News @ M-Media

Blog

  • တရုတ်-မလေးရှား အဆင့်မြင့် ကာကွယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းမည်

    တရုတ်-မလေးရှား အဆင့်မြင့် ကာကွယ်ရေးကော်မတီတစ်ခု ဖွဲ့စည်းမည်

    ဧပြီ ၂၄၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရန်အတွက် မလေးရှားနှင့် တရုတ်နိုင်ငံတို့မှာ အဆင့်မြင့် ကော်မတီတစ်ခုကို ဖွဲ့စည်းတော့မည်ဟု သိရသည်။

    မလေးရှား ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင် ဟူစိန်၏ တရုတ်နိုင်ငံသို့ ၃ ရက်ကြာ သွားရောက်စဉ် တရုတ် ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် ချန်း ၀မ်ကျွင်းနှင့် တွေ့ဆုံမှုအတွင်း ကော်မတီဖွဲ့စည်းရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

    ဟီရှာမူဒင် ဟူစိန်၏ ကြေငြာချက်တွင် ဖွဲ့စည်းမည့် အဆိုပါကော်မတီမှာ ပိုမိုလက်တွေ့ကြပြီး၊ စနစ်ကျသည့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုပုံစံကို ဖော်ဆောင်ရန်ဖြစ်သည်ဟု ဆိုသည်။

    ထို့ပြင် ကာကွယ်ရေးနှင့် စစ်ရေးဆိုင်ရာ ပိုမို ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆွေးနွေးရန် မလေးရှားကြည်းတပ် အကြီးအကဲ ဗိုလ်ချုပ် ဇွလ်ကစ်ပ်လီ ကာဆင်နှင့် လေတပ်အကြီးအကဲ ဗိုလ်ချုပ် အာဖန်ဒီ ဘူအန်တို့ကို ညွှန်ကြားထားသည်ဟုလည်း ဟီရှာမူဒင်က ပြောကြားခဲ့သည်။

    “ဆက်ဆံရေးနဲ့ နားလည်မှု တိုးတက်စေဖို့၊ ယုံကြည်မှု ပိုမိုခိုင်မာစေဖို့အတွက် မလေးရှားနဲ့ တရုတ်ဟာ အနာဂတ်မှာ အပြန်အလှန်လည်ပတ်မှုတွေကို မကြာခဏ လုပ်ဆောင်သွားမှာပါ”

    အာဆီယံ ကာကွယ်ရေးဆိုင်ရာ ၀န်ကြီးများအစည်းအဝေး (ADMM) တွင် လာမည့် အာဆီ-တရုတ် ရေတပ် စစ်ရေးလေ့ကျင်မှုကို အာဆီယံ ရေပိုင်နက်များအတွင်း ပြုလုပ်သွားရန် သဘောတူခဲ့သည်ဟု လည်း ၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့သည်။

    တရုတ်နိုင်ငံသို့ ၎င်း၏ခရီးစဉ်တွင် ဟီရှာမူဒင်မှာ တရုတ် ဗဟိုစစ်ကော်မရှင်၏ ဒုတိယဥက္ကဌ ဗိုလ်ချုပ် ဇီကျီလျန်၊ နိုင်ငံတော်ကောင်စီမှ အတိုင်ပင်ခံပုဂ္ဂိုလ် ယန် ဂျီအဲ၊ ပြည်သူ့လုံခြုံရေးဝန်ကြီး ဂိုရှန်ခွင်းတို့နှင့် တွေ့ဆုံခဲ့သည်။

    Ref: CNA

  • အမေရိကန် လေယာဉ်တင်သင်္ဘောကို မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    အမေရိကန် လေယာဉ်တင်သင်္ဘောကို မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဧပြီ ၂၄၊ ၂၀၁၇
    M-Media

    အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson

    – ကိုရီးယားကျွန်းဆွယ်အနီးသို့ ခုတ်မောင်းလာသည့် အမေရိကန် လေယာဉ်တင်သင်္ဘော USS Carl Vinson ကို မြှုပ်ပစ်မည်ဟု မြောက်ကိုရီးယားက ယမန်နေ့တွင် ခြိမ်းခြောက်လိုက်ပြီး အမေရိကန်နောက် မျက်စိစုံမှိတ် လိုက်နေပါက သြစတေးလျကိုလည်း နျူလက်နက်ဖြင့် တိုက်ခိုက်မည်ဟု ဆိုသည်။

    ပစိဖိတ်အနောက်ခြမ်းတွင် USS Carl Vinson ဦးဆောင်သည့် တိုက်ရေယာဉ်အုပ်စုနှင့် စစ်ရေးလေ့ကျင့်မှုတွင် ဂျပန် ရေတပ်သင်္ဘော ၂ စင်းက ပူးပေါင်းခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယား၏ ယခုကဲ့သို့ ခြိမ်းခြောက်မှု ပေါ်ထွက်လာခြင်းဖြစ်သည်။

