News @ M-Media
Blog
  • ဆီးရီးယားဒုက္ခသည်များကို ပိုမိုလက်ခံရန် အမေရိကန် ပြည်သူများ လိုလားသည်ဟု စစ်တမ်းတစ်ခု ဖော်ပြ
    ဆီးရီးယားဒုက္ခသည်များကို ပိုမိုလက်ခံရန် အမေရိကန် ပြည်သူများ လိုလားသည်ဟု စစ်တမ်းတစ်ခု ဖော်ပြ
    ဧပြီ ၂၃၊ ၂၀၁၇
    M-Media
    – ဆီးရီးယားအစိုးရတပ်ဖွဲ့အား အမေရိကန်က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပြုလုပ်သည့် စစ်တမ်းကောက်ယူမှုတွင် အမေရိကန်နိုင်ငံသား အများစုက ဆီးရီးယားဒုက္ခသည်များကို နိုင်ငံအတွင်းသို့ ပိုမိုဝင်ရောက်ခွင့်ပေးရန် လိုလားနေကြသည်ဟု သိရသည်။
    Quinnipiac တက္ကသိုလ်မှ ပြုလုပ်သည့် အဆိုပါစစ်တမ်း၏ ရလဒ်မှာ လွန်ခဲ့သည့် တစ်နှစ်က ရလဒ်နှင့် သိသိသာသာ ပြောင်းပြန်ဖြစ်နေသည်။
    စစ်တမ်းအရ အမေရိကန်နိုင်ငံသားအားလုံးမှာ ဆီးရီးယားဒုက္ခသည်များအပေါ် ထားရှိသည့် သဘောထားများ တစ်ထပ်တည်း ကျမနေဘဲ၊ ပထ၀ီဒေသအလိုက် ကွဲပြားမှုများ ရှိနေသည်။
    ဒီမိုကရက်များက ဆီးရီးယားဒုက္ခသည်များ နိုင်ငံအတွင်းသို့ ပိုမိုဝင်ရောက်မှုကို ထောက်ခံပြီး၊ ရီပက်ဘလစ်ကန်များက ဆန့်ကျင်ကြသည်။ လွတ်လပ်သော အခြား ပြည်သူများကမူ ဒုက္ခသည်များကို ပိုမိုလက်ခံလိုသည့်ဘက်က ရှိနေသည်။
    လူဖြူများတွင် ဒုက္ခသည်များကို လက်ခံချင်သူများမှာ နည်းပါးပြီး၊ ပညာတတ်လူဖြူများက၊ တက္ကသိုလ်မပြီးသည့် လူဖြူများထက် ပို၍ ဒုက္ခသည်များအား စာနာသည်ကို စစ်တမ်း၌ တွေ့ရှိခဲ့ကြသည်။
    အမေရိကန်မှာ ၂၀၁၂ ခုနှစ်တွင် ဆီးရီးယားဒုက္ခသည် ၁၄၃၃ ဦးကို လက်ခံခဲ့ပြီး၊ ကနေဒါနိုင်ငံကမူ ၂၀၁၅ ခုနှစ်ကတည်းက ၄ သောင်းကို လက်ခံခဲ့ပြီးဖြစ်သည်။
    ပြည်တွင်းစစ် စဖြစ်ခဲ့သည့် ၂၀၁၁ ခုနှစ်ကတည်းက ဆီးရီးယား ဒုက္ခသည်အရေအတွက်မှာ လက်ရှိတွင် ၅ သန်းနီးပါး ရှိလာပြီဖြစ်ပြီး နိုင်ငံအတွင်း ရွှေ့ပြောင်းနေထိုင်ရသူများမှာ ၆ သန်းအထိ ရှိနေသည်။ သေဆုံးသူအရေအတွက်မှာမူ ၅ သိန်းနီးပါး ရှိလာပြီဖြစ်သည်။
    Ref: Globalcitizen
  • အာရွန်ရမ်ဆေးကို ၀င်းဂါးက လမ်းပတ်နှင့် ခိုင်းနှိုင်း
    အာရွန်ရမ်ဆေးကို ၀င်းဂါးက လမ်းပတ်နှင့် ခိုင်းနှိုင်း
    ဧပြီ၊ ၂၃၊ ၂၀၁၇
    M-Media
    – အသင်း၏ ကွယ်လယ်သူ အာရွန်ရမ်ဆေးကို အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ချီးကျူးလိုက်ပြီး ကြံ့ခိုင်မှု ပြည့်ဝနေပါက ချယ်ဆီးကွင်းလယ်ကစာသမားဟောင်း လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟုလည်း ဆိုသည်။
    ၂၀၁၃-၁၄ နှင့် ၂၀၁၄-၁၅ ဘောလုံးရာသီများတွင် ၂၆ ဂိုး သွင်းယူပေးခဲ့သည့် အသက် ၂၆ နှစ်အရွယ် ရမ်ဆေးမှာ ဒဏ်ရာများကြောင့် ယခုနှစ်ပရီးမီးယားလိဂ်တွင် ၈ ပွဲသာ ပါဝင်ကစားခဲ့ရသည်။
