News @ M-Media

Blog

  • ပြည်သူအပေါ် မလျော်မကန်ပြုသည့် အထူးရဲတပ်ဖွဲ့တစ်ခုလုံး ဖျက်သိမ်းခံရ

    ပြည်သူအပေါ် မလျော်မကန်ပြုသည့် အထူးရဲတပ်ဖွဲ့တစ်ခုလုံး ဖျက်သိမ်းခံရ

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 

    -လူမည်းအမျိုးသားတစ်ဦးကို အင်အားအလွန်အကျွံသုံးကာ ဖမ်းဆီးမှု ဖြစ်ပွားပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု တန်နက်ဆီပြည်နယ် မမ်ဖစ်မြို့က အထူးရဲခွဲတစ်ခုလုံး ဖျက်သိမ်းလိုက်ရပါတယ်။ 

    အသက် ၂၉ နှစ်အရွယ် လူမည်းအမျိုးသား နီကိုလက်စ်ကို မမ်ဖစ်မြို့ အထူးရဲတပ်ဖွဲ့၀င်တွေက ဇန်န၀ါရီ ၇ ရက်နေ့မှာ အင်အားသုံးဖမ်းဆီးခဲ့ပြီး အဲဒီအဖြစ်အပျက်အတွင်း ရိုက်နှက်ခံရတဲ့ ဒဏ်ရာတွေကြောင့် နီကိုလက်စ်ဟာ နောက် ၃ ရက်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ 

    ဖမ်းဆီးစဥ် ရိုက်ကူးထားတဲ့ ရဲတပ်ဖွဲ့ရဲ့ ဗီဒီယိုမှာ နီကိုလက်စ်ဟာ ကားမောင်းနေစဥ် မီးပွိုင့်မှာ တားဆီးစစ်ဆေးခံရတာကို တွေ့ရပါတယ်။ နီကိုလက်စ်တစ်ယောက် ထွက်ပြေးခဲ့ပေမယ့် ရဲတပ်ဖွဲ့၀င်တွေကို ခုခံတိုက်ခိုက်တာမျိုးတော့ မရှိပါဘူး။ 

    မမ်ဖစ် အထူးရဲတပ်ဖွဲ့၀င်တွေက နီကိုလက်စ်ကို ပြန်ဖမ်းမိစဥ်မှာ နံပါတ်တုတ်တွေနဲ့ အဆက်မပြတ် ရိုက်နှက်ခဲ့တာကိုလည်း ဗီဒီယိုမှာ တွေ့ရပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်ပြည်သူတွေက အပြင်းအထန် ၀ေဖန်ကန့်ကွက်နေပြီး၊ ချီတက်ဆန္ဒပြမှုတွေလည်း နိုင်ငံတစ်၀ှမ်းမှာ ပြုလုပ်နေကြပါတယ်။

    မမ်ဖစ်မြို့ ရဲတပ်ဖွဲ့အကြီးအကဲ စီဂျေ ဒေးဗစ်က ဒီကိစ္စဟာ ရဲတပ်ဖွဲ့ကို အလွန်အမင်း သိက္ခာကျစေတဲ့အတွက် ဒီကိစ္စမှာ တာ၀န်ရှိတဲ့ တပ်ဖွဲ့၀င် ၃၀ ပါ အထူးတပ်ခွဲတစ်ခုလုံးကို ဖျက်သိမ်းခဲ့တယ်လို့ မနေ့က ထုတ်ပြန်ခဲ့ပါတယ်။ 

    နီကိုလက်စ်ရဲ့ မိသားစု၀င်တွေ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်တွေ၊ သက်ဆိုင်ရာတာ၀န်ရှိသူတွေနဲ့ စကားပြောဆိုခဲ့ပြီး၊ လူ့အဖွဲ့အစည်းက ခွင့်လွှတ်နိုင်ရေး လုပ်ငန်းစဥ်တွေကို တက်တက်ကြွကြွ ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ 

    အဖြစ်အပျက်မှာပါ၀င်တဲ့ ရဲတပ်ဖွဲ့၀င် ၅ ဦးကို ရဲတပ်ဖွဲ့က ထုတ်ပယ်ပြီး လူသတ်မှု၊ အပြင်းအထန် နာကျင်စေမှု၊ ပြန်ပေးဆွဲမှု၊ အခြားရာဇ၀တ်မှုတွေနဲ့ ကြာသာပတေးနေ့မှာ တရားစွဲဆိုခဲ့ပါတယ်။ 

