News @ M-Media
Blog
  • ဗြိတိန်၏ အထင်ရှားဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတစ်ဦး ကွယ်လွန်
    ဗြိတိန်၏ အထင်ရှားဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူတစ်ဦး ကွယ်လွန်
    ဧပြီ ၃၊ ၂၀၁၇
    M-Media
    – ဗြိတိန်၏ အကျော်ကြားဆုံး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သူ ဒါရ်ကက်စ် ဟောင်ဝီမှာ အသက် ၇၄ နှစ်အရွယ် ယမန်နေ့က လန်ဒန်မြို့တွင် ကွယ်လွန်သွားခဲ့ပြီဟု သိရသည်။
    ဟောင်ဝီမှာ ၁၉၄၃ ခုနှစ်တွင် ဗြိတိန်က အုပ်စိုးသော ထရီနီဒက်တွင် မွေးဖွားခဲ့ပြီး ၁၉၆၁ ခုနှစ်တွင် ယူကေသို့ ဥပဒေပညာသင်ကြားရန် ရောက်လာခဲ့သည်။
    သို့သော်လည်း လူဖြူများက အာဖရို-ကာရစ်ဘီယံ လူ့အဖွဲ့အစည်းအပေါ် လူမျိုးရေးအရ စော်ကားမှုများ၊ တရားမဲ့မှုများ ပြုလုပ်မှုကို မြင်ခဲ့ရပြီးနောက် လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့ Black Panthers သို့ ၀င်ရောက်ခဲ့သည်။
    နောက်ပိုင်းတွက် အောင်မြင်သော ဂျာနယ်လစ်တစ်ယောက် ဖြစ်လာခဲ့ပြီး New Statesman မဂ္ဂဇင်းတွင် ပင်တိုင်ဆောင်းပါးရှင် ဖြစ်လာခဲ့သည်။ နာမည်ကြီး ကာရစ်ဘီယံ စားသောက်ဆိုင်တစ်ဆိုင်ကို ဗြိတိန် ရဲတပ်ဖွဲ့က ထပ်တလဲလဲ ၀င်ရောက် စီးနင်းဖမ်းဆီးမှုကို မကျေနပ်၍ ၁၉၇၀ ခုနှစ်တွင် Black Panthers အဖွဲ
့ဝင်များနှင့် ရဲစခန်းသို့ ချီတက်ဆန္ဒပြမှုတွင် ဟောင်ဝီမှာ ထင်ရှားလာခဲ့သည်။
    ထိုကိစ္စအတွက် ဟောင်ဝီအပါအ၀င် လူမည်း ၈ ဦးမှာ ၅၅ ရက်ကြာ တရားရင်ဆိုင်ခဲ့ရပြီး အဓိကရုဏ်းဖြစ်ရန် လှုံ့ဆော်မှုစွဲချက်နှင့်ပတ်သက်၍ တရားသေ လွတ်မြောက်ခဲ့သည်။ အဆိုပါ တရားစွဲဆိုမှုမှာ ဗြိတိန် တရားရေးနှင့် လူမည်းလူ့အဖွဲ့အစည်းအကြား တင်းမာမှုများကို မီးမောင်းထိုးပြမှု တစ်ခုလည်းဖြစ်သည်။
    ၁၉၈၁ ခုနှစ်နှစ်တွင် ဟောင်ဝီမှာ လူမည်း ၁၃ ယောက်သေဆုံးခဲ့ပြီး ရှို့မီးဖြစ်သည်ဟု သံသယဖြစ်စရာကောင်းသည့် New Cross Fire မီးလောင်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုကို မကျေနပ်သောကြောင့် Black People’s March ချီတက်လမ်းလျှောက်မှုအတွက် လူပေါင်း ၂၀၀၀၀ ကို ဦးဆောင်ကာ ဆောင်ရွက်ခဲ့
    ပြီး ဗြိတိန်တရားရေးတွင် လူမျိုးရေးခွဲခြားမှုများကို တိုက်ဖျက်နိုင်ခဲ့သည်။