    “ရမ်ဆေးဟာ တစ်နှစ်ကို ၁၀ ဂိုးကနေ ၁၅ ဂိုးလောက်အထိ ဂိုးသွင်းမယ့် ကစားသမား ဖြစ်လာမယ်လို့ ကျွန်တော်ခေါင်းထဲမှာ တွေးထားပါတယ်။ သူဟာ ဖရန့်လမ်းပတ်လို ပုံစံမျိုးပါပဲ။ သူဟာ ပြေးအားကောင်းကောင်းနဲ့ ဂိုးဧရီယာထဲကို ၀င်လာတတ်သူမျိုးပါ။ ရုပ်ပိုင်းဆိုင်ရာမှာလည်း သူဟာ သက်လုံကောင်းပြီး ပါဝါမြင့်ပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    ထို့ပြင် ရမ်ဆေးမှာ ဒဏ်ရာများ ရရှိနေခြင်းအတွက် စိတ်ပျက်မိကြောင်း၊ ၎င်း၏ ဒဏ်ရာများမှာ အသေးစားလေးများဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    အာဆင်နယ်မှာ ယနေ့တွင် FA ဖလား ဆီမီးဆိုင်နယ်အဖြစ် မန်စီးတီးအသင်းနှင့် ကစားရမည်ဖြစ်သည်။ ရမ်ဆေးမှာ ၂၀၁၄ FA ဖလားဖိုင်နယ် ဟူးလ်စီးတီးနှင့်ပွဲတွင် နာကျင်အချိန်ပို၌ အနိုင်ဂိုးသွင်းယူကာ သူရဲကောင်း ဖြစ်ခဲ့ဖူးသည်။
    Ref: Goal
  • မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ကထက် မြင့်တက်လာ
    မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ကထက် မြင့်တက်လာ
    ဧပြီ ၂၃၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးမှာ မတ်လက ပြီးဆုံးခဲ့ပြီဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ သန်း ၃၀ ကျော် တိုးတက်လာခဲ့သည်ဟု မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။
    ၂၀၁၅-၁၆ ခုနှစ်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၅.၉၃၆ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၆-၁၇ ခုနှစ်တွင် ၅.၉၆၇ ဘီလီယံဖိုး ရှိလာခဲ့သည်။
    မြန်မာနှင့် တရုတ်နိုင်ငံတို့အအကြား နယ်စပ်ဂိတ် ၄ ခုရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူဆယ်ဂိတ်၊ ကချင်ပြည်နယ်တွင် လွယ်ဂျယ်ဂိတ်၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် ချင်းရွှေဟော်ဂိတ်၊ ကချင်ပြည်နယ်တွင် ကန်ပိုက်တီးဂိတ်တို့ ဖြစ်သည်။
    ထိုဂိတ်များတွင် မူဆယ်ဂိတ် နယ်စပ်ကုန်သွယ်မှုမှာ အများဆုံး ဖြစ်သည်။
    ရှမ်းပြည်နယ် အရှေ့မြောင်ပိုင်း ကိုးကန့်ဒေသတွင် ယခုနှစ်အစောပိုင်းက တိုက်ပွဲများ ဖြစ်ပွားသောကြောင့် မူဆယ်ကုန်သွယ်ဂိတ်ကို ယာယီ ပိတ်ပစ်ခဲ့ရပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ထိုဂိတ်တွင် ကုန်သွယ်မှု ၂၉၂.၅၇ သန်းဖိုး ကျဆင်းခဲ့ကာ ၅.၀၈၅ ဘီလီယံ ရှိခဲ့သည်။
    အခြားဂိတ်များတွင်မူ ကုန်သွယ်မှုမှာ မြင့်တက်ခဲ့သည်။
    နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံ၏ တင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၄.၂၁၂ ဘီလီယံ ရှိပြီး ဆန်ကို အဓိကထား တင်ပို့ခြင်းဖြစ်ကာ၊ လယ်ယာထွက်ကုန်များ၊ ကျောက်စိမ်းများနှင့် ကုန်ကြမ်းပစ္စည်းများကိုလည်း တင်ပို့သည်။
    မြန်မာနိုင်ငံမှာ အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါင်း ၁၅ ခုရှိနေသည်။
    Ref: ECNS.cn