    Ref: Reuters 

  • အီရန်နိုင်ငံထဲအထိ ကျူးကျော်တိုက်ခိုက်လာတဲ့ အစ္စရေး

    အီရန်နိုင်ငံထဲအထိ ကျူးကျော်တိုက်ခိုက်လာတဲ့ အစ္စရေး

    ဇန်န၀ါရီ ၃၀၊ ၂၀၂၃

    M-Media 


    -အီရန်နိုင်ငံအလယ်ပိုင်းက လက်နက်စက်ရုံတစ်ခုကို ဒရုန်းနဲ့ တိုက်ခိုက်မှု မနေ့က ဖြစ်ပွားခဲ့ပြီး အီရန်နဲ့ အမေရိကန်အာဏာပိုင်တွေက အစ္စရေးလက်ချက်လို့ ပြောပါတယ်။

    အစ္စဖာဟန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုမှာ ဒရုန်းလေယာဥ် ၃ စီးပါ၀င်ပြီး ၂ စီးကို ကြားဖြတ်ပစ်ချနိုင်ခဲ့ကာ တစ်စီးကတော့ တိုက်ခိုက်မှု လုပ်နိုင်ခဲ့တယ်လို့ အီရန် ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    လက်နက်စက်ရုံရဲ့ အဆောက်အဦး အနည်းငယ်ပျက်ဆီးသွားပြီး လူထိခိုက် သေဆုံးတာမျိုး မရှိဘူးလို့ ဆိုပါတယ်။  

    အစ္စရေးဟာ ဆီးရီးယားနဲ့ အီရတ်က အီရန်စစ်အခြေစိုက်စခန်းတွေကို မကြာခဏ ကျူးကျော်တိုက်ခိုက်ဖူးပါတယ်။ 

    အမေရိကန် ထိပ်တန်းမီဒီယာတစ်ခုဖြစ်တဲ့ Wall Street က တိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်တာဖြစ်ကြောင်း အမည်ဖော်လိုတဲ့ အမေရိကန်တာ၀န်ရှိသူတွေ၊ ဒီကိစ္စကို သိရှိသူတွေကို ကိုးကားပြီး ဖော်ပြပါတယ်။ 

    နောက်ထပ် အမည်မဖော်လိုတဲ့ အမေရိကန်အစိုးရ တာ၀န်ရှိသူ တစ်ဦးကလည်း တိုက်ခိုက်မှုမှာ အစ္စရေးက ပါ၀င်ပတ်သက်ဖွယ်ရှိတယ်လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ 

    အီရန်နိုင်ငံခြားရေး၀န်ကြီး ဟိုစိန် အမီရ် အဘ်ဒိုလာဟင်က ဒီတိုက်ခိုက်မှုဟာ သရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ပြီး နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်ဆောင်တာလို့ ရှုတ်ချခဲ့ပါတယ်။ 

    တိုက်ခိုက်ခံရတဲ့ အဆောက်အဦးဟာ လေတပ်စခန်းနဲ့ နျူကလီးယား လောင်စာ သုတေသနစင်တာတို့ တည်ရှိပါတယ်။ 

    ဒီကိစ္စကြောင့် အီရန်ရဲ့ နျူစီမံကိန်းကို ထိခိုက်နိုင်လားလို့ မေးမြန်းရာမှာ နိုင်ငံခြားရေး၀န်ကြီးက နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြုရေး ရည်ရွယ်တဲ့ အီရန်သိပ္ပံပညာရှင်တွေရဲ့ စိတ်ပိုင်းဖြတ်ထားမှုကို ထိခိုက်မှာမဟုတ်ဘူးလို့ ဖြေဆိုခဲ့ပါတယ်။ 

    Ref: Aljazeera 

  • အိန္ဒိယစစ်တပ်မှ တိုက်လေယာဥ်နှစ်စီး လေပေါ်တွင် တိုက်မိကာ ပျက်ကျ

    အိန္ဒိယစစ်တပ်မှ တိုက်လေယာဥ်နှစ်စီး လေပေါ်တွင် တိုက်မိကာ ပျက်ကျ

    ဇန်န၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒ်ယာ ပရာဒက်ရှ် ပြည်နယ်မှာ အိန္ဒိယစစ်တပ်က တိုက်လေယာဥ်နှစ်စီး ဒီကနေ့မနက်ပိုင်းမှာ ပျက်ကျခဲ့ပြီး လေယာဥ်မှူးတစ်ဦး သေဆုံးခဲ့ပါတယ်။  

    လေ့ကျင့်မှုပြုလုပ်နေစဥ်အတွင်း လေပေါ်မှာ တိုက်မိတာ ဖြစ်နိုင်တယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြပါတယ်။ 

    ပျက်ကျသွားတဲ့ တိုက်လေယာဥ်တွေဟာ ရုရှားလုပ် Sukhoi 30 နဲ့ ပြင်သစ်လုပ် Mirage 2000 တို့ ဖြစ်ပါတယ်။ Sukhoi 30 တိုက်လေယာဥ်က လေယာဥ်မှုး ၂ ဦးဟာ အချိန်မီ ခုန်ထွက်နိုင်ခဲ့ပြီး Mirage 2000 လေယာဥ်က လေယာဥ်မှုးက ဒဏ်ရာအပြင်းအထန်ရကာ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ 