    မြောက်ကိုရီးယားနှင့် အမေရိကန်တို့အကြား တင်းမာမှုများ မြင့်တက်လာပြီးနောက် အမေရိကန်မှာ အဆိုပါ တိုက်ရေယာဉ်အုပ်စုကို ကိုရီးယားကျွန်းဆွယ်သို့ စေလွှတ်ခဲ့ခြင်းဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ အမေရိကန်ရဲ့ နျူစွမ်းအားသုံး လေယာဉ်တင်သင်္ဘောကို တစ်ချက်တည်းနဲ့ ပစ်မြှုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ”
    ဟု မြောက်ကိုရီးယား အလုပ်သမားပါတီ၏ သတင်းစာ Rodong Sinmun က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် အဆိုပါ လေယာဉ်တင်သင်္ဘောကို ‘သတ္တ၀ါဆိုးကြိး’ အဖြစ်လည်း သတင်းစာက သမုတ်ခဲ့ပြီး ထိုသင်္ဘောအား တိုက်ခိုက်မှုက မိတို့၏ စစ်ရေးစွမ်းအားကို ပြသမည့် စစ်မှန်သည့် နမူနာတစ်ခု ဖြစ်လာမည်ဟုလည်း ဆိုသည်။

    Ref: Aljazeera

  • အိန္ဒိယတစ်ဝှမ်း အရက်ပိတ်ပင်လျှင် ဘာသာတရားများ ပိုစည်းလုံးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြော

    အိန္ဒိယတစ်ဝှမ်း အရက်ပိတ်ပင်လျှင် ဘာသာတရားများ ပိုစည်းလုံးမည်ဟု ပြည်နယ်ဝန်ကြီးချုပ် ပြော

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    ဘီဟာရ်ပြည်နယ်ဝန်ကြီးချုပ် နီတစ်ရှ်ကူးမားရ်

    – အိန္ဒိယတစ်နိုင်ငံလုံးတွင် အရက်ကို တားမြစ်ပိတ်ပင်ရန်အတွက် ဘီဟာရ်ပြည်နယ် ၀န်ကြီးချုပ် နီတစ်ရှ် ကူမားရ်က ယနေ့တွင် တိုက်တွန်းလိုက်ပြီး ထိုသို့ဆောင်ရွက်ခြင်းက ဘာသာတရားအားလုံးကို ပေါင်းစည်စေမည်ဟုလည်း ဆိုသည်။

    ကူးမားရ်ဦးဆောင်သည့် ဘီဟာရ်ပြည်နယ် အစိုးရအဖွဲ့မှာ ပြည်နယ်တစ်ခုလုံးတွင် အရက်ကို တားမြစ်ပိတ်ပင်ထားပြီး မဟာရက်ရှ်ထရာ ပြည်နယ်တွင် ၎င်း၏ပါတီ ဂျန်တာဒါလ်း၏ ရုံးခွဲဖွင့်လှစ်မှု အခမ်းအနား၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “ဘာသာတရားတိုင်းဟာ အရက်သောက်သုံးမှုကို ဆန့်ကျင်ပါတယ်။ အိန္ဒိယတစ်နိုင်ငံလုံးမှာ အရက်ကို ပိတ်ပင်တာဟာ ပြည်သူအားလုံး၊ ဘာသာတရားအားလုံး ပေါင်းစည်းဖို့ ကူညီနိုင်ပါတယ်” ဟု ကူးမားရ်က ပြောကြားခဲ့သည်။

    ထို့ပြင် အဝေးပြေးလမ်းများတွင် အရက်ရောင်းချမှု ပိတ်ပင်ရန် တရားရုံးချုပ်က ချမှတ်ထားသည့် အမိန့်ကို မနာခံသည့် ပြည်နယ်များကိုလည်း ကူးမားရ်က ဝေဖန်ခဲ့သည်။

    “ဒါက အန္တရာယ်ဗျ။ ဘီဟာရ်က အရက်ကင်းမဲ့တဲ့ ပြည်နယ်ပါ။ ၀င်ငွေတော့မရဘူးပေါ့လေ။ အရက်ရောင်းချမှု၊ သောက်သုံးမှုအတွက် အခွန်က ရူပီး ကုဋေ ၅၀၀၀ ရတယ်။ ဒါပေမယ့် အရက်ရောင်းတာကြောင့် ဘီဟာရ်လို ဆင်းရဲတဲ့ပြည်နယ်က လူတွေရဲ့ ၀င်ငွေ ကုဋေ ၁၀၀၀ လောက် အဆုံးရှုံးခံမှာ မဟုတ်ပါဘူး။ ၀င်ငွေက အဲဒီလောက်ကြီး လျော့သွားတာလည်း မဟုတ်ပါဘူး။ အဝေးပြေးလမ်းမှာ မတော်တဆဖြစ်မှုကတော့ ကျဆင်းသွားပါတယ်” ဟု ကူးမားရ်ဟု ဆိုပြီး အရက်ကို တားဖြစ်ပိတ်ပင်ပြီးနောက် ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း တိုးတက်လာသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    နိုင်ငံရှိ အမျိုးသမီး ၈၀ ရာခိုင်နှုန်းမှာ ခင်ပွန်းများ၏ အရက်စွဲမှုကြောင့် စိတ်ကျရောဂါ ခံစားနေရသည့်ဆိုသည့် ဂိုအာသတင်းစာ၏ သတင်းတစ်ပုဒ်ကိုလည်း ကူးမားရ်က ထောက်ပြခဲ့သည်။