    အတိုက်အခံ လေဘာပါတီမှ လွှတ်တော်အမတ်တစ်ယောက်ဖြစ်ပြီး အရန်ပြည်ထဲရေးဝန်ကြီးလည်းဖြစ်သည့် ဒီယာနီ အက်ဘော့က ဟောင်ဝီမှာ “ရဲတပ်ဖွဲ့၏ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ခဲ့သည့် သက်ရှိထင်ရှားရှိနေသော ပြယုဂ်တစ်ခု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဟောင်ဝီကွယ်လွန်မှုအတွက် အခြားသော နိုင်ငံရေးသမားများကလည်း ၀မ်းနည်းကြောင်း ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ပါလက်စတိုင်းအား အစိုးရက ကျူးကျော်သိမ်းပိုက်ထားမှုကို အစ္စရေးဂျူးများ ဆန့်ကျင်ဆန္ဒပြ
    ပါလက်စတိုင်းအား အစိုးရက ကျူးကျော်သိမ်းပိုက်ထားမှုကို အစ္စရေးဂျူးများ ဆန့်ကျင်ဆန္ဒပြ
    ဧပြီ ၂၊ ၂၀၁၇
    M-Media
    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးက နှစ်ပေါင်း ၅၀ ကြာ ကျူးကျော်သိမ်းပိုက်ထားမှုများကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးရှိ ဂျူးလူမျိုးများမှာ ဂျေရုစလင်တွင် ချီတက် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။
    ယမန်နေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ချီတက်ဆန္ဒပြမှုကို Standing Together လှုပ်ရှားမှုအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူပေါင်း ၂၀၀၀ ခန့်မှာ ဂျေရုစလင်မြို့ဟောင်းရှိ ဂျက်ဖာဂိတ်အထိ ချီတက်ခဲ့ကြသည်။
    Standing Together လှုပ်ရှားမှုမှာ အစ္စရေးရှိ ငြိမ်းချမ်းရေးလိုလားသော အဖွဲ့အစည်းများနှင့် လက်ဝဲပါတီများ စုပေါင်းကာ ဆောင်ရွက်ခြင်းဖြစ်ပြီး ယမန်နေ့ ချီတက်မှုမှာ ၆ ရက်စစ်ပွဲ နှစ် ၅၀ မြောက် အထိမ်းအမှတ်လည်းဖြစ်သည်။
    ချီတက်ဆန္ဒပြမှု၏ ရည်ရွယ်ချက်မှာ ပါလက်စတိုင်းပိုင်နက်များ အထူးသဖြင့် အရှေ့ဂျေရုစလင်အား အစ္စရေးက ဆက်လက် ထိန်းချုပ်ထားမှုကို ဆန့်ကျင်ပြီး၊ ငြိမ်းချမ်းသော အဖြေတစ်ခုထွက်လာရေး ဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    ဆန္ဒပြသူများမှာ အစ္စရေးအစိုးရက ပါလက်စတိုင်းပိုင်နက်များတွင် တရားမ၀င် အခြေချအိမ်ယာများ ဆောက်လုပ်ခြင်းကို ဆန့်ကျင်ခဲ့ကြပြီး “အစိုးရ၏ ကျူးကျော်သိမ်းပိုက်မှု အလိုမရှိ” ဟုလည်း ကျွေးကျော်ခဲ့ကြသည်။
    Ref: Press TV
  • မြန်မာနိုင်ငံ၌ မီးဖွားစဉ် မိခင်များသေဆုံးမှု ဒေသတွင်း ပျမ်းမျှအရေအတွထက် နှစ်ဆဖြစ်နေ