    အိန္ဒိယလေတပ်က ဒီအဖြစ်အပျက်အတွက် စုံစမ်းစစ်ဆေးမှု ပြုလုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။ 

    အောက်တိုဘာလတုန်းကလည်း တရုတ်နဲ့ နယ်မြေပြဿနာဖြစ်ပွားနေတဲ့ အရူနာချာ ပရာဒက်ရှ်ပြည်နယ်မှာ အိန္ဒိယစစ်တပ်က ရဟတ်ယာဥ်နှစ်းစီး ပျက်ကျမှု သီးခြားစီ ဖြစ်ပွားခဲ့ပြီး စုစုပေါင်း စစ်သား ၆ ဦး သေဆုံးခဲ့ပါတယ်။ 

    ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတုန်းက ရုရှားလုပ် Mi-17 ရဟတ်ယာဥ်တစ်စီး ပျက်ကျရာမှာ အိန္ဒိယစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီပင် ရာ၀ပ်အပါအ၀င် လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။ 

    Ref: NDTV

  • စစ်တပ်ထောက်ခံသူများက အမျိုးသမီးများကို ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်စော်ကားမှု ၅ ဆ ပိုများလာ

    စစ်တပ်ထောက်ခံသူများက အမျိုးသမီးများကို ဆိုရှယ်မီဒီယာတွင် တိုက်ခိုက်စော်ကားမှု ၅ ဆ ပိုများလာ

    ဇန်န၀ါရီ ၂၈၊ ၂၀၂၃

    M-Media 


    -အာဏာသိမ်းမှုဆန့်ကျင်တဲ့ အမျိုးသမီးတွေကို စစ်တပ်ထောက်ခံသူတွေက ဆိုရှယ်မီဒီယာမှာ စော်ကားမှု၊ ခြိမ်းခြောက်မှုတွေ ပိုမို ပြုလုပ်လာတယ်လို့ Myanmar Witness အဖွဲ့ရဲ့ လတ်တလောလေ့လာမှုမှာ တွေ့ရှိရပါတယ်။ 

    အကြမ်းဖက်တိုက်ခိုက်ဖို့၊ အဓမ္မကျင့်ဖို့၊ သတ်ဖြတ်ဖို့အထိ လှုံ့ဆော်မှုတွေ ရှိနေပြီး Telegram၊ Facebook တို့လို ဆိုရှယ်မီဒီယာတွေက ဒီလိုပို့စ်တွေကို ဖယ်ရှားဖို့ ထိထိရောက်ရောက် လုပ်ဆောင်တာမျိုးမရှိဘူးလို့ အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ အမျိုးသမီးတွေအပေါ် ဆိုရှယ်မီဒီယာမှာ တိုက်ခိုက်မှုဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း အနည်းဆုံး ၅ ဆလောက် မြင့်တက်လာပါတယ်။ အခြား ဆိုရှယ်မီဒီယာတွေထက်စာရင် Telegram မှာ ဒီလို ကိစ္စတွေဟာ အဆ ၅၀၀ လောက် များပြားတယ်လို့ Myanmar Witness ရဲ့ လေ့လာမှုမှာ တွေ့ရှိရပါတယ်။ 

    ဒီလိုတိုက်ခိုက်မှုအများစုကို ပြုလုပ်သူတွေဟာ စစ်အာဏာသိမ်းမှုကို ထောက်ခံကြောင်း ရေးသားတဲ့ အမျိုးသားအမည်နဲ့ အကောင့်တွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ 

    “အွန်လိုင်းက စော်ကားမှုတွေ၊ ကိုယ်ရေးကိုယ်အချက်အလက်တွေ ဖော်ထုတ်ပြီး တိုက်ခိုက်မှုတွေဟာ အမျိုးသမီးတွေရဲ့ အသံကို တိတ်အောင်၊ လူ့အဖွဲ့အစည်းအတွင်းကနေ ထွက်သွားအောင် လုပ်ဆောင်နေတာမျိုး ဖြစ်ပါတယ်”

    “ရှုထောင့်အရ၊ ပုဂ္ဂိုလ်ရေးအရ၊ ဂုဏ်သိက္ခာပိုင်းအရ တိုက်ခိုက်မှုတွေ၊ အဓမ္မကျင့်မယ်၊ အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးရွားရွား ထိခိုက်တာမျိုးတွေ ရှိနေပါတယ်” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း၊ NUG၊ PDF နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ထောက်ခံကြောင်း ရေးသားတဲ့ အမျိုးသမီးတွေကို စစ်တပ်ထောက်ခံတဲ့သူတွေက အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပါတယ်။ 