    ဘီဟာရ်အစိုးရမှာ ကျောင်းတက်နေသည့် မိန်းကလေးငယ်များကို စက်ဘီး ထောက်ပံ့ပေးမည့် အစီအစဉ်၊ အမျိုးသမီးများ ပညာရေးနှင့် ပတ်သက်၍ လူများ၏ စိတ်နေစိတ်ထားကို ပြောင်းလဲပစ်မည့် အစီအစဉ်တို့ ရှိနေသည်ဟု ၀န်ကြီးချုပ်က ဆိုသည်။

    Ref: Outlook India

  • ပါကစ္စတန်မှသည် ဟောလီးဝုဒ်ဆီသို့ (အင်တာဗျူး)

    ပါကစ္စတန်မှသည် ဟောလီးဝုဒ်ဆီသို့ (အင်တာဗျူး)

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    ဟောလီးဝုဒ်ရောက် ပါကစ္စတန်သရုပ်ဆောင် ဖာရန် တာဟီရ်

    – ပါကစ္စတန်နိုင်ငံဟာ ကျန်းမာရေး၊ ပရဟိတ၊ သိပ္ပံနဲ့နည်းပညာ စတဲ့ နယ်ပယ်အသီးသီးမှာ အောင်မြင်မှုကြောင့် ကမ္ဘာ့မီဒီယာတွေထက်မှာ မကြာမကြာ ဖော်ပြခြင်းခံရတဲ့ နိုင်ငံ ဖြစ်ပါတယ်။

    လူမှုဘ၀နေထိုင်မှု၊ ဖျော်ဖြေရေးမှာလည်း ပါကစ္စတန်ကို ဘေးဖယ်ထားလို့ မရဘဲ ဘောလီးဝုဒ်နဲ့ ဟောလီးဝုဒ်အထိတောင် တိုးပေါက်နေနိုင်ပြီဖြစ်ပါတယ်။

    ပါကစ္စတန်နိုင်ငံသား ဖာရန် တာဟီရ်ဟာ ဟောလီးဝုဒ်မှာ ထင်ရှားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီး သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကနေ ပါကစ္စတန်ရဲ့ အပြုသဘောဆောင်ပြီး၊ ငြိမ်းချမ်းတဲ့ ပုံရိပ်တွေကို ထင်ဟပ်စေပါတယ်။

    ပါစ္စတန် ရုပ်ရှင်းသားဟောင်း နအင်းမ် တာဟီရ်ရဲ့ သားဖြစ်ပြီး American Crime ရုပ်ရှင်ဇာတ်လမ်းတွဲမှာ ရေးစ် ဘရှီးရ် ဇာတ်ရုပ်နဲ့ ထင်ရှားလာသူဖြစ်ပါတယ်။ ဖာရန်ဟာ ကယ်လီဖိုးနီးယားဘာကလေ တက္ကသိုလ်နဲ့ ဟားဗတ်တက္ကသိုလ် ကျောင်းဆင်းဖြစ်ပြီး ရုဒ်ယာ့ဒ်ရဲ့ စာအုပ်ကို ဒစ္စနေက ရိုက်ကူးကာ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Jungle Book ရုပ်ရှင်မှာ ပထမဆုံး သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ် သူ့ကို လူသိများစေတဲ့ ဇာတ်ကားတွေထဲမှာ Star Trek၊ Pitch Perfect ဇာတ်ကားတွေ၊ Grey’s Anatomy၊ Once Upon a Time တီဗီ ဇာတ်လမ်းတွဲတွေ ပါဝင်ပါတယ်။

    The Nation က ဖာရန်နဲ့ ပြုလုပ်ထားတဲ့ အင်တာဗျူးကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်။