    မြန်မာနိုင်ငံ၌ မီးဖွားစဉ် မိခင်များသေဆုံးမှု ဒေသတွင်း ပျမ်းမျှအရေအတွထက် နှစ်ဆဖြစ်နေ
    ဧပြီ ၂၊ ၂၀၁၇
    M-Media
    – မီးဖွားစဉ်အတွင်း မိခင်များ သေဆုံးမှုကို လျှော့ချရန်အတွက် မြန်မာနိုင်ငံတွင် ၀မ်းဆွဲသည် ရာနှင့်ချီကို လေ့ကျင့်သင်ကြားပေးနေသည်ဟု သိရသည်။
    နိုင်ငံအတွင်း အမျိုးသမီးများ သေဆုံးရမှုတွင် မီးဖွားမှု၊ ကိုယ်ဝန်ဆောင်မှုနှင့် ပတ်သက်သည့် ပြဿနာ များမှာ အဓိကအကြောင်းအရင်းများ ဖြစ်နေပြီး အထူးသဖြင့် အရေးပေါ် ကုသရေးစင်တာများသို့ အချိန်မီ မရောက်သည့် အခြေအနေမျိုး ဖြစ်သည်။
    နောက်ဆုံး ကောက်ယူထားသည့် သန်းခေါင်စာရင်းအရ မီဖွားမှု ၁ သိန်းတွင် အမျိုးသမီး ၂၈၂ ဦး သေဆုံးနေပြီး နေ့စဉ် ၈ ယောက်နှုန်း သေဆုံးသကဲ့သို့ ဖြစ်နေသည်။ အဆိုပါ အရေအတွက်မှာ ဒေသတွင်း ပျမ်းမျှရာခိုင်နှုန်းထက် ၂ ဆ ဖြစ်နေပြီး ထိုင်းနိုင်ငံတွင် မီးဖွားမှု ၁ သိန်းတွင် သေဆုံးသူ ၂၀ ဦး၊ စင်ကာပူတွင် ၆ ဦး
    သာ ရှိသည်။
    လက်ရှိတွင် ရန်ကုန်မြို့ရှိ ဗဟိုသားဖွားသင်တန်းကျောင်းတွင် သင်တန်းသူ ၂၀၀ ခန့်ကို လေ့ကျင့်သင်ကြားပေးနေပြီး၊ ၂ နှစ်တာကြာမြင့်မည့် သင်တန်းပြီးဆုံးပြီးနောက် ဝေးလံခေါင်ဖျားကာ ကျန်းမာရေး ၀န်ဆောင်မှု နည်းပါးသည့် ဒေသများမှ ဆေးပေးခန်းများသို့ စေလွှတ်မည်ဖြစ်သည်။
    “၀မ်းဆွဲသည်ရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။ ဘာ့ကြောင့်လည်းဆိုတာ့ ကျွန်မတို့တိုင်းပြည်ရဲ့ ၃ ပုံ ၂ ပုံက ကျေးလက်ဒေသပါ။ အဲဒီနေရာတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ပေးရမယ့် နေရာတွေသာ မကပါဘူး။ တိုင်းပြည်အတွက် အချက်အလက်တွေ ကောက်ယူ မှတ်တမ်းတင်ရမယ့် နေရာတွေလည်း ဖြ
    စ်ပါတယ်” ဟု ဗဟိုသားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး Dashi Hkwan Nu က ပြောကြားခဲ့သည်။
    မြန်မာနိုင်ငံရှိ သားဖွားမှုဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှု လုပ်ငန်းများကို ပံ့ပိုးကူညီပေးနေသော ကုလသမဂ္ဂ၏ လူဦးရေဆိုင်ရာ ရန်ပုံငွေအဖွဲ့ (UNFPA) က နိုင်ငံ၏ လူနေမှုအဆင့်အတန်း မြင့်မားရန်အတွက် ကိုယ်ဝ န်ဆောင်စဉ်နှင့် မီးဖွားမှုအတွင်း သေဆုံးမှုပြဿနာကို ဖြေရှင်းရမည်ဟု ပြောကြားခဲ့သည်။
    Ref: Reuters
