြစ်နေ

    စင်ကာပူမှာ မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခု ဖြစ်နေ

    မေ ၄၊ ၂၀၁၇
    M-Media

    – စင်ကာပူနိုင်ငံမှာ အိုအိုင်စီနိုင်ငံများ၏ အပြင်ဘက်တွင် ကမ္ဘာ့ မွတ်စလင်ခရီးသွားများအကြား လူကြိုက်အများဆုံး နိုင်ငံတစ်ခုအဖြစ် ၃ နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်ဟု သိရသည်။

    မွတ်စလင်ခရီးသွားများ ကြိုက်နှစ်သက်သည့် နေရာများကို လေ့လာကာ ထုတ်ပြန်သော Mastercard- CrescentRating Global Muslim Travel Index အညွှန်းကိန်းတွင် စင်ကာပူမှာ ၂၀၁၆ ခုနှစ်အတွက် အလုံးစုံ ရပ်တည်မှုဇယား၌ အဆင့် ၁၀ နေရာတွင် ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်ကထက် ၂ ဆင့် လျော့ကျသွားခြင်းဖြစ်သည်။

    အဆိုပါ အညွှန်းကိန်းအတွက် ကမ္ဘာ့ ခရီးသွားနိုင်ငံပေါင်း ၁၃၀ ကို ခရီးသွားများ လာရောက်မှု၊ ဆက်သွယ်ရေး၊ သဘာဝပတ်ဝန်းကျင်၊ ၀န်ဆောင်မှု စသည့် သတ်မှတ်ချက်လေးခုဖြင့် စစ်တမ်းကောက်ယူခြင်းဖြစ်သည်။

    သတ်မှတ်ချက်များတွင် မိသားစုအတွက် အဆင်ပြေမှု၊ လုံခြုံမှုနှင့် ဖော်ရွေမှုများကိုလည်း ကဏ္ဍခွဲများအဖြစ် ထည့်သွင်းထားသည်။

    မလေးရှားမှာ ၂၀၁၆ ခုနှစ်အတွင်း မွတ်စလင်ခရီးသွား အကြိုက်နှစ်သက်ဆုံး နိုင်ငံတစ်ခုဖြစ်ခဲ့ပြီး မွတ်စလင်ခရီးသွားပေါင်း ၁၂၁ သန်း လာရောက်လည်ပတ်ခဲ့သည်။ ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်ခရီးသွားများမှာ ၂၀၁၆ ခုနှစ်တွင် ကန်ဒေါ်လာ ၁၅၅ ဘီလီယံ သုံးစွဲခဲ့သည်။

    ၂၀၂၀ ခုနှစ်တွင် မွတ်စလင်များမှာ ကမ္ဘာ့ ခရီးသွားများ၏ ၁၀ ပုံ ၁ ပုံ ရှိလာမည်ဖြစ်ပြီး ဈေးကွက်မှာ ကန်ဒေါ်လာ ဘီလီယံ ၂၂၀ ရှိလာမည်ဖြစ်သည်။

    အာရှမှာ မွတ်စလင်ခရီးသွားများ အနှစ်သက်ဆုံး ဒေသတစ်ခုဖြစ်ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ်တို့မှာ အညွှန်းကိန်းတွင် ထိပ်တန်းနေရာများ၌ ပါဝင်နေသည်။

    CrescentRating and HalalTrip လုပ်ငန်းမှ စီအီးအို ဖာဇဲလ် ဘဟာရ်ဒင်က မွတ်စလင်လူငယ် ခရီးသွားများမှာ ဈေးကွက်ကို ပုံဖော်မည်ဖြစ်ပြီး ဈေးကွက်မှာလည်း ဆက်လက် ကြီးထွားသွားဖွယ် ရှိနေသည်ဟု ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    Ref: Straitstimes

  • လွတ်လပ်သော နိုင်ငံသည်သာ မိမိတို့၏ ရွေးချယ်မှုဟု ထရမ့်ကို ပါလက်စတိုင်းသမ္မတ ပြော

    လွတ်လပ်သော နိုင်ငံသည်သာ မိမိတို့၏ ရွေးချယ်မှုဟု ထရမ့်ကို ပါလက်စတိုင်းသမ္မတ ပြော

    မေ ၄၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းနှင့် အစ္စရေးအကြား ရပ်တန့်နေသည့် ငြိမ်းချမ်းရးလုငန်းစဉ် ပြန်လည်ရှင်သန်လာရေး လုပ်ဆောင်ပေးသွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပါလက်စတိုင်း ခေါင်းဆောင် မဟ်မူးဒ်အဘတ်စ်နှင့် အိမ်ဖြူတော်တွင် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