    မေး။ ။ ခင်ဗျား ပါကစ္စတန်ကနေ ဟောလီးဝုဒ်ကို ရောက်ခဲ့တဲ့ ခရီးလေးကို ပြောပြအုံး။

    ဖြေ။ ။ သိပ်ပြီးထူးခြားတယ်ဗျ။ အမြဲတမ်း အဆင်ချောနေတာတော့ မဟုတ်ပါဘူ။ ဒါပေမယ့် ပျော်စရာတွေလည်း ပါတာပေါ့ဗျာ။ ကျွန်တော်တို့အားလုံးက ကိုယ့်လမ်းကို ရွေးလျှောက်ခဲ့ကြသူတွေပါပဲ။ ဒါက ကျွန်တော် လုပ်ချင်တဲ့အလုပ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ဒီစိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် ကျွန်တော်ဟာ လိုအပ်တဲ့ သင်ယူမှုတွေ၊ လိုအပ်တဲ့အရာတွေအားလုံးကို ရှာဖွေပြီး ကျွမ်းကျင်လာဖို့အတွက် ဆောင်ရွက်ခဲ့ပါတယ်။ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ ကျွန်တော့ရဲ့နယ်ပယ်က အကောင်းဆုံးဆိုတဲ့သူတွေနဲ့ အလုပ်တွဲလုပ်ခွင့် ရတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။

    မေး။ ။ ကျွန်တော်တို့အားလုံးဟာ တိုင်းပြည်ရဲ့ အမှတ်သညာကို ကိုယ်စားပြုသူတွေဖြစ်တယ်။ ခင်ဗျားရဲ့ အလုပ်နဲ့ ပါကစ္စတန်ကို ကိုယ်စားပြုခွင့်ရတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။

    ဖြေ။ ။ သိပ်ကို ဂုဏ်ယူပါတယ်။ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့အခါ ကျွန်တော့်ရဲ့တိုင်းပြည်ကို ကိုယ်စားပြုတယ်ဆိုတဲ့ အချက်ကို ကျွန်တော် မမေ့ပါဘူး။ ဒါ့ကြောင့်ပဲ မျှတတဲ့ အခန်းကဏ္ဍတွေကို ရွေးချယ်နိုင်ဖို့အတွက် ဆုံးဖြတ်ချက်တစ်ခုကို သတိထားပြီး ချခဲ့တာပါ။ ရှေးရိုးစွဲအမြင်တွေကို ကျွန်တော်မယုံကြည်ဘူး။ ဒါ့ကြောင့် ဇာတ်ရုပ်ရဲ့ လှုပ်ရှားမှုပေါ်မှာ အမျိုးမျိုး ထင်မြင်ယူဆနိုင်တဲ့ နေရာတွေကို ကျွန်တော် ရွေးချယ်တာပါ။

    မေး။ ။ ခင်ဗျားက ပါကစ္စတန်နိုင်ငံသားတစ်ယောက် ဖြစ်တယ်ဆိုတာကို နိုင်ငံခြားမှာ လူတွေသိတဲ့အခါ ဘယ်လိုတုန့်ပြန်မှုမျိုး ကြုံရလဲ။

    ဖြေ။ ။ အံ့သြတာတွေ ပျော်ရွှင်တာတွေ ရှိပါတယ်။ များသောအားဖြင့်တော့ အစားသောက်၊ ဓလေ့ထုံးတမ်းနဲ့ သမိုင်းကြောင်းတွေကို မေးကြပါတယ်။

    မေး။ ။၂၀၁၅ ခုနှစ် ဇွန်လမှာ အစ်ဖ်သာရ် ၀ါဖြေပွဲအတွက် သမ္မတအိုဘားမားရဲ့ ဖိတ်ကြားမှုကို ခင်ဗျား ရရှိခဲ့တယ်။ အဲဒီရဲ့ အတွေ့အကြုံလေးကို ပြောပါအုံး။

    ဖြေ။ ။ ဒီလို အစ်ဖ်သာရ် ၀ါဖြေပွဲအတွက် အိမ်ဖြူတော်က ဖိတ်ကြားခံရတာဟာ တကယ့်ကို ဂုဏ်ယူစရာကောင်းပါတယ်။ အင်မတန်ထူးခြားတဲ့ အတွေ့အကြုံကိုလည်း ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ကို ကြိုဆိုတဲ့အချိန်မှာ သောမတ်စ် ဂျက်ဖာဆန်က အိမ်ဖြူတော်မှာ သိမ်းထားခဲ့တဲ့ ကုန်အာန်ကျမ်းတော်မြတ်ကို မြင်ရပြီး ဒီဟာက အရမ်းကို အမှတ်ရစရာကောင်းတဲ့ ကိစ္စတစ်ခုပါ။ အိမ်ဖြူတော်နဲ့ပတ်သက်ပြီး ကျွန်တော့်စိတ်ကို အရိုက်ခတ်ဆုံးကတော့ နေရာတိုင်းမှာ သမိုင်းဆိုင်ရာတွေနဲ့ ပြည့်နှက်နေတာပါပဲ။

    မေး။ ။ အနုပညာခရီးတစ်လျှောက်မှာ ခင်ဗျားရဲ့ ဖြစ်တည်မှုကြောင့် စိန်ခေါ်မှုတွေကိုရော ကြုံခဲ့ရဖူးလား။