  • ကမ္ဘာ့ထိပ်တန်း မွတ်စလင်အမျိုးသမီး ဗိသုကာပညာရှင်၏ လက်ရာတစ်ခု ယူအေအီးတွင် ထွက်ပေါ်လာမည်
    ကမ္ဘာ့ထိပ်တန်း မွတ်စလင်အမျိုးသမီး ဗိသုကာပညာရှင်၏ လက်ရာတစ်ခု ယူအေအီးတွင် ထွက်ပေါ်လာမည်
    ဧပြီ ၂၊ ၂၀၁၇
    M-Media
    ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးပြီး ယူအေအီးတွင် ဆောက်လုပ်နေသည့် အဆောက်အဦး
    – ကမ္ဘာ့ထိပ်တန်း ဗိသုကာပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၆ ခုနှစ် မတ်လမှာ နှလုံးရောဂါနဲ့ ရုတ်တရက် ဆုံးပါးသွားခဲ့တဲ့ အီရတ်-ဗြိတိသျှ ဗိသုကာပညာရှင် အမျိုးသမီး ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးထားတဲ့ ရင်သပ်ရှု မောဖွယ် အဆောက်အဦးတစ်ခုကို ယူအေအီးနိုင်ငံမှာ စတင်ဆောက်လုပ်နေပြီ ဖြစ်ပါတယ်။
    အရှေ့အလယ်ပိုင်းက ထိပ်တန်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကုမ္ပဏီ Bee’ah ရဲ့ ဌာနချုပ်ဖြစ်လာမယ့် ဒီအဆောက်အဦးကို ရှာရ်ဂျာဟ်ဒေသမှာ ဆောက်လုပ်နေတာဖြစ်ပြီး၊ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်း ပြီးစီးသွားတဲ့အခါမှာတော့ ပင်လယ်ကွေ့ဒေသ ဗိသုကာနယ်ပယ်မှာ အထူးခြားဆုံး အဆောက်အဦးတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။
    ဆောက်လုပ်ရေးအတွက် ပြန်လည်ပြုပြင်ထားတဲ့ ပစ္စည်းတွေကို အသုံးပြုမှာဖြစ်ပြီး အဆောက်အဦးမှာ အသုံးပြုမယ့် စွမ်းအင်ကို ပြန်ပြည့်ဖြိုးမြဲ ရင်းမြစ်တွေကနေ ၁၀၀ ရာခိုင်နှုန်း ထုတ်ယူသုံးစွဲမှာ ဖြစ်ပါတယ်။
    ဇာဟစ်ဟာ ဒီအဆောက်အဦးကို စွမ်းအင်သုံးစွဲမှု အနည်းဆုံး၊ ရင်းမြစ်သုံးစွဲမှု အနည်းဆုံးဖြစ်အောင် ဒီဇိုင်းဆွဲပေးခဲ့တာဖြစ်ပြီး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ နောက်ဆုံးပေါ် နည်းလမ်းတွေနဲ့ ပေါင်းစပ်ပေးခဲ့ပါတယ်။
    ၂၀၁၆ မတ်လတွင် ကွယ်လွန်သွားခဲ့သည့် ဇာဟာ ဟာဒစ်
    နေစွမ်းအင်၊ စွန့်ပစ်ပစ္စည်းကနေ ထုတ်လုပ်တဲ့စွမ်းအင်တွေကို အသုံးပြုမှာဖြစ်တာကြောင့် အဆောက်အဦးရဲ့ ကာဘွန်ထုတ်လုပ်မှုဟာ သုညသာ ရှိမှာဖြစ်ပါတယ်။ သဘာဝအလင်းရောင်၊ သဘာဝအတိုင်း အပူချိန် ထိန်းညိမှုစနစ်တွေလည်း ပါဝင်မှာဖြစ်ပြီး၊ ဆောက်လုပ်ရေး ကုန်ကြမ်းတွေကိုတော့ ပြန်လည် ပြုပြင်ထားတဲ့
    ပစ္စည်းတွေကို အသုံးပြုသွားမှာပါ။