  • စွန့်ပစ် ပလက်စတစ်အိတ်ကနေ ၀င်ငွေရှာသည့် နိုက်ဂျီးရီးယား အမျိုးသမီးများ
    စွန့်ပစ် ပလက်စတစ်အိတ်ကနေ ၀င်ငွေရှာသည့် နိုက်ဂျီးရီးယား အမျိုးသမီးများ
    ဧပြီ ၂၃၊ ၂၀၁၇
    M-Media
    – ဒီနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခအပေးဆုံး အရာတွေထဲက တစ်ခုဟာ ပလက်စတစ်အိတ်ဖြစ်ပါတယ်။
    ကမ္ဘာ့နိုင်ငံတိုင်းက ဒီ ပလက်စတစ်အိတ်တွေကို အသုံးပြုမှု၊ စွန့်ပစ်မှု နည်းသထက်နည်းအောင် ပြုလုပ်နေကြပါတယ်။
    အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ နိုက်ဂျီးရီးယားမှာတော့ ဒီစွန့်ပစ် ပလက်စတစ်အိတ်တွေဟာ အမျိုးသမီးတွေအတွက် ၀င်ငွေရတဲ့ ရင်းမြစ်တစ်ခု ဖြစ်နေပါတယ်။
    ပလက်စတစ်အိတ်တွေကို သူတို့ ဘာတွေလုပ်ကြလဲ၊ ဘယ်လိုဝင်ငွေရှာကြလဲ၊ လယ်လောက်အထိ ရကြလဲဆိုတာကို ဒီဗီဒီယိုမှာ တွေ့ရမှာဖြစ်ပါတယ်။
    အလ်ဂျာဇီးရား သတင်းဌာနက ဗီဒီယိုကို M-Media က ဘာသာပြန်ဆို တင်ဆက်တာဖြစ်ပါတယ်။
  • ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟု ချယ်ဆီးနည်းပြပြော
    ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟု ချယ်ဆီးနည်းပြပြော
    ဧပြီ ၂၃၊ ၂၀၁၇
    M-Media
    – မိမိအနေဖြင့် ကစားသမား တစ်ဦးစီတိုင်းကို ယုံကြည်မှုရှိပြီး၊ ၎င်းတို့အားလုံးမှာ အသင်း၏ အစိတ်အပိုင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။
    ယမန်နေ့ ၀င်ဘလေကွင်းတွင် FA ဖလား ဆီးမီးဖိုင်နယ်အဖြစ် စပါးအသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ကွန်တီမှာ အဓိကကစားသမားများကို အနားပေးကာ ပြီးခဲ့သည့်နှစ်က မာဆေးလ်မှ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်တွင် ပွဲထွက်ခွင့် မရသေးသည့် မီချီ ဘတ်ရှူဝါယီ၊ အကယ်ဒမီမှ လူငယ်ကစာသမား နသန် အေကီ၊ ပရီးမီးယားလိဂ်တွင် ပုံမှန်မကစားရသည့် ၀ီလီယံတို့ အပါအ၀င် အရန်ကစားသမားများကို ပွဲထွက်ခဲ့သည်။
    ချယ်ဆီးအသင်းမှာ စပါးအသင်းကို အကောင်းဆုံး ဦးဆောင်ကစားသွားနိုင်ခဲ့ပြီး ၀ီလီယံ၊ ဟဇာ့ဒ်နှင့် မာတစ်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ပရီးမီးယားလိဂ်တွင်လည်း ချယ်ဆီးမှာ စပါးအင်းအား ၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ကွန်တီကမူ ကစားသမားများကို ချီးကျူးခဲ့သည်။
    “ကျွန်တော်တို့ရဲ့ အယူအဆ၊ ကစားပုံမှာ ကစားသမားအားလုံး ပါဝင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် ကျေနပ်ရမှာပါ။ ဒီလိုအချိန်မှာ ဒီပွဲဟာ တော်တော်လေး အရေးပါပြီး ကစားသမားတိုင်းကလည်း သူတို့ဟာ ဒီစီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် ခံစားရမှာပါ”ဟု ကွန်တီက ပြောကြားခဲ့ပြီး ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟုလည်း ဆိုသည်။
    Ref: Goal