    ဖြေ။ ။ ဖျော်ဖြေရေးဆိုတာက ခက်ခဲတဲ့စီးပွားရေးပါ။ အထူးသဖြင့် အနောက်တိုင်းမှာပါ။ လူတိုင်းမှာ သူတို့ ဖြတ်ကျော်ရတဲ့ အတားအဆီးလေးတွေ ရှိပါတယ်။ ကျွန်တော့်မှာလည်း ဒီလို ရုန်းကန်ရမှုလေးတွေ ရှိခဲ့တာပေါ့ဗျာ။ ဒါပေမယ့် တစ်ခြားလူတွေရဲ့ ဒုက္ခသုက္ခတွေ၊ စိန်ခေါ်မှုတွေကို ကျွန်တော် ကြုံတွေ့ရတာလောက် အရေးမပါဘူးလို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ဖူးပါဘူး။

    မေး။ ။ ကမ္ဘာ့ရုပ်ရှင်ကြည့်ပရိတ်သတ်ကို ပါကစ္စတန်ရဲ့ ဘယ်လိုအရာတွေကို ချပြနိုင်မလဲ။

    ဖြေ။ ။ ကမ္ဘာ့ရုပ်ရှင်လောကကို ပါကစ္စတန်က ကူညီနိုင်တာတွေ အများကြီးပါ။ ကျွန်တော်တို့ဟာ ဇာတ်လမ်းကို ချပြတဲ့နေရာမှာ ထူးခြားတဲ့နည်းလမ်းရှိပြီး​​​ ရုပ်သံတွေ၊ ပြဇာတ်တွေမှာ ဒါတွေကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်တင်က အရှေ့တိုင်းဆန်နေပေမယ့် လူတွေရဲ့ စိတ်ခံစားမှုကို ညှို့ယူဖမ်းစားတဲ့နေရာမှာတော့ ရိုးရှင်းပြီး အဆက်အစပ် ရှိပါတယ်။ လူမှုဘ၀နဲ့ သက်ဆိုင်နေတဲ့ အကြောင်းအရာ အမျိုးမျိုးကို ထိတွေ့ဖို့လည်း ကျွန်တော်တို့ နောက်တွန့်မနေဘူး။ ပြီးခဲ့တဲ့ ၂ နှစ်လောက်မှာ ပါကစ္စတန်က တော်တော်ကောင်းတဲ့ ရုပ်ရှင်တွေ ထွက်လာတယ်ဆိုတာကို ကျွန်တော်တို့တွေ့ခဲ့ရပါတယ်။ လာမယ့်နှစ်တွေမှာ အခြေအနေက ပိုကောင်းမယ်လို့ ကျွန်တော် အသေအချာ ပြောရပါတယ်။

    မေး။ ။ ပါကစ္စတန်နိုင်ငံသား တစ်ယောက်အနေနဲ့ ခင်ဗျား ဂုဏ်အယူဆုံးက ဘာပါလဲ။

    ဖြေ။ ။ ကျွန်တော်တို့ရဲ့ ဖော်ရွေမှုဟာ သိပ်ပြီးတော့ ဂုဏ်ယူစရာကောင်းတဲ့အရာလို့ ကျွန်တော် ထင်ပါတယ်။ နိုင်ငံကို လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားတိုင်းက ဒါကို မချီးကျူးဘဲ မနေနိုင်ပါဘူး။

    မေး။ ။ လူငယ်တွေကို ဘယ်လို မက်ဆေ့ခ်ျမျိုး ပေးချင်လဲ။

    ဖြေ။ ။ အခြေခိုင်အောင်လုပ်ပါ။ ဒါပေမယ့် ကိုယ့်ကိုယ်ကို မကန့်သတ်ထားပါနဲ့။ အတားအဆီးတွေကို ကျော်ဖြတ်ဖို့ သမရိုးကျအမြစ်တွေကနေ ဖေါက်ထွက်ဖို့ ရည်ရွယ်ထားပါ။ ကမ္ဘာကြီးဟာ မင်းတို့အတွက် ဖြစ်ပါတယ်။

    Ref : The Nation

  • Police INTERPOL ရှေ့မှောက်က ၀ရမ်းပြေးအောင်ဝင်းခိုင် လွတ်မြောက်နေဦးမည်လော?

    Police INTERPOL ရှေ့မှောက်က ၀ရမ်းပြေးအောင်ဝင်းခိုင် လွတ်မြောက်နေဦးမည်လော?