    အဆောက်အဦးဟာ အလုပ်သမားတွေအားလုံးအတွက် ကျန်မာရေးအရ သင့်တော်တဲ့ လုပ်ငန်းခွင် ဖြစ်လာမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်နဲ့ လျော်ညီတဲ့ အဆောက်အဦးတွေအတွက် ချီးမြှင့်တဲ့ အမြင့်ဆုံး အသိအမှတ်ပြုလက်မှတ် Platinum LEED ကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
    ဇာဟာ ဟာဒစ် တည်ထောင်ခဲ့တဲ့ Zaha Hadid Architects လုပ်ငန်းက သူတို့အနေနဲ့ ဟာဒစ် ဒီဇိုင်းဆွဲပေးသွားတဲ့ စီမံကိန်း ၃၆ ခုကို နိုင်ငံပေါင်း ၂၁ နိုင်ငံမှာ ဆောင်ရွက်နေပြီး တစ်ချို့တွေက ဆောက်လုပ်ပြီးဖြစ်သလို၊ တစ်ချို့တွေက ဆောက်လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
    ယူအေအီးမှာ ဇာဟာ ဟာဒစ် ဒီဇိုင်းဆွဲပေးသွားတဲ့ အဆောက်အဦးတွေက ဒီတစ်ခုတည်းတော့ မဟုတ်ပါဘူး။
    ၂၀၁၀ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ အဘူဒါဘီက Sheikh Zayed တံတား၊ ဆာဒီယတ်ယဉ်ကျေးမှုမြို့တော်က Performing Arts Centre အနုပညာစင်တာ၊ ဒူဘိုင်းက Opus တာဝါတွေကလည်း ဟာဒစ်ရဲ့ နာမည်ကျော် လက်ရာတွေထဲမှာ ပါဝင်ပါတယ်။
    ဟာဒစ်ဟာ ၂၀၀၄ ခုနှစ်မှာ ဗြိတိန်ရဲ့ ဂုဏ်သိက္ခာအရှိဆုံး ဗိသုကာပညာဆိုင်ရာဆု Pritzker Architecture Prize အပါဝင် ကမ္ဘာထိပ်တန်း ဗိသုကာဆိုင်ရာဆု အများအပြားကို ဆွတ်ခူးရရှိခဲ့ပြီး၊ ကမ္ဘာနိုင်ငံပေါင်းများစွာမှာ အပြောင်မြောက်ဆုံး အဆောက်အဦးတွေကို ဒီဇိုင်းဆွဲပေးခဲ့သူဖြစ်ပါတယ်။
    Ref: Alarabiya
  • မလေးလူမျိုးများ၏ အောင်မြင်မှုများကို စင်ကာပူပြည်ထဲရေးဝန်ကြီး ချီးကျူး
    မလေးလူမျိုးများ၏ အောင်မြင်မှုများကို စင်ကာပူပြည်ထဲရေးဝန်ကြီး ချီးကျူး
    ဧပြီ ၂၊ ၂၀၁၇
    M-Media
    – စင်ကာပူရှိ မလေးမွတ်စလင်လူ့အဖွဲ့အစည်းမှာ တိုင်းပြည်၏ အရေးပါသည့် လူမှုရေးနှင့် စီးပွားရေး တိုးတက်မှုများကို ပြုလုပ်ပေးခဲ့ပြီး၊ ခေတ်မီကာ၊ တက်ကြွယုံကြည်မှုရှိသည့် လူ့အဖွဲ့အစည်း ဖြစ်လာနိုင်သည်ဟု စင်ကာပူ ပြည်ထဲရေးဝန်ကြီး ကေ ရှန်မူဂမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    မွတ်စလင်တတ်သိပညာရှင်များအသင်း (AMP) က ပြုလုပ်သည့် နှစ်ပတ်လည် နှီးနှောဖလှယ်ပွဲတွင် ၀န်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး၊ ထိုရည်မှန်းချက် အောင်မြင်ရန်အတွက် မလေးလူ့အဖွဲ့အစည်းအနေဖြင့် ဆက်လက်ကောင်းမွန်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း ဆိုသည်။