    ထရမ့် သမ္မတအဖြစ် တာဝန်ယူပြီးနောက် ယမန်နေ့တွင် အဘတ်စ်နှင့် ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး ‘နှစ်နိုင်ငံ ပြည်သူများနှင့် ဒေသတွင်း ဘေးအန္တရာယ်ကင်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို ဆောင်ကျဉ်းပေးမည့် အရေးပါသော ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုးမည့် ခေါင်းဆောင်အဖြစ်’ အဘတ်စ်ကို လက်ခံသည်ဟုလည်း ထရမ့်က ပြောကြားခဲ့သည်။

    သို့သော်လည်း နှစ်ကာလရှည် ကြာမြင့်နေသည့် အဆိုပါ ပြဿနာကို ဖြေရှင်းရန်နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိပေ။

    “အစ္စရေးတွေနဲ့ ပါလက်စတိုင်းတွေအကြား သဘောတူညီချက်ဟာ အခက်ခဲဆုံး လုပ်ရမယ့် သဘောတူညီချက်လို့ ပြောကြတာတွေကို ကျွန်တော် အမြဲတမ်း ကြားပါတယ်။ သူတို့မှားကြောင်း သက်သေပြနိုင်မလားဆိုတာကို ကြည့်ရအောင်။ ကျွန်တော်တို့ ရအောင်လုပ်သွားမှာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    အဘတ်စ်ကမူ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ်ထား၍ ၁၉၆၇ ခုနှစ် မတိုင်ခင် နယ်မြေများအတိုင်း ပါလက်စတိုင်းနိုင်ငံအဖြစ် ထူထောင်လိုသည့် ပါလက်စတိုင်းပြည်သူများ၏ တောင်းဆိုမှုကို ထပ်လောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ မဟာဗျူဟာနဲ့ တစ်ခုတည်းသော ရွေးချယ်မှုက နှစ်နိုင်ငံအဖြေထွက်ရေးပါ။ အရှေ့ဂျေရုစလင်ကို မြို့တော်အဖြစ် သတ်မှတ်တဲ့ ပါလက်စတိုင်း နိုင်ငံဟာ ၁၉၆၇ နယ်စပ်မျဉ်းတစ်လျှောက် အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းစွာ၊ တည်ငြိမ်စွာ၊ ဘေးအန္တရာယ်ကင်းစွာနဲ့ အတူတကွ ရှိနေဖို့ပါပဲ။ ကျွန်တော်တို့ဟာ ကမ္ဘာပေါ်မှာ ကျူးကျော်သိမ်းပိုက်ခံထားရတဲ့ တစ်ခုတည်းသော လူမျိုးပါ။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ လွတ်လပ်မှု၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ကို တောင်းဆိုနေတာ ဖြစ်ပါတယ်” ဟု အဘတ်စ်က ဆိုသည်။

    ထို့ပြင် ပါလက်စတိုင်းပြည်သူများမှာ ၎င်းအပေါ် မျှော်လင့်နေသည်ဟုလည်း အဘတ်စ်က ထရမ့်အား ပြောကြားခဲ့သည်။

    ထရမ့်ကမူ အမေရိကန်အနေဖြင့် မည်သည့်သဘောတူညီချက်မှ သတ်မှတ်ပေး၍ မရဘဲ ပါလက်စတိုင်းများနှင့် အစ္စရေးများကသာ သဘောတူညီချက် ရရှိအောင် ဆောင်ရွက်ရမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။

    ပါလက်စတိုင်း-အစ္စရေး ပြဿနာတွင် နှစ်နိုင်ငံအဖြေ ထွက်ရမည်ဟု အမေရိကန်က ကာလရှည် ရပ်တည်လာခဲ့သော်လည်း ယခုနှစ်အစောပိုင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ် ထရမ့်က မိမိမှာ နှစ်နိုင်ငံမဟုတ်လည်း ပြဿနာပြေလည်နိုင်သည့် နည်းလမ်းကို လက်ခံကြောင်း ပြောကြားခဲ့သည်။

    Ref: Aljazeera