    ဇန်န၀ါရီ-29-2019 ရက်နေ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်းရှေ့တွင် ဆရာဦးကိုနီအားလုပ်ကြံသတ်ဖြတ်မှုတွင် ကြီးကြပ်ကြိုးကိုင်ခဲ့သော တရားခံပြေး အောင်ဝင်းခံအား ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နေပြည်တော်အပါအ၀င် မြန်မာပြည်အနံ့ လိုက်လံစုံစမ်းလျှက်ရှိသလို အပြည်ပြည်ဆိုင်ရာရဲအဖွဲ့ Police INTERPOL ကိုလည်း အကြောင်းကြားထားကြောင်း ရဲချုပ်ဇော်ဝင်းမှ ဧပြီ(၁၀)ရက်က နေပြည်တော်၊ ပြည်ထဲရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါသည်။ (ဗီဒီယို ကိုးကား။ Central News Bureau, April 12)။  ထို့ကြောင့် ပြည်တွင်းပြည်ပ အခုလိုချိန်ဆက်စုံစမ်းရင်ဖြင့် ထိုတရားခံပြေးအား အမြန်မိနိုင်မည်ဟု တွေးတောမိခဲ့သေးသည်။ သို့ဖြစ်၍ အောက်ဖော်ပြပါ INTERPOL မှ ပုံ၊အချက်အလက်များအား ၀င်ရောက်လေ့လာမိသည်။

    INERPOL ၀ဘ်ဆိုဒ်ပါ အောင်ဝင်းခိုင်ပုံ

     

    INTERPOL ပြဌန်းချက်-

                “ဤ INTERPOL ၀ဘ်ဆိုဒ်ရှိ အနီရောင် Notice ပြ တရားခံသည် သက်ဆိုင်ရာနိုင်ငံအာဏာပိုင် (National Central Bureau) မှ ပေးပို့အကြောင်းကြားလာသည့် အချက်အလက်များအား ကမ္ဘာ့ပြည်သူများသိရှိစေဖို့ ဖော်ပြထားခြင်းဖြစ်သည်ဟု”  ထိုဝဘ်ဆိုဒ်တွင်ဖော်ပြထားသည်။

    ထိုပြဌန်းချက်အရဆိုလျှင် ၀ဘ်ဆိုဒ်ပါ အောင်ဝင်းခိုင် ပုံ၊အချက်အလက်သည် မြန်မာအာဏာပိုင်မျာထံမှ ပေးပို့ထားသည့်အတိုင်း အပြည်ပြည်ဆိုင်ရာ လူထု၊အာဏာပိုင်များအတွက် အချက်အလက်မျှဝေထားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

    ဒီနေရာမှာ စာဖတ်ပရိတ်သပ်များ သတိချပ်သင့်သည်က ပုံ(၁)-၀ဘ်ဆိုဒ်ပါ အောင်ဝင်းခိုင်ပုံသည် ခန္တာကိုယ် တစ်ဝက် -နောက်ခံ အဆောက်အဦပါ-ခပ်လှမ်းလှမ်း- မျက်နှာအနည်းငယ်စောင်း အနေအထားမျိုး ဖြစ်နေပြီး တစ်ခြားရာဇ၀တ်သားပုံများမှာမူ မျက်နှာကို အရှင်းသားမြင်ရခြင်းပင်ဖြစ်သည်။

    ပုံ(၂)တွင်ဖော်ပြထားသည့်အတိုင်း နိုင်ငံအသီသီးရှိ လေယဉ်ကွင်း၊နယ်စပ်ဂိတ် လ၀က မှ မိမိတို့ကောင်တာရှေ့ရောက် ခရီးသွားအား ဓာတ်ပုံရိုက်၊ ပတ်စ်ပို့ scan ဖတ်ပြီး ထိုအချက်အလက်များကို  Facial Recognition Technology Software (FRTS) အသုံးပြု၍ INTERPOL မှ ပုံ-အချက်အလက်တို့နှင့် pixel-match လုပ်ကြည့်ခြင်းဖြစ်သည်။ ပြည်ပသို့ခရီးသွားဖူးသူတိုင်းကြုံဖူးပါလိမ့်မည်။ လ၀ကကောင်တာများတွင် ခပ်နီးနီးရပ်၍ လ၀ကအရာရှိမှ ခရီးသွား၏မျက်နှာအား clear picture ရိုက်ယူပြီးနောက် ထိုရိုက်ကူးသည့် ပုံ၊ ပတ်စ်ပို့ပါပုံတို့ကို FRTS ပေါ်မှာ run ရင်း ရာဇ၀တ်ပြေး ဟုတ်မဟုတ် screen လုပ်ရစမြဲပါ။ ထို့ကြောင့် မိမိတို့ ပတ်စ်ပို့ပါပုံသည် နိုင်ငံတကာစံနှုန်းညီ မရီမပြုံး ဆံပင်မဖုန်းဘဲ မျက်နှာပုံရှင်းလင်းရန်လိုအပ်သည်။