    မလေးလူ့အဖွဲ့အစည်းတွင် မူလတန်းမှ အလယ်တန်းပြီးဆုံးသည့် ကျောင်းသားအရေအတွက်မှာ ၁၉၉၅ ခုနှစ်၌ ၄၅ ရာခိုင်နှုန်း ရှိခဲ့ရာမှာ ၂၀၁၅ ခုနှစ်တွင် ၂ ဆ တက်လာခဲ့ပြီး ၉၃ ရာခိုင်နှုန်း ရှိလာကြောင်း၊ အသက်မွေးဝမ်းကြောင်းလက်မှတ်များ သို့မဟုတ် တက္ကသိုလ်ဘွဲ့ ရရှိသူများမှာ ၅ နှစ်အတွင်း ၂၁ ရာခိုင်နှုန်း တက်လာကြောင်း၊ ကျွမ်းကျင်သူများ၊ မန်နေဂျာများ၊ အမှုဆောင်များနှင့် နည်းပညာရှင်များအဖြစ် အလုပ်လုပ်ကိုင်သည့် မလေးလူမျိုးအရေတွက်မှာ ၂၀၁၀ ခုနှစ်တွင် ၂၈ ရာခိုင်နှုန်း တက်လာပြီး၊ အလယ်အလတ် မလေးလူမျိုးများ၏ တစ်ဦးချင်းဝင်ငွေမှာ ၁၉၉၀ ခုနှစ်ကထက် ၂ ဆ တက်လာကြောင်းလည်း ရှန်မူဂမ်က ထည့်သွင်းပြောဆိုခဲ့သည်။
    စင်ကာပူရှိ မလေးအိမ်ထောင်စုများ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ကိုယ်ပိုင်အိမ် ပိုင်ဆိုင်နေပြီး၊ ၇၀ ရာခိုင်နှုန်းကျော်မှာ အခန်းလေးခန်းပါသည့် အဆင့်အမြင့် အိမ်ယာများတွင် နေထိုင်နိုင်သည်။
    “ကမ္ဘာကြီးကို ကြည့်လိုက်ပါ။ အစ္စလာမ့်လူ့အဖွဲ့အစည်းတော်တော်များများက အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ လမ်းကြောင်းကို ရှာဖွေနေပါတယ်။ လမ်းကြောင်းမှန်က ဘာလဲဆိုတာ သူတို့ကိုယ်သူတို့ မေးခွန်းထုတ်ကြပါတယ်။ ဘယ်လို အောင်မြင်နိုင်မလဲ။ အောင်မြင်မှုဆိုတာ ဘာလဲ ဆိုတာမျိုးပါ။ ဒီအြေ
    ခအနေမှာ အနာဂတ်ကိုမျှော်ပြီး ကျွန်တော်တို့ရဲ့ မလေးမွတ်စလင်လူ့အဖွဲ့အစည်းဟာ ကျန်ကမ္ဘာတစ်ခုလုံးအတွက် မီးပြတိုက် ဖြစ်နိုင်တယ်ဆိုတာ ကြည့်လိုက်ပါ”
    ထိုကဲ့သို့ အောင်မြင်မှုမှာ ရုပ်ပိုင်းဆိုင်ရာသာမကဘဲ လူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှု၊ ဘာသာတရား၊ ရိုးရာတို့အား နားလည်သဘောပေါက်ခြင်း၊ ထိုအပေါ်တွင် ဂုဏ်ယူခြင်းတို့ကြောင့်လည်း ဖြစ်သည်ဟု ဆိုသည်။
    င်အတွင်း ခိုင်ခိုင်မာမာ ပါဝင်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။
    နိုင်ငံအတွင်းရှိ မလေးလူမျိုးများမှာ ပညာရေး၊ ကျွမ်းကျင်မှုနှင့် ဓနဥစ္စာနယ်ပယ်များတွင် မလေးရှားနိုင်ငံသားများ၊ အင်ဒိုနီးရှားနိုင်ငံသားများထက် ပို၍ ကောင်းမွန်ကြွယ်ဝနေသည်ဟုလည်း မှတ်ချက်ပြုခဲ့သည်။
    Ref: CNA