    များသောအားဖြင့် အမျိုးသမီးတွေရဲ့ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်တွေ၊ ကိုယ်ရေးကိုယ်တာကိစ္စတွေ ဖော်ထုတ်ကာ နှောက်ယှက်တာမျိုးဖြစ်ပြီး အဲဒီလို ပို့စ်တွေရဲ့ ၂၈ ရာခိုင်နှုန်းလောက်က မြေပြင်မှာ တိုက်ခိုက်ဖို့အထိ ဆော်သြတတ်ကြပါတယ်။ 

    လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အရေးအသားတွေ၊ တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းတာတွေ၊ မျိုးမစစ်သူ၊ လိင်ကျွန်ဖြစ်နေသူ စသဖြင့် စော်ကားပြောဆိုတဲ့ ပို့စ်တွေနဲ့ စစ်တပ်ထောက်ခံသူတွေက အမျိုးသမီးတွေကို တိုက်ခိုက်တာမျိုးလည်း တွေ့ရပြီး ဒီလိုအရေးအသားတွေကို ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် တိုက်ခိုက်ပြောဆိုတုန်းကလည်း အများအပြားတွေ့ခဲ့ရတယ်လို့ Myanmar Witness ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    လေ့လာမှုဟာ လူအများ ကြည့်ရှုလို့ရတဲ့ ပို့်စ်တွေကိုသာ အခြေခံတာကြောင့် စစ်တပ်ထောက်ခံသူတွေက အမျိုးသမီးတွေအပေါ် ဆိုရှယ်မီဒီယာမှာ စော်ကားတိုက်ခိုက်မှုဟာ အခုတွေ့ရှိချက်ထက် ပိုပိုများပြားနိုင်တယ်လို့လည်း အဖွဲ့က သုံးသပ်ထားပါတယ်။ 

    Ref: Reuters 

  • အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းတွင် လူ ၉ ဦး သေဆုံး

    အစ္စရေးစစ်တပ်၏ သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်းတွင် လူ ၉ ဦး သေဆုံး

    ဇန်န၀ါရီ ၂၆၊ ၂၀၂၃

    M-Media 


    တိုက်ခိုက်မှုကြောင့် ပျက်ဆီးသွားသည့် အဆောက်အဦး

    -ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်း ဂျီနင်မြို့က ဒုက္ခသည်စခန်းကို အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်း တိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၉ ဦး သေဆုံးကာ ၂၀ လောက် ဒဏ်ရာရရှိခဲ့ပါတယ်။ 

    သေဆုံးသူတွေထဲမှာ အဘွားအိုတစ်ဦးလည်း ပါ၀င်ပါတယ်။ 

    အစ္စရေးစစ်တပ်ရဲ့ ထုတ်ပြန်ချက်မှာ Islamic Jihad အဖွဲ့ရဲ့ အဖွဲ့၀င်တွေကို ဖမ်းဆီးဖို့ ၀င်ရောက်စီးနင်းတာလို့ ဖော်ပြထားပါတယ်။ ဂျီနင်က ဒုက္ခသည်စခန်းကို အင်အား အလုံးအရင်းနဲ့ ၀င်ရောက်စီးနင်းတာမျိုးကို အစ္စရေးက ပြီးခဲ့တဲ့နှစ်ကတည်းက စတင်လုပ်ဆောင်လာတာပါ။ 

    ပါလက်စတိုင်း တော်လှန်ရေးအဖွဲ့တွေထဲက တစ်ခုဖြစ်တဲ့ Islamic Jihad က အစ္စရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားကြောင်း အတည်ပြုပါတယ်။  

    တိုက်ခိုက်မှုအတွင်း ၂ ထပ်တိုက် အဆောက်အဦးတစ်ခု လုံး၀ ပျက်ဆီးသွားပြီး၊ သေဆုံးဒဏ်ရာရသူတွေကို ကူညီဖို့ သွားရောက်တဲ့ လူနာတင်ယာဥ်ကို အစ္စရေးတပ်ဖွဲ့က ပေးမ၀င်တာတွေ ရှိတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။ 

    အနောက်ဖက်ကမ်းမှာ အစ္စရေးရဲ့ သတ်ဖြတ်မှုကြောင့် ဇန်န၀ါရီလအတွင်း သေဆုံးသူ အနည်းဆုံး ၂၉ ဦး ရှိလာပြီး ၁၅ ဦးက ဂျီနင်မှာ ဖြစ်ပါတယ်။

    ၂၀၂၂ ခုနှစ်မှာ ဒီလိုစီးနင်းမှုတွေကြောင့် ပါလက်စတိုင်း ၁၇၀ ကျော် သေဆုံးခဲ့ပါတယ်။ 

    Ref: Aljazeera