    သို့သော် Police INTERPOL website မှာဖော်ပြထားတဲ့ အောင်ဝင်းခိုင် ပုံကိုကြည့်လိုက်ရချိန် စိုးရိမ်စရာအချက်ပေါ်လာခဲ့သည်။ အဲဒါက- တစ်ခြားရာဇ၀တ်သားပုံများလို အောင်ဝင်းခိုင်ပုံမှာ မျက်နှာရှင်းရှင်းမြင်ရသည့် အနေအထားမျိုးမဟုတ်သည်ကို သတိထားမိသည်။ ထို့ကြောင့် အကယ်၍များ အောင်ဝင်းခိုင်တစ်ယောက် အမှန်တကယ် နိုင်ငံရပ်ခြားမှာဆိုလျှင်ဖြင့် နိုင်ငံခြားလ၀ကမှာ သူ့အားအနီးကပ်ဓာတ်ပုံရိုက်ပြီး Interpol မှ ပုံနှင့် facial match လုပ်ကြည့်မည်ဆိုလျှင် မည်သည့်နည်းနှင့်မျှ match ဖြစ်နိုင်ချေမရှိဘဲ အလွယ်တကူ လွတ်မြောက်သွားနိုင်သည်။ သူ၏ Bio data (အမည်၊မွေးသက္ကရာဇ်၊ပတ်စ်ပို့နံပါတ်) စသည့် INTERPOL ပါ အချက်အလက် များနှင့် match ဖြစ်မှသာ အောင်ဝင်းခိုင်ကို ဖမ်းမိနိုင်ပေမည်။ ဆိုတော့ကာ မိမိအနာဂတ် အေးချမ်းစွာ နေနိုင်ရေး အောင်ဝင်းခိုင်တစ်ယောက် ကြံကောင်းကြံရနိုင်သည်။

    အောင်ဝင်းခိုင်၏အနာဂတ်

     မိမိကိုလည်းမမိ၊မိမိ၏နောက်ဆက်တွဲများလည်းလွတ်မြောက်၊အနာဂတ်မှာ ပြစ်မှုစုံကိုရှောင်ပြီးဘ၀ကို အေးချမ်းစွာ မည်သို့ဖြတ်သန်းဖို့ အောင်ဝင်းခိုင်တစ်ယောက် အကြီးမားဆုံးစဉ်းစားပေလိမ့်မည်။ မြန်မာပြည်တွင်း ဆက်လက် အသက်ရှင်နေထိုင်ဖို့ ဆိုသည်မှာလည်း အနာဂတ်မှာ လွန်စွာခက်ခဲနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သန်း(၅၀)သောပြည်သူတို့၏ သန်း(၁၀၀)သော မျက်လုံးများက သူ့အတွက် ကြီးမားသော အဟန့်အတားပင်။ အချိန်မရွေး မိမိအားရိတ်မိ၊ဖမ်းမိနိုင်သည်။ အချိနှ်ရှည်ကြာသွားသော်လည်း မိမိ၏ရာဇ၀တ်မှုကြီး ပျောက်ကွယ်သွားမည်မဟုတ်။ အာဂကိုနေ၀င်းလို စိတ်ဓာတ်ရှိ တာဝန်သိပြည်သူတစ်ယောက်နှင့်သာ လမ်းမှာမတော်တဆ တွေ့လိုက်ရင်ဖြင့် ကွင်းဆက်အားလုံးမီးကိုးကြွက်လျှောက်မိနိုင်သဖြင့် ပြည်တွင်းမှ လက်တစ်လောရှောင်နေ ရန်သည် အကောင်းဆုံးနည်းလမ်းဖြစ်ပေမည်ဟု သူစဉ်းစားခဲ့နိုင်သည်။

    နိုင်ငံခြားတွင် Bio data ပြောင်း ခြေရာဖျောက်နိုင်

    ဒါဆို နိုင်ငံခြားမှာ ခေတ္တသွားရှောင်တိမ်းမည်လော။ နေပြည်တော်တွင် သူချေရာဖျောက်သွားသည်ဆိုတော့ နေပြည်တော်လေယဉ်ကွင်းမှ ထွက်လျှင် ၁) မြန်မာပြည်လေယဉ်ကွင်းအာဏာပိုင်းများတွင် မှတ်တမ်းရှိရမည်။ သွားနိုင်ချေရှိသည့် destination များမှာလည်း သိပ်မများလှ (နေပြည်တော်-ကူမင်း၊ဘန်ကောက်၊ကွာလာလမ်ပူ….)

    တို့သာ။  နယ်စပ်မှထွက်သွားမည်ဆိုလျှင်လည်း (ဘင်္ဂလားဒေရှ်၊အိန္ဒိယ၊တရုတ်၊ထိုင်း) တို့သာရှိသလို တရားဝင်ထွက်သွားပါက နယ်စပ်အာဏာပိုင်များတွင် မှတ်တမ်းရှိရမည်။ နယ်စပ်မှခိုးထွက်ပြီး နိုင်ငံခြားတွင် ပုန်းအောင်းမည်ဆိုပါက လက်ရှိ Bio data နှင့် ရေရှည်ပုန်းအောင်နေရန်မဖြစ်နိုင်။

    ဤနေရာတွင် အရေးကြီးဆုံး နှစ်ချက်က INTERPOL မှ (၁) ဓာတ်ပုံနှင့် (၂) အချက်အလက်များသာ။ သို့သော် INTERPOL မှ သူ၏လက်ရှိဓာတ်ပုံကို သုံးနေသ၍ နိုင်ငံတကာ လ၀က၊ရဲများ ဖမ်းမည့်အခြေအနေက လွတ်မြောက်နိုင်ရန် အလားအလာရှိသည်။  အရေးကြီးသည်က သူ၏ Bio data ကိုပါပြောင်းနိုင်မှသာ ပြည်တွင်း၊ပြည်ပမှာနေထိုင်စဉ် အနာဂတ်အေးချမ်းမည်ဟု စဉ်းစားနိုင်ချေရှိသည်။

    ထိုသို့ဆိုလျင် သူ၏ Bio data (အမည်၊မွေးသက္ကရာဇ်၊…)ကို မည်သို့ပြောင်းလဲမည်နည်း။ မိမိအားခိုလှုံခွင့်ပေးမည့် နိုင်ငံတစ်နိုင်ငံတွင် မိမိ၏ Bio data  အတုဖန်တီး (ဆိုလိုသည်က-အမည်၊မွေးသက္ကရာဇ်..အကုန်ပြောင်းလဲပြီး) ထိုနိုင်ငံတွင်ခိုလှုံ ဘ၀သစ်ကိုစ၊ Residency Status ရ၊အချိန်အတိုင်းအတာတစ်ခုအကြာ ထိုနိုင်ငံ၏နိုင်ငံသားဖြစ်ပြီး အောင်ဝင်းခိုင်ဆိုသည့် အမည်နှင့်အတိတ်ကိုမြေမြုပ်၊ ထိုနိုင်ငံသား ပတ်စ်ပို့နှင့် ကမ္ဘာပတ်သည်ဖြစ်စေ မြန်မာနိုင်ငံတွင် ပြန်လာနေထိုင်သည်ဖြစ်စေ ပြည်တွင်းပြည်ပ မည်သည့်နိုင်ငံကမျှ မိမိအား ဖမ်းမိနိုင်တော့မည် မဟုတ်သည့်အပြင်  မိမိ၏တစ်ခြားကြံရာပါများလည်း အမှုမှ ကွင်းဆက်ပြတ်သွားနိုင်မည်။ တစ်ဆက်တည်းမှာပဲ အေးချမ်းသောဘ၀ကို သူဖန်တီးနိုင်မည်ဟု အောင်ဝင်းခိုင်တစ်ယောက် ကြံကောင်းကြံစည်ပေလိမ့်မည်။

    ဒီနေရာမှာ စဉ်းစားစရာပဟေဠိ ဖြစ်လာတာက- အထက်ကသုံးသပ်ပြခဲ့သလိုမျိုးသာ အောင်ဝင်းခိုင်မှ သူ၏ Bio data တွေဖြုတ် ဘ၀ကိုဇာတ်မြုတ်ကာ အမည်သစ်လူသစ်အသွင်နှင့် ပြည်ပနိုင်ငံတစ်ခုခုမှာ ခိုလှုံဖို့ကြိုးစားမည်ဆိုလျှင် မည်သည့်နိုင်ငံမျိုးကို သူသွားပြီးခိုလှုံရန် ကြိုးစားနိုင်မည်နည်း? တပ်မတော်အရာရှိဟောင်း တစ်ဦး ဖြစ်ခဲ့ဖူးသည့် သူ့အတွက် မည်သည့်နိုင်ငံမျိုးက သူ့ကို ခိုလှုံခွင့်ပေးနိုင်မည်နည်း? အကယ်၍ထိုသို့ ခြေရာဖျောက်ရန် ကြံစည်ဆောင်ရွက်ခဲ့ပါမူ အနာဂတ်မှာ ရာဇ၀တ်ပြေးအောင်ဝင်းခိုင်ကို တရားဥပဒေအဆုံးအမ ခံယူနိုင်ရန် မည်သို့မည်ပုံ ကြိုးစားကြမည်နည်း? တရားခံဖမ်းမိနိုင်ရေးတွင် အရေးပါသည့် အောင်ဝင်းခိုင်၏ မျက်နှာရှင်းရှင်းလင်းလင်း passport size photo ကို ပြည်တွင်းပြည်ပ ရဲဌာန၊အေဂျင်စီများသို့ ထပ်မံပေးပို့ထားခြင်းမျိုး သက်ဆိုင်ရာမှ အလျင်မှီဆောင်ရွက်သင့်ပါသလော? စသည်တို့ကို စာဖတ်ပရိတ်သပ်များဆက်လက် စဉ်းစားသုံးသပ်သင့်ပါကြောင်း။။။။။

    Dr. Thein Moe Win
    The University of New South Wales
    Sydney, NSW
